လိပ်ပြာလွင့်မတတ် ကြောက်သွားခြင်း
Vol. 75 Ch. 983
ချင်မူက ယဇ်ပလ္လင်အောက်တွင် အောင်ပွဲခံနေသော လူအုပ်ကြီးဆီသို့ ကြည့်လိုက်သည်။ မျိုးနွယ်စုတစ်စုချင်းစီ၏ ခေါင်းဆောင်များက သူတို့၏မျိုးနွယ်၀င်များကို စုရုံးနေကြလေသည်။
“သူတို့ဘာလုပ်နေကြတာလဲ” ချင်မူ စပ်စပ်စုစု မေးလိုက်မိ၏။
“သူတို့က အားလုံးရဲ့ စွမ်းအားကို စုစည်းပြီး နင့်ရဲ့ခန္ဓာကိုယ်နဲ့ အသိစိတ်အလျဉ် သန်မာအားကောင်းလာအောင် လုပ်ပေးဖို့ ပြင်ဆင်နေကြတာ”
နတ်ဘုရင်လန်ဝူက ပြောသည်။ “မဟာဧကရာဇ်ကို စွမ်းအားပေးခဲ့သလို ငါတို့ နင့်ကို လုပ်ပေးမယ်... အဲဒီတုန်းကအတိုင်းတော့ ဖန်ဆင်းရှင်အရေအတွက်က မများတော့ဘူး.... ဒါပေမဲ့ အားလုံး အတူတူပူဇော်ပြီး မြင်ယောင်ဖန်ဆင်းလိုက်ရင် နင့်ရဲ့ ကျင့်စဉ်စွမ်းအင်ကိုတော့ မြှင့်တင်ပေးနိုင်မှာပါ.... နင့်သိုင်းအဆင့်က ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်အဖြစ် ရောက်ဖို့ နှစ်ပေါင်း ၁၁၀ ပဲ ကြာလိမ့်မယ်... နင်က ပိုလို့တောင် သန်မာအားကောင်းနိုင်သေးတယ်... နင့်ရုပ်ခန္ဓာကလည်း မပျက်စီးနိုင်ဘဲ ဖြစ်လာလိမ့်မယ်”
ချင်မူက အောက်ရှိ စိတ်လှုပ်ရှားနေသော လူအုပ်ကြီးဆီသို့ ကြည့်ကာ မြေအောက်ဘုံအရှင်သခင်နှင့် ကောင်းကင်နယ်စားမင်းကဲ့သို့ ရှေးဟောင်းနတ်ဘုရားများအား တွေးလိုက်မိသည်။ ထို့နောက် ခေါင်းရမ်းကာ ပြောလိုက်၏။ “အဲ့ဒါက စွမ်းအားတွေ ပေးနိုင်ပေမယ့် နတ်ဘုရားတစ်ပါး ဖြစ်လာအောင် ပူဇော်ကိုးကွယ်တယ်ဆိုတာက ကျွန်တော့်အစွမ်းအစကို ကန့်သတ်လိုက်ရာကျတယ်.... ကျွန်တော့်ဘာသာကျွန်တော် ကျင့်ကြံပြီး သိုင်းအဆင့်ကို မြှင့်တင်တာပဲ ပိုကောင်းပါလိမ့်မယ်”
အတိတ်တုန်းကဆိုလျှင် ယခုလို အကြီးအကျယ် ပူဇော်ကိုးကွယ်၍ သူ့အား မြင်ယောင်ဖန်ဆင်းပေးမည်ကို ငြင်းဆန်ခဲ့မည်မဟုတ်ပေ။ သို့သော် ယနေ့တွင် ချင်မူသည် ရှေးဟောင်းနတ်ဘုရားများက ဖန်ဆင်းရှင်များ မြင်ယောင်ဖန်ဆင်းထားသော နတ်ဘုရားများဖြစ်သည်ဟု သံသယရှိလာ၏။
