အခန်း (၅)
Vol. 1 Ch. 5
ဖှေးသည် လျင်မြန်စွာပဲ နေသားတကျဖြစ်လာသည်။ယခင်က သွေးထက်သံယိုမှုများမြင်တိုင်း မူးမိုက်ပျို့အန်တက်သော်လဲ ယခုအချိန်တွင် မတုန်လှုပ်တော့ပဲ သွေးအေးအေးပင်။ဖှေး၏ခန္ဓာကိုယ်ပေါ်မှ ပူလောင်နေသော မကောင်းဆိုးဝါးသွေးများသည် သူ့ကို ငရဲကျနေသလိုပင် ခံစားရစေခဲ့သည်။သို့သော်နာရီအနည်းငယ်ကြာသော် ဖှေးနေသားကျလာသည်။
သွေးအေးလူသတ်သမားတစ်ဦး အတိုင်းပင်ဖြစ်လာ၏။
ထိုဂိမ်း၏အဓိကရည်ရွယ်ချက်မှာ သက်ဖြတ်ခြင်းပင်ဖြစ်သည်။
အရာအားလုံးမှာ စစ်မှန်ပီပြင်နေသည်။
သူ၏ကြွက်သားများပင် နာကျင်ကိုက်ခဲလာပြီ ဖြစ်၏။
အကယ်၍သူသေသွားခဲ့လျှင်လည်း ဂိမ်းထဲမှအတိုင်းပင် ပြန်ရှင်သန်လာနိုင်လားဆိုတာကိုတော့ ဖှေးမသေချာ။ သို့သော် သူစမ်းသပ်မကြည့်ရဲပေ။အန္တရာယ်များလှသည်။
၃နာရီခန့် သတ်ဖြတ်ပြီးသော် သူ၏မူရင်းဂိမ်းကစားရာမှ ရရှိခဲ့သော ဗဟုသုတများသည် ဒီကမ္ဘာတွင် သိပ်အသုံးမဝင်ကြောင်း ဖှေး သတိထားမိလာသည်။သည်ကမ္ဘာ၏ အခြေအနေအရပ်ရပ်တို့ကို သိရှိနိုင်ရန်လဲ ဖှေးအစွမ်းကုန်ကြိုးစားနေ၏။
ဒီရက်စက်ကြမ်းကြုတ်ပြီး သွေးလွှမ်းနေသည့် ကမ္ဘာတွင် [ခွန်အား] နှင့် [ရှင်သန်နိုင်စွမ်း]သည် “လူရိုင်း” ဇာတ်ကောင်အတွက် အရေးကြီးဆုံးသော ဂုဏ်သတ္တိများဖြစ်၏။ [ခွန်အား]သည် သင်၏တိုက်ခိုက်မှုများကို ပိုမိုထိရောက်စေပြီး [ရှင်သန်နိုင်စွမ်း]များများရှိမှ တိုက်ပွဲတွင် ကောင်းကောင်းအကြမ်းခံ အနာခံနိုင်မည်ဖြစ်သည်။ သွေးဆာနေသော မကောင်းဆိုးဝါးများထံမှ ထွက်ပြေးရသည့်အခါတွင်လည်း သက်လုံကောင်းကောင်းပေးသည်။
သူ၏ ကျွမ်းကျင်မှုဆိုင်ရာ အမှတ်များကို [လက်နက်ဆိုင်ရာ ကျွမ်းကျင်မှု] နှင့် [ဟိန်းဟောက်ခြင်း]တို့တွင် အသုံးချရသည့် အကြောင်းအရင်းမှာ--- ဖှေးသည် လက်နက်များကို မည်ကဲ့သို့ စနစ်တကျ ကိုင်တွယ်အသုံးပြုရမည်ဆိုတာကို မသိချေ။သူသည် သာမာန်ကျောင်းသားတစ်ယောက်သာ ဖြစ်သည်။ထို့ကြောင့် [လက်နက်ဆိုင်ရာ ကျွမ်းကျင်မှု]သည် သူ့အား သူ၏ပုဆိန်ကို ပိုမိုထိထိရောက်ရောက်အသုံးပြုနိုင်ရန် အထောက်ကူပြုပေလိမ့်မည်။ သားရဲတိရိစ္ဆာန်များ အဝိုင်းခံရသည့်အခါ [ဟိန်းဟောက်ခြင်း]ကို အသုံးပြုကာ ခြောက်လှန့်မောင်းထုတ်နိုင်ပေမည်။
