ကောင်းကင်နတ်သိုင်းဖြင့် ကောင်းကင်ဘုံ ရှစ်ဘုံ ဖွဲ့တည်နိုင်ခြင်း
Vol. 75 Ch. 981
အကန့်အသတ်မရှိသော အချက်အလက်များက ချင်မူ၏ ဦးနှောက်ထဲသို့ တရဟော ဝင်ရောက်လာသည်။ ၎င်းတို့သည် ဖန်ဆင်းရှင်တို့၏ ရှုပ်ထွေးများပြားသော အသိပညာများ ဖြစ်ကြ၏။ ဖန်ဆင်းရှင်များ မျိုးနွယ်စု စတင်တည်ထောင်သည့်အချိန်မှ ယနေ့ထက်ထိ စုဆောင်းထားခဲ့သော အသိပညာများကား တခဏအတွင်း သူ၏မှတ်ဉာဏ်တစ်ခုလုံးတွင် ပြည့်နှက်သွားချေပြီ။
ဖန်ဆင်းရှင်များ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးနှင့် ပထမဆုံးဆုံတွေ့သည့်အချိန်တွင် သူတို့၏ပျော်ရွှင်မှုအား သူ ခံစားနေရသည်။ သူတို့သည် အသိစိတ်အလျဉ်ဖြင့် မြင်ယောင်ဖန်ဆင်းရင်း ဝမ်းသာပျော်ရွှင်နေကြကာ ဆန်းပြားသော အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများ ဖန်တီးနိုင်သည့်အခါ စိတ်လှုပ်ရှားနေကြ၏။
ဖန်ဆင်းရှင်များက ကမ္ဘာပေါ်ရှိ အရာရာတိုင်းအား ဖန်ဆင်းပြီး သဘာဝတရားကို ဖန်ဆင်းကာ ပြောင်းလဲကြသည်၊ တောင်တန်းများ၊ မြစ်ချောင်းများ တည်ဆောက်ကြသည်၊ မြစ်များ၊ စမ်းချောင်းများလည်း ဖောက်လုပ်ကြသည်၊ ပင်လယ်ထက်တွင် လမ်းလျှောက်ပြီး တိမ်တိုက်များကို ဖြတ်ကျော်ကြ၏။ ထိုသို့လုပ်နေကြစဉ် သူတို့၏စိတ်အခြေအနေအား ချင်မူ ခံစားရလေသည်။
သူတို့သည် စကြဝဠာ၊ သဘာဝအပေါ် အလွန်နားလည်သဖြင့် ကမ္ဘာလောကကြီးနှင့် ရင်းနှီးနေသည်။
စစ်မြေပြင်ထက်တွင် တိုက်ခိုက်နေသော ဖန်ဆင်း၇ှင်များ၏ ခံစားချက်များကိုလည်း ချင်မူ လိုက်ပါခံစားမိသည်။ ဗုံသံများ ဝုန်းဝုန်းညံသည်၊ မိုးကြိုးသံများ ဂျိုးဂျိမ့်ခြိမ်းသည်။ သွေးတို့ ပွက်ပွက်ဆူနေသည်။ ဖန်ဆင်းရှင်တို့သည် စစ်မြေပြင်ထက်တွင် သူတို့၏ရက်စက်ကြမ်းကြုတ်သော စိတ်ကို ဖော်ပြရင်း စိတ်တိုင်းကျ သတ်ဖြတ်ဖျက်စီးနေကြ၏။ သွေးဆာလောင်နေသည့် သူတို့၏အာသီသက သူ့ဆီသို့ပင် ကူးစက်လာသည်။
သို့သော် ဖန်ဆင်းရှင်တို့၏ နူးညံ့သောစိတ်အခြေအနေကိုလည်း ခံစားရသေးသည်။ သူတို့သည် နေ၊ လနှင့် ကြယ်များကို မြင်ယောင်ဖန်ဆင်းနေကြပြီး အလှပဆုံး ပန်းပွင့်များကိုလည်း ဖန်တီးကြ၏။ ပန်းပွင့်များအပေါ်တွင် အရှုပ်ထွေးဆုံးအမှတ်အသားများကိုပင် သေသေချာချာ ပုံဖော်နေကြသည်။
သူတို့၏ပျော်ရွှင်မှု၊ သူတို့၏ဝမ်းနည်းမှုများက သူ၏ပျော်ရွှင်မှု၊ ဝမ်းနည်းမှုကဲ့သို့ ဖြစ်နေသည်။
