← Chapters

မြေကြီးအရည်အသွေး: ရှင်သန်နိုင်စွမ်း +၂၊ မျိုးစိတ်တိုးတက်လာမည့်အခွင့်အရေး +၁

Vol. 19 Ch. 285

မြေကြီးအရည်အသွေး: ရှင်သန်နိုင်စွမ်း +၂၊ မျိုးစိတ်တိုးတက်လာမည့်အခွင့်အရေး +၁

Vol. 19 Ch. 285

အထူးမြေကြီး?

ချင်လင်က အသိပေးစာရလျှင် ကျောပိုးအိတ်ထဲမှအိတ်ပုံစံလေးကို အံ့သြစွာကြည့်လိုက်သည်။

သူဒီအကြောင်းမေ့တော့မလို့။

သံလွင်မြို့တော်စတော့ကင်ကို ရုပ်သံမှတဆင့် ဝယ်ခဲ့စဉ်က ဖိုရမ်ထဲသွားပြီး သက်ဆိုင်ရာစာများရှာကြည့်ခဲ့ရာ တချို့စိတ်ဝင်စားစရာများကိုတွေ့ခဲ့ရသည်။

ထိုစာများထဲမှတစ်ပုဒ်တွင် သတ္တုတွင်းကတူးဖော်ရသောအထူးမြေကြီးအမျိုးအစားအကြောင်းပါပုံရသည်။

ထိုအချိန်က သူ့အာရုံမှာစတော့ကင်သာဖြစ်၍ ထိုစာအကြောင်းသိပ်ဂရုမစိုက်မိ။ ဘာပဲဖြစ်ဖြစ် သူကသတ္တုတွင်းတတိယအလွှာထဲသာဝင်ရသေးသည်လေ။ စတုတ္ထအလွှာမှာ အထူးမြေကြီးတူးရမယ်လို့ ဘယ်ထင်ထားပါ့မလဲ?

ပုံစံအသစ်ထဲတွင် အထူးမြေကြီးမှာလည်း သဘာဝမြေကွက်လပ်ကို အချိန်အတိုင်းအတာတစ်ခုအထိ ပြုပြင်နိုင်သောအထူးအသုံးအဆောင်ပစ္စည်းတစ်မျိုးဖြစ်သည်။

နောက်ပြီး အထူးမြေကြီးအမျိုးအစားက တစ်မျိုးထက်ပို၏။ တရားဝင်ဖိုရမ်ထဲမှကစားသူက အထူးမြေကြီး ၂ မျိုးရကြောင်းစာတင်ထားသည်ကို သူမှတ်မိသည်။

မြေကြီးတစ်မျိုးက သီးနှံများကိုအနံ့အသက်ဆိုးစေသည်။ ထိုမြေကြီးကိုသုံးပြီး သဘာဝမြေကိုပြုပြင်လျှင် ထိုမြေတွင်စိုက်သောသီးနှံများမှာ အနံ့ဆိုးပြီး တန်ဖိုးအလွန်အမင်းကျဆင်းသွားလိမ့်မည်။

နောက်တစ်မျိုးက သီးနှံများကိုပိုချိုစေသည်။ သဘာဝမြေကိုပြုပြင်ပြီးလျှင် စိုက်ပျိုးသောသီးနှံများပိုချိုလာပြီး စျေးကောင်းကောင်းနှင့်ရောင်းချနိုင်မည်။

ထိုအထူးမြေကြီး၏သဘာဝမြေကိုအသွင်ပြောင်းနိုင်သောအာနိသင်မှာ ကြာရှည်မခံ။ သီးနှံများကိုလေးငါးကြိမ်စိုက်ပြီးလျှင် အာနိသင်ကုန်ခမ်းလာမည်။





ဤသည်က အထူးမြေကြီးနှစ်မျိုး၏အာနိသင်သာဖြစ်သည်။ ဂိမ်းထဲတွင် သီးနှံများမြန်မြန်ဆန်ဆန်ကြီးထွားစေသောအထူးမြေကြီး၊ အမျိုးအစားအသစ်များစိုက်ပျိုးနိုင်သောမြေကြီးများလည်းရှိ၏။

ဒီလိုမြေကြီးမျိုးက ပိုအဖိုးတန်သည်။

ချင်လင်က သူတူးဖော်ရလာသောမြေကြီး၏အာနိသင်များကိုသိချင်လာသည်။

''ငေးပြီး ဘာတွေတွေးနေတာလဲ?'' ကျောက်မိုချင်းကကိုယ်လက်သန့်စင်ပြီး ညအိပ်အဝတ်အစားလဲလာ၏။

ချင်လင်ကအသိပြန်ဝင်လာပြီး ကျောက်မိုချင်းကိုသူခိုးမျက်စိနှင့်ကြည့်လိုက်ကာ_ ''ဝမ်ချိုင်နဲ့မွေးနီကို ဘယ်လိုပြန်ထုတ်ရမလဲစဉ်းစားနေတာ''