မကောင်းဆိုးဝါးများ၏ အန္တရာယ်သည် သေစေနိုင်သောကြောင့် ဖှေးသည် တိုက်ခိုက်ရေးထက် ကာကွယ်ရေးကိုသာ ဦးစားပေးဖြစ်၏။
အမှတ်များအားလုံးကို သုံးပြီးနောက် ဖှေးသည် [ဇာတ်ကောင် အချက်လက်] စာမျက်နှာကို ဖွင့်လိုက်၏။
ကစားသူ အမည် : ဖှေး
ဇာတ်ကောင် အမျိုးစား : လူရိုင်း
အဆင့် : 5
အတွေ့ကြုံ : 14949/22680
ခွန်အား : 45 ကျွမ်းကျင်လိမ္မာမှု : 20
ဉာဏ်ရည် : 11 ရှင်သန်နိုင်စွမ်း : 30
ထိခိုက်စေနိုင်မှု : 10-27 တိကျမှု : 102
အကာအကွယ် : 31 သက်လုံ : 107
သွေးပမာဏ : 105 ကြွယ်ဝမှု : 16
အပူဒဏ်ခံနိုင်စွမ်း : 0 အအေးဒဏ်ခံနိုင်စွမ်း : 0
လျှပ်စီးဒဏ်ခံနိုင်စွမ်း : 5 အဆိပ်ခံနိုင်ရည် : 0
ဖှေးအစပြုစဥ်က အချက်လက်များထက် သိသာစွာ သာလွန်နေသည်မှာ အထင်ရှားပင်။
ထိုတိုးတက်မှုများသည် အဆင့်မြင့်တင်မှု တစ်မျိုးထဲမှ လာသည်မဟုတ်။ဖှေးတွင် အထူးပစ္စည်းတချို့လဲရှိလေသည်။
မကောင်းဆိုးဝါးများကို သတ်ဖြတ်ရာမှ ချပ်ဝတ်များနှင့် လက်နက်တချို့ကိုပါရရှိရာ ထိုအရာများကို ဖှေးတပ်ဆင်ပြီးဖြစ်သည်။[တန်ဂျာရင်း၏ ခေါင်းဆောင်း]ဆိုသော ပစ္စည်းကိုတပ်ဆင်ခြင်းဖြင့် သူ့အား ဉာဏ်ရည်: +1 လျှပ်စီးဒဏ် ခံနိုင်အား: +5%စသော ဂုဏ်သတ္တိတို့ကို ရရှိခဲ့၏။
[ဇာတ်ကောင် အချက်လက်များ] ကိုကြည့်ပြီးနောက် ဖှေးသည် [ပစ္စည်းများ အကန့်]ကို ဖွင့်လိုက်၏။
ဤကမ္ဘာတွင် ဖှေး၏ပစ္စည်းများ ထားရှိရာနေရာမှာ သူ၏လက်ညိုးပေါ်တွင်ဝတ်ထားသော လက်စွပ်တွင်ဖြစ်သည်။ထိုအရာတွင် အကန့် ၄၀ရှိသည်။ အကန့်တစ်ခုစီတိုင်းတွင် [သွေးပုလင်း အသေးစား] သကဲ့သို့ ပစ္စည်းတစ်ခုစီသိုလောင်နိုင်သည်။သို့သော် ပို၍ကြီးမားသော ပစ္စည်းများဖြစ်သည့် ပုဆိန်၊ ဓားစသော အရာများအား သိုလှောင်ရန် ပစ္စည်းအရွယ်စားပေါ်မူတည်၍ ၄ကန့်မှ ၈ကန့်ထိ အသုံးပြုရလေသည်။
ဖှေးတွင် ပစ္စည်းထားရှိရာ အကန့်များအကုန်အသုံးပြုပြီးဖြစ်၏။
သူသည် ဘာဆက်လုပ်သင့်ကြောင်း တွေးကာ [သူပုန် စခန်း]သို့ပြန်သွားရန် ဆုံးဖြတ်လိုက်သည်။သူသည် သည်ကမ္ဘာပေါ်တွင် စပေါ်သည့်အချိန်က ရရှိခဲ့သည့် [မြို့ကူးပြောင်း မှော်စာလိပ်]အား အသုံးပြုလေသည်။
“ဒွီ..... ဒွီ......”
