ဆရာလင်းအတွက် ဇာတ်ညွှန်းတစ်ပုဒ်! မဖြစ်နိုင်ဘူး ဟုတ်တယ်မလား?
Vol. 19 Ch. 279
ဆရာလင်းက ခံစားချက်ပြည့်လျှံနေသောမျက်နှာထားနှင့် အညွန့်တလူလူတက်နေသောဂင်ဂိုပင်ကိုကြည့်နေသည်။
အစကနှစ်သစ်မရောက်ခင် သစ်ပင်ကိုမြေသြဇာထပ်ကျွေးမလို့ပင်။ ရုတ်တရက် သစ်ပင်ရှင်နေတာကိုတွေ့လိုက်ရမယ်လို့ ဘယ်ထင်ထားပါ့မလဲ?
ရုတ်ချည်းဆိုသလို သူငယ်ငယ်က ဒီနေရာကိုသူ့အဘိုးနှင့်အတူထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဂင်ဂိုပင်အောက်တွင် မိသားစုလိုက်နေထိုင်ခဲ့သောနေ့ရက်များကို ပြန်သတိရမိသည်။
ထိုအချိန်က ဂင်ဂိုပင်နှစ်ပင်မှာ မားမားမတ်မတ်နှင့် အရွက်များကစိမ်းလန်းစိုပြေခမ်းနားစွာနှင့်။
ထိုနေ့ရက်များက ခက်ခဲခဲ့သည်ဆိုသော်လည်း နောက်ကြောင်းပြန်အမှတ်တရများနှင့် တသသလွမ်းဆွတ်စရာပင်။
ချင်လင်က ပတ်ဝန်းကျင်ကိုမျက်စိကစားကြည့်လိုက်ပြီး ဆရာလင်းအားဆက်၍_ ''ဆရာလင်း... ဒီအပင်နှစ်ပင်ရှင်နေသေးတာ ခင်ဗျားရဲ့ကျေးဇူးတွေပဲ... အချိန်ကျရင် ဒီနေရာကို ဂင်ဂိုအလှစိုက်ခြံဝင်းအဖြစ်ပြောင်းပြီး ဒီအလဟဿဖြစ်နေတဲ့မြေကို ချန်အန်းကွမ်ရင်ဘုရားကျောင်းထဲက လီရှစ်မင်ရဲ့ဂင်ဂိုပင်လောက်ဖြစ်အောင်လုပ်မယ်''
''အချိန်ကျရင် ဒီနေရာမှာ နောက်ထပ်ကျောက်တိုင်စိုက်ထူပြီး ခင်ဗျားနဲ့ဒီဂင်ဂိုပင်ဆက်စပ်မှုအကြောင်းရေးမယ်... ခင်ဗျားက ဆယ်စုနှစ်ချီအောင် ဒီအပင်ကိုကယ်တင်ဖို့ကြိုးစားခဲ့တဲ့အကြောင်း အားလုံးသိအောင်ပြောပြမယ်''
ဆရာလင်းက ဖြတ်ပြောလိုက်၏_ ''သူဌေး... ဆယ်စုနှစ်တော့မချီသေးပါဘူး''
ချင်လင်ကပြုံးလိုက်ပြီး_ ''ဒါကအရေးမကြီးပါဘူး... ပိုပြီးဒရာမာဆန်သွားအောင် ဆယ်စုနှစ်ချီပြီလို့ရေးမယ်... တစ်နေ့ကျရင် ဒီဂင်ဂိုပင်က နာမည်ကျော်လာပြီး အားလုံးသိသွားနိုင်တယ်... ခင်ဗျားနဲ့ဂင်ဂိုပင်အကြောင်းပုံပြင်ကိုတွေ့ရင် ရုပ်ရှင်ရိုက်ချင်တဲ့သူတောင် ရှိကောင်းရှိလာနိုင်တယ်''


