ဘုံခုနစ်ဆင့်နတ်ဆေးလုံးကမ္ဘာမှထူးခြားဖြစ်စဉ်နောက်ဆက်တွဲ
Vol. 89 Ch. 1245
အခန်း (၁၂၄၅) ဘုံခုနစ်ဆင့်နတ်ဆေးလုံးကမ္ဘာမှထူးခြားဖြစ်စဉ်နောက်ဆက်တွဲ
ရန်ကျောက်ကဲစကားကိုကြားတော့ နျဲ့ကျင်းရှန်က မျက်မှောင်ကျုံ့ရင်း...
“အဂ္ဂိရတ်ခန်းမမှာ ထူးဆန်းတာတစ်ခုခုများ ရှိလို့လား”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“အသေးစိတ်တော့မသိပေမယ့် အဲဒီနေရာနဲ့ပတ်သက်ပြီး ပြဿနာရှိနေတယ်ဆိုတာ သေချာတယ်”
သူက စကားပြောရင်း ယွီယဲ့ကို လှမ်းကြည့်လိုက်သည်။
အစိမ်းရောင်ဝတ်မိန်းကလေးသည်လည်း စိတ်ရှုပ်ထွေးနေဟန် ရှိသည်။
သူမက ရန်တိတို့အုပ်စုနှင့်လိုက်ပါလာသည့် ဤဂိုဏ်းတူအစ်မကို သတိထားအကဲခတ်နေခဲ့သည်။
ဗလာနယ်ကိုဖြတ်ကျော်လျှောက်လှမ်းလာချိန်တွင် သူမ၏မျက်ဝန်းများက ဆုံချက်ကင်းမဲ့နေသည်ဟု ထင်မှတ်ရသည်။ သူမကိုကြည့်ရသည်မှာ နေ့ခင်းဘက် အိပ်မက်မက်နေသူတစ်ယောက်ပမာ လက်ရှိဘဝနှင့် ကင်းကွာလျှက် ရှိသည်။
သူမက မိုးနှင့်မြေ၏ အကျိုးအကြောင်း သဘောတရားများထဲတွင် အတွေးနက်နဲနေဟန်ရှိပြီး သူမရှေ့မှ အရာအားလုံးကို လျစ်လျူရှုထားဟန်ပင်။
ယွမ်စီ အခိုးအငွေ့ဟင်းလင်းပြင်ကို သူမ၏ စိတ်ဝင်စားမှုက အဂ္ဂိရတ်ခန်းမကို စိတ်ဝင်စားခြင်းထက် မလျော့ပေ။
ရန်ကျောက်ကဲနှင့်မတွေ့ဆုံခင် ယိုးမင်ဂမ္ဘီရစက်ဝန်း ကာကွယ်ပေးထားသည့် ဧရိယာထဲ ဝင်ရောက်လာချိန်တွင် သူမက သတိပြန်ဝင်လာဟန်ဖြင့် ယဉ်ကျေးစွာပင် ရန်ကျောက်ကဲအား နှုတ်ဆက်စကားဆိုခဲ့သည်။
သူမက ယဉ်ကျေးမှု မသိသူတစ်ယောက် မဟုတ်ပေ။
သို့သော် ကျန်အချိန်များတွင်တော့ သူမက မည်သူနှင့်မှ မပတ်သက်ဘဲ အမြဲတမ်း နေ့ခင်းဘက် အိပ်မက်မက်နေသူပမာ အတွေးထဲ လွင့်မျောသွားဟန် ရှိနေတတ်သည်။
ရန်ကျောက်ကဲကို နှုတ်ဆက်စကားဆိုပြီးနောက် ရန်ကျောက်ကဲနှင့် ရန်တိစကားပြောနေချိန်တွင် သူမက နောက်သို့အသာဖုတ်သွားပြီး မျက်ဝန်းများက အိပ်မက်ဆန်စွာ လွင့်မျောသွားပြန်သည်။ ထိုမျက်ဝန်းများက ဆုံချက်ကင်းမဲ့ပြီး ဗလာနယ်ထဲသို့ ကြည့်နေသည့်ပမာ ထင်မှတ်ရ၏။
သို့သော် သူမထံမှထွက်ပေါ်နေသည့် ဓားဝိညာဉ်စွမ်းအားများက အခြားသူများကို ကျောရိုးထဲစိမ့်သွားစေသည်အထိဖြစ်ပြီး အချိန်မရွေး ဓားအိမ်အတွင်းမှ ဓားသွားထွက်ပေါ်လာတော့မည့်အလား ဖြစ်သည်။