သူတို့က သက်ဆိုင်ရာမဟာတာအိုအသီးသီးဖြင့် ကန့်သတ်ခံထားရသည် မဟုတ်ပါလော။ သို့သော် သူတို့၏ကိုယ်ပိုင်တာအိုများမှ ကန့်သတ်ထားခြင်းမဟုတ်ဘဲ သူတို့ကို ဖန်ဆင်းခဲ့သည့် ဖန်ဆင်းရှင်တို့၏ အတွေးများက ကန့်သတ်ထားခြင်းလည်း ဖြစ်နိုင်၏။
ဖန်ဆင်းရှင်များသည် မြေအောက်ဘုံအရှင်သခင်ကို မြင်ယောင်ဖန်ဆင်းခဲ့တုန်းက တရားမျှတသော မရဏနတ်ဘုရားတစ်ပါးအဖြစ် တွေးမြင်ခဲ့ကြလိမ့်မည်။ ထို့ကြောင့်ပင် မြေအောက်ဘုံအရှင်သခင်မှာ ထိုအတွေးများဖြင့် ကန့်သတ်ချုပ်နှောင်ခံထားရသော နတ်ဘုရားတစ်ပါးဖြစ်လာခဲ့သည်။
မြေအောက်ဘုံအရှင်သခင်အား ချုပ်နှောင်ထားသည်မှာ ဖန်ဆင်းရှင်တို့၏ မြင်ယောင်ဖန်ဆင်းမှု၊ အတွေးများမှတစ်ဆင့် ဖွဲ့တည်လာသော သူ၏ခန္ဓာကိုယ်ပင် ဖြစ်သည်။
သို့သော် ဖန်ဆင်းရှင်များက ရှေးဟောင်းနတ်ဘုရားတို့ကို ဖန်ဆင်းခဲ့သည့်အချက်က ချင်မူ၏ခန့်မှန်းချက်သာ ဖြစ်သည်။ အသေးစိတ်မသိပေ။
ချင်မူ ယခုလို သီအိုရီထုတ်နိုင်သည့် အကြောင်းရင်းက နတ်ဘုရင်လန်ဝူ၏ စီးတော်ယာဉ်၊ သက်တံ့ရောင်ဇာမဏီငှက်ကြောင့်ပင် ဖြစ်သည်။ ဇာမဏီငှက်နှင့် ရှေးဟောင်းနတ်ဘုရားတို့က အတူတူဟု ခံစားနေရသဖြင့် ဤဖန်ဆင်းရှင်များ သူ့အား အစွမ်းမြှင့်တင်ပေးမည်ကို ချင်မူ မလိုလားတော့ပေ။
နတ်ဘုရင်လန်ဝူက သူ့ကိုကြည့်၍ ခေါင်းဆောင်များဆီ အသိပေးရန် အသိစိတ်အလျဉ်လှိုင်းဂယက်များ ဖြန့်ကျက်လိုက်သည်။ မျိုးနွယ်အသီးသီး၏ ခေါင်းဆောင်များမှာ အကျိုးအကြောင်းကြားလျှင် အံ့အားသင့်ကုန်ကြသည်။ သို့သော် ချင်မူနှင့် နတ်ဘုရင်၏ အမိန့်ဖြစ်သည့်အတွက် သူတို့အနေဖြင့် လိုက်နာရုံအပြင် ရွေးချယ်စရာ မရှိပေ။
ချင်မူမှာ အလျှိုလျှို ထွက်သွားကြသော လူအုပ်ကြီးကို ကြည့်ကာ စိတ်သက်သာရာရသွားသည်။ ရှေးဟောင်းနတ်ဘုရားများအတွက် ကန့်သတ်ချက် များပြားလွန်း၏။
ရှေးဟောင်းနတ်ဘုရားတို့သည် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ထိုခန္ဓာကိုယ်ကား သူတို့အပိုင်မဟုတ်ပေ။ ရှေးဟောင်းနတ်ဘုရားတို့မှာ သူတို့ကို ကန့်သတ်ထားသည့် အချုပ်အနှောင်ကြားမှ ရုန်းထွက်နိုင်ရန် အဖန်များစွာ ကြိုးစားခဲ့ဖူးကြသည်။ သူက လိုလိုလျားလျား ချုပ်နှောင်ခံလိုက်ရလျှင် တုံးအခြင်း မဟုတ်ပါလော။