ဆူညံသံ တစ်ချို့နှင့်အတူ ၃ပေမြင့်ပြီး အပြာရောင်အလင်းတန်းနှင့် ဘဲဥပုံပေါ်တယ်တစ်ခု သူ့ရှေ့တွင်ပေါ်ပေါက်လာလေသည်။ဖှေး အနည်းငယ်တွံ့ဆုတ်ပြီး ထိုအထဲသို့ဝင်သွားတော့သည်။
ဖှေး မျှော်လင့်ထားသည့်အတိုင်းပင် အပေါက်၏ တခြားတစ်ဖက်သို့ ရောက်သောအခါ [သူပုန် စခန်း]ဖြစ်သည်ကို တွေ့ရ၏။
သူရုတ်တရက် အန်ချင်သလိုခံစားလိုက်ရ၏။အလွန်လျင်မြန်စွာသွားနေသည့် ရိုလာကိုစတာပေါ်မှ ဆင်းလာသည့်အခါ ခံစားရသကဲ့သို့ပင်။
ခနတာ ထိုင်ချအနားယူပြီးနောက်တွင် ဖှေးသည် အာကာရာအားတွေ့ရန်သွားတော့၏။
ထို အဆင့်မြင့် သူတော်စင်သည် အလုပ်ပေးရုံတင်မက ကုန်သည်တစ်ဦးလဲ ဖြစ်သေးသည်။
ဆေးပုလင်းများ မှော်စာလိပ်များ သော့များကို ရောင်းချ၏။ဖှေးသည် သူ၏ပထမဆုံးအလုပ်ဖြစ်သော “နတ်ဆိုး၏ သားရဲတွင်း”ကို ချောချောမွေ့မွေ့ပြီးမြောက်လိုသည်။ မိစ္ဆာ ဂူထဲတွင် မကောင်းဆိုးဝါးများ ဝိုင်းသတ်၍ သေမည်ကိုမလိုလားချေ။သူမှတ်မိသလောက်ဆိုပါက ထိုဂူထဲတွင် [မီးအလောင်း] ဟုခေါ်သော ဖုတ်ကောင်ခေါင်းဆောင်တစ်ဦး ရှိလေသည်။
မည်သည့်အကြောင်းကြောင့် ဤကမ္ဘာအတွင်း သူရောက်လာသည်ဆိုတာကို သိရှိရန်ရေးကြီးသော်လဲ မသိရှိခင်အထိ အသက်ရှင်နိုင်အောင်နေထိုင်ရန်လဲ လိုအပ်ပေသည်။
ဖှေး သူမလိုအပ်သည့် မကောင်းဆိုးဝါးများထံမှရရှိခဲ့သော ပစ္စည်းများဖြစ်သည့် လက်အိပ်များ ကျိုးပဲ့နေသာ မှော်တုတ်တံနှင့် လှံတံများကို ရောင်းချလိုက်ရာ ရွှေ ၈၀၀ ခန့်ရရှိလိုက်သည်။မကောင်းဆိုးဝါးများ သတ်ဖြတ်ချင်းကြောင့်တိုက်ရိုက်ရရှ်ိသော ရွှေများပါပေါင်းလျှင် သူ့ထဲတွင် ရွှေ ၁၄၀၀ခန့်ရှိလေသည်။
ရရှိလာသောငွေကြေးကို ကောင်းကောင်းအသုံးချကာ အာကာရာထံမှ ပစ္စည်းတချို့ဝယ်လိုက်သည်။