သူကအတတ်နိုင်ဆုံးကြိုးစားပြီး ဆရာလင်းကိုအရူးလုပ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် နှစ် ၅၀၀ ကျော်ဂင်ဂိုပင်နှစ်ပင်ပြန်ကောင်းလာရင် ဘယ်လိုဖြစ်လာမယ်ဆိုတာ သူကောင်းကောင်းသိထားသည်လေ။
နှစ် ၅၀၀ ကျော်သက်တမ်းရှိသောရှေးဟောင်းအပင်ကရှားသွားပြီ။ ဂင်ဂိုလိုအလှစိုက်ပင်ဆိုမပြောနှင့်တော့။
လီရှစ်မင်စိုက်ခဲ့သောအပင်က ကြည့်ကောင်းသောအချိန်တွင် ဘယ်လောက်တောင်ခမ်းနားနေမလဲတွေးကြည့်ပါ။
နောက်ပြီး ဒီအပင်ကို သံသာပင်နှင့်ပြုပြင်ထားခြင်းဖြစ်သည်။ နောင်မှာ မရေမတွက်နိုင်တဲ့ခရီးသည်တွေက သံသာပင်ကိုနားထောင်ဖို့လာကောင်းလာကြလိမ့်မည်။ ထိုအချိန်ကျရင် ဒီအပင်က နတ်ဘုရားလို ကမ္ဘာ့အဆင့်အတန်းဝင်အံ့ဖွယ်တစ်ပါးဖြစ်လာလိမ့်မည်။
ထို့ကြောင့် ဒီအပင်ဘယ်လိုရှင်သန်ခဲ့ကြောင်း ဆရာလင်းကိုမှတ်တမ်းယူထားရမည်။
''တကယ်လား?'' ချင်လင်၏စကားကိုကြားလျှင် ရုတ်တရက်ဆရာလင်းမှာ မျှော်တလင့်လင့်ဖြစ်သွားသည်။ ရုပ်ရှင်ရိုက်ဖို့အခွင့်အရေးရရင် သူနာမည်ကျော်လာလိမ့်မည်။
သူဌေးက ဆယ်စုနှစ်ချီရှင်သန်အောင်လုပ်ခဲ့တယ်ဆိုတော့လည်း ဆယ်စုနှစ်ချီပေါ့။
ဆရာလင်းကတစ်ခုခုတွေးမိပြီး ရုတ်တရက်ပြောလိုက်သည်_ ''သူဌေး... ကျုပ်အိမ်မှာ ဒီဂင်ဂိုပင်ရဲ့ပုံဟောင်းလေးတွေရှိသေးတယ်... အဲဒါတွေပြချင်လား?''
''ကောင်းသားပဲ'' ချင်လင်ပြုံးလိုက်သည်။ သူ့ပရိယာယ်လုံးဝအောင်မြင်သွားပြီ။
အခုပြန်ကောင်းလာဖို့က ဂင်ဂိုပင်နှစ်ပင်အပေါ်သာ မူတည်တော့၏။ ဘာပဲဖြစ်ဖြစ် အညွန့်တောင်ထွက်ပြီးပြီ။
ချင်လင်က ဂင်ဂိုပင်နှစ်ပင်ကိုခဏကြည့်လိုက်ပြီး သူ့ရုံးခန်းထဲပြန်လာခဲ့သည်။ အခန်းတံခါးလော့ချပြီး ဂိမ်းထဲဝင်လိုက်၏။ ထို့နောက် စိုက်ပျိုးမွေးမြူရေးခြံအိမ်မှ ငွေဝိုင်ပုလင်း ၄ လုံးထုတ်ပြီး သိုလှောင်ခန်းထဲသွားကာ လှောင်ထားလိုက်သည်။