“မင်း ဘယ်လိုဖြစ်လို့ ဖန်ဆင်းရှင်တွေရဲ့ ပူဇော်ကိုးကွယ်မှုကို ငြင်းဆန်လိုက်တာလဲ”
ရှုကျွင်း၏ခေါင်းကြီးက ပျံသန်းလာပြီး ခါးခါးသီးသီး ပြောသည်။ “မင်းတော့ မဟာဧကရာဇ် ဖြစ်လာနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီ”
ချင်မူက ပြုံးသည်။ “မဟာဧကရာဇ်ဖြစ်လာမယ်ဟုတ်လား... ကျွန်တော့်ရဲ့ ရည်မှန်းချက်က အဲဒါထက်တောင် ကြီးမားသေးတယ်... မဟာဧကရာဇ်ဖြစ်ရုံနဲ့တင် ဘယ်လိုဖြစ်လို့ စိတ်ကျေနပ်ရမှာလဲ”
ရှုကျွင်းမှာ နှမြောတသ ဖြစ်နေပြီး ခေါင်းရမ်းကာ ပြော၏။ “မဟာဧကရာဇ်က ဘယ်လောက်ကြောက်စရာကောင်းမှန်း မင်းမသိပါဘူး”
“ကျွန်တော် မဟာဧကရာဇ်လို ဖြစ်လာချင်ရင်တောင်မှ သူတို့က ဖြစ်ခွင့်ပေးမှာ မဟုတ်ဘူး... ရှုကျွင်း၊ သူတို့က မဟာဧကရာဇ်တစ်ယောက် ဖန်တီးပြီးသွားပြီ... အဲ့ဒီမဟာဧကရာဇ်ကြောင့်ပဲ သူတို့အားလုံး မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့ရတယ်... သူတို့ အဲ့ဒီလိုထပ်လုပ်မယ် ထင်လို့လား”
ချင်မူက ပြုံးကာ ပြောလိုက်သည်။ “ကျွန်တော် မဟာဧကရာဇ်နောက်တစ်ပါး ဖြစ်လာလို့ ဖန်ဆင်းရှင်တွေကို သုတ်သင်လိုက်ဖို့ ရွေးချယ်လိုက်ရင် ဘယ်လိုလုပ်မလဲ... ကျွန်တော်က ဖန်ဆင်းရှင်တွေရဲ့ အထွတ်အမြတ်ကလေးငယ်လေ... မဟာဧကရာဇ်လို အုပ်ချုပ်သူမှမဟုတ်တာ.... မဟုတ်ရင် ကျွန်တော်တို့ကြားမှာ ကွာခြားချက်ရှိပါတော့မလား”
ရှုကျွင်းက သူ့ကို စိုက်ကြည့်နေသော်လည်း ဤတစ်ခေါက်တွင် သူ၏မျက်လုံးကြီးများက ခုန်ထွက်မလာတော့ပေ။ သူက ပြောသည်။ “မင်း ဒီတစ်ခေါက်ပြောတာ အကျိုးအကြောင်းသင့်တယ်... မင်းက တကယ်ပဲ အဲ့ဒီလောက် စဉ်းစားတတ်တာရေဦ ဟုတ်ရဲ့လား... ငါတော့ မယုံနိုင်ဘူး... မင်းက ကောက်ကျစ်စဉ်းလဲလွန်းတယ်”
ချင်မူက နူးညံ့ချိုသာစွာ ပြုံးကာ နတ်ဘုရင်လန်ဝူဆီ ပြောလိုက်သည်။ “မမကြီး၊ သူတို့ စွမ်းအင်တွေနဲ့ အသိစိတ်အလျဉ်တွေ ပြန်လည်ဖြည့်တင်းနိုင်အောင် အနားယူခွင့်ပေးလိုက်ပါဦး... သူတို့ သက်သာလာရင် ကျွန်တော်တို့အကုန်လုံး ရွှင်ပျော်ပျော်ကျေးရွာဆီ သွားကြမယ်”
နတ်ဘုရင်လန်ဝူက တအံ့တဩဖြင့် မေးလေသည်။ “အကုန်လုံးလား”
ချင်မူ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်... အကုန်”
