မျက်မှောက်ကာလ
Vol. 10 Ch. 28
“ငါ့ဘဝရဲ့နောက်ဆုံးအချိန်မှာ အချစ်ဆုံးသူရဲ့မျက်နှာကို မမြင်ခဲ့ရပါလား။ ဖလောအာ... ကိုယ်လည်းမင်းကိုချစ်ပါတယ်။”
မင်းလွင်ရဲ့အတွေးတွေနဲ့မှတ်ဉာဏ်တွေက ရေခွက်ထဲက ရေတွေကို ဘေစင်ထဲသွန်ပစ်လိုက်သလိုမျိုး အချိန်အနည်းငယ်အတွင်းမှာပဲ ပျောက်ကွယ်သွားတယ်။ မက်ဒါနာနောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်ချိန်မှာတော့ ပုစွန်ဆီရောင်သန်းနေတဲ့ ကောင်းကင်နဲ့ သတ္တုအစိတ်အပိုင်းတွေ တစ်စစီပြန့်ကျဲနေတဲ့ စွန့်ပစ်ပစ္စည်းအမှိုက်ပုံထဲမှာ ရှိနေသေးမှန်း သတိထားမိလိုက်လေရဲ့။
“ငါဘယ်ကိုရောက်နေတာလဲ။” မက်ဒါနာက သူ့လက်ထဲက ဓားကိုသေချာကြည့်ရင်း ပြောလိုက်တယ်။ ဓားမှာရှိနေတဲ့ သလင်းကျောက်တွေက လင်းမနေတော့ဘူး။ ကိုင်ဆောင်သူက သူ့ရဲ့သက်တမ်းကုန်ကို အသုံးပြုလိုက်တဲ့ နောက်ဆက်တွဲရလဒ်ပါ။
“ဟုတ်သားပဲ၊ ငါထွက်ပြေးလာခဲ့တာ။”
နောက်ထပ်မှတ်ဉာဏ်တွေက နဂိုက ဗလာကျင်းနေခဲ့တဲ့ မက်ဒါနာရဲ့ဦးနောက်ထဲကို ဝင်ရောက်လာပါတယ်။ မြေကမ္ဘာတုန်ဟီးခဲ့တဲ့ ဆာဂီဖစ်နဲ့တိုက်ပွဲမှာ သူက ဖရာလီတာကို မသုံးတော့ပါဘူးလို့ ကတိပေးထားတဲ့ ဖီးနစ်ရဲ့စွမ်းအားအပြင် အခြားအမျိုးမျိုးသော သားရဲဝိညာဥ်တွေရဲ့စွမ်းအားကို ယူသုံးခဲ့ပါတယ်။ ရလဒ်အနေနဲ့ကတော့ မကြာခင်သေရတော့မယ့် အခြေအနေကိုရောက်သွားတာပဲ။
[ဆက်လက်ပြီးတိုက်ပွဲဝင်နေမည်ဆိုပါက သက်တမ်းလက်ကျန်: ၃လ။ စွမ်းအင်ကိုခြွေတာပြီး သာမန်အတိုင်းနေမည်ဆိုပါက သက်တမ်းလက်ကျန် ၁ နှစ်။]
စက်ပေါ်မှာ စမ်းသပ်ပြီးရလာတဲ့အဖြေက အဲဒါပဲ။ သူနဲ့အမြဲအတူနေသွားချင်တဲ့ ဖရာလီတာနဲ့ထပ်ပြီး မျက်နှာချင်းမဆိုင်ရဲတော့တဲ့အတွက်ကြောင့် မက်ဒါနာက ထွက်ပြေးလာခဲ့တာ။ ဒါပေမဲ့ လမ်းမှာသူသိသမျှလူတွေကို နှုတ်ဆက်ခဲ့သေးတယ်။ ပြီးတော့ လက်ထဲက ဓားကိစ္စကို ရှင်းရဦးမယ်။
“ကျောင်းအုပ်၊ ဘာဖြစ်လို့ ကျွန်မကို ဒီလိုနေရာမှာ ခေါ်တွေ့ရတာလဲ။”