ထိုသို့သော အရှိန်အဝါသာမရှိလျှင် သူမ အချိန်မရွေး ရန်သူ့လက်ထဲကျသွားနိုင်သည်ဟု အခြားသူများက စိတ်ပူစရာပင် ဖြစ်၏။
ရန်ကျောက်ကဲ သူမကိုလှမ်းကြည့်နေကြောင်း အာရုံခံမိသည့်အခါ ယွီယဲ့၏မျက်ဝန်းများက ချက်ချင်းပင် ပြန်လည် အာရုံစူးစိုက်လာသည်။
အခြားသူများ စကားပြောဆိုဆွေးနွေးနေကြချိန် သူမက တာအိုတရားနားလည်မှုနှင့်ပတ်သက်ပြီး အတွေးနက်နဲနေသဖြင့် သူတို့၏စကားများကို စိတ်ဝင်စားချိန် မရှိခဲ့ပေ။ သို့သော် သူမက သူတို့ပြောနေသည့်စကားများကို ကြားတော့ကြားနေခဲ့သည်။
ထို့ကြောင့် သူမ သတိပြန်ဝင်လာသည်နှင့် ချက်ချင်းပင် စကားဝင်ပြောလိုက်သည်။
ယွီယဲ့က ခေါင်းညိတ်ရင်း...
“ဆရာဦးလေး’ထန်’ တို့အုပ်စု ၊ ပြီးတော့ ထိုက်ချင်အဆက်အနွယ်က လူ (၃)ယောက်ရော အဂ္ဂိရတ်ခန်းမကြောင့် ပျောက်ဆုံးသွားတာ”
ရန်တိက ဖြည်းညင်းစွာခေါင်းညိတ်လိုက်ပြီး တည်ကြည်လေးနက်စွာဖြင့်...
“အဲဒီနေရာမှာ သံသယဝင်စရာတစ်ခုခုတော့ ရှိနေရမယ်”
ယွီယဲ့ပြောသည့်အတိုင်းပင် ရန်ကျောက်ကဲသည်လည်း အရင်ကပြောခဲ့ဖူးသည် မဟုတ်ပါလား။
ထိုစဉ်အချိန်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို ရရှိရန်အတွက် ရန်ကျောက်ကဲက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံမှ ကောင်းချင်တို့အုပ်စု ၊ မြောက်ဖေးတောင်ထွတ်မှ ဖုထင်တို့အုပ်စုနှင့် ယှဉ်ပြိုင်နေရချိန် ဖြစ်သည်။
အဖြစ်အပျက်များအားလုံးက ရုတ်တရက်ဆန်လှပြီး အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၆)ယောက် ပျောက်ဆုံးသွားကာ လျှို့ဝှက်ဆန်းကြယ်သော ယန္တရား၏အစွမ်းသတ္တိဖြင့် ဝါးမျိုခံလိုက်ရသည်။
ရန်ကျောက်ကဲ၏ ခန့်မှန်းချက်အရ ဤ လျှို့ဝှက်ဆန်းကြယ်သော ယန္တရား၏မူလအစမှာ အဂ္ဂိရတ်ခန်းမမှ ဖြစ်သည်။
အခြေအနေကို နားလည်သွားပြီးနောက် နျဲ့ကျင်းရှန်နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့၏ မျက်နှာအမူအရာများ တည်ကြည်လေးနက်သွားသည်။
“ငါတို့ထက်စောပြီးရောက်နေတဲ့သူတစ်ယောက်ယောက် ရှိနေတာလား ၊ ဒါမှမဟုတ် မဟာကပ်ဘေးကြီးမတိုင်ခင်က တန်ခိုးစွမ်းအားရှင်တစ်ယောက်က အဂ္ဂိရတ်ခန်းမကို သိမ်းပိုက်ပြီး မဟာကပ်ဘေးကြီးကလွတ်မြောက်ဖို့ အသုံးပြုခဲ့တာလားပဲ”
ရန်ကျောက်ကဲက...
