ဆရာလင်းအတွက် ဇာတ်ညွှန်းတစ်ပုဒ်! မဖြစ်နိုင်ဘူး ဟုတ်တယ်မလား? ၂
Vol. 19 Ch. 280
''...'' ရန်သုံ့မှာ ပါးစပ်အဟောင်းသားနှင့်။ ဒါဖြေဖို့မလွယ်။ တခဏချင်း ကိုးယိုးကားရားနှင့်တိတ်ဆိတ်သွားသည်။ သူမြန်မြန်တုံ့ပြန်ပြောလိုက်နိုင်၍သာတော်တော့၏_ ''မင်းပြောတာ ဟုတ်သလိုလိုပဲ... ကိုယ်လည်း ရှဉ့်မွေးတာစိတ်ဝင်စားပါတယ်... မင်းသင်ပေးလို့ရမလား?''
''...'' ကျန်းကွေ့ကျူက ရုတ်တရက်ရန်သုံ့ကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။
ဒီလူက အလုပ်ဝင်တာမှမကြာသေး။ သူမနဲ့နေ့တိုင်းလိုလိုလမ်းကြုံပြီး Wechat နဲ့ဖုန်းနံပါတ်လိုက်တောင်းနေသည်။ သူမအချစ်ဇာတ်လမ်းတွေကြည့်ထားတာ အလကားမဖြစ်တော့ဘူးပေါ့။ ဒီလူရဲ့အီစီကလီနည်းလမ်းတွေက ဒိတ်အောက်နေပြီ။
…
ချင်လင်က ဆေးဖက်ဝင်ဝိုင်ပုလင်း ၄ လုံးကို မူလခန်းမဆီယူလာရာ လီခိုင်မှာ တာဝန်ကျလုံခြုံရေးအစောင့်နှစ်ဦးကို ခြံဝင်းထဲမှကိရိယာများ ခန်းမထဲရွှေ့ရန်ညွှန်ကြားနေသည်။
ချင်လင်ဝင်လာသည်ကိုတွေ့လျှင် သူကရှေ့တိုးလာပြီး_ ''ညီလေးချင်... ငါပြန်တော့မယ်... ဒီကိရိယာတွေကို မင်းနဲ့ထားခဲ့ချင်တယ်... ငါ့ပစ္စည်းတွေထားဖို့နေရာစီစဉ်ပေးပါဦး... ဒီပစ္စည်းတွေက အရမ်းစျေးကြီးတာ''
''ခန်းမနောက်ကျောက သိုလှောင်ခန်းထဲထုပ်ပိုးထားလိုက်ပါ... အချိန်ကျရင် သော့ခတ်ထားလို့ရတယ်'' ချင်လင်က ကောင်တာဘက်ကိုညွှန်ပြလိုက်သည်။
မူလခန်းမထဲတွင် ငါးပြတိုက်ရှိသည်။ ခြံဝင်းထဲကဖရဲသီးပျိုးထောင်ခြင်းအောင်မြင်သွားပြီးနောက် အလုပ်စတော့မည်။ ကောင်တာအနောက်ဘက်သိုလှောင်ခန်းထဲတွင် ဘာမှမရှိတော့။ လီခိုင်အတွက်အဆင်သင့်ဖြစ်သွားသည်။


ထိုအချိန်တွင် လီရှင်းလည်းလျှောက်လာပြီး ချင်လင်လက်ထဲမှဆေးဖက်ဝင်ဝိုင်ကိုပြုံးရင်းကြည့်လိုက်ကာ_ ''ချင်လင်... ငါထင်တာမမှားရင် အဲဒီအထဲမှာ ငါ့ပုလင်းတစ်လုံးပါတယ်''
''ဂုဏ်ယူပါတယ်... ခင်ဗျားထင်တာမှန်သွားပြီ'' ချင်လင်ကပြုံးပြီး ကျောက်ကပ်အားဖြည့်ပေးသောဆေးဖက်ဝင်ဝိုင်ပုလင်းကို လီရှင်းဆီပေးလိုက်သည်။
''ငွေအဆင့်ပဲ... ညီအစ်ကိုရေ'' လီရှင်းမျက်လုံးများဝင်းလက်သွား၏။
အစက ကြေးညိုပုလင်းပြန်ယူသွားနိုင်ရင် ကျေနပ်နေပြီ။ အရင်သူဝှက်ထားတဲ့ပုလင်းသုံးလုံးနဲ့ပေါင်းရင် သူ့စုဆောင်းအခန်းထဲမှာ ချင်းလင်ဆေးဖက်ဝင်ဝိုင် ၄ ပုလင်းဖြစ်သွားမည်။ သို့သော် ငွေဝိုင်ပုလင်းရမည်ဟု ထင်မထားပေ။