စွန့်ပစ်ပစ္စည်းပုံထဲကို ချစ်စရာဂါဝန်လေးဝတ်ထားတဲ့ မိရိုင်က ဝင်လာတယ်။ အခုဆိုရင် သူ့ရဲ့ရွှေအိုရောင်ဆံပင်တွေကြားမှာ မီးတောက်ဆံပင်တွေက နေရာအတော်များများမှာ အစားထိုးဝင်ရောက်နေပြီးပြီ။ မက်ဒါနာက အဲဲဒီကောင်မလေးလက်ထဲကို ဒဏ္ဍာရီလာဓားကို ကမ်းပေးလိုက်တယ်။
“မိရိုင်၊ ငါက မကြာခင်သေတော့မှာ။ ဒါကြောင့် ဒီဓားကိုသိမ်းထားပြီး အသုံးပြုနိုင်သူတွေလက်ထဲ လက်ဆင့်ကမ်းပေးချင်တယ်။”
မိရိုင်က ကြောင်အအနဲ့ဓားကိုကိုင်လိုက်တော့ ဓားက အနီရောင်ကျောက်မျက်က လင်းလာတယ်။ ဖီးနစ်ကိုယ်စားပြုတဲ့ကျောက်ဖြစ်ပြီး မိရိုင်ကိုယ်တိုင်က ဖီးနစ်သွေးမျိုးဆက်ရှိနေတဲ့သူပါ။
“ငါ့လိုမျိုး လေးခုလုံးသုံးနိုင်တဲ့သူကတော့ ရှာဖို့လွယ်မှာမဟုတ်ဘူး။ ဖြစ်နိုင်ခြေရှိတဲ့ နှစ်ယောက်ရှိပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မပြည့်စုံကြဘူး။ ဒီတော့ ဒုတိယရွေးချယ်စရာရှိတာက နင်ပဲလေ။”
ဒဏ္ဍာရီလာဓားရဲ့ကျောက်မျက်လေးခုလုံးကိုလင်းအောင် လုပ်နိုင်သူတွေက အရင်စကြဝဠာရဲ့တန်ခိုးရှင်သုံးပါးက ဆင်းသက်သူတွေဖြစ်ရမှာ။ မက်ဒါနာအပြင် ဖရက်နဲ့ဘုရင်သူရိန်တို့က ဆင်းသက်သူတွေပေမဲ့ ဖရက်က မိုးကြိုးအမွေတစ်ခုကိုပဲရခဲ့ပြီးတော့သူရိန်ကတော့ တန်ခိုးရှင်ကိုအမြင်ကပ်သွားပြီး စွမ်းအားကိုဆက်ခံဖို့ ငြင်းဆန်ခဲ့တဲ့သူလေ။
“ကျောင်းအုပ်က ကျောင်းကိုပြန်လာဦးမှာမဟုတ်လား။ ကျောင်းမှာကျွန်မကို ဓားပေးလည်းရတာပဲလေ။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့က ရှင့်အနားမှာရှိနေပေးမှာလေ။”
မိရိုင်က ကလေးပီပီ သူ့နှလုံးသားထဲက စကားတွေကို ထုတ်ပြောခဲ့ပေမဲ့ မက်ဒါနာက ခေါင်းကိုခါယမ်းခဲ့တယ်။ ဒီကလေးက သူ့ခံစားချက်တွေကို နားလည်ဖို့အတွက် အပြစ်ကင်းလွန်းတယ်။
“ငါ့လို အပြစ်သားတစ်ယောက်က နင်တို့နဲ့အတူတူဆက်ရှိနေဖို့ မထိုက်တန်တော့ပါဘူး။ ငါသွားတော့မယ်။”
အဲဒီနောက်တော့ မက်ဒါနာက ကျောင်းကနေ ခိုးထွက်လာကတည်းက ပါလာတဲ့ ခရီးဆောင်အိတ်လေးကိုဆွဲပြီး နေရာကနေ အမြန်ဆုံးထွက်ပြေးသွားလေရဲ့။
...