“ကျွန်တော်လည်း သိပ်တော့မသေချာဘူး ၊ ပိုပြီးသတိထားဖို့တော့လိုတယ် ၊ အပြောင်းအလဲတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေရမယ်”
ခဏနားပြီးမှ သူကဆက်ပြောသည်။
“ကျွန်တော်ပြောနိုင်တာက... ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို့မှာ ဖြစ်လာတဲ့အပြောင်းအလဲတွေက တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိချထားတဲ့ ထောင်ချောက်တစ်ခုဖြစ်မယ်ထင်တယ်”
ထိုစကားကိုကြားတော့ လူတိုင်း၏မျက်လုံးများက ရန်ကျောက်ကဲထံသို့ ဦးတည်ကျရောက်လာသည်။ ယွီယဲ့သည်ပင် ခြွင်းချက်မရှိခဲ့ပေ။
ရန်ကျောက်ကဲက ယွီယဲ့ကိုလှမ်းကြည့်ပြီး ရှင်းပြလိုက်သည်။
“အဲဒါက... အရမ်းရှေးကျတဲ့အမဲလိုက်နည်းတစ်ခုလိုပဲ”
သူက ဆက်ပြီး တောင်းပန်စကားဆိုလိုက်သည်။
“ကျေးဇူးပြုပြီး ခွင့်လွှတ်စေချင်ပါတယ် ဂိုဏ်းတူအစ်မ’ယွီ’ ၊ ကျွန်တော်က ပျောက်ဆုံးသွားတဲ့ အကြီးအကဲတွေကို စော်ကားလိုစိတ်မရှိပါဘူး ၊ ဥပမာပြောပြတာပါ”
ယွီယဲ့က ခေါင်းခါယမ်းရင်း...
“ကိစ္စမရှိပါဘူး ၊ ကျွန်မ နားလည်ပါတယ်”
သူမက ခဏမျှ ခံစားချက်ကင်းမဲ့သည့်မျက်နှာအမူအရာဖြစ်သွားပြီးမှ ဖြည်းညင်းစွာဖြင့်...
“ရှောင်ချင်ပြောပြတဲ့ နောက်ဆက်တွဲအကြောင်းအရာတွေရယ် ၊ ဂိုဏ်းတူမောင်လေး’ရန်’ ခန့်မှန်းတာရယ် ဆက်စပ်တွေးကြည့်မယ်ဆိုရင် ရန်သူက ကျင့်ကြံခြင်းအဆင့် မြင့်မားတဲ့သူတစ်ယောက် ဖြစ်ရမယ်”
“အနည်းဆုံးတော့ သူက အမတကူးပြောင်းခြင်းအဆင့်လောက် ရှိနိုင်တယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...