ထိခိုက်စေနိုင်မှု အဆင့် 6-15ရှိသော အသွားနှစ်ဖက်ပါ ပုဆိန်နှင့် ခုခံနိုင်မှုအဆင့် 13ရှ်ိသော လယ်သာ ချပ်ဝတ် တို့ကိုတပ်ဆင်လိုက်သည်။[သွေးပုလင်း အသေးစား] တော်တော်များများ၊ [မြို့ကူးပြောင်း မှော်စာလိပ်] ၄ခုနှင့် မကောင်းဆိုးဝါးများထံမှ ရရှိလာသော ပစ္စည်းများကို စစ်ဆေးရန် [စစ်ဆေးခြင်း မှော်စာလိပ်] တို့ကို ဝယ်ယူခဲ့သည်။
ဖှေးသည် လက်နက်အသစ်နှင့် ချပ်ဝတ်အသစ်တို့ကြောင့် ခွန်အားနှင့် ပါဝါများတိုးတတ်လာသည်ကို စိတ်ကျေနပ်ဖွယ် ခံစားလိုက်ရ၏။သူမကြာသေးခင်က ဖန်တီးခဲ့သော အပေါက်ထံ ယုံကြည်ချက်ရှိရှိပြန်လာခဲ့သည်။
“ဒွီ...... ဒွီ......”
အန္တရာယ်များတဲ့ [သွေးမြေရိုင်းလွင်ပြင်]သို့ ပြန်ရောက်ပြီးနောက် မြေပုံကြည့်ကာ မိစ္ဆာဂူထဲတွင် ခရီးနှင်လေသည်။ဂူထဲရှိအခြေနေအရပ်ရပ်ကို လေ့လာပြီးနောက် သေချာဆောင်ရွက်ခဲ့သည့် မိမိကိုယ်ကို ဖှေး ကျေးဇူးတင်မိ၏။
ဤကမ္ဘာတွင် ဂူထဲတွင်နေတိုင်သော မကောင်းဆိုးဝါးများသည် မြေပြန့်ရှိ မကောင်းဆိုးဝါးများထက် ပို၍ရက်စက်ကြမ်းကြုတ်ကာ ရန်လိုကြသည်။ [ကြွက် မကောင်းဆိုးဝါး]၊ [ဖုတ်ကောင်]၊ [ဗန်ပိုင်းယား] စသည့် မြေပြန့်တွင် တွေ့နေကြ မကောင်းဆိုးဝါးများသာမကပဲ မျောက်ဝံနှင့်တူသော [ဂါဂန်တူ တောကောင်ကြီး] ပါရှိလေသည်။ ထိုအကောင်၏တိုက်ခိုက်မှုများမှာ ပြင်းထန်ပြီး ခုခံကာကွယ်မှုအတွက် မာကြောသော အရေပြားရှိသည်။
ဖှေးသည် သားရဲတွင်း ရှင်းလင်းရေးတာဝန်ကို စတင်လေသည်။
သူသည် ယခုအချိန်တွင် အဆင့်၅သို့ရောက်ရှိနေပြီး ဖြစ်သောကြောင့် ပုံမှန်မကောင်းဆိုးဝါးများကို တိုက်ခိုက်ခြင်းမှာ စာမဖွဲ့သာပေ။
သွေးများ နေရာအနံ့တွေပေကြံနေပြီး မကောင်ဆိုးဝါးများသည် နာကျင်စွာအော်ဟစ်နေလေပြီး ဖှေးသည် ရှေ့ကို ဆက်လက်တိုက်ခိုက်ဖောက်ထွင်းသွားသည်။
