အောင်မြင်မှု ရရှိခြင်း
Vol. 18 Ch. 246
ဝှစ် ...
လူတိုင်းက အရာတစ်ခုကို အားစိုက်ကြည့် နေကြသည်။ ဇူယွမ်၏ ဒြပ်ထု မဲ့နေသော ပုံရိပ်သည် အရိပ်တစ်ခု အလား အရှေ့သို့ ဆက်လက် သွားနေပြီး ကောင်းကင်မှ မူလချီ ဓားသွားများ ကလည်း သူ၏ ခန္ဓာကိုယ်ပေါ်သို့ ဆက်လက် ကျဆင်းနေသည်။ သို့သော်လည်း သည်တစ်ကြိမ်တွင် ဓားသွားများက မြူထုကို ဖြတ်သန်း သွားသော်လည်း ဇူယွမ်ကို တားဆီးနိုင်ဖို့ မလုံလောက် တော့သည့်အပြင် မည်သည့် အန္တရာယ်မှလဲ မပေးနိုင်တော့ပေ။
ဒုတိယအဆင့် သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်သည် ဇူယွမ်၏ ခန္ဓာကိုယ်ထဲကို ပြည့်စုံသော ဒြပ်မဲ့ အခြေအနေသို့ ရောက်ရှိ စေခဲ့သည်။ သူက ယခုအချိန်တွင် မြူခိုးများနှင့် ထွေးပွေ့ခံ ထားရသော သူတစ်ဦးနှင့် တူပြီး ဖမ်းဆုပ်၍လည်းမရ ပုံသဏ္ဌာန်လည်း မရှိတော့ပေ။
သူ၏ အမြန်နှုန်း ကလည်း တုန်လှုပ်ဖွယ် အဆင့်ထိ မြန်ဆန် လာခဲ့သည်။ များစွာသော တပည့်များသည် ဇူယွမ်၏ ပုံရိပ်ကို မတွေ့နိုင်တော့ပဲ မှုန်ဝါးဝါး အရာတစ်ခု အဖြစ်သာ မြင်ရတော့သည်။
အသက်ရှိုက်စာ တစ်ဒါဇင်ခန့် အကြာတွင် ဇူယွမ်နှင့် ကျူးယွဲ့တို့ကြား အကွာအဝေးမှာ မြန်ဆန်စွာ နည်းပါးသွားပြီ ဖြစ်သည်။
ထိုအခိုက်တွင် ကျူးယွဲ့က သူ၏ အနောက်ဘက်ဆီမှ တစ်စုံတစ်ခုကို ခံစားမိ လိုက်သည်။ သူက အနောက်သို့ လှည့်ကြည့်လိုက်လျှင် ကြောက်ရွံ့ခြင်း ထိတ်လန့်ခြင်း မယုံကြည် နိုင်ခြင်းတို့က သူ၏ မျက်ဝန်းတွင် ပြည့်နှက် သွားခဲ့သည်။
“ဒါဘယ်လို ဖြစ်နိုင်မှာလဲ။ သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံးက ဘာလို့ ဒြပ်မဲ့ သွားရတာလဲ” အံ့အားသင့်ခြင်း ကြောက်လန့်ခြင်း တို့ကြောင့် သူ၏ စိတ်နှလုံးမှာ တုန်ခါ သွားရသည်။
ခန္ဓာကိုယ် တစ်ခုလုံး ဒြပ်မဲ့ အခြေအနေသို့ ပြောင်းလဲ သွားခြင်းမှာ သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်တွင် ဒုတိအဆင့်သို့ ရောက်သွားခြင်း ဖြစ်ကြောင်း သူမသိပဲ မနေချေ။
သည်အရာက ဇူယွမ် သွေးကြော (၇၂)ခု ဖွင့်ပြီးပြီဟု ပြောနေသည်လား။
ဒါပေမဲ့ သည်အရာက မည်သို့ ဖြစ်နိုင်မည်နည်း။ ဇူယွမ် သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန်ကို လေ့ကျင့်တာ မည်မျှ ကြာသေးလို့လဲ။ သူရဲ့ ပါရမီက မကောင်းဆိုးရွား ဆန်လွန်း မနေဘူးလား။