နတ်ဘုရင်လန်ဝူက မျက်မှောင်အနည်းငယ်ကြုတ်၍ ဇဝေဇဝါမေး၏။ “အဲ့ဒါက နည်းနည်းကြီး တခမ်းတနားနဲ့ မသိသာလွန်းဘူးလား”
သူမမှာ မပြောချင်၍ မပြောသော်လည်း ရှုကျွင်းက သူမအတွေးအတိုင်း မနေနိုင်ဘဲ ဝင်ပြောသည်။ “အကုန်လုံး ဟုတ်လား.... မင်းက မင်းရဲ့ဘိုးဘေးတွေနေရာကို ဖျက်စီးဖို့ လုပ်နေတာလား... အဲဒီအချိန်ကျရင် မင်းရဲ့ဘိုးဘေးတွေ မင်းကို မသတ်ဘူးလို့ အာမခံလား”
ချင်မူ တဟားဟား ရယ်ကာ ခေါင်းယမ်းလိုက်၏။ “ကျွန်တော်က ဖန်ဆင်းရှင်တွေကို ရွှင်ပျော်ပျော်ကျေးရွာရဲ့ ခိုင်ဧကရာဇ်နဲ့ စကားပြောစေချင်ရုံပါ... ကျွန်တော်တို့ အင်အားကို ထုတ်မပြရင် ခိုင်ဧကရာဇ် လက်ခံရင်တောင်မှ သူ့လက်အောက်ငယ်သားတွေက ကျွန်တော်တို့နဲ့ အေးအေးချမ်းချမ်း နေထိုင်ဖို့ သဘောတူမှာမဟုတ်ဘူး”
သူ့မျက်ဝန်းများ လှုပ်ခတ်သွားသည်။ ‘ဒါက ခိုင်ဧကရာဇ် လိပ်ပြလွင့်မတတ် ကြောက်သွားအောင် လုပ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းပဲ’
နတ်ဘုရင်လန်ဝူသည် သူ့ကို လေးလေးနက်နက် ကြည့်၍ ခေါင်းဆောင်များအား ကျန်မျိုးနွယ်ဝင်များဆီ အကြောင်းကြားခိုင်း၏။
ငါးရက်ကြာသည့်အခါ ပူဇော်ပွဲ၌ ပါဝင်ခဲ့ကြသည့် ဖန်ဆင်းရှင်များ၏ အသိစိတ်အလျဉ်များ ထိပ်ဆုံးအခြေအနေသို့ ပြန်ရောက်သွားကြသည်။ နတ်ဘုရင်လန်ဝူက မျိုးနွယ်ဝင်များကို ဦးဆောင်ကာ ရွှင်ပျော်ပျော်ကျေးရွာသို့ ချီတက်ရန် ခေါင်းဆောင်များထံ ညွှန်ကြားလိုက်သည်။
ထိုအမိန့် ရောက်လာသည့်အချိန်တွင် ဖန်ဆင်းရှင်အားလုံး စိတ်လှုပ်ရှားကုန်ကြသည်။ သူတို့က ပြောသည်။ “အထွတ်အမြတ်ကလေးငယ်ဆိုတဲ့အတိုင်း ရွှင်ပျော်ပျော်ကျေးရွာကို တစ်ခါတည်း တိုက်ခိုက်တော့မှာပဲ”
“သူခိုးချင်က ငါတို့ကို ဒုက္ခပေးနေခဲ့တာ ကြာပြီ... အထွတ်အမြတ်ကလေးငယ်က ရန်သူတွေကို သုတ်သင်ချေမှုန်းဖို့ ကောင်းကင်ဘုံက စေလွှတ်လိုက်တဲ့ သူတော်စင်တန်ခိုးရှင်ပဲ”
“ငါတို့ ပေါ့ပေါပျက်ပျက်တော့ နေလို့မရဘူး... ဟိုဖက်မှာ ခေါင်းကြီးကြီးနဲ့ ကလေးကြီး ရှိတယ်မဟုတ်လား”
“အထွတ်အမြတ်ကလေးငယ်က သူ့ကို နိုင်ပါတယ်”
“နိုင်ရမှာပေါ့”
...