မျိုးနွယ်စုအတွင်း သွေးကွဲမှု၊ မျိုးနွယ်စုများ၏ သေဆုံးမှု၊ ဘဝတစ်ခု၏ အဆုံးသတ်... ဝမ်းနည်းဖွယ်ရာ ထိုအဖြစ်အပျက်များက ဤရက်စက်ကြမ်းကြုတ်သော ဖန်ဆင်းရှင်ကြီးများအား မျက်ရည်ကျစေသည်။
မြင်ယောင်ဖန်ဆင်းခြင်းသည် သူတို့အတွက် ပုံမှန်ဖြစ်လျှင် စစ်ပွဲများ၊ သေကြပျက်စီးမှုများလည်း သူတို့နှင့် မစိမ်းပေ။
အသိစိတ်အလျဉ်နှင့် ဖန်ဆင်းမှုနှင့် ပတ်သက်ပြီး သူတို့၏ အတွေးအမြင်များကိုလည်း သူ ခံစားနေရသည်။
အချက်အလက်မျိုးစုံက သူ၏ ဦးနှောက်ထဲသို့ ၀င်ရောက်လာပြီး အသိပညာများအဖြစ် ဖွဲ့တည်သွားသည်။ ချင်မူမှာ ထိုတခဏအတွင်း နှစ်သန်းပေါင်းများစွာကို ကိုယ်တိုင်ကြုံတွေ့ ကျော်ဖြတ်ခဲ့ရသလို ခံစားလိုက်ရ၏။ မျိုးနွယ်စုတစ်စု၏ အတက်အကျများကို သူမြင်ခဲ့ရသည်။
သူက သူဖြစ်နေသေးသော်လည်း အရာပေါင်းများစွာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရကာ အသိပညာဗဟုသုတများ၊ အတွေးအမြင်များနှင့် အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများစွာ ရရှိခဲ့လေသည်။
နတ်ဘုရင်လန်ဝူက သူ့ဘေးတွင် ရပ်ပြီး ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ အလင်းရောင် ချင်မူ၏မျက်ခုံးနှစ်ဖက်ကြားသို့ ၀င်ရောက်နေသည်ကို ကြည့်ကာ အားကျမနာလိုဖြစ်နေသည်။
အချိန်များ ကြာမှန်းမသိ ကြာသွား၏။ ချင်မူ့ဆီသို့ ဖြာဆင်းလာသော အလင်းတန်းများ မှေးမှိန်သွားပြီး အသိပညာလက်ဆင့်ကမ်းမှု ပြီးဆုံးသွားသည်။
ဘိုးဘေးဝိညာဉ်ကမ္ဘာက တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။
ဘိုးဘေးဝိညာဉ် ၂၇ ယောက်က အနီရောင်အလင်းတန်းထဲတွင် မလှုပ်မယှက် ရပ်လျက် ချင်မူ့ဆီ ကြည့်နေကြသည်။
ချင်မူက သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ အလင်းရောင်က မှေးမှိန်ပျောက်ကွယ်သွားသည့်တိုင် နိုးထမလာသေးပေ။
ရုတ်တရက် သူ၏တတိယမျက်လုံးသည် တောက်ပလာပြီး အသိစိတ်အလျဉ်အဖြစ် ဖွဲ့တည်နေသော အလင်းရောင်ကား အားကောင်းပြင်းထန်လာ၏။ ချင်မူ၏ခန္ဓာကိုယ်မှ အင်အားကြီးသော လှိုင်းဂယက်များ ဖြာဆင်းလာနေသည်ကိုလည်း သူတို့ခံစားကြရသည်။ သူ၏စွမ်းအင်နှင့် အသိစိတ်အလျဉ်က တစ်ခုနှင့်တစ်ခု ထွေးယှက်ကာ ပေါင်းစည်းသွားချေပြီ။