အဲဒီနောက် ဆက်ဖြစ်တာတွေကိုတော့ အသေးစိတ်ပြောပြဖို့ခက်သားရယ်။ မက်ဒါနာထွက်ပြေးသွားတာကိုသိတော့ ဖရာလီတာတို့တစ်ဖွဲ့လုံး လိုက်ရှာကြသားရယ်။ ဖရာလီတာက သူ့စေ့စပ်လက်အိတ်မှာ ခြေရာခံကိရိယာထည့်ထားခဲ့ပေမဲ့ မက်ဒါနာက ကြိုသိနေပြီး ဖြုတ်ချချန်ခဲ့တယ်။
လင်ဒါက နယူးယောက်ရဲတွေကို အပူကပ်ခဲ့တဲ့အတွက်ကြောင့် ရဲတွေကလည်း နယူးယောက်နဲ့ပတ်ဝန်းကျင်က မြို့တွေတိုင်းမှာ မက်ဒါနာကို လိုက်ရှာနေကြပြီ။
ဖရက်ကတော့လား။ နယူးယောက်မြို့ကောင်းကင်ပေါ်မှာ ပျံသန်းနေပြီးတော့ မင်းသမီးလေးရဲ့နာမည်ကို တစ်သသအော်ဟစ်နေလေရဲ့။
ဖလေရာကတော့ မက်ဒါနာသွားတတ်တဲ့နေရာတွေကို ကားနဲ့လိုက်ပတ်ရှာခဲ့ပြီး မိရိုင်ကိုရှာတွေ့သွားတယ်။ အဲဲဒီကနေ အကြောင်းစုံသိရပြီးတဲ့နောက်မှာတော့ အိမ်ပြေးမင်းသမီးလေးကိုရှာဖို့က မဟာမိတ်အဖွဲ့က ဆောင်ရွက်ရမယ့် အထူးအဆင့်မစ်ရှင်ဖြစ်သွားရော။
နာရီအနည်းငယ်အတွင်းမှာပဲ အေမီဦးဆောင်တဲ့ စစ်နတ်သမီးတွေနဲ့ဂိုင်ယာဂြိုဟ်တုက သူတို့ရဲ့မမလေးကို လိုက်ရှာနေပြီ။ ကံဆိုးတာက အဲဒီမမလေးက စက်ပစ္စည်းတွေကို ထိန်းချုပ်နိုင်ပြီး သူ့ကိုခြေရာခံမရအောင် လုပ်နိုင်နေတာပဲ။
...
“သောက်ကျိုးနည်း၊ ခရီးဆောင်အိတ်မှားယူလာမိပြီ။”
နယ်မြို့လေးတစ်မြို့ကို အဝင်မှာတော့ မက်ဒါနာကဘက်စ်ကားပေါ်ကနေအဆင်းမှာ အပြေးကောင်းပြီးတော့ ရွံအိုင်ထဲ ပြုတ်ကျသွားတယ်။ အဝတ်အစားတွေအကုန်လုံး ပေလူးကုန်တော့တာပေါ့။ အဲဒီမှာ အဝတ်လဲဖို့ အိတ်ကိုဖွင့်မိရာကနေ တလွဲဖြစ်နေမှန်း သတိထားမိတော့တာ။
မက်ဒါနာရဲ့အိပ်ခန်းထဲမှာ ခရီးဆောင်အိတ်နှစ်လုံးရှိတယ်။ တစ်ခုက သူကိုယ်တိုင်ဖို့ နောက်တစ်ခုက အေမီဖို့ပါ။ နှစ်လုံးလုံးက ဆင်တူတွေ။ ဘာလို့ဆင်တူလည်းဆိုတော့ အေမီက မမလေးနဲ့ဆင်တူလိုချင်လို့။ အကြောင်းပြချက်က အဲဒီလောက်အထိကို ရိုးရှင်းတယ်။
“ဒီပုံစံအတိုင်းဆိုရင် သူ့အဝတ်အစားတွေကို ငါယူဝတ်ရတော့မယ့်ပုံပဲ။” မက်ဒါနာက မဲ့လိုက်မိတယ်။