သွေးများပေကြံနေပြီး သူ့လမ်းတွင်ရှိသော မကောင်းဆိုးဝါးများကို နှိမ်နင်းနေသောဖှေးမှာ သေမင်းကဲ့သို့ပင် ထင်မှတ်ရ၏။သူ၏ အသွားနှစ်ဖက်ပါ ပုဆိန်သည် မကောင်းဆိုးဝါးများအား ထောပတ်ကဲ့သို့ပင် တိနေအောင်ပိုင်းဖြတ်နိုင်သည်။မကောင်းဆိုးဝါးများ အုပ်စုလိုက်စုဝေးနေသောအခါမျိုးတွင် သူသည် ၄င်းတို့၏အလယ်သို့ပြေးဝင်ကာ [ဟိန်းဟောက်ခြင်း]ကို အသုံးပြုပြီး ခြောက်လှန့်၍ တစ်ကွဲတစ်ပြားစီဖြစ်သွားသောအခါ တစ်ကောင်ခြင်းလိုက်လံ သတ်ဖြတ်မည်ဖြစ်သည်။
လူသေကောင်အလောင်း တစ်ချို့ကိုလဲ သားရဲတွင်းထဲတွင်တွေ့ရသည်။
တစ်ချို့သည် ကြမ်းပြင်ပေါ်မှာ ဖြစ်ပြီး တစ်ချို့ကို ကြိုးဖြင့်ဆွဲထားလေသည်။ပုတ်ပွရိရွဲနေသဖြင့် အူများထွက်ကျနေပြီး မျက်လုံးများပင်မရှိတော့ချေ။မုဒိန်းကျင့်၍ သတ်ဖြတ်ခံရသော အမျိုးသမီးအလောင်း တစ်ချို့ကိုပင်တွေ့ရ၏။ထိုမြင်ကွင်းများသည် သာမန်လူတစ်ယောက်အတွက် သွေးပြတ်ဖွယ်ပင်။
ဖှေးစိတ်ထဲတွင် ဒေါသများ ဖုံးလွှမ်းနေ၏။
မူရင်းဂိမ်းထဲတွင်လည်း ထိုကဲ့သို့မြင်ကွင်းမျိုးပါရှိသည်ကို ဖှေးသိသော်လည်း လူသားတစ်ယောက်အနေဖြင့် သေဆုံးသူများအတွက် ဒေါသမဖြစ်ပဲ မနေနိုင်ချေ။ထိုကဲ့သို့ ရင်ထဲတွင် လောင်မြိုက်နေသော ဒေါသများဖြင့် ဖှေးသည် ရူးသွက်နေသူတစ်ယောက်တစ်ကဲ့သို့ မကောင်းဆိုးဝါးများအား ဆက်လက်ချေမှုန်းလေသည်။
အချိန်ဘယ်လောက်ကြာသွားသည်မသိ။ ဖှေးရှေ့တွင်ရှိသော နောက်ဆုံးကျန်ရှိသည့် မကောင်းဆိုးဝါး နာကျင်စွာအော်ဟစ်ပြီး သေဆုံးသွားလေသည်။ထို့နောက်တွင် ရွှေရောင်အလင်းတန်းများ ကောင်းကင်ပေါ်မှ ကျဆင်းလာကာ သားရဲတွင်းတစ်ခုလုံး လင်းထိန်သွားလေ၏။
ထို့နောက်တွင် ရင်းနှီးပြီးသား အသံတစ်ခုကို ဖှေးစိတ်ထဲတွင် ကြားရ၏။
“ဂုဏ်ယူပါတယ် ကစားသူဖှေး သင်ဟာ သူတော်စဥ်အာကာရာ၏အလုပ်ကို ပြီးမြောက်ကာ ဒီဒိုင်ယာဘလို ကမ္ဘာ၏ ပထမဦးဆုံး စမ်းသက်မှုကို အောင်မြင်သွားပါပြီ။ယခု သင် သူပုန် စခန်းသို့ပြန်ပြီး အာကာယာထံမှ ဆုလာဘ်များထုတ်ယူပါတော့...”