ချင်မူ၏ခြေဖဝါးအောက်တွင် ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာနယ်ပယ် ပွင့်လာသည်။ ကြယ်တာရာကောင်းကင်က ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ မိုင်ထောင်ပေါင်းများစွာအား လွှမ်းခြုံသွားပြီး ကြယ်စင်တာရာများသည် ကိုယ်ပိုင်ပတ်လမ်းကြောင်းများအတိုင်း ရွေ့လျားလျက် ကြယ်အစုအဝေးတစ်စုအား ဖော်ဆောင်လိုက်ကြ၏။
ကြယ်တာရာများက နတ်ဘုရင်လန်ဝူနှင့် ဘိုးဘေးဝိညာဉ် ၂၇ ယောက်၏ အပြင်၌ စီးဆင်းလှည့်ပတ်ပြီးနောက် ကောင်းကင်အသွင် ဖွဲ့တည်သွားသည်။
ချင်မူ့ရုပ်သွင်ရှိသည့် ကောင်းကင်နယ်စားမင်းက ကောင်းကင်ထက်တွင် ပေါ်လာသည်။
ခံ့ညားထည်ဝါသည့် ကမ္ဘာဦးသစ်ပင်သည် ကောင်းကင်ထက်သို့ ထိုးတက်သွားရင်း ကြယ်တာရာများဆီသို့ ရောက်ရှိသွား၏။ ဝိညာဉ်သန္ဓေသားကောင်းကင်ရတနာ၏ ထိုက်ကျိစက်၀န်းအောက်တွင် အမှောင်ထုသာ ရှိနေသည်။ ၎င်းက ယိုတုဖြစ်ပြီး အနက်ကား တိုင်းတာ၍ မရပေ။
ထိုက်ကျိစက်၀န်းက လှည့်ပတ်နေပြီး ကောင်းကင်နန်းတော်များသည် ဟိုနေရာတစ်စု၊ ဒီနေရာတစ်စု တည်ရှိနေကြ၏။ ၎င်းတို့က ကောင်းကင်ဘုံ၏အထက်၊ မြေပြင်အောက်၌ ပျံဝဲနေကြပြီး တချို့က ထိုက်ကျိစက်၀န်းအပေါ်တွင် တည်ရှိနေကြသည်။
နတ်ဘုရင်လန်ဝူနှင့် ဘိုးဘေးဝိညာဉ် ၂၇ ယောက်မှာ ရှေးဟောင်းနတ်ဘုရားတို့၏ ပုံရိပ်များကိုလည်း မြင်လိုက်ကြရသည်။ သူတို့က သက်ဆိုင်ရာ အဆင့်အတန်း၊ ရာထူးများဖြင့် ချင်မူ၏ကောင်းကင်ရတနာအား အတူတူစောင့်ရှောက်နေကြသည်။
နတ်ဘုရင်လန်ဝူမှာ သိသိသာသာ အံ့အားသင့်သွားသည်။ ချင်မူ ခင်းကျင်းပြသလိုက်သည့် ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်က ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်အပေါ် သူမ၏နားလည်ထားမှုအား သိသိသာသာ ပြောင်းလဲသွားစေသည်။ ချင်မူ၏ကောင်းကင်ရတနာတွင် သူ၏ကိုယ်ပိုင်ကောင်းကင်နန်းဆောင်များ ပါ၀င်နေ၏။
ဤသည်ကား ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားများနှင့် လုံး၀ကွဲပြားနေသည်။
ရွှင်ပျော်ပျော်ကျေးရွာနတ်ဘုရားများ၏ ကောင်းကင်နန်းဆောင်တို့က ကောင်းကင်ရတနာများအပေါ်၌ တည်ရှိသည်။
ထို့အပြင် ချင်မူ့တွင် ကောင်းကင်ရတနာတစ်ခုတည်းသာ ရှိသော်လည်း ရွှင်ပျော်ပျော်ကျေးရွာသားတွင် ကောင်းကင်ရတနာခုနစ်ခု ရှိသည်။