“ကျွန်တော်လည်း အဲဒီလိုပဲ ခန့်မှန်းတယ် ၊ ဒါက တစ်ယောက်ယောက်က ထောင်ချောက်ဆင်တာပဲ ၊ အဂ္ဂိရတ်ခန်းမရဲ့ အရံအတားတစ်ခု မဖြစ်နိုင်ဘူး”
နျဲ့ကျင်းရှန်က အဓိကပြဿနာကို ထောက်ပြလိုက်သည်။
“ဒီထောင်ချောက်ကို တခြားသူတွေကို ဖမ်းဖို့ သုံးတဲ့အတွက် သူတို့ကို ချက်ချင်းသတ်မှာတော့မဟုတ်ဘူး ၊ ဒီတော့ ထောင်ချောက်ဆင်တဲ့သူက ဘာဖြစ်ချင်တာလဲ”
ထိုမေးခွန်းကို ရန်ကျောက်ကဲက ပြန်မဖြေခဲ့ပေ။
အဂ္ဂိရတ်ခန်းမထဲမှ ရေခဲပမာအေးစက်နေသည့် စိတ်ဝိညာဉ်စွမ်းအားရောင်ဝါနှင့် ရင်ဆိုင်ထိတွေ့ပြီးသည့်နောက် ထိုအရာက ဘာဖြစ်ကြောင်း ရန်ကျောက်ကဲစိတ်ထဲ မှန်းဆမိနေပြီ ဖြစ်သည်။
သို့သော် သက်သေပြနိုင်ခြင်း မရှိသေးပေ။
မှန်းဆချက်ကို ထုတ်ဖော်ပြောဆိုခြင်းက မသင့်တော်ဟု သူ ထင်မိသည်။ အဘယ်ကြောင့်ဆိုသော ထိုအရာ၏ ချိတ်ဆက်မျုက အလွန်ကျယ်ပြန့်သောကြောင့် ဖြစ်၏။
ရန်ကျောက်ကဲက...
“အဲဒီကိုရောက်မှ ငါတို့တွေ ကြိုးစားအဖြေရှာကြည့်ကြတာပေါ့”
စကားပြောရင်း သူ့စိတ်ထဲ အတွေးများစွာဖြတ်သန်းသွားသည့်တိုင် သူ့မျက်နှာကတော့ တည်ငြိမ်နေဆဲပင်။
သူက ဆက်ပြောသည်။
“ပျောက်ဆုံးသွားတဲ့သူတွေ အန္တရယ်ကင်းတယ်လို့ပဲ မျှော်လင့်ထားကြရအောင် ၊ ဒါဆို အဲဒီနေရာကိုရောက်ရင် သူတို့ကို ကယ်တင်နိုင်မှာပါ”
ယွီယဲ့နှင့် အခြားသူများ ခေါင်းညိတ်လိုက်ကြသည်။
ယွီယဲ့က...
“အဲဒီလိုလုပ်ဖို့ပဲ တတ်နိုင်တော့တာပေါ့”
သူတို့အုပ်စု သက်တံ့တံတားကိုကျော်ဖြတ်ပြီး ရှေ့ဆက်လျှောက်လာခဲ့ကြသည်။
သက်တံ့တံတားအဆုံးမှတော့ ခန်းမဆောင်ကြီးတစ်ခု ရန်ကျောက်ကဲမျက်ဝန်းထဲတွင် တစ်ဖန်ပြန်လည် ထွက်ပေါ်လာသည်။
သို့သော် အရင်ကလိ ဝေဝါးသည့်ပုံရိပ်မဟုတ်တော့ဘဲ တဖြည်းဖြည်း ပိုမိုရှင်းလင်းကြည်လင်လာသည်။
သူ၏မှတ်ဉာဏ်များအရဆိုလျှင် အဂ္ဂိရတ်ခန်းမဆိုသည်က ကျောက်စိမ်းဖြူဖြင့်ပြုလုပ်ထားပြီး ရွှေရောင်အလင်းတန်းများ ဖြာထွက်နေရမည် ဖြစ်သည်။
ယခု သူတို့အရှေ့မှ အဂ္ဂိရတ်ခန်းမကတော့ သာမန် အနက်ရောင်မျှသာ ဖြစ်နေသည်။
ခန်းမနှင့်နီးကပ်လာလေ မွှေးပျံ့သည့်ဆေးရနံ့က ပိုမိုစူးရှလာလေဖြစ်ပြီး သူတို့၏စိတ်နှင့်ရုပ်ခန္ဓာကို ပြေလျော့သွားစေသည်။
သို့သော် ရန်ကျောက်ကဲတို့အုပ်စု သက်တံ့တံတားပေါ်မှ ဆင်းသက်လိုက်သည်နှင့် မွှေးပျံ့သောဆေးရနံ့က ရုတ်တရက်ပင် မြူခိုးများအဖြစ်ပြောင်းလဲသွားပြီး သူတို့သွားမည့်လမ်းကို ပိတ်ဆို့ထားလိုက်သည်။
ရန်ကျောက်ကဲက...