မက်ဒါနာက သူ့အဝတ်အစားတွေကို ထွက်ပြေးခါနီး ကိုယ့်အိတ်ထဲကိုယ်ထိုးထည့်ခဲ့ပေမဲ့ ယူလာတော့ အေမီအိတ်ဖြစ်နေတာ။ အေမီက အိမ်စေဆိုတော့ အေမီရဲ့အိတ်ထဲက အဝတ်အစားတွေအားလုံးကလည်း ဗစ်တိုးရီးယားစတိုင် အိမ်ဖော်အဝတ်အစားတွေချည်းပဲ။ အေမီက အဝတ်သိပ်လဲစရာမလိုပေမဲ့ ခရီးသွားရင်းပေကျံတာရှိရင်သုံးဖို့ ဒီအိတ်ကိုအသင့်ပြင်ထားတာလေ။
“ဟင်း...” မက်ဒါနာကလည်း မတတ်နိုင်တာနဲ့ပဲ အေမီအဝတ်အစားတွေယူဝတ်ပြီး သက်ပြင်းချလိုက်ရတော့တာပေါ့။
“ထင်ထားတဲ့အတိုင်းပဲ ငါနဲ့ကျချောင်နေတာပဲ။” မက်ဒါနာက ရင်ဘတ်နေရာမှာ ပွပွကြီးဖြစ်နေတဲ့ အိမ်စေအဝတ်အစားကို ဒေါသနဲ့ကြည့်လိုက်ရင်း စိတ်တိုလာတယ်။ အေမီက သူ့ထက် ရင်တစ်ဆိုက်ကြီးနေတာ။
“ဒါပေမဲ့ ငါဘယ်မှာနေရမှာလဲ၊ ပိုက်ဆံလည်းအများကြီးမပါဘူး။ ဘဏ်အကောင့်ကိုသုံးရင် ဟိုဟာတွေက ငါ့ကိုရှာတွေ့သွားဦးမယ်။”
မဟာမိတ်မစ်ရှင်အဖွဲ့ရဲ့ခြေရာခံနိုင်စွမ်းကို သူအထင်သေးလို့မရဘူးလေ။ သူက နည်းပညာတွေကို ချုပ်ကိုင်နိုင်တယ်ဆိုပေမဲ့ ဖရာလီတာရှိနေသေးပြီး သူ့အစွမ်းကို ခြေရာခံနိုင်လောက်တယ်။
“လောလောဆယ်တော့ မြို့ထဲဝင်ပြီး အကြံထုတ်မှပဲ။” အစီအစဥ်မှမရှိသေးတဲ့ အိမ်စေဝတ်စုံနဲ့မက်ဒါနာက မြို့ထဲကို ဒီအတိုင်းပဲဝင်ခဲ့တယ်။ မြို့သားတွေကတော့ အိမ်ဖော်ဝတ်စုံနဲ့ ငွေရောင်ဆံပင်မိန်းမလှလေးကြောင့် မျက်လုံးတွေပြူးကုန်တာပေါ့။ ဒီနေရာက နယ်မြို့လေးလေ၊ မိန်းမလှလေးတွေ အများကြီးရှိတဲ့နေရာမဟုတ်ဘူး။
“အယ့်... အလုပ်ခေါ်စာတဲ့။” တစ်နေရာရောက်တော့
ဓာတ်တိုင်မှာကပ်ထားတဲ့ အလုပ်ခေါ်စာတစ်ခုကို မက်ဒါနာတွေ့မိရော။ ပြီးတော့ အလုပ်ခေါ်စာကို သူအသံထွက်ပြီး ဖတ်ကြည့်လိုက်တယ်။
“ဂလော်ရီးယားအိမ်တော်တွင် တာဝန်ထမ်းဆောင်ရန်အတွက် နေစားငြိမ်း အိမ်စေ/အိမ်တော်ထိန်းတစ်ယောက်အလိုရှိသည်။ လခ ဒေါ်လာတစ်သောင်းပေးမည်။ ဆက်သွယ်ရန်ဖုန်း.... လိပ်စာ....”