ထူးဆန်းသည်က ချင်မူ၏ကောင်းကင်နန်းဆောင်အရေအတွက်က များပြားနေသည်။ ရွှင်ပျော်ပျော်ကျေးရွာထဲရှိ နတ်ဘုရားအများစုတွင် ကောင်းကင်နန်းဆောင်တစ်ဆောင်သာ ရှိကြသော်လည်း ချင်မူ့တွင် ၁၄ ခုရှိနေ၏။ သို့သော် အများစုက မပြည့်စုံပေ။
ချင်မူ၏ ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲတွင် ၁၅ ဆောင်မြောက် ကောင်းကင်နန်းဆောင်က လျှင်မြန်စွာ ဖွဲ့တည်လာသည်။
‘ကောင်းကင်နန်းဆောင်ကို ဖွင့်လှစ်နေတာလား’
နတ်ဘုရင်လန်ဝူ၏ အကြည့်များ လှုပ်ရှားသွားပြီး သူမက ချင်မူ ကောင်းကင်ရတနာအသစ်အား ဖွင့်လှစ်နေသည်ကို သေသေချာချာ ကြည့်ရှုရင်း တွေးနေမိသည်။ ‘ဒါက ငါတို့အတွက် အသုံး၀င်နိုင်တယ်။ ငါတို့အတော်များများက အသိစိတ်အလျဉ်ကောင်းကင်နန်းဆောင်ကို ဖွင့်လှစ်ဖို့ ကြိုးစားရင်း သေဆုံးခဲ့ကြရတာ’
ခိုင်ဧကရာဇ် ရွှင်ပျော်ပျော်ကျေးရွာကို တည်ဆောက်ခဲ့စဥ်တုန်းက နတ်ဘုရင်လန်ဝူက ရွှင်ပျော်ပျော်ကျေးရွာအား တိုက်ခိုက်ခဲ့သည်။ ရလဒ်အနေဖြင့် နှစ်ဖက်လုံး အထိအခိုက်အကျအဆုံး များခဲ့၏။ ထို့ကြောင့် နတ်ဘုရင်လန်ဝူမှာ ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ကို လက်မခံပါက ခေတ်နောက်ကျကျန်ခဲ့ပြီး ကွာဟမှုက အချိန်နှင့်အလိုက် ကြီးထွားလာလိမ့်မည်ဟု ချက်ချင်း သဘောပေါက်ခဲ့ချေသည်။
ထို့ကြောင့် သူမက အားလုံးကို လက်ခံရန် တိုက်တွန်းခဲ့သည်။ သို့သော် သူတို့မှာ ကောင်းကင်ရတနာနှင့် ကောင်းကင်နန်းဆောင်ဖွင့်လှစ်ခြင်းနှင့် ပက်သက်၍ နားကန်းတစ်လုံးမှ မသိပေ။ ကောင်းသည့်အရာက ဖန်ဆင်းရှင်များ ဖြစ်သည့်အတွက် ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားများကို ဖမ်းဆီးကာ သူတို့၏မှတ်ဉာဏ်များအား စုပ်ယူနိုင်ကြသည်။
သို့သော် ဖွင့်နည်းကို သိခြင်းနှင့် အမှန်တကယ် ဖွင့်လှစ်ခြင်းက သက်သက်စီပင်။
ကောင်းကင်ရတနာခုနစ်ခုနှင့် ကောင်းကင်နန်းဆောင်ကို ဖွင့်လှစ်သည့်အချိန်တွင် ဖန်ဆင်းရှင်အတော်များများမှာ ကြိုစားရင်း သေဆုံးသွားခဲ့ကြသည်။ သေဆုံးသွားသည့် ဖန်ဆင်းရှင်အရေအတွက်က ရွှင်ပျော်ပျော်ကျေးရွာနှင့် တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ဖန်ဆင်းရှင်အရေအတွက်ထက် များပြားသည်။
အဖန်တလဲလဲ မအောင်မြင်ပြီးနောက်တွင်တော့ သူတို့ စနစ်တစ်ခုကို တတ်မြောက်သွားကြသည်။