ထိုအသံကြောင့် ဖှေးပုံမှန်ပြန်ဖြစ်သွားသည်။
သူအသက်ပြင်းထန်စွာရှူပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။သားရဲတွင်းထဲတွင်ရှိသော မကောင်းဆိုးဝါးအားလုံး သူ၏လက်ချက်ဖြင့် သေဆုံးနေသည်ကို အံ့သြဖွယ်တွေ့ရှိရသည်။ရွှေဒင်္ဂါးနှင့် ပစ္စည်းများစွာသူ့ဘေးတွင် ပတ်ပတ်လည်ဝိုင်းနေသည်။
“ငါ စိတ်လွတ်သွားတာထင်တယ်”
ဖှေး တွေးလိုက်သည်။ဂိမ်းကမ္ဘာထဲတွင် သူတွေ့လိုက်ရသောမြင်ကွင်းကြောင့် သူစိတ်လွတ်ကိုယ်လွတ်ဒေါသဖြစ်သွားသည်ကို မယုံနိုင်သေးပေ။သို့သော် ထိုအရာသည် သူ့အပြစ်မဟုတ် လူတိုင်း ထိုကဲ့သို့ပင် ခံစားရမည်ဖြစ်သည်။
သူထိုနေရာ၌ပင် အတန်ကြာအောင် မလှုပ်မယှက် ရပ်တန်ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာကို စတင်ရှင်းလင်းတော့သည်။
[ပစ္စည်းများ အကန့်] တွင် နေရာမယူသော ရွှေဒင်္ဂါးပြားများကို စတင်ကောက်ယူ သိမ်းဆည်းသည်။ထို့နောက်တွင် ခေါင်းဆောင်ကြီး [မီးအလောင်း] စီမှရရှိသော တန်ဖိုးရှိပစ္စည်းများကို ကောက်ယူသည်။နူးညံ့သော အပြာရောင်အလင်းရောင်များ တောက်ပနေသော ပစ္စည်းနှစ်ခုကို ဖှေးစိတ်ဝင်စားသွားသည်။
သို့သော်....
“သေစမ်း... [အကြောက်တရား မှော်ကျိမ်လုံး] နဲ့ [လှံတံ] တွေလား လူရိုင်းဇာတ်ကောင် အတွက်ပစ္စည်းတစ်ခုမှ မပါပါ့လား....”
ထိုအရာဝထ္တုနှစ်ခုကို တွေ့ရှိပြီးသောအခါ ဖှေးလွန်စွာ စိတ်ပျက်သွားသည်။ပူလောင်သော သဲကန္တာရအလယ်တွင် ရေကန်တစ်ခုအား အမှတ်မထင်တွေ့ရှိခဲ့ပြီးမှ အနားကပ်သွားချိန်တွင် တံလျက်ဖြစ်ကြောင်း သိလိုက်ရသကဲ့သို့ပင်။
“ငါတော်တော် ကံဆိုးပါလား..”
ဖှေးဘာမှမတက်နိုင်ချေ။ထို့ကြောင့် ထိုပစ္စည်းနှစ်ခုကိုသာ အာကာရာထံတွင် စျေးကောင်းကောင်းနှင့်ရောင်းမည်ဟု ဆုံးဖြတ်ကာ ကောက်ယူလိုက်သည်။
ရရှိသောပစ္စည်းအားလုံးကို သိမ်းဆည်းပြီးသောအခါ [မြို့ပြောင်း စာလိပ်]အားထုတ်ယူလိုက်သည်။
[သူပုန် စခန်း] သို့ပြန်ကာ အာကာရာ ထံမှ ဆုလာဘ်များထုတ်ယူရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။သူမကို သူဘာကြောင့် ဂိမ်းကမ္ဘာထဲသို့ရောက်ရှိခဲ့ကြောင်းကိုမေးရန်လဲ ရှိသေး၏။
ထိုအဖြေကို သိလိုနေသည်မှာ အတော်ကြာပြီဖြစ်သည်။
“သတိ။ သင်ဟာ ယနေ့အတွက် အများဆုံးဂိမ်းကစားနိုင်သော အချိန်သို့ရောက်ရှိသွားပါပြီ။ထွက်ခွာရန် 3.....2......1.....။ ထွက်ခွာနေပါပြီ.....”