အိမ်စေဝတ်စုံဝတ်လျက်သားနဲ့တော့ မထူးတော့ဘူးလို့ မက်ဒါနာတွေးပြီး ပခုံးတွန့်လိုက်မိတယ်။ သူက အိမ်စေအစစ်မဟုတ်ပေမဲ့ အေမီလုပ်သမျှကို ဘေးကနေ မြင်ခဲ့ပြီးသား။
“အလုပ်အကြောင်းတော့ ငါအကြမ်းဖျင်းသိသားပဲ။ အေမီအနားမှာ တစ်ချိန်လုံးနေနေခဲ့တာပဲဥစ္စာကို။ မသိတာရှိရင်လည်း ကိစ္စမရှိပါဘူး။ ငါ့ရဲ့စူပါဘရိန်းနဲ့ဆိုရင် မသင်ယူနိုင်တာ ဘာမှမရှိဘူး။”
မက်ဒါနာက သူ့ကိုယ်သူအားပေးလိုက်ရင်းနဲ့ အိမ်လိပ်စာအတိုင်း စလျှောက်တယ်။ ဖုန်းခေါ်နေရင် သူ့ကို ဘယ်သူတွေခြေရာခံမိမလဲ မသိနိုင်ဘူးလေ။
“ဒါက ဂလော်ရီးယားအိမ်တော်လား၊ သရဲတောင်ခြောက်မယ်။”
မက်ဒါနာက မြို့ပြင်တောင်ကုန်းလေးမှာရှိနေတဲ့ နှစ်ထပ်စံအိမ်လေးတစ်လုံးဆီကို ရောက်လာပါတယ်။ စံအိမ်က အထက်တန်းကျပေမဲ့ ထိန်းသိမ်းသူမဲ့နေလို့သားမသိ တော်တော်လေးကြည့်မကောင်းဖြစ်နေတယ်။
အိမ်ခြံရှေ့မျက်နှာစာက ပန်းခြံထဲမှာ အလှစိုက်ထားတဲ့ သစ်ပင်တွေက အရွယ်တွေရှည်နေပြီး ပုံပန်းမကျတော့ဘူး။ မြက်ပင်တွေကလည်း ဒူးလောက်ရှိနေပြီ။ သစ်ရွက်ခြောက်တွေကတော့ ကျောက်ခင်းလမ်းပေါ်မှာ ပြန့်ကျဲလို့ပေါ့။
“ဒီအိမ်က တကယ်ရော လူရှိပါတယ်နော်။ သွေးစုပ်ဖုတ်ကောင်တွေ နေတဲ့အိမ်တော့ မဟုတ်ဘူးမဟုတ်လား။”
မက်ဒါနာက ကျောချမ်းသွားပြီး ကိုယ့်ကိုယ်ကိုယ်ဖက်ထားလိုက်တယ်။ ဒါပေမဲ့ အချိန်က အခုဆိုရင် ညရှစ်နာရီထိုးနေပြီ။ တကယ်လို့ ဆက်ပြီးမူနေမယ်ဆိုရင် မက်ဒါနာလေး အပြင်ဘက်မှာပဲ ညအိပ်ရတော့မယ်။
ကလင်... ကလင်...
မက်ဒါနာက ခြံစည်းရိုးက ဒီဂျစ်တယ်လူခေါ်ဘဲလ်ကို တီးပေမဲ့ တစ်ယောက်မှထွက်မလာ။ ခြံစည်းရိုးကျော်တက်ရမလား တွေးမိပြန်တော့ ခြံစည်းရိုးတံခါးက ခတ်မထားလို့ လွယ်လွယ်နဲ့ဖွင့်လို့ရသွားတယ်။
“ဟမ်... တကယ်လူမရှိတဲ့ပုံပဲ။ ဝင်ရောက်နှောင့်ယှက်ပါတော့မယ်ရှင့်...”
မက်ဒါနာက ခပ်နောက်နောက်ပြောလိုက်ပါတယ်။ ဒီနေရာက အိမ်အပျက်ကြီးဖြစ်နေပါဦးတော့ အပြင်မှာ ညအိပ်တာထက်စာရင်တော့ သာတယ်လေ။ ဒီလိုနဲ့ မက်ဒါနာက စံအိမ်အတွင်းထဲအထိ ထိုးဖောက်ဝင်ရောက်လာပါလေရော။
“အိမ်တံခါးကိုလည်း ပိတ်မထားဘူးပဲ၊ သူခိုးတွေကို ကြိုဆိုနေတဲ့အတိုင်းပဲ။” မက်ဒါနာက ပြောလိုက်ပါတယ်။ အိမ်ထဲမှာလည်း ဘာမီးမှထွန်းမထားဘူး။
ဒေါက်... ဒေါက်...
“ခြေသံလား။” မက်ဒါနာက အသံကြားရာကိုကြည့်လိုက်တယ်။ အဲဒါက အပေါ်ထပ်လှေကားကနေလာတာ။ ခြေသံနဲ့အတူ အလင်းရောင်ပါလာတယ်။ ပြီးတော့ အလင်းရောင်နဲ့အတူ မီးအိမ်ကိုင်ထားတဲ့ လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရပါလေရော။
“အား..... သူခိုး... သူခိုး....” ကောင်လေးက အရင်ထအော်တယ်။
“ငါ သူခိုးမဟုတ်ဘူးဟဲ့။” မက်ဒါနာကလည်း ဒီလိုပြောလိုက်ပြီး ကောင်လေးကို ဖမ်းဆွဲပါးစပ်ကို လက်နဲ့အုပ်ထားလိုက်ရော။ တော်ကြာ သူခိုးဝင်တယ်ထင်ပြီး ရပ်ကွက်က ရဲကိုအကြောင်းကြားရင် သူဒုက္ခရောက်ပြီ။ မဟာမိတ်က သူဒီကိုရောက်နေမှန်း ချက်ချင်းသိသွားမှာ။
...