ကျူးယွဲ့ အနေဖြင့် ကျင့်စဉ်ချိုးဖောက် ဆေးလုံး၏ အကူအညီကို ငှားရမ်းခဲ့ကာ သူ၏ အဆင့်ကို အတင်းအကျပ် မြှင့်တင်ခဲ့ သော်လည်း သူ၏ ကျင့်စဉ် အဆင့်မှာ ဒုတိယ အဆင့်သို့ မရောက်ရှိနိုင်ပဲ ဒုတိယအဆင့် နီးပါးသာ ရောက်ရှိခဲ့သည်။
သည်အဆင့်နှင့် စစ်မှန်သော ဒုတိယ အဆင့်တို့ကြားတွင် ကွာခြားချက် ကြီးမားလှသည်။
ထိုအချက် အလက်များကြောင့် ကျူးယွဲ့မှာ စိတ်ထိခိုက် သွားပြီး သူ၏ မျက်နှာမှာ များစွာ ပျက်ယွင်းနေသည်။
“မဖြစ်နိုင်ဘူး တကယ်ကို မဖြစ်နိုင်ဘူး။ ဒါ လှည့်စားမှု အချို့ပဲ” ကျူးယွဲ့၏ နှလုံးသားမှာ တုန်လှုပ်နေသည်။ သူ၏ မူလချီများကို လျင်မြန်စွာ လှည့်ပတ်လိုက်ပြီး သူ၏ စွမ်းအား အကုန်လုံးကို သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ဆီသို့ ပို့လွှတ်လိုက်ပြီး တောင်ထိတ်ဆီသို့ ရောက်အောင် ထိတ်ထိတ်ပျာပျာဖြင့် ကြိုးစားလိုက်သည်။
တောင်ထိပ်ကို အရင်ရောက်နှင့်ဖို့ လိုအပ်သည် မည်သည့် တန်ဖိုးကိုမဆို ပေးဆပ်ရပါစေ တောင်ထွတ်ဆီသို့ ရောက်ရှိဖို့ လိုအပ်သည်။ ထိုသို့ မဟုတ်ပါက သူသည် ရယ်စရာ သတ္တဝါတစ်ကောင် ဖြစ်သွားပေလိမ့်မည်။
သူ၏ စွမ်းအား အကုန်လုံးကို ဖျစ်ညှစ် ထုတ်သုံးပြီးနောက် ကျူးယွဲ့က စတင်ပြီး လျင်မြန် လာခဲ့ကာ တောင်ထိပ်ဆီသို့ ဦးတည်လိုက်သည်။
ကျူးယွဲ့ တောင်ထွတ်ဆီသို့ ရောက်ရှိ တော့မည်ကို မြင်သောအခါ ကြည့်နေသူများ အားလုံးသည် သူတို့၏ နှလုံးများ လည်ချောင်း အတွင်းမှာ ခုန်ထွက်တော့ မလိုပင် ဖြစ်နေကြသည်။ သည်မြင်ကွင်းက အမှန်ပင် စိုးရိမ်စရာ ကောင်းပေသည်။
“ငါနိုင်တော့မယ်”
“မကြာခင် တောင်ထိပ်ကို ငါပထမဆုံး ရောက်တော့မယ်။ ငါယှဉ်ပြိုင်ပွဲမှာ နိုင်တော့မယ်”
ကျူးယွဲ့၏ အကြည့်က တောင်ထိပ် ဆီသို့သာ ကော်နှင့်ကပ်ထား သကဲ့သို့ စွဲမြဲစွာ ကြည့်နေသည်။ ထိုအချိန်တွင် သူမျက်လုံး၌ မည်သည့်အရာမှ မရှိတော့ပေ။
တောင်ထိပ်နှင့် ပိုပိုပြီး နီးကပ်လာသည်။
ပေတစ်ရာ ... ပေခြောက်ဆယ် ... ပေသုံးဆယ် ... ဆယ်ပေ ...
ရူးသွပ်သော အပြုံးတစ်ခုက သူ၏ နှုတ်ခမ်း ထောင့်စွန်းတွင် ဖြစ်ပေါ်နေပြီး သူ၏ မျက်လုံးထဲတွင် တောင်ထိပ်ပေါ်ရှိ သစ်ပင်၏ ပုံရိပ်ကိုသာ မြင်နေရသည်။ ဘာတွေပဲ ဖြစ်ခဲ့ပါစေ သည်ပြိုင်ပွဲတွင် အနိုင်ရ ရှိပြီးနောက် အရာအားလုံးကို သူပြန်ရယူ နိုင်တော့မည် ဖြစ်သည်။
မင်းမှာ ပါရမီ အရမ်းရှိတော့လဲ ဘာဖြစ်လဲ။ ငါကသာ ယှဉ်ပြိုင်ပွဲမှာ အနိုင်ရတဲ့ သူပဲ ...