ကျောက်မိုချင်းက ထိုစကားကြားလျှင်ရှက်သွားပြီး_ ''နောက်နှစ်ရက်လောက်လေး ငြိမ်ငြိမ်မနေနိုင်ဘူးလား? ပြန်ရောက်တဲ့အခါကျမှ လုပ်ချင်တာလုပ်''

''ဒါဆိုရင် ဒီမှာငြိမ်ငြိမ်နေမယ်... ပြန်ရောက်ရင် လုပ်ချင်တာလုပ်မှာနော်'' ချင်လင်ကပြောပြောဆိုဆို ကျောက်မိုချင်းနှုတ်ခမ်းနားရောက်သွားသည်။

ကျောက်မိုချင်းသဘောပေါက်သွားပြီး ပြင်းပြင်းထန်ထန်ပြောလိုက်၏_ ''ကျွန်မကိုက်မှာနော်!''

''မင်းထိန်းထားနိုင်မယ်မထင်ဘူး'' ချင်လင်က ပိုင်ပိုင်နိုင်နိုင်ပြုံးလိုက်သည်။

တွဲလာတာကြာပြီဖြစ်သော်လည်း ကျောက်မိုချင်းက လင်မယားကြားလှည့်ကွက်တချို့နှင့် တင်းခံနေသေးသည်။

ထို့ကြောင့် အခွင့်အရေးယူစရာရှိတာယူရမည်။ ဘာပဲဖြစ်ဖြစ် ယောက်ျားတစ်ယောက်ခံစားရမယ့်အကျိုးအမြတ်ပဲလေ။

ကျောက်မိုချင်းမှာ ချင်လင်၏ပိုင်နိုင်နေသောပုံစံကိုကြည့်ရင်း ပိုရှက်သွားသည်။ သူ့ကိုလျစ်လျူရှုပြီး အိပ်ရာထဲဝင်လိုက်၏။ ထို့နောက် ဖုန်းယူကာ စံအိမ်တရားဝင်အကောင့်မှဗီဒီယိုများဆွဲကြည့်နေလိုက်သည်။

ဒါသူမနေ့စဉ်လုပ်နေကျအရာများထဲမှတစ်ခုပင်။ တစ်ခါတရံတရားဝင်ဗီဒီယိုများမှမှတ်ချက်များကြည့်ရင်း စံအိမ်တွင်ဘာလိုအပ်ချက်ရှိသည်ကိုသိနိုင်သည်။

''ကိုယ်အပြင်သွားပြီး တစ်ခုခုယူလိုက်ဦးမယ်'' ချင်လင်က အခွင့်ကောင်းယူပြီး အခန်းပြင်ထွက်လိုက်၏။

သူကဂိမ်းထဲဝင်ပြီး ထိုအထူးမြေကြီး၏အချက်အလက်များကို စစ်ဆေးကြည့်ချင်သည်။

အိမ်ဟောင်း၏နေရာအတော်များများမှာ လျှပ်စစ်မီးမသွယ်ထား၍ ခိုစရာများရှိသည်။ ချင်လင်က တွေ့ကရာနေရာတစ်ခုဝင်ပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်၏။ ဂိမ်းဇာတ်ကောင်ကို စိုက်ပျိုးမွေးမြူရေးခြံပြန်သွားစေပြီး သူကဂိမ်းထဲဝင်ကာ မြေအိတ်ကိုကြည့်လိုက်သည်။

လက်တွေ့တွင် ထိုအိတ်ထဲ၌မြေအများကြီးပါသည်။ မြေကြီးကတ်တီ ၅၀ ပါသောအိတ်ပင်။

(အထူးမြေကြီး: အထူးပစ္စည်း!)

(မြေအောက်နက်နက်ထဲရှိသော အထူးမြေကြီးဖြစ်သည်။ ၎င်းတွင်ပါဝင်သောအထူးပစ္စည်းမှာ ထူးခြားအာနိသင်ရှိသည်။ သဘာဝမြေကိုပြုပြင်ပြီးလျှင် မြေပေါ်တွင်သီးနှံများရှင်သန်နိုင်စွမ်း +၂ နှင့် မျိုးစိတ်ပိုကောင်းလာခြင်း +၁ ကို အထူးပစ္စည်းအာနိသင်မကုန်ခင်အထိရစေသည်။)





အထူးမြေကြီးပေါ်မှမှတ်ချက်ကို ချင်လင်ဖတ်ကြည့်လိုက်သည်။

ဒီအထူးမြေကြီးကို 'အထူးပစ္စည်း'ဟုသတ်မှတ်နိုင်ပြီး သံသာပင်မှမှတ်တမ်းတင်ထားသော 'ဂမ္ဘီရပစ္စည်း'နှင့်ကွဲပြားသည်။