အခုတော့ စံအိမ်ထဲက မီးတွေအကုန်လုံးကို ဖွင့်ထားပြီးပြီ။ ကောင်စုတ်လေးလည်း တည်ငြိမ်သွားပြီဖြစ်သလို မက်ဒါနာကလည်း အိမ်စေတစ်ယောက် လုပ်သင့်တဲ့အရာတစ်ခုကို လုပ်ပြီးနေပြီ။
“သောက်ပါ၊ သခင်လေး။” မက်ဒါနာက စံပယ်ပန်းလက်ဖက်ခြောက်ခပ်ထားတဲ့ လက်ဖက်ရည်ကို ကောင်လေးအတွက် ကမ်းပေးလိုက်တယ်။
စိတ်ချလက်ချဖြစ်သွားတဲ့ ကောင်လေးကလည်း သက်ပြင်းချလိုက်လေရဲ့။ “ကျွန်တော့်မှာ အိမ်ထဲ သူခိုးဝင်တာလားလို့ လန့်လိုက်တာကို။ လက်စသတ်တော့ ညဘက်ကြီးအလုပ်လာလျှောက်တာကိုး။”
“အရေးပေါ်ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်သခင်လေး။”
“အနည်းဆုံးတော့ ဖုန်းလေးဘာလေး ကြိုဆက်ပါလားဗျ။”
ကောင်စုတ်လေးက မက်ဒါနာကို မျက်စောင်းထိုးပြီးပြောလိုက်တယ်။ မက်ဒါနာကလည်း အခက်တွေ့စွာနဲ့ ပြုံးလိုက်ပြီး သူ့ကိုယ်သူမိတ်ဆက်ပေးလိုက်တယ်။
“ကျွန်မနာမည်က အိန်ဂျယ်လီကာပါ။ အိန်ဂျယ်လို့ပဲခေါ်ပါ။ အလုပ်သင်အိမ်စေတစ်ယောက်ဖြစ်ပြီး အခုလောလောဆယ် နေစရာမရှိပါဘူး။”
မက်ဒါနာက ခပ်တည်တည်နဲ့ သူ့ကိုယ်သူနာမည်တုတစ်ခုပေးလိုက်တာ။ ကောင်စုတ်လေးက အဲဒါနဲ့ပတ်သက်ပြီးတော့ သံသယဝင်ပုံမပေါ်တာကတော့ အံ့ဩစရာပဲ။
“ကျွန်တော့်နာမည်က ရေမွန်... ရေမွန် ဂလော်ရီးယားပါ။ ဒီနှစ်ထဲမှာ ၁၆ နှစ်ပြည့်ပြီးပြီဖြစ်ပြီး အထက်တန်းကျောင်း ဒုတိယနှစ်ပါ။ ဂလော်ရီးယားမိသားစုက ဒီမြို့မှာတင်မကဘဲ ဒီနယ်မှာပါ အချမ်းသာဆုံးစာရင်းဝင်ပါတယ်။”
“ဒါဆိုရင် သခင်လေး ရေမွန်က ဘာလို့တစ်ယောက်တည်း နေနေတာလဲ။”
မက်ဒါနာက မေးလိုက်တော့ ရေမွန်ရဲ့မျက်နှာမှာ စိတ်ဓာတ်ကျနေတဲ့ အမူအရာပေါ်လာပြီး သူက နံရံမှာကပ်ထားတဲ့ သူ့အဖေနဲ့အမေရဲ့ပုံကို ကြည့်လိုက်တယ်။
“မရှိတော့ဘူး... သူတို့က ကျွန်တော့်ကို ဒီလောကကြီးမှာ တစ်ယောက်တည်းချန်ထားရစ်ခဲ့ပြီ။ သူတို့ကို ကျွန်တော်မုန်းတယ်။”
ရေမွန်က သူ့အကြောင်းတချို့ကို ဆက်ပြောပြပါတယ်။ သူတို့မိသားစုသုံးယောက်လုံး ဒူဘိုင်းကို အပျော်ခရီးထွက်ကြရင်းကနေ လေယာဥ်ပျက်ကျခဲ့တဲ့အကြောင်းနဲ့ သူတစ်ယောက်တည်း အသက်ရှင်ခဲ့တဲ့အကြောင်းတွေပေါ့။