သို့သော်လည်း သူတောင်ထိပ်သို့ ရောက်ရန် ပေအနည်းငယ် အလိုတွင် သူ့အနောက်မှ လေကိုခွင်း၍ ထိုးဖောက်လာသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူ၏ မျက်လုံး ထောင့်စွန်းဖြင့် အနောက်သို့ ကြည့်လိုက်ချိန်တွင် တိမ်ကို စီးနင်းလာ သကဲ့သို့ မြူခိုးထုကြီးနှင့် မှုန်ဝါးဝါး ပုံရိပ်တစ်ခုကို မြင်လိုက် ရသောကြောင့် တစ်ကိုယ်လုံး အေးစက်တောင့်တင်း သွားတော့သည်။ အဆုံးတွင် ထိုပုံရိပ်က သူအား ခြေတစ်လှမ်းတည်းဖြင့် ဖြတ်ကျော်သွားသည်။
သူတို့နှစ်ယောက်၏ အကြည့်များသည် အခိုက်အတန့်ခဏ ဆုံမိလိုက်သည်။
ကျူးယွဲ့မှာ ကြောက်လန့်ခြင်းများနှင့် ပြည့်နှက်နေပြီး ဇူယွမ်ကတော့ အေးစက်စက်သာ ရှိနေသည်။
“မဟုတ်ဘူး ...”
နာကျင်စွာ အော်ဟစ် လိုက်သံက ကျူးယွဲ့၏ ပါးစပ်ဆီမှ ထွက်ပေါ်လာခဲ့သည်။
သို့သော်လည်း ဇူယွမ်၏ ပုံရိပ်မှာ နောက်ထပ် ခြေတစ်လှမ်းနှင့် အတူ ကြီးမားလှသော တောင်ထိပ်ကြီး ဆီသို့ ရောက်ရှိသွားပြီး သက်ပြင်းချသံများ အော်ဟစ်သံများ ထွက်ပေါ် လာခဲ့သည်။
တောင်ထိပ်၏ ကြီးမားသော အနားသတ် မျဉ်းပေါ်တွင် ဇူယွမ်က မတ်တတ်ရပ် နေသည်။ သူ၏ ဒြပ်မဲ့ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်း ပုံမှန် အခြေအနေသို့ ပြန်ပြောင်းလဲ သွားပြီးနောက် သူက တောင်အောက်သို့ ငုံ့ကြည့်လိုက်လျှင် တောင်၏ ပတ်ဝန်းကျင်တွင် ရှိသော သူများကို အစက်လေးများ အဖြစ်သာ မြင်ရတော့သည်။
ဇူယွမ်က တောင်ထိပ်တွင် မတ်တတ်ရပ် နေစဉ်အတွင်း ကျူးယွဲ့၏ ခန္ဓာကိုယ်မှာ တောင့်တင်း နေပေသည်။ သူက ဇူယွမ်နှင့် ပေအနည်းငယ် အကွာတွင်သာ ရပ်နေပြီး သူ၏မျက်လုံးများမှာ မှိန်ဖျော့နေကာ သူမျက်နှာမှာ ကြီးစွာ နာကျင်နေဟန် ပေါ်သည်။
သည်လို ရှုံးနိမ့်ရလိမ့်မည်ဟု သူတစ်ခါမျှ မတွေးဖူးပေ။
လေထဲတွင် ရှိသော ချန်းယွင်၏ အမူအရာမှာ ထိုမြင်ကွင်းကြောင့် အနည်းငယ် ပျက်ယွင်းသွားသည်။ သူ၏ နှုတ်ခမ်း ထောင့်စွန်း နှစ်ဖက်မှာ ရှုံ့မဲ့သွားပြီး စိတ်ထဲမှ နေ၍ ကျိန်ဆဲလိုက်သည်။
“သောက်သုံးမကျတဲ့ အမှိုက်”
အရာအားလုံးက သူမျှော်မှန်း ထားသည်နှင့် လွဲချော် နေပေသည်။
ဝိုး ...