သူတို့ မြင်ယောင်ဖန်ဆင်းထားထားသည့် ကောင်းကင်ရတနာခုနစ်ခုနှင့် ကောင်းကင်နန်းဆောင်များက ရွှင်ပျော်ပျော်ကျေးရွာ၏ စနစ်နှင့် မတူပေ။ ရွှင်ပျော်ပျော်ကျေးရွာက နတ်ဘုရားလမ်းစဉ်စနစ်ကို အားကိုးသော်လည်း သူတို့က အသိစိတ်အလျဉ်ကောင်းကင်ရတနာနှင့် အသိစိတ်အလျဉ်ကောင်းကင်နန်းဆောင်စနစ်ကို အားကိုး၏။
ယခုတွင် ချင်မူက သူတို့ထံ အခြားစနစ်တစ်ခုအား ပြသနေချေပြီ။ ၎င်းသည် ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်မှပင် ဆင်းသက်လာသော်လည်း သူတို့၏အသိစိတ်အလျဉ်စနစ်ထက် များစွာပိုမိုကောင်းမွန်၏။
“သူ ဘာလုပ်နေတာလဲ နတ်ဘုရင်” ဘိုးဘေးဝိညာဉ်တစ်ယောက်က အသိစိတ်အလျဉ်မှတဆင့် မေးမြန်းသည်။
နတ်ဘုရင်လန်ဝူက ချင်မူဖွင့်လှစ်နေသော ကောင်းကင်နန်းဆောင်ကို သေသေချာချာ ကြည့်ရှုပြီးနောက် ပြန်ဖြေ၏။ “သူက ဧကရာဇ်ပလ္လင်အဆင့် အသိစိတ်အလျဉ်ကျင့်စဉ်တစ်ခုကို တွေးခေါ်နေတာပါ.... အဲ့ဒါက မဟာဧကရာဇ်ရဲ့ မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ် ဖြစ်လောက်တယ်”
သူမ ရုတ်တရက် တုန်လှုပ်သွားသည်။
ချင်မူသည် မဟာဧကရာဇ်၏ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ကို ပြုပြင်ပြောင်းလဲနေ၏။
မည်မျှအတင့်ရဲလိုက်သနည်း။
သို့သော် သူမ မသိသည်မှာ ချင်မူရရှိထားသည့် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်က မပြည့်စုံသေးပေ။ ၎င်းတွင် ကောင်းကင်ရတနာကျင့်စဉ်စနစ်များစွာ လိုအပ်နေသလို ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်များလည်း ကင်းမဲ့နေ၏။ ထို့ကြောင့် ချင်မူမှာ အသိစိတ်အလျဉ်ကောင်းကင်နန်းဆောင်ကို မဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုတွင် ဖန်ဆင်းရှင်တို့၏ အသိပညာများအား ရရှိခဲ့ပြီဖြစ်သည့်အတွက် သူ၏အသိစိတ်အလျဉ်မှာ ပြိုင်ဘက်ကင်းသော အတိုင်းအတာသို့ ရောက်ရှိသွား၏။ မဟာဧကရာဇ်တွင် အရည်အသွေးပိုမိုကောင်းသော အသိစိတ်အလျဉ်အသိပညာတို့ ရှိကောင်းရှိနိုင်သော်လည်း ပမာဏနည်းပါးလိမ့်မည်။
ချင်မူအနေဖြင့် ဤအသိအမြင်များကို အသုံးချကာ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်၏ မပြည့်စုံသော အပိုင်းများအား ဖြည့်ဆည်းနိုင်တော့မည် ဖြစ်သည်။
မဟာဧကရာဇ်က ဤကျင့်စဉ်၏ ဖွင့်လှစ်သူမဟုတ်ပါလော။ ချင်မူက အပေါက်များကို ဖာထေးနေရုံသာ ဖြစ်ရာ အပန်းမကြီးပေ။
မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်က အဆက်မပြတ် တိုးပွားသိပ်သည်းလာနေသည့် အရှိန်အဝါဖြင့် ကျန်ကောင်းကင်နန်းဆောင်များအပေါ် ဖိနှိပ်ထားသည်။ သို့သော် ချင်မူ၏ ပင်မကောင်းကင်နန်းဆောင်သည် မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင်၏ အရှိန်အဝါကို ဖိနှိပ်၍ ပင်မကောင်းကင်နန်းဆောင် ဖြစ်မလာနိုင်အောင် ဟန့်တားနိုင်၏။
မဟာခြုံလွှမ်းအဆင့်မြင့် အသိစိတ်အလျဉ် ကောင်းကင်နန်းဆောင် ခင်းကျင်းသွားပြီးနောက် ချင်မူ၏အရှိန်အဝါကား ပြန်လည်ခမ်းနားလာသည်။
သို့သော် အပြောင်းအလဲများက မရပ်တန့်သေးပေ။
နတ်ဘုရင်လန်ဝူနှင့် ဘိုးဘေးဝိညာဉ် ၂၇ ယောက်သည် သူ့ဆီမှ လာနေသည့် ဆန်းကြယ်သော အရှိန်အဝါကို ခံစားနေရ၏။ တာအိုပဲ့တင်သံကဲ့သို့ ဆန်းပြားနက်နဲသည့် သံစဉ်ကို ကြားလိုက်ရသယောင် ဖြစ်လာကြသည်။
ချင်မူက ပြုံးနေပြီး ဆန်းကြယ်သော အခြေအနေတစ်ခုထဲသို့ ဝင်ရောက်သွားဟန်တူ၏။
သူက ကောင်းကင်နတ်သိုင်းတစ်ခု ထုတ်လွှတ်လိုက်ပြီး တာအိုတေးသံသည် ဂီတသံစဉ်များပမာ သူ့လက်ဝါးနှစ်ဖက်အကြား ကခုန်နေ၏။ သူ၏ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်က ပေါင်းစည်းသွားပြီး ဖန်ဆင်းရှင်တို့၏ အသိပညာနှင့် သူ၏လမ်းစဉ်၊ စွမ်းရည်၊ ကောင်းကင်နတ်သိုင်းများက တာအိုနယ်ပယ်တစ်ခု ဖြစ်လာသည်။
ကောင်းကင်နတ်သိုင်းများဖြင့် လမ်းစဉ်အဆင့်သို့ တက်လှမ်းခြင်း။
ဤအခိုက်အတန့်တွင် အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းများနှင့် ချီစွမ်းအင်၏ လမ်းစဉ်၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများသည် ပြီးပြည့်စုံစွာ ပေါင်းစည်းသွား၏။ အသိစိတ်အလျဉ်မှာတစ်ဆင့် တက်ရောက်သွားသော လမ်းစဉ်တွင် ပထမကောင်းကင်ဘုံ စတင်ဖွဲ့တည်လာသည်။
ချင်မူ လက်ဝါးမြှောက်လိုက်သည့်အခါ သူ၏ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကား ကောင်းကင်တာအို လေးဆယ့်ကိုးခု ဖြစ်လာပြီး လက်ဝါးအသွင်ဖြင့် ကောင်းကင်ဘုံများနှင့် ကမ္ဘာလောကတစ်ခုလုံးအား လွှမ်းခြုံသွား၏။ သူ၏အသိစိတ်အလျဉ်က ယွမ်တု၏ ကောင်းကင်တာအို သုံးဆယ်ခြောက်မျိုး ဖြစ်လာသည်။ ကောင်းကင်တာအိုနှင့် ယွမ်တု၏ မဟာတာအိုက မတူညီသော စနစ်နှစ်ခု ဖြစ်ပါသ်ောလည်း အသိစိတ်အလျဉ်နှင့် ချီစွမ်းအင် ပေါင်းစည်းသွားမှုအောက်တွင် ပြီးပြည့်စုံစွာ ပေါင်းစပ်သွားသည်။