ဒါသူ့အတွက် အံ့သြစရာအကြီးကြီးလည်းဖြစ်၏။ ဒီဝိုင်ဘယ်လောက်ဂန္တဝင်ဆန်လဲ သူကောင်းကောင်းသိထားသောကြောင့်ပင်။ လုံးဝပြိုင်ဘက်ကင်းသည်။
ချင်လင်လည်း နောက်ထပ်ဝိုင်ပုလင်းသုံးလုံးထုတ်ကာ လီခိုင်နှင့်ပါမောက္ခရန်ကိုကမ်းပေးလိုက်သည်။
''သူဌေးချင်... ဘဲတွေတစ်ခုခုဖြစ်ခဲ့ရင် ငါ့ကိုအသိပေးဖို့မမေ့ပါနဲ့... ငါ့မိတ်ဆွေဟောင်းကို ချက်ချင်းလာခိုင်းလိုက်မယ်'' ပါမောက္ခရန်က ဝိုင်ယူပြီးလျှင် သူ့ကိုသတိပေးဖို့မမေ့။
လွန်ခဲ့သောနှစ်ရက်က ဘဲရောင်းသူပေးသောလိပ်စာမှာအတုဖြစ်ကြောင်း ချင်လင်ပြောသည်ကို အမှတ်မထင်ကြားခဲ့ရသည်။ တစ်ဖက်လူက သူများမွေးမြူရေးခြံလိပ်စာကိုဖြည့်ပေးခဲ့၏။ ဒီအချက်က သူဌေးချင်ကိုလက်လွှဲယူအောင်လုပ်ခြင်းဖြစ်ကြောင်းသက်သေပြနေသည်။
အခုတော့ ဒီလူဘယ်ရောက်သွားမှန်း ဘယ်သူမှမသိ။
သူဌေးချင်ကဝယ်ပြီး လှည့်စားခံလိုက်ရခြင်းမှာ မျိုးရိုးဗီဇပြောင်းလဲခြင်းပြဿနာကိုဖြေရှင်းပေးမည်ဟု သူကတိပေးထားသောကြောင့်ပင်။
ဒီကိစ္စကို သူတာဝန်ယူရမည်။ သူ သူဌေးချင်ကိုလှည့်စား၍မဖြစ်...။
''ကောင်းပါပြီ... ပါမောက္ခရန်'' ချင်လင်ခေါင်းညိမ့်လိုက်သည်။
ဘဲတွေမှာ ဘာပြဿနာမှရှိလာမည်မဟုတ်။ သို့သော်လည်း ပါမောက္ခရန်၏စေတနာကို သူအသိအမှတ်ပြုရမည်။ နောက်ပြီး အခုပါမောက္ခရန်က သူ့ဘဲပင်ရင်း၏အကြီးဆုံးသက်သေဖြစ်နေသည်။
နေ့လယ်မတိုင်မီ ပါမောက္ခရန်နှင့်လီမိသားစုမှာ နှစ်သစ်အတွက် တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားကြတော့၏။
ချင်လင်လည်း စံအိမ်မှပြန်ပြီး အိမ်တွင်ကျောက်မိုချင်းနှင့်သူ့အမေကိုအဖော်ပြုကာ တချို့ကိစ္စများပြင်ဆင်လိုက်သည်။
သူတို့မှာ ကျေးလက်မှလာသူများဖြစ်၍ နှစ်သစ်တွင်မွေးရပ်မြေကိုပြန်ရပေမည်။ ဘိုးဘေးခန်းမတွင်လည်း ပူဇော်ရဦးမည်။


အရင်ဆုံး ပူဇော်ရမည့်ပစ္စည်းများပြင်ဆင်ပြီး ကျေးလက်ကိုယူသွားရမည်။ အစားအစာများလည်းပြင်ဆင်ရမည်။
လင်းဖန်မှာ ဒီနှစ်အပျော်ဆုံးဖြစ်နေ၏။ အကြောင်းမှာ ကျောက်မိုချင်းက ချင်မိသားစု၏ချွေးမအဖြစ် လိုက်လာမည်ဖြစ်သောကြောင့်ပင်။
လွန်ခဲ့သောလပိုင်းလောက်က သူ့ချွေးမကျောက်မိုချင်းပြန်ပြေးသွားမလား စိုးရိမ်နေမိသေးသည်။ အခုတော့ သူမပြန်မပြေးလောက်တော့။
သူမကပြင်ဆင်နေရင်း ပူဇော်ခြင်းလုပ်ရိုးလုပ်စဉ်များကို ကျောက်မိုချင်းအား သင်ပေးဖို့လည်းမမေ့_ ''လက်ဖက်အတွက် ပန်းကန်သုံးချပ်ရယ် ဝိုင်အတွက်ခွက်သေးသေးတစ်ခွက်ပါရမယ်... စက္ကူနီစလေးဖြတ်ပြီး ဘဲလည်ပင်းမှာကပ်ထားရမယ်...''