တောင်တစ်ခွင်လုံး ခဏမျှ တိတ်ဆိတ် နေပြီးနောက် အံ့အားသင့်စွာ အော်လိုက် သံများက ကောင်းကင်နှင့် မြေပြင် နှစ်ခုလုံး ပျံ့နှံ့သွားသည်။ မည်သူမှ ဇူယွမ်နိုင်မည်ဟု မျှော်လင့် မထားသောကြောင့် တပည့်တိုင်း ရှောခ့်ရ နေကြသည်။
အပြင်ဘက်တောင် တပည့် တစ်ယောက်က အတွင်းတောင် တပည့် တစ်ယောက်အား မူလကျင့်စဉ် ယှဉ်ပြိုင်ပွဲတွင် အနိုင်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုအရာက ကန်ရွှမ်း ကလန်တွင် တစ်ကြိမ် တစ်ခါမှ မဖြစ်ပွားဖူးသည့် ကိစ္စဖြစ်သည် ...
လူငယ် တစ်ယောက်က တောင်ထိပ်တွင် ရပ်နေသော မြင်ကွင်းက စိတ်ကြီး ဝင်နေသော ရှန်ဇူတိုက်ကြီးမှ တပည့်များကိုပင် အာမေဍိတ်သံများ ထွက်ပေါ် စေပေသည်။ သူတို့အနေဖြင့် ထိုမြင်ကွင်းကို လက်သင့်မခံ နိုင်ကြသော်လည်းပဲ ဝေးလံ ခေါင်းပါးသော တိုက်ကြီးတစ်ခုမှ လာသည့် သည်လူငယ်က ဒီနေ့တွင် လှပစွာ အနိုင်ယူ သွားခဲ့ပြီ ဖြစ်သည်။
“ဝိုး ...သည်ကောင်လေးက တကယ့်ကို အံ့အားသင့်စရာပဲ ” ဟန်ချိုဆွေ့က လက်နှစ်ဖက်ကို သူမ၏ မျက်နှာပေါ်တွင် ယှက်တင်ထားရင်း ပြောသည်။ သူမက ရင်သပ် ရှုမောမှုများ တစ်စွန်းတစ်စ ကျန်ရှိနေသော အရည်ရွှမ်းလဲ့ နေသည့် မျက်ဝန်းကြီးများဖြင့် ဇူယွမ်ကို စိုက်ကြည့်နေသည်။
အတွင်းတောင် တပည့်ကို မူလကျင့်စဉ် ယှဉ်ပြိုင်မှုတွင် အနိုင် ရရှိရန်မှာ အမှန်ပင် ခက်ခဲလှကြောင်း သူမ နားလည်ပေသည်။
ဂူဟွမ်ဂျီ၏ နှင်းပွင့်ဖြူရောင် မေးစေ့လေးက တဆတ်ဆတ် ညိတ်လျက်ရှိသည်။ သူ၏မ၏ နှုတ်ခမ်း ထောင့်စွန်းတွင်လည်း အပြုံးလေးတစ်ခု ဖြစ်တည်လာသည်။ ဇူယွမ်၏ စွမ်းဆောင်မှုက ရင်သပ်ရှုမောဖွယ် ကောင်းလှပေသည်။
ကြီးမားသော သစ်ပင်ကြီးပေါ်ရှိ ကျုံးမင်က မတ်တတ်ရပ် လိုက်ပြီးနောက် တစ်ချက် လှုပ်ရှား လိုက်သည်နှင့် တောင်ထွတ်ဆီသို့ ရောက်ရှိသွားသည်။ သူ၏ အကြည့်က ဖြူရော်နေသော ကျူးယွဲ့ကို ဖြတ်ကျော်သွားပြီး ကြေညာလိုက်သည်။
“ယှဉ်ပြိုင်ပွဲမှာ အနိုင်ရတဲ့ သူကတော့ ဇူယွမ် ...”
