ဒါကိုဘယ်သူထင်ထားမလဲ? အထူးမြေကြီးရသည့်အတွက် ဂုဏ်ယူပါတယ်! ၃
Vol. 19 Ch. 284
ချင်တလင်လို ချင်လင်ဆီကအသုံးဝင်တဲ့သတင်းရနိုင်တာမျိုးအသာထားဦး၊ နောင်မှာ သူတို့မိသားစုအခက်အခဲတစ်စုံတရာတွေ့ခဲ့လျှင်သော်လည်းကောင်း၊ အပြင်းအထန်နာမကျန်းခဲ့လျှင်သော်လည်းကောင်း ချင်လင်ကိုတောင်းဆိုပါကသေချာပေါက်ကူညီလိမ့်မည်။
အာမခံချက်ရှိသည်။
မဟုတ်ရင် သူအသည်းအသန်နေမကောင်းဖြစ်ပြီး ပိုက်ဆံချေးချင်ရင်တောင် ဆွေမျိုးမိတ်ဆွေဘယ်လောက်များများက ချေးနိုင်မှာတဲ့လဲ?
ဒီအာမခံချက်ရဲ့တန်ဖိုးကြီးပုံနှင့်တင် သူတို့တန်ဖိုးထားဖို့လုံလောက်ပြီ။
အခုလောက်ဆို ရွာထဲကထေ့ငေါ့ပြောခဲ့တဲ့သူတွေ နောင်တရနေလောက်ပြီ ဟုတ်တယ်မလား?
အခုချင်လင်အရမ်းအောင်မြင်လာပြီဖြစ်၍ သူတို့သာဆိုရင် အနည်းဆုံးတော့ ချင်လင်ဒုက္ခရောက်နေတုန်းမကူညီမိတဲ့အတွက် သေချာပေါက်နောင်တရနေလိမ့်မည်။


အစားအစာအားလုံးမှာ အရည်အသွေး ၂ များဖြစ်၍ ချင်တလင်နှင့်ချင်တရှန်းက ဗိုက်လှိမ့်စားပစ်လိုက်သည်။
ချင်ကာအတွက် ဒီလိုအရသာတဲ့အစားအသောက်မျိုးစားဖူးတာ ပထမဆုံးပင်။ လောလောလောလောနှင့်စား၍ လျှာတောင်ကိုက်မိသည်။ သွေးများထွက်လာသဖြင့် အတွေ့အကြုံမရှိရကောင်းလားဆိုကာ ချင်တလင်ကငေါက်လိုက်၏။
ချင်ကာမှာ သူ့အဖေကိုလုံးဝပြန်လည်မချေပနိုင်။ တကယ်လည်း အရင်ကမစားခဲ့ဖူး။ အငေါက်ခံရစဉ် တိတ်တိတ်ဆိတ်ဆိတ်နေပြီး ငါးစွပ်ပြုတ်တစ်ပန်းကန်ခပ်နေလိုက်သည်။
စားသောက်ပြီးလျှင် ထိုအုပ်စုက မိသားစုကိစ္စများစကားစမြည်ပြောကြ၏။ ညရောက်မှ လူစုခွဲပြီးပြန်သွားကြသည်။
ညပိုင်းတွင်_
ပန်းကန်များဆေးကြောပြီးနောက် ချင်လင်ကကျောက်မိုချင်းကို အခန်းထဲဆွဲခေါ်သွားသည်။ အစက ကျောက်မိုချင်းအသက်အောင့်တာဘယ်လောက်တော်လဲ သူသိချင်ခဲ့သည်။
သို့သော် သူဝင်ဝင်ချင်း ဝမ်ချိုင်လိုက်ဝင်လာသည်ကိုတွေ့ရ၏။ မွေးနီကလည်း ကုတင်ပေါ်ခုန်တက်လိုက်သည်။
ကျောက်မိုချင်းကအခွင့်ကောင်းယူ၍ တံခါးပိတ်ပြီး ချင်လင်ကိုပြုံးပြုံးနှင့်ကြည့်လိုက်ကာ_ ''ကြည့်ရတာ ရှင်ဒီနေ့ညမဟုတ်တာလုပ်လို့မရတော့ဘူးထင်တယ်''
ချင်လင်မှာမတတ်သာပုံနှင့် ခွေးနှင့်မွေးနီကိုစိန်းစိန်းဝါးဝါးကြည့်ပစ်လိုက်သည်။ ဒါဒုက္ခလိုက်ပေးနေတာမလား?
