အခန်း ၂၇၈: အပင်က အသံထွက်တယ်! နှစ် ၅၀၀ သက်တမ်းရှိဂင်ဂို! ၃
Vol. 19 Ch. 278
ကျောက်မိုချင်းက မကျေမနပ်နှင့်_ ''အားလုံးရှင့်ကြောင့်လေ... သူဌေးဖြစ်ရတာ လွယ်တယ်... ကျွန်မကပင်ပန်းနေပြီ... အဲဒါကြောင့် ကူဖော်လောင်ဖက်ပိုရှာရမှာပေါ့''
ချင်လင်မငြင်းနိုင်။
နှစ်ကုန်စားသောက်ပွဲပြီးလျှင် သိမ်းဆည်းချိန်တန်ပြီ။ ကောင်းယောင်ယောင်က သန့်ရှင်းရေးလုပ်ရန်လူများခေါ်လာသည်။ ချန်တပေလည်း ထိုင်ခုံများသန့်ရှင်းရန်အတွက် လူခေါ်လာ၏။ မနက်ဖြန် ဟိုတယ်သုံးခုဆီပြန်သွားပို့ရဦးမည်။
ချန်တပေမှာ ယနေ့ညဖုန်းမဲပေါက်ထားသဖြင့် စိတ်ခံစားချက်ကောင်းနေ၏။
စီစဉ်ညွှန်ကြားပြီးနောက် ချင်လင်နှင့်ကျောက်မိုချင်းက လင်းဖန်ကိုရှာကာ အိမ်အတူပြန်လာကြသည်။
လင်းဖန်က ဝမ်ချိုင်လက်ကိုဆွဲထားပြီး မွေးနီက ဝမ်ချိုင်ခေါင်းပေါ်တက်ကာ ဟိုကြည့်ဒီကြည့်ကြည့်နေ၏။


ဒီကောင်လေးက ဒီနေ့သူ့နောက်လိုက်တွေကို ပန်းပင်လယ်ထဲမှာထားခဲ့ပြန်ပြီ။
အိမ်ပြန်ရောက်သောအခါ ချင်လင်ကအခန်းထဲဝင်ဝင်ချင်း သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုကြည့်လိုက်သည်။ ဂီတပွဲအခမ်းအနားစာလိပ်ဖြစ်စေ သံသာပင်ကိုဖြစ်စေမတွေ့ရ။ တစ်နေကုန်အလုပ်ရှုပ်ပြီးမှ လက်ဗလာဖြစ်နေရသည်။ နောက်ဆုံး သက်ပြင်းသာချမိတော့၏။
''ဘာဖြစ်လို့လဲ? ဘာလို့ပြန်ရောက်ရောက်ချင်း သက်ပြင်းတွေချနေတာလဲ?'' ကျောက်မိုချင်းက သိချင်စိတ်နှင့်မေးလိုက်သည်။
''အချစ်ရေ... မင်းနှစ်သိမ့်ပေးဖို့လိုနေပြီ'' ချင်လင်ကပြုံးလိုက်ပြီး ကျောက်မိုချင်းကိုဖက်ကာ သူ့လက်များနှင့်ဆော့ကစားလိုက်သည်။
…
ညအချိန်ကုန်လွန်သွားသည်။
နောက်တစ်နေ့မနက်တွင် ချင်လင်ကခါတိုင်းလို အိပ်ရာမှမထ။ ဒီနေ့ကစပြီး စံအိမ်အားလပ်ရက်ပိတ်ပြီ။ မနက်စောစောကုန်ပို့စရာမလိုတော့ပေ။ ဂိမ်းထဲကသီးနှံအမှည့်များကို ဂိမ်းထဲတွင်ရောင်းချနိုင်သည်။
ထို့ကြောင့် ကျောက်မိုချင်းမနက်စောစောနိုးလာသည်ကိုမြင်သောအခါ သူမကိုခိုးကြည့်လိုက်၏။
ကျောက်မိုချင်းမျက်နှာချက်ချင်းရဲသွားသည်။
ချင်လင်၏အကြည့်ကို သူမအလွန်ရင်းနှီးနေသည်။ ဒီလူကထပ်ပြီး ကြံစည်နေပြန်ပြီ။
သို့နှင့် သာယာသောအသံတစ်ခုက အခန်းထဲချက်ချင်းပြည့်နှက်သွားလေသည်။
မနက်စောစောကုန်မပို့ရသည်ကရှားသဖြင့် ချင်လင်က ကျောက်မိုချင်းနှင့်လေ့ကျင့်ရမည့်အခွင့်အရေးကိုလက်လွှတ်မခံ။
မနက်ပိုင်းလေ့ကျင့်ခန်းလုပ်ပြီးနောက် ချင်လင်ကအချိန်ပိုဆင်းမည့်အကြောင်းတွေးတောနေစဉ် ဆရာလင်းထံမှဖုန်းဝင်လာသည်_ ''သူဌေး... စံအိမ်ကိုမြန်မြန်လာပါဦး... ဟိုဂင်ဂိုပင်နှစ်ပင်က ရှင်နေပြီ''
ဆရာလင်း၏အသံမှာ နည်းနည်းစိတ်လှုပ်ရှားနေပုံပေါ်သည်။


ထိုသတင်းကြားလျှင် ချင်လင်အံ့အားသင့်သွား၏။
နှစ် ၅၀၀ သက်တမ်းရှိတဲ့ဂင်ဂိုပင်နှစ်ပင်က လုံးဝညိုးခြောက်နေပြီ။ ဆရာလင်းက အမြဲတမ်းရှင်သန်အောင်လုပ်ဖို့ကြိုးစားခဲ့သော်လည်း ဘယ်တုန်းကမှမအောင်မြင်ခဲ့။ အခုရုတ်တရက်ကြီးရှင်လာပြီဆိုတော့ မနေ့ညကသံသာပင်ကို သူချက်ချင်းသတိရသွားသည်။
သံသာပင်က အလကားဖြစ်သွားတာမဟုတ်ဘူးပေါ့?