ချင်မူနှင့် နတ်ဘုရင်လန်ဝူက အမြင့်ထက်တွင် ရပ်နေသည်။ ချင်မူသည် ဖန်ဆင်းရှင်များ စစ်တပ်များ၊ မိသားစုများကို ဦးဆောင်လာသည်ကို မြင်လျှင် မျက်မှောင်ကြုတ်သွား၏။ ဖန်ဆင်းရှင်များက အသိစိတ်အလျဉ်များဖြင့် ကောင်းကင်နတ်သိုင်းများ ထုတ်ဖော်ကစားနေကြပြီး လက်နက်များ မြင်ယောင်ဖန်ဆင်းနေကြသည်။ ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် အသိစိတ်အလျည် ကောင်းကင်နတ်သိုင်းများ မတူကြပေ။ သူတို့၏စီးတော်ယာဉ်များ၊ သားရဲများလည်း အလားတူပင်။
နဂါးများ၊ ဇာမဏီငှက်များကဲ့သို့ သားရဲများကို စီးတော်ယာဉ်များအဖြစ် မြင်ယောင်ဖန်ဆင်းခြင်းမှာ မထူးဆန်းသော်လည်း အတော်များများက ထူးခြားဆန်းပြားသော စီးတော်ယာဉ်များကို မြင်ယောင်ဖန်ဆင်းထားကြ၏။ ကျစ်လီမျိုးနွယ်ခေါင်းဆောင်၏ စီးတော်ယာဉ်၊ ဧရာမတီကောင်အဖြူကြီးကတင် ထူးဆန်းနေပြီဖြစ်သည်။ သို့တိုင်အောင် ဧရာမပင့်ကူကြီးများ၊ ခြေရှစ်ချောင်း မကောင်းဆိုးဝါး၊ အမွှေးပေါက်နေသော မြွေကြီးနှင့် သစ်ခြောက်ပင်ကြီးတို့ပင် ပါဝင်ကြသည်။
ထို့အပြင် သင်္ဘောများ၊ ရတနာလှည်းများအထက်တွင် ခြေထောက်ပါသည့် အိမ်ပျံကြီးများလည်း တွေ့ရ၏။ တချို့ဆိုလျှင် ဧရာမဥကြီးတစ်လုံးထဲ၌ ထိုင်နေကြသည်။
ဖန်ဆင်းရှင်များ ရာနှင့်ချီအား သယ်ဆောင်လာကြသော အထွတ်အမြတ်ပစ္စည်းပျံများလည်း တွေ့မြင်ရသည်။ လူကြီးတချို့က ဂြိုဟ်ကြီးများကို တွန်းနေကြပြီး ကလေးငယ်များသည် ဂြိုဟ်များအပေါ်၌ ထိုင်နေကြ၏။ လူကြီးတို့က ဂြိုဟ်များကို တွန်းပြီးနောက် ခုန်တက်ကာ ရွှင်ပျော်ပျော်ကျေးရွာသို့ စီးသွားကြသည်။
ဖန်ဆင်းရှင်လူငယ်တချို့ကမူ သိုင်းအဆင့်လိုအပ်မှုကြောင့် တောင်ပံများ မြင်ယောင်ဖန်ဆင်းပြီး သူတို့ဘာသာ ပျံသန်းကြသည်။
သို့တိုင်အောင် သူတို့၏တောင်ပံများမှာ တစ်သမတ်တည်း မရှိပေ။ တချို့က ကြီးသည်၊ တချို့က သေးသည်၊ တချို့က ရှည်သည်၊ တချို့က တိုသည်။ တချို့တွင် ရောင်စုံတောင်ပံများပင် ရှိကြ၏။
တောင်ပံများ၏ ဓာတ်သတ္တိများလည်း မတူပေ။ တချို့တွင် မိုးကြိုးဓာတ် ရှိပြီး တချို့တွင် လေဓာတ်၊ မီးဓာတ်များ ရှိကြသည်။ တချို့သည် မိုးရွာသွန်းခြင်းမှတစ်ဆင့် ရေလှိုင်းများပင် ထုတ်လွှတ်ပေးနိုင်၏။