သည်လိုနှင့် ညဘက်ကုတင်ပေါ်တွင် ကျောက်မိုချင်းနှင့်မဆော့လိုက်ရပါဘဲ အသာအိပ်လိုက်ရသည်။
ကျောက်မိုချင်းကိုယ်လက်သန့်စင်ရန်သွားသောအခါ ချင်လင်လည်း သူ့ဂိမ်းဇာတ်ကောင်ကိုကြည့်လိုက်သည်။ ဒီနေ့ရောင်းချမည့်သီးနှံမှည့်များရိတ်သိမ်းခြင်းအပြင် ငါး ၃၅ ကောင်ဖမ်းပြီး နိုထရီဒိန်းတောင်မှသစ်ပင်များခုတ်ချရမည်။
အချိန်တချို့ကြာပြီးနောက် ချင်လင်ကငါးမျှားတံသုံးပြီး အသစ်ပြန်ပေါ်လာသောငါး ၃၅ ကောင်ကိုဖမ်းလိုက်သည်။ ဒီနေ့ အရည်အသွေး ၁ နှင့် ၂ ငါးများအပြင် အလှမွေးငါး ၃ ကောင်လည်းဖမ်းမိသည်။ ရောင်စုံငါးနှစ်ကောင်နှင့်အလှမွေးငါးတစ်ကောင်။
ငါးလှောင်ကန်ထဲတွင် ငါးအကောင်ရေ ၁၀၀၀ ကျော်နေပြီ။ အရည်အသွေး ၁ နှင့် ၂ အပြင် အလှမွေးငါးလည်း အကောင် ၁၂၀ ကျော်သည်။
ရေလှောင်ကန်ထဲမှငါးပိုက်ကွန်အဆင်သင့်ဖြစ်လျှင် အရည်အသွေး ၁ နှင့် ၂ ငါးများကို ရေလှောင်ကန်ထဲတန်းထည့်လိုက်မည်။ အလှမွေးငါးများကိုမူ ငါးပြတိုက်ဆောက်ပြီးသည်အထိစောင့်ရဦးမည်။
ငါးဖမ်းပြီးလျှင် ချင်လင်ကဂိမ်းဇာတ်ကောင်အား နိုထရီဒိန်းတောင်သွားပြီး သစ်ပင်ခုတ်စေလိုက်သည်။ ဖြစ်ချင်တော့ ဒီနေ့နံ့သာဖြူပင်တစ်ပင်သာရခဲ့၏။


နောက်ပြီး ဒီအပင်ပြန်ထွက်နှုန်းက နည်းနည်းလေးမြင့်သည်။
ထို့နောက် ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား သတ္တုတွင်းဆီသွားစေလိုက်၏။
အဆင့်တက်ပြီးနောက် သတ္တုတွင်းစတုတ္ထအလွှာပွင့်သင့်ပြီ။ ဘာကောင်းတာလေးများတူးဖော်ရမလဲ သူသိချင်နေသည်။
ဒီတစ်ကြိမ်၌ စတုတ္ထအလွှာဝင်ပေါက်တွင် အမှန်ပင်အတားအဆီးမရှိတော့။
စတုတ္ထအလွှာဝင်ဝင်ချင်း တူးဖော်ရေးကိရိယာများထုတ်လိုက်ပြီး အရင်ဆုံးလွတ်နေသောနေရာများတူးလိုက်သည်။
ဒီတစ်ခါကံကောင်းနေပုံရ၏။ တူးလို့မှမကြာသေး၊ စနစ်ကအသိပေးစာဝင်လာသည်:
(ခရမ်းစွဲကျောက်မျက်ရသည့်အတွက်ဂုဏ်ယူပါတယ်: အရည်အသွေး ၂)
(ရွှေပြားရရန်ရောင်းချနိုင်သော ခရမ်းစွဲကျောက်ဖြစ်သည်! Sebara ဆီတွင်လည်း ကျောက်မျက်ပုံသွင်းနိုင်သည်။)
အရည်အသွေး ၂ ခရမ်းစွဲကျောက်မျက်?
သူရလိုက်သည်ကိုမြင်သည်နှင့် ချင်လင်၏မျက်လုံးများအရောင်လက်သွားသည်။ အရင်တစ်ခါကျောက်မိုချင်းကိုပေးတဲ့ အရည်အသွေး ၁ ခရမ်းစွဲကျောက်နဲ့လုပ်ထားတဲ့ဆွဲသီးက ယွမ် ၆၀၀၀၀ ကျော်တန်သည်။
ဒီအရည်အသွေး ၂ ခရမ်းစွဲကျောက်က ပိုစျေးကြီးမှာပေါ့ ဟုတ်တယ်မလား? နောက်ပြီး သူကျောက်မျက်တွေပိုပြီး ပြင်ဆင်ထားရမည်။
သူနှင့်ကျောက်မိုချင်းက လက်ထပ်စာချုပ်ချူပ်ထားပြီဖြစ်သော်လည်း မင်္ဂလာပွဲနှင့်တောင်းရမ်းလက်ထပ်ဖို့လိုသေးသည်။
ထို့ကြောင့် ပန်းပင်လယ်အကျယ်ကြီးဆောက်ပြီး ထိုပန်းပင်လယ်ထဲတွင် မင်္ဂလာဓာတ်ပုံများရိုက်ရဦးမည် (အခန်း ၆၁)။ ပြီးရင် တရားဝင်တောင်းရမ်းပြီး မင်္ဂလာပွဲကျင်းပမည်။
ဒိမတိုင်ခင် သူမအတွက် ခန်းဝင်ကျောက်မျက်ရတနာများများပြင်ဆင်ထားရမည်။ အချိန်ကျရင် သူမကိုအကြီးအကျယ်အံ့သြအောင်လုပ်မည်။
ထိုအတွေးနှင့်ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား ကျောက်တူးလက်နက်ကိုယမ်းပြီး ထပ်တူးစေလိုက်၏။
အရည်အသွေး ၂ ခရမ်းစွဲကျောက်နှင့်မလောက်။ နောက်ပြီး ကျောက်မိုချင်းအတွက် လက်ဝတ်လက်စားဘယ်လောက်များများဆင်ပေးပေး များသည်ဟုသူကမထင်။
မကြာမီ သူ့စိတ်ထဲမှဂိမ်းထဲတွင် နောက်ထပ်အသိပေးစာပေါ်လာသည်:
(အထူးမြေကြီးတူးဖော်ရရှိသည့်အတွက် ဂုဏ်ယူပါတယ်!)