“ဒီနေ့ကစပြီး ဇူယွမ်က သိမ်မွေ့ နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ရဲ့ စစ်မှန်တဲ့ ဆရာပဲ ကျူးယွဲ့ရဲ့ သင်ကြားပို့ချသူ ရာထူးကတော့ ရုပ်သိမ်း ခံရမယ်”
“မင်းကတော့ မနက်ဖြန် အပြင်ဘက်တောင်ကို ပြန်ရမယ်”
ကျုံမင်က ကျူးယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး “ဒါပြီးရင် ယှဉ်ပြိုင်ပွဲ အတွင်းမှာ မင်းစည်းမျဉ်း ချိုးဖောက်ခဲ့တာ အတွက် စည်းကမ်း ထိန်းသိမ်းရေး ခန်းမမှာ အပြစ်သွားခံ ယူရမယ်”
ပြိုင်ပွဲအတွင်း ကျူးယွဲ့က ဆေးလုံးအား အသုံးပြု လိုက်သည်ကို သူသိပေသည်။
ကျူးယွဲ့၏ အသားအရေမှာ ပိုမို ဖြူဖျော့ သွားတော့သည်။ အဆုံးတွင် သူ၏ ခြေထောက်များသည် ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ပုံကျသွားသည်။
ကျုံမင်၏ အသံက တောင်တစ်ခွင်လုံး ပျံ့နှံ့သွားသည်နှင့် များစွာသော အောင်ပွဲခံသံများက ပတ်ဝန်းကျင်မှ ထွက်ပေါ် လာခဲ့သည်။ တပည့်များက ဇူယွမ်၏ သင်ကြား ပြသမှုကိုသာ မျှော်လင့် ကြပေသည်။
အခြားသော တပည့်များ ကလည်း စိတ်အတွင်းမှသာ သက်ပြင်းချ လိုက်ကြသည်။ သည်ယှဉ်ပြိုင်ပွဲ ပြီးနောက် ဇူယွမ်က စတင် ကျော်ကြား လာတော့မည် ဖြစ်သည်။ မည်သူမှ သူ့အား အပေါ်စီးမှ ကြည့်ဝံ့တော့မည် မဟုတ်ပေ။
ယန်ရှိုးက ကောင်းကင် ပြည့်လုမတတ် အောင်ပွဲခံ သံများကို နားထောင်ရင်း ဇူယွမ်ကို စိတ်ဝင်တစားနှင့် ကြည့်လိုက်သည်။ ထိုနောက် သူက “သူမှာ စွမ်းရည်အချို့ ရှိတာပဲ။ တကယ် တိုက်ခိုက်ကြရင် သူ့ရဲ့ အမြန်နှုန်းက အတော်လေးကို ပြဿနာ ပေးလိမ့်မယ်”
လုဖန်း၏ အမူအရာ ကတော့ မထူးမခြားနားပင် ရှိနေသည်။ သူက ဇူယွမ်ကို ကြည့်ရင်း ပြုံးလျက် ရှိနေသည့် ဂူဟွမ်ဂျီကို မြင်သွားခဲ့ ပြီးနောက် သူ၏ အမူအရာမှာ ချက်ချင်းပင် သုန်မှုန်သွားသည်။
သူ့အနေဖြင့် သူမနှင့် ခိုင်မာသော ဆက်ဆံရေး တစ်ခု ရှိရန် နည်းအမျိုးမျိုးဖြင့် ကြိုးစားခဲ့ သော်လည်း နောက်ဆုံးတွင် တိုးတက်၍ မလာခဲ့ပေ။ ဂူဟွမ်ဂျီက သူအပေါ်တွင် မည့်သည့် ခံစားချက်မှ မရှိပုံပြသည်။
ဂူဟွမ်ဂျီက ဇူယွမ်ကို အမှန်တကယ် စိတ်ဝင်စား နေသလား ဆိုတာကို သူမသိပေမဲ့ သူမက ဇူယွမ်အပေါ် ထိုသို့ ပြုမူနေသည်ကို လုဖန်း မကြိုက်ပေ ... အဘယ်ကြောင့် ဆိုသော် လုဖန်း အနေဖြင့် တစ်ခါမှ ထိုသို့ မကြုံဖူးသောကြောင့် ဖြစ်သည်။
လုဖန်းက ခေါင်းမော့က တောင်ထိပ်ပေါ်ရှိ ပုံရိပ်ဆီသို့ လှမ်းကြည့် လိုက်ပြီးနောက် သူ၏ အမူအရာမှာ ချက်ချင်း နက်မှောင်သွားသည်။
“ဇူယွမ် မင်းလိုမျိုး လူမျိုးတွေက တချို့သော အရာတွေရဲ့ အကြောင်းအရင်း အမှန်ကို မစဉ်းစားနိုင်ကြဘူး ... ပိုပြီး အရေးကြီးတာက အဲဒီလို လူတွေက ကိုယ့်နေရာ ကိုယ်မသိတာပဲ”
“မင်းငါ့စိတ်ကို လာမဆွ သင့်သေးဘူး”