မနေ့ညက ပါမောက္ခရန်နှင့်လီရှင်းကို ကတိပေးထားသည်။
ပါမောက္ခရန်ကိုပေးမှာက လိပ်ခေါင်းသက်သာစေသောဆေးဖက်ဝင်ဝိုင်။ သူက ဒီဝိုင်ထဲကပုံပြောင်းဓာတ်ပစ္စည်းကိုလေ့လာချင်တဲ့သူ။
လီခိုင်မှာလည်း လိပ်ခေါင်းရှိပုံပေါ်သဖြင့် သူတို့ကို လိပ်ခေါင်းဆေးဖက်ဝင်ဝိုင် ၃ ပုလင်းပေးလိုက်မည်။
စံအိမ်လှုပ်ရှားမှုများအတွက်ထုတ်ယူသည့်အပြင် တချို့တဝက်ကျန်သေး၍သာတော်တော့၏။
လီရှင်းကို ကျောက်ကပ်အားဖြစ်စေသောဆေးဖက်ဝင်ဝိုင်ဒုတိယအသုတ်ထဲမှပေးလိုက်မည်။


ဒုတိယအသုတ်ဆေးဖက်ဝင်ဝိုင်မှာ သက်တမ်းနှစ် ၂၀ ရှိပြီဖြစ်သည်။ ပထမအသုတ်မှာမူ နှစ် ၃၀ ကျော်ပြီဖြစ်ပြီး နှစ် ၄၀ ထဲဝင်နေလေပြီ။
ဒီနှုန်းနှင့်ဆို ရာစုနှစ်ဝိုင်ဖြစ်ဖို့မဝေးတော့။
သူကပထမအသုတ်ဝိုင်ကိုထုတ်ယူဖို့ ခဏစဉ်းစားကြည့်သည်။ နှစ် ၄၀၊ နှစ် ၅၀၊ နှစ် ၆၀... တချို့က သဘာဝကျကျဖြစ်ပုံပေါ်ရမည်။
ဝိုင်ပုလင်း ၄ လုံးကိုထုပ်ပိုးပြီးနောက် ချင်လင်က ဂိမ်းထဲမှထုတ်ယူလာပြီး မူလခန်းမဆီဦးတည်သွားလိုက်၏။
သူရုံးခန်းထဲမှထွက်ထွက်ချင်း ကျန်းကွေ့ကျူသူ့ဆီလျှောက်လာနေသည်ကိုတွေ့ရသည်။
ဒီအိမ်မွေးတိရစ္ဆာန်လေ့ကျင့်ပေးသူအမျိုးသမီးကလည်း နှစ်သစ်တာဝန်ကျနေ၏။
သူမ၏အားထုတ်မှုကြောင့် ပန်းပင်လယ်ထဲမှရှဉ့်များမှာ အဝတ်အစားလေးများဝတ်ပြီး စနစ်ထဲမှဝယ်လာသော ထင်းရှူးပင်အိမ်တွင်နေကြသည်။
သို့သော် ရှဉ့်များမှာဂရုစိုက်ပေးဖို့လိုသည်ဆိုသော်လည်း သူမကလေ့ကျင့်ပေးသူမျှသာဖြစ်၏။
ကျန်းကွေ့ကျူက ချင်လင်ကိုမြင်လျှင် ပြောစရာတစ်ခုခုရှိနေပုံနှင့် ချက်ချင်းရှေ့တိုးလာပြီး_ ''သူဌေး... နှစ်သစ်တာဝန်ကျနေတဲ့သူတွေက မိသားစုကိုစံအိမ်မှာလည်ပတ်ဖို့ခေါ်လို့ရမလား?''