“ငါတို့ကိုကူညီပေးမယ့် မုယောက်ကြယ်စင်ထက်ယံအရှင်သခင်ရဲ့ အမွေအနှစ်ရှိထားပေမယ့် ဒီထဲကိုဘယ်လိုဝင်မလဲဆိုတာ ခေါင်းသုံးပြီး စဉ်းစားရဦးမှာပဲ”
ရန်ကျောက်ကဲ မြူခိုးထဲတွင် လမ်းလျှောက်နေစဉ် သူ့အရှေ့မှ အရာအားလုံးက မှုန်ဝါးနေပြီး ဦးတည်ရာကို ဆုံးဖြတ်ရခက်နေသည်။
အထဲသို့ဆက်သွားနေသည့်တိုင် တစ်နေရာတွင် မျက်စိလည်နေသည့်ပမာ ခံစားရသည်။
သို့သော် ယခင်က ကြုံတွေ့ခဲ့ဖူးသည့် ရေခဲပမာ အေးစိမ့်သည့်စွမ်းအားရောင်ဝါကို ခံစားရခြင်း မရှိပေ။
ဤသည်က ရန်ကျောက်ကဲကို စိတ်မသက်မသာဖြစ်စေပြီး ပို၍ပင် သတိရှိလာစေသည်။
“အဲဒီတုန်းက ထောင်ချောက်က တစ်ကြိမ်ပဲအသုံးပြုလို့ရတာမျိုး မဖြစ်နိုင်ဘူး ၊ ကောင်းကင်ဘုံနန်းတော်ရဲ့ အဂ္ဂိရတ်ခန်းမကို အပျက်အဆီးမရှိ အပြည့်အဝ ထိန်းသိမ်းထားနိုင်တယ်ဆိုတော့... အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်နည်းနည်းလောက်ကို ဖမ်းမိလောက်ရုံနဲ့ ပြီးသွားမှာမဟုတ်ဘူး”
ရန်ကျောက်ကဲ တွေးလိုက်သည်။
အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ဆိုသည်က သေမျိုးလူသားများအလယ်တွင် အလွန်ပင် စွမ်းအားကြီးမားနေပြီ ဖြစ်သည်။
သေမျိုးလူသားများအလယ် စွမ်းအားအကြီးမားဆုံးဖြစ်သော လူသားအထွတ်ထိပ်အဆင့်ပြီးလျှင် အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်က အမှန်တကယ်ပင် အသန်မာဆုံး တည်ရှိမှုတစ်ခု ဖြစ်သည်။
သူတို့က လူသားအထွတ်ထိပ်အဆင့် ကျင့်ကြံသူများရှေ့တွင် အားနည်းပုံရသော်လည်း သူတို့အနက်မှ အများစုမှာ တောင်နှင့်ပင်လယ်ကို ရွှေ့ပြောင်းနိုင်စွမ်းရှိသော ၊ မိုးနှင့်မြေကို ဖျက်ဆီးပစ်နိုင်သော တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ကြသည်ပင်။
သူတို့သာ အောက်ဘုံကမ္ဘာများဖြစ်သော အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ မီးတောက်မိစ္ဆာကမ္ဘာ ၊ မျောလွင့်ဝိညာဉ်ကမ္ဘာများသို့ ရောက်ရှိသွားပါက ထိုကမ္ဘာများ အလွယ်တကူ ပျက်ဆီးသွားနိုင်သည်။
သို့သော် ဤသည်က လူသားများအတွက်သာ ဖြစ်သည်။