ထို့ကြောင့် သူမြန်မြန်အိပ်ရာထလိုက်သည်။ ဖုန်းချပြီးနောက် ရေချိုးခန်းထဲဝင်၊ ရေမိုးချိုးပြီး စံအိမ်သို့အပြေးသွားလိုက်၏။
နှစ် ၅၀၀ ဂင်ဂိုပင်နှစ်ပင်ဆီရောက်သောအခါ ဆရာလင်းမှာစိတ်လှုပ်ရှားပုံနှင့် သစ်ပင်နှစ်ပင်ကိုရေလောင်း၊ မြေသြဇာကျွေးလုပ်နေသည်ကို ချင်လင်တွေ့လိုက်ရသည်။
ဂင်ဂိုပင်နှစ်ပင်ကိုထပ်မြင်ရသောအခါ သူအံ့သြသွားသည်။ ဒီအပင်တွေက လုံးဝညိုးခြောက်တော့မည့်ဆဲဆဲ၊ အချိန်မရွေးပစ်လဲပြီး သစ်ဆွေးဖြစ်တော့မည့်ပုံနှင့်။
အခုတော့ ဂင်ဂိုပင်နှစ်ပင်မှာ အညွန့်တလူလူတက်ပြီး အမြင်နှင့်တင် အညွန့်အတက်အရေအတွက်က ထူထပ်နေသည်။ ဒါတွေကြီးလာရင် သေချာပေါက်ကိုင်းချင်းထပ်ပြီး အရွက်တွေအုံ့ဆိုင်းနေမည်။
ထူးထူးခြားခြားပင်။ နောက်ပြီး သစ်ပင်များရွက်သစ်ဝေချိန်လည်းမဟုတ်။ တောင်ပိုင်းဂင်ဂိုပင်များမှာ အစောဆုံးမတ်လမတိုင်ခင်အထိ ရွက်သစ်မထွက်ပေ။
အခု ညိုးခြောက်နေတဲ့ဂင်ဂိုပင်နှစ်ပင်က ပုရစ်ဖူးတွေဝေနေပြီ။
ဒါလုံးဝ သံသာပင်၏ကျေးဇူးကြောင့်ပင်။
တစ်နည်းဆိုရသော် သံသာပင်ကအလုပ်ဖြစ်သည်။ နောက်ပြီး ဒီအကျိုးရလဒ်က တခဏတာရောင်ပြန်ခြင်းမဟုတ်။ ဆင့်ကဲပြောင်းလဲနေမည့်ဖြစ်စဉ်ဖြစ်လေသည်။
ချင်လင်ရောက်နေသည်ကိုမြင်လျှင် ဆရာလင်းကပြာပြာပြာပြာနှင့်_ ''သူဌေး... ကြည့်ပါဦး... ဒီအပင်နှစ်ပင်ရှင်နေပြီ... သူတို့ကိုကောင်းကောင်းဂရုစိုက်ပါ... ပြန်ရှင်မှာသေချာတယ်... အချိန်ကျရင် ဒီနှစ် ၅၀၀ သက်တမ်းရှိတဲ့ဂင်ဂိုပင်နှစ်ပင်က အံ့မခန်းဖြစ်လာလိမ့်မယ်''
ချင်လင်ပြုံးလိုက်သည်။ ဆရာလင်းပြောတဲ့အခြေအနေက သေးငယ်လွန်းနေသည်။ အံ့မခန်းထက်ပိုတာပေါ့။ အံ့သြဘနန်းဖြစ်လာမှာ ဟုတ်ပြီလား?
ဘာပဲဖြစ်ဖြစ် ဒါတွေက နှစ် ၅၀၀ သက်တမ်းရှိတဲ့ဂင်ဂိုပင်နှစ်ပင်။ သံသာပင်ရဲ့အရည်အသွေးတွေနဲ့ပေါင်းလိုက်ရင် ပထမဆုံးဂင်ဂိုပင်က လီရှစ်မင်စိုက်တဲ့အပင်ဖြစ်မှာမဟုတ်တော့။ ပထမနေရာကိုလက်လွှဲယူလို့ရပြီ။
အဲဒီဂင်ဂိုပင်ကို မရေမတွက်နိုင်တဲ့မင်းအဆက်ဆက်က ပြုစုစောင့်ရှောက်ခဲ့တယ်ဆိုရင်တောင် စနစ်ရဲ့စွမ်းအားကိုယှဉ်နိုင်မည်မဟုတ်ပေ။
ချင်လင်ကထိုအကြောင်းတွေးမိပြီး ရုတ်တရက်ဆရာလင်းအား_ ''ဆရာလင်း... ခင်ဗျားအရမ်းအံ့သြဖို့ကောင်းတာပဲ... ဒီလောက်နှစ်တွေကြာခဲ့ပြီး နောက်ဆုံးတော့ ဒီဂင်ဂိုပင်နှစ်ပင်ကို ခင်ဗျားကယ်တင်လိုက်နိုင်ပြီ''
ဆရာလင်းက ထိုစကားကြားလျှင် ခဏတော့ကြောင်သွားသည်။ သူ့မျက်လုံးများချက်ချင်းနီရဲသွား၏။
ဟုတ်တယ်။ နှစ်တွေအများကြီးကြာခဲ့ပြီး နောက်ဆုံးတော့ ကယ်တင်လိုက်နိုင်ပြီလေ။