မှတ်ချက်များမတူသောကြောင့် အသုံးအဆောင်ပစ္စည်းအမျိုးအစားက လုံးဝမတူ။

လောလောဆယ်ချင်လင်က ဒီအချက်ကိုသိပ်အာရုံမစိုက်သေးဘဲ အထူးမြေကြီး၏ အရည်အသွေးများကိုကြည့်လိုက်သည်။ မြေပေါ်တွင်သီးနှံများရှင်သန်နိုင်စွမ်း +၂ နှင့် မျိုးစိတ်ပိုကောင်းလာခြင်း +၁ အရည်အသွေး။

ထိုအချက်ကြောင့် ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ကို အမှတ်တမဲ့စဉ်းစားမိသည်။

သူ့မှာ ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ကိုပျိုးထောင်နေပြီး ဘယ်တုန်းကမှမအောင်မြင်ခဲ့။ အကြီးမားဆုံးအကြောင်းရင်းမှာ ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့က ပတ်ဝန်းကျင်အလွန်ရွေးခြင်းကြောင့်ပင်။ ရှန်းရွှေနယ်တဝိုက်မှလွဲပြီး တခြားနေရာတွင်မစိုက်ပျိုးနိုင်ချေ။

နောက်ဆုံးတော့ အကြောင်းရင်းက ပတ်ဝန်းကျင်လိုအပ်ချက်မပြည့်စုံခြင်းနှင့် ရှင်သန်နိုင်စွမ်းနည်းခြင်းကြောင့်ဖြစ်သည်။

ဒီရှင်သန်နိုင်စွမ်း +၂ သာရှိရင် ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ရှင်သန်နိုင်စွမ်းက အများကြီးတက်လာမည်မဟုတ်လား?

နောက်ပြီး ဒီမြေကြီးမှာ မျိုးစိတ်ပိုကောင်းလာခြင်း +၁ အခွင့်အရေးရှိနေသည်။ ရှန်းရွှေလက်ဆောင်ဆန်ရဲ့ပတ်ဝန်းကျင်အလိုက်သင့်ဖြစ်နိုင်စွမ်းက မျိုးစိတ်ပြောင်းလဲမှုနဲ့ဆက်စပ်နိုင်တယ်မလား?

ချင်လင်မှာ ရုတ်တရက်စိတ်အားထက်သန်လာသည်။

ဂိမ်းထဲတွင် အထူးမြေကြီးနှင့်မြေကိုပြုပြင်ဖို့ ကလစ်တစ်ချက်နှိပ်လိုက်ရုံပင်။ လက်တွေ့တွင် မြေသြဇာသုံးနည်းနှင့် သူကိုယ်တိုင်ပြုပြင်သင့်သည်။

ညပိုင်းမိုးချုပ် လုပ်စရာမရှိသောကြောင့် မနက်ဖြန်သူ့အခန်းပြန်ပြီးမှလုပ်ရမည်။

စောင်အောက်ဝင်ပြီးနောက် သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုဆက်ကြည့်လိုက်သည်။ သူကဂိမ်းဇာတ်ကောင်အား နွေဦးသတ္တုတွင်းဆီထပ်သွားစေပြီး စတုတ္ထအလွှာကိုဆက်တူးလိုက်၏။

ဒီတစ်ကြိမ်တွင် သိပ်မကြာလိုက်။ နောက်ထပ်ရပြန်သည်:

(ဖြူပြာစပ်ကျောက်မျက်ရသည့်အတွက် ဂုဏ်ယူပါတယ်: အရည်အသွေး ၂)

(ဂိမ်းထဲတွင်ရွှေပြားရရန်ရောင်းချနိုင်သောအထူးကျောက်မျက်ဖြစ်သည်။ ကျောက်မျက်ပုံသွင်းရန် Sebara ၏ဆိုင်ကိုလည်းသွားနိုင်သည်။)

ဒီပစ္စည်းကို ကျောက်မိုချင်းအတွက် လက်ဝတ်လက်စားလုပ်ရန် ချန်ထားရမည်။

သူကဂိမ်းဇာတ်ကောင်အား ဆက်တူးစေလိုက်၏။

(ကျောက်သွေးသတ္တုရသည့်အတွက် ဂုဏ်ယူပါတယ်: အရည်အသွေး ၁)

…

(ခရမ်းစွဲကျောက်ရသည့်အတွက် ဂုဏ်ယူပါတယ်: အရည်အသွေး ၁)

စတုတ္ထအလွှာမှရသောပစ္စည်းများမှာ မဆိုးလှ။

ချင်လင်က စတုတ္ထလွှာတစ်လွှာလုံးတူးစေလိုက်ရာ နောက်ထပ်ကျောက်သွေးနှင့်ခရမ်းစွဲကျောက်ရလာသည်။





All Chapters