ကျောက်မိုချင်းမှာ ငယ်စဉ်ကတည်းက စီရင်စုမြို့တော်တွင်နေခဲ့သူဖြစ်သည်။ သူမမိသားစုက စီရင်စုမြို့တော်မှဖြစ်ပြီး သူမအဘိုးရဲ့အဘိုးလက်ထက်ကစီရင်စုမြို့တော်မှာနေခဲ့၏။ နှစ်သစ်တွင် ဘိုးဘေးကန်တော့ခြင်းနှင့်ပတ်သက်၍ ကျေးလက်လောက် ကရိကထမများချေ။
လင်းဖန်ရဲ့သင်ကြားမှုက အမှန်ပင်သူမကိုအသိတိုးစေပြီး သိချင်စိတ်ဖြစ်စေသည်။
နေ့လယ်ပိုင်းတွင် ချင်လင်ထံ ချင်ရန်ဆီမှဖုန်းဝင်လာသည်။ ဖုန်းကိုင်ကိုင်ချင်း ချင်လင်၏အသံကိုကြားရ၏_ ''လင်ဇီ... ငါတို့မင်းတို့ရပ်ကွက်အပြင်ဘက်မှာ''
နှစ်သစ်တွင် အိမ်ဟောင်းဆီပြန်ကြသောအခါ တစ်အိမ်တည်းနေသူများက အတူတူပြန်ရန်စီစဉ်ကြသည်။
သူ့မိသားစုနှင့်ချင်ရန်မိသားစုလည်း သည်လိုပင်။ အရင် သူနှင့်ချင်ရန်ဘွဲ့မရခင် ဦးလေးရွှေ့ကန်းက နှစ်သစ်အတွက်ကားတစ်စီးငှားခဲ့သည်။ သူတို့ငါးယောက်အတူတူထိုင်နိုင်သည်။
ဒီနှစ်ကမတူ။ သူကကားဝယ်ထားပြီး ကျောက်မိုချင်းကိုခေါ်သွားဖို့ရှိသေးသည်။ ချင်ရန်မှာ မနှစ်ကပဲကားတစ်စီးဝယ်ထားပြီး သူ့ဇနီးလျောင်လီက သူနှင့်လိုက်လာဦးမည်။ လျောင်လီမှာကိုယ်ဝန်နှင့်ဖြစ်၍ သူတို့နှစ်ဦးကလက်ထပ်စာချုပ်အရင်ချုပ်ထားရသည်။
ဒီနှစ်တော့ အိမ်ဟောင်းမှာ ဇနီးအသစ်နှစ်ယောက်နှင့် ပိုပြီးစည်ကားတော့မည်။
ချင်လင်၊ သူ့မိခင်နှင့် ကျောက်မိုချင်းက သူတို့သယ်လိုသောပစ္စည်းများကို ကားပေါ်တင်ပြီး ဝမ်ချိုင်၊ မွေးနီတို့နှင့်အတူ ရပ်ကွက်အပြင်ဘက်မောင်းထွက်လာသည်။
ရပ်ကွက်အပြင်ရောက်လျှင် ချင်ရန်နှင့်သူ့အဖေချင်ရွှေ့ကန်းမှာ ကားဘေးတွင် ဆေးလိပ်သောက်နေကြ၏။
ကားရှေ့လေကာမှာ နည်းနည်းညစ်ပတ်နေသဖြင့် ချင်ရန်ကသန့်ရှင်းအောင် ဂရုတစိုက်သုတ်လိုက်သည်။ သူ့ပုံစံကြောင့် လျောင်လီကနည်းနည်းမနာလိုဖြစ်သွား၏။
သို့သော်လည်း ပထမဆုံးကားဝယ်သူများမှာ အမြဲတမ်းတသသလုပ်နေတတ်သည်။ အချိန်တိုင်းလိုလို မိန်းမထက်ကားကိုပိုပြီးဂရုစိုက်တတ်ကြ၏။ သူတို့ခံစားချက်က လက်ထပ်ခါစ အခြေအနေနှင့်မခြားပေ။
ဒီကားက လပိုင်းလောက်ကြာပြီးမှ ပုံမှန်အတိုင်းဖြစ်သွားလိမ့်မည်။
ချင်ရန်၏ကားမှာ Audi A4L 45 grand edition ဖြစ်သည်။ ချေးငွေနှင့်ဝယ်ထားခြင်းဖြစ်ပြီး ယွမ် ၃၆၀၀၀၀ ကျ၏။ သူတို့စတူဒီယိုမူလဝင်ငွေနှင့်ဆိုလျှင် သူတို့လူနည်းစုမှာ ပိုက်ဆံသိပ်မကျန်သဖြင့် ဒီကားမဝယ်နိုင်။
သို့သော် ဒီနှစ်ကမတူ။ ချင်လင်က ရုတ်တရက်ကြီး ချင်းလင်စံအိမ်ထောင်လိုက်သည်။ အချိန်တိုအတွင်း သူ့စီးပွားတက်လာပြီး သူတို့စတူဒီယိုကိုစီးပွားအတော်ဖြစ်စေခဲ့၏။ ဒါကြောင့် ဝင်ငွေကောင်းလာသည်။
သူတို့စတူဒီယိုက ချင်းလင်စံအိမ်ချဲ့ထွင်သည့်အစီအစဉ်ကိုအသုံးချပြီး စီရင်စုဌာနနှင့်ဆက်သွယ်ကာ တရားဝင်လုပ်ငန်းများစွာလည်းရခဲ့သေးသည်။