ကောင်းကင်နှင့် မြေပြင်၏ မတူညီသော မဟာတာအိုများ ပေါင်းစည်းသွားသည့် နေရာတွင် လှပသော အခုံးအကွေးလေးခု ဖွဲ့တည်လာသည်။ ၎င်း၏ လေးဖက်လေးနားတွင် နတ်ဘုရားမိစ္ဆာတို့၏ မျက်နှာလေးဖက် ပေါ်ထွက်လာ၏။ မျက်နှာများက ဒေါသထွက်ခြင်း ၊ ပျော်ရွှင်ခြင်း၊ စိတ်ညစ်ခြင်းနှင့် ကျေနပ်ခြင်းတို့ကို တစ်မျိုးစီ ဖော်ပြနေကြသည်။
ဤသည်ကား ချင်မူ့ကောင်းကင်နတ်သိုင်း၏ ပထမကောင်းကင်ဘုံ၊ ကောင်းကင်နှင့်မြေပြင်၏ အရာလေးချက် ဖြစ်သည်။
ချင်မူမှာ ကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်သို့ တစ်ခမ်းတစ်နား တက်သွားသော်လည်း သူ၏ခံစားချက်များကို အပြည့်အဝ ဖော်ထုတ်မနိုင်သေးသလို ခံစားနေရသည်။ မကြာခင် နောက်ထပ် ကောင်းကင်နတ်သိုင်းတစ်ခု ဖြာထွက်လာသည်။
သူ လမ်းစဉ်သို့ ဝင်ရောက်နေဆဲ ရှိစဉ် ဒုတိယကောင်းကင်ဘုံကား ဖွဲ့တည်သွားချေပြီ။
သူ့အနောက်တွင် ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်နေသော တံခါးတစ်ချပ် ပေါ်လာပြီး ယိုတုမဟာတာအို ၆၄ ခုနှင့် ကောင်းကင်တာအို ၄၉ ခုက ပြိုင်ဘက်ကင်း ကောင်းကင်နတ်သိုင်းတစ်ခုအဖြစ် ပေါ်လွင်လာသည်။
ဤတံခါးသည် ကောင်းကင်အလိုတော်မုခ်ဝနှင့် မတူပေ။ ကောင်းကင်အလိုတော်မုခ်ဝက ယိုတုနှင့် ဆက်သွယ်ပေးသည်။ ရွှမ်တုနှင့် မဆက်သွယ်ပေးပေ။ သူ၏တံခါးကမူ ရွှမ်တု၏ ကောင်းကင်တာအို ၄၉ မျိုးနှင့် ယိုတု၏ မဟာတာအို ၆၄ မျိုးကို ပေါင်းစည်း၍ ဖွဲ့တည်လာသော ကောင်းကင်နတ်သိုင်းတစ်ခု ဖြစ်သည်။
ဒုတိယကောင်းကင်ဘုံ၊ ကောင်းကင်နှင့်မြေပြင်၏ တံခါးတော်မြတ်။
ချင်မူမှာ ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်နေသော်လည်း သူ့စိတ်သည် ဆက်လက်တွေးခေါ်နေ၏။
တတိယကောင်းကင်ဘုံ ဖွဲ့တည်လာပြီး ကောင်းကင်နတ်မြစ်သည် ခပ်ရေးရေးမျှ ပေါ်လွင်လာသည်။
တတိယကောင်းကင်ဘုံနှင့်တင် သူ၏အသိပညာအခြေခံအား ခမ်းနားစွာ မပြသနိုင်သေးပေ။ ချင်မူ စတုတ္ထကောင်းကင်ဘုံကို တွေးခေါ်တော့မည့်အချိန်မှာပဲ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်က ပြည့်စုံသွားသည်။
ချင်မူကား လမ်းစဉ်မှတစ်ဆင့် လျှို့ဝှက်ဆန်းကြယ်သော ကမ္ဘာထဲ ဝင်ရောက်သွားပြီး မသိလိုက်မသိဖာသာဖြင့် ပဉ္စမကောင်းကင်ဘုံ၊ ဆဋ္ဌမကောင်းကင်ဘုံနှင့် သတ္တမကောင်းကင်ဘုံတို့အား ဖော်ဆောင်ပြီးသွား၏။