“အဲဒီတုန်းက အသက်ကယ်အင်္ကျီတစ်စုံကိုပဲ ကျုပ်တို့ရှာတွေ့ခဲ့တာ။ ပင်လယ်အကျယ်ကြီးထဲ အဲဒါမပါဘဲ ဘယ်သူမှအသက်မရှင်နိုင်ဘူး။ သူတို့က ကျုပ်ကိုကယ်ဖို့ လုပ်ပေးခဲ့တာဆိုပေမဲ့ ကျုပ်မုန်းတယ်။”
သူ့မိဘတွေက သူ့ကိုယ်အသက်ကယ်အင်္ကျီဝတ်ပေးခဲ့တယ်။ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကတော့ ပင်လယ်ထဲမှာ လက်ပန်းကျပြီးတော့ သေဆုံးသွားခဲ့တယ်။ အခုတော့ ဂလော်ရီးယားမိသားစုမှာ ကျန်ခဲ့တဲ့သူဆိုလို့ ရေမွန်တစ်ယောက်ပါပဲ။
အဲဒီနောက် ဆက်ဖြစ်တာတွေကတော့ ရေမွန်လိုလူငယ်လေးတစ်ယောက်အတွက် မကိုင်တွယ်နိုင်လောက်အောင် ခက်ခဲခဲ့တယ်။ အစေခံတချို့က စံအိမ်က အပိုင်ပစ္စည်းတွေကို ခိုးရောင်းခဲ့တယ်။ ဝါရင့်ဘဏ္ဍာစိုးပါဆိုတဲ့လာကလည်း ကုန်ကျငွေစာရင်းတွေကို လိမ်လည်တင်ပြပြီး လှည့်စားခဲ့တယ်လေ။ ဒါပေါ့၊ ဒေါ်လာသန်းဆယ်ချီချမ်းသာတဲ့ ကောင်လေးတစ်ယောက်အပေါ်ကိုမှ မကောင်းတဲ့အတွေးမဝင်ကြရင် ထူးဆန်းနေမှာပဲ။ ဒီလိုနဲ့ သူတို့တွေက ရေမွန်ကို ကလေးပါဆိုပြီးလှည့်စားလို့ရမယ်ထင်ခဲ့ပေမဲ့ ရေမွန်က အကုန်နားလည်နေနှင့်ပြီ။
"ခင်ဗျားတို့အားလုံးထွက်သွားကြ...." သည်းမခံနိုင်တဲ့ တစ်နေ့မှာတော့ သူဒီလိုပြောခဲ့တယ်။ ရေမွန်က သူချစ်ရတဲ့ သူယုံကြည်ခဲ့ရတဲ့ အစေခံတိုင်းကို အဲဒီနေ့မှာ မောင်းထုတ်ခဲ့တယ်။ အဲဒီအချိန်ကနေစပြီး သူဟာ တစ်ယောက်တည်းဖြစ်သွားခဲ့တယ်။ သူဟာ ဒီစံအိမ်ကို မထိန်းသိမ်းနိုင်တော့ဘူး။ နောက်ဆုံးမှာတော့ ဘယ်လိုမှမတတ်နိုင်ဘဲ အစေခံတစ်ယောက် ငှားဖို့ဖြစ်လာခဲ့တာ။
မက်ဒါနာက ပြုံးလိုက်မိတယ်။ 'ဒီကလေးက တကယ့်ကို အကူအညီလိုအပ်နေတာပဲ။ ငါ့မှာရှိတာက တစ်နှစ်ဆိုပေမဲ့ သူကောင်းကောင်းအရွယ်ရောက်လာမှာပါ။’
“ခင်ဗျား ဘာရယ်တာလဲ။ တစ်ခုခုမကောင်းကြံမလို့လား။”
“မဟုတ်ပါဘူး၊ ကျွန်မက သခင်လေးက ချစ်ဖို့ကောင်းပြီး ရိုးရှင်းတယ်လို့ တွေးမိလိုက်ရုံတင်ပါ။”