ကောင်းကင်ကိုးထပ်အထက်တွင်ရှိသော နတ်ဘုရားများအတွက်တော့ လူသားများက ဘာမှအရေးမပါလှပေ။
ယခင်တစ်ချိန်က ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုအသုံးချပြီး အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် (၆)ယောက်ကို ဖမ်းဆီးသူက သူ့အလုပ်ပြီးဆုံးသည်နှင့် မီးပြင်းဖိုကို ပြန်လည်ယူဆောင်ရန် ကြံစည်ထားခဲ့ဟန် ရှိသည်။
ရန်ကျောက်ကဲကတော့ တူညီသည့်လှည့်ကွက်ကို ထပ်ခါထပ်ခါအသုံးပြုပြီး သားကောင်ကိုဖမ်းဆီးနေသည့် ထိုသူ၏လှည့်ကွက်ကို ခန့်မှန်းနိုင်ခဲ့သည်။
သို့ဖြစ်ရာ လမ်းတစ်ဝက်တွင် ရန်ကျောက်ကဲက သူ၏ အကြံအစည်ကိုနှောက်ယှက်လိုက်ပြီး ပျက်ဆီးသွားမည်ဟု ထိုသူ ဘယ်သောအခါမှ မျှော်လင့်ခဲ့ဟန် မရှိပေ။
ဤသည်က ရေခဲပမာ အေးစက်သောရောင်ဝါက ရန်ကျောက်ကဲအပေါ် အဘယ့်ကြောင့် မကျေမချမ်း ဒေါသထွက်နေရသည်ဆိုသောအချက်ပင် ဖြစ်တော့၏။
ထို အေးစက်သောရောင်ဝါမှ ဒေါသနှင့် မကျေနပ်မှုများကို ရန်ကျောက်ကဲကလည်း ရှင်းရှင်းလင်းလင်း မှတ်မိနေပေသည်။
“ငါ မင်းရဲ့ထောင်ချောက်ထဲကို ခုန်ဆင်းလာတာ မင်းဝမ်းသာသင့်တယ်”
ရန်ကျောက်ကဲ စိတ်ထဲက မထီမဲ့မြင် တွေးလိုက်၏။
ထို့နောက် သူက လမ်းကြောင်းကိုပိတ်ဆို့ထားသော မြူခိုးများကိုတစ်ချက်ကြည့်ပြီး ခဏမျှ စဉ်းစားလိုက်သည်။ ထို့နောက် လက်ညှိုးကိုပင့်မြှောက်ကာ လေထဲတွင် အင်းသင်္ကေတအချို့ ရေးဆွဲလိုက်၏။
အင်းသင်္ကေတများက တစ်ခုနှင့်တစ်ခု ရောယှက်သွားပြီး ပွင့်နေသောတံခါးတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြူခိုးများကို ရှင်းထုတ်ပစ်လိုက်သည်။
အိပ်မက်ထဲတွင် မျောလွင့်နေသူပမာဖြစ်သော ယွီယဲ့က ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့် ထိုတံခါးကို လှမ်းကြည့်လိုက်သည်။
ထို့နောက် အံ့အားသင့်သွားပြီး သူမ၏မျက်ဝန်းများက ပြန်လည်အာရုံစူးစိုက်လာသည်။
“ဂိုဏ်းတူမောင်လေး’ရန်’ ... မင်းမှာ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖို ရှိနေတာလား”