နတ်ဘုရင်လန်ဝူနှင့် ဘိုးဘေးဝိညာဉ် ၂၇ ယောက်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း မှင်သက်အံ့ဩနေကြသည်။
ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ အသိပညာအခြေခံက ချင်မူ ကောင်းကင်နတ်သိုင်းများမှတစ်ဆင့် လမ်းစဉ်အဆင့် ဝင်ရောက်ရန် တွေးခေါ်နိုင်လောက်သည်အထိ မလုံလောက်မှန်း သူတို့ သိကြသည်။ အလွန်ဆုံး အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းများကိုသာ လေ့လာတွေးခေါ်နိုင်လိမ့်မည်။ အသိစိတ်အလျဉ်လမ်းစဉ်၌ ကောင်းကင်ဘုံ ဘယ်နှဘုံ ဖော်ဆောင်နိုင်မည်ဆိုသည်မှာ ချင်မူ၏ တွေးခေါ်နိုင်စွမ်းအပေါ် မူတည်ပေသည်။
မထင်မှတ်ဖွယ်ကောင်းစွာနှင့် ချင်မူက ကောင်းကင်နတ်ဘုံ၏ တာအိုဂိုဏ်း နှစ်ပေါင်းများစွာ သုတေသန လုပ်ထားသော ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတအမှတ်အသားများကိုလည်း သိထားသည်။ သူ့အနေဖြင့် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတတိုင်းအား အပြည့်အဝ မတွေးခေါ်နိုင်သေးသလို၊ ထိုက်ဝေသင်္ချာကျမ်းဖြင့် ပြန်လည်မတွက်ချက်ရသေးသော်လည်း ဤနယ်ပယ်တွင် ဘိုးဘေးဝိညာဉ်ကမ္ဘာနှင့် အလားတူသော အသိပညာမျိုး စုဆောင်းမိထား၏။
ချင်မူကား မီးတဟုန်းဟုန်း တောက်လောင်ရင်း ပေါက်ကွဲရန် အချိန်ကောင်းအား စောင့်နေသည့် မီးတောင်ကြီးအလား ကောင်းကင်နတ်သိုင်းများဖြင့် မြင့်မားသော စွမ်းအားများ ရရှိပေတော့မည်။
ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ အသိစိတ်အလျဉ်က သူ့ဦးနှောက်ထဲတွင် ဝင်ရောက်လာရင်း ပေါက်ကွဲတော့မည့် ထိုမီးတောင်ကြီးအား မီးပြင်းတိုက်ကာ အပူထပ်ပေးနေသည်။ မီးတောင်ကား ပေါက်ကွဲလာပြီး တစ်ကမ္ဘာလုံးအား တုန်လှုပ်သွားစေတော့သည်။
သူက ချီစွမ်းအင်နှင့် အသိစိတ်အလျဉ်ကို အသိပညာတစ်ခုတည်းအဖြစ် ပေါင်းစည်းထားလိုက်သဖြင့် ၎င်းကား အရှိန်ပြင်းပြင်း စီးဆင်းလာသော ရေလှိုင်းလုံးပမာ လမ်းရှိ အရာအားလုံးကို လွှမ်းခြံကာ လန်းဆန်းတက်ကြွလာစေသည်။
နောက်ဆုံးတော့ ချင်မူသည် ကောင်းကင်နတ်သိုင်းများ အဋ္ဌမကောင်းကင်ဘုံအား ဖွင့်လှစ်ပြီးသည့်အခါ လမ်းစဉ်မှ နိုးထလာ၏။
သူ၏အသိပညာအားလုံး မသုံးစွဲရသေးသော်လည်း အသိစိတ်အလျဉ်နှင့် မဟာတာအိုသင်္ကေတအမှတ်အသားများ၏ ပေါင်းစည်းမှုမှာ ရှေ့ဆက်မတက်နိုင်တော့ပေ။