ထိုရှဉ့်လေးများကြောင့် သူမမှာမတတ်သာဘဲ နှစ်သစ်တာဝန်ဆင်းနေရသည်။ တကယ်တော့ နောက်ထပ်လေ့ကျင့်ပေးသူတစ်ယောက်ထပ်မခန့်ရသေးခင် ရွေးချယ်စရာမရှိသဖြင့် သူမ၏နားရက်များကိုစုထားရ၏။
သို့သော်လည်း နှစ်သစ်ကို သူမမိဘများနှင့်အတူအချိန်ကုန်ဆုံးဖို့မျှော်လင့်မိသည်။ သူမမိဘတွေ စံအိမ်လာပြီးလည်ပတ်ခွင့်ရမယ်ဆိုရင်ပေါ့။
''ကောင်းပြီလေ... ဒါပေမဲ့ စံအိမ်ရဲ့စည်းမျဉ်းတွေလိုက်နာပြီး ပြဿနာမဖြစ်စေဖို့တော့လိုတယ်... မဟုတ်လို့ တစ်ခုခုဖြစ်ခဲ့ရင် စံအိမ်ရဲ့စည်းမျဉ်းအတိုင်းဆောင်ရွက်ရမှာပဲ'' ချင်လင်ကတွေးကြည့်ပြီး လူသားဆန်ဆန်ဆုံးဖြတ်ချက်ချလိုက်သည်။ ဒါတာဝန်ကျဝန်ထမ်းများအတွက် နောက်ထပ်အကျိုးအမြတ်ဟုယူဆနိုင်၏။
သို့သော် အရင်ဆုံးရှင်းလင်းအောင်လုပ်ထားမှဖြစ်မည်။ တစ်ခုခုဖြစ်ပြီဆိုတာနှင့် သူတို့မိသားစုကိုဒီခေါ်လာသူဘယ်သူပဲဖြစ်ဖြစ် အလုပ်ထုတ်ပစ်ရမည်။ လျော်ကြေးနည်းမည်မဟုတ်။
ပြဿနာဖြစ်စေတဲ့မိသားစုဝင်မျိုးကို စံအိမ်ခေါ်လာခဲ့ရင် သူတို့အပြစ်သာဖြစ်သည်။
သို့ရာတွင် စံအိမ်လစာမှာမြင့်လွန်း၍ ရုံချန်းစီရင်စုတွင် ဒီလိုဒုတိယအလုပ်ရှာဖို့အလွန်ခက်၏။ ဒီဝန်ထမ်းများက သေချာပေါက်ပိုပြီး အာရုံစိုက်ခံရမည်။
နောက်ပြီး သက်ဆိုင်ရာတာဝန်ကျဝန်ထမ်းက တာဝန်ယူရမည်။ အချင်းချင်းကြီးကြပ်ဖို့အတွက်လည်း တာဝန်ခံရမည်။
ကျန်းကွေ့ကျူက ချင်လင်၏စကားကြားလျှင် ဝမ်းသာအားရမျက်နှာနှင့် မြန်မြန်ကတိပေးလိုက်သည်_ ''စိတ်မပူပါနဲ့ သူဌေး... ကျွန်မနားလည်ပါတယ်... ကျေးဇူးတင်ပါတယ် သူဌေး''
ချင်လင်ကခေါင်းညိမ့်ပြီး_ ''ဒါဆိုရင် ဒီကိစ္စမင်းကိုလွှဲပေးလိုက်မယ်... တခြားဝန်ထမ်းတွေကိုလည်း ပြောလိုက်ပါဦး''
''ကောင်းပါပြီ သူဌေး... နှစ်သစ်မှာ ကျွန်မစံအိမ်ကိုဂရုစိုက်ထားပါမယ်... ဘာပြဿနာမှမရှိစေရပါဘူး'' ကျန်းကွေ့ကျူက ကတိထပ်ပေးပြီး စိတ်လက်ပေါ့ပါးစွာ လျှောက်ပြန်လာသည်။ မကြာမီ တစ်ယောက်ယောက်နှင့်ဝင်တိုက်မိ၏။
''ကျန်းကွေ့ကျူ... မင်းလည်းနှစ်သစ်မှာတာဝန်ကျနေတာလား?'' ရန်သုံ့မှာ ချက်ချင်းအားတက်သရော ရှေ့တိုးသွားလိုက်ပြီး_ ''ကိုယ်လည်း တာဝန်ကျနေတာ... တို့ကတကယ် တစ်လှေတည်းစီး တစ်ခရီးတည်းသွားတွေ''
ကျန်းကွေ့ကျူကငြင်းလိုက်သည်_ ''ရှင်ကရေလှောင်ကန်မှာ ဘဲတွေမွေးနေရတာ သနားစရာပဲ... ကျွန်မကတော့ ပန်းပင်လယ်ရဲ့အလှအပကိုခံစားပြီး ရှဉ့်လေးတွေနဲ့ဆော့လို့ရတယ်... ကျွန်မကသနားစရာကောင်းတယ်မထင်ဘူး''