သို့သော် ဤသည်မှာ ချင်မူ့ကို တမေ့တမော အံ့အားသင့်သွားစေသော အရာမဟုတ်ပေ။
သူ့ကို အံ့အားသင့်စေသည်မှာ ဖန်ဆင်းရှင်များ စစ်ချီတက်နေသည့် ပုံစံက ကသောင်းကနင်း ဖြစ်နေခြင်းပင်။ သူတို့ကား ထွက်ပြေးနေကြသကဲ့သို့ ပြေးလွှားနေကြရာ ရွှင်ပျော်ပျော်ကျေးရွာကို ခြိမ်းခြောက်နိုင်မည့် စစ်တပ်ကြီးနှင့် မတူပေ။
ချင်မူမှာ ဒေါသထွက်လွန်းသဖြင့် လက်နှစ်ဖက်လုံး တဆတ်ဆတ် တုန်နေသည်။ သူက အသက်ရှူသွင်း ရှူထုတ်ရင်း ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဧကရာဇ်အတိုင်ပင်ခံ သူတို့ကို လေ့ကျင့်ပေးရင်တောင် ဆယ်စုနှစ်နဲ့ ချီ ကြာမှပဲ စည်းစနစ်ကျကျနဲ့ အသုံးဝင်တဲ့ စစ်တပ်ဖြစ်လာမှာ... ဒီလို ဖရိုဖရဲ စစ်တပ်တစ်တပ်က ခိုင်ဧကရာဇ်လို အင်အားကြီးတဲ့ ဘုရင်တစ်ယောက်ကို လိပ်ပြာလွင့်မတတ် ကြောက်သွားစေနိုင်ပါ့မလား”
ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံက ဝင်္ကပါများတွင် ဖြစ်စေ၊ ဗျူဟာများတွင် မည်မျှအင်အားကြီးမားကြောင်း သူ သိသည်။ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံသည် တန်ခိုးကြီးမားသော ပြည်ထောင်စုတစ်စုကို တည်ထောင်နိုင်ခဲ့၏။ စစ်ရေးအတွေ့အကြုံ ပေါများသော နတ်ဘုရားများ၊ မိစ္ဆာများအနေဖြင့် ဖန်ဆင်းရှင်များထက်ပို၍ စစ်မြေပြင်အပေါ် ကိုင်တွယ်ထိန်းချုပ်နိုင်သည်။
တစ်ယောက်တစ်ယောက်ချင်းတွင် ဖန်ဆင်းရှင်များသည် အစွမ်းထက်၏။ သို့သော် အကြီးစားစစ်ပွဲတွင် ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံက များစွာအင်အားကြီးမားသည်။
ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံတွင် ကောင်းကင်ဆရာသခင်ကျစ်ရှီ၊ ယန်ယွင်ရှီကဲ့သို့ ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုများ ရှိကြသည်။
ယန်ယွင်ရှီဟူ၍ အသိများသော စာပေသမားကျစ်ရှီက ဝင်္ကပါအခင်းအကျင်းတွင် အဆင့်အမြင့်မားဆုံး ဖြစ်သည်။ သူမသည် အမိကမ္ဘာမြေနှစ်ယောက်ကို သူမဘာသာ တိုက်ခိုက်ပြီး သိုင်းပညာကောင်းကင်ဆရာသခင်ကွမ်းချာကဲ့သို့ ဧကရာဇ်ပလ္လင်အဆင့် အဆင့်မြင့်သိုင်းပညာရှင်များကိုပင် ချေမှုန်းနိုင်၏။
ထို့အပြင် နေရာရွှေ့ပြောင်းဝင်္ကပါများနှင့် ကောင်းကင်နတ်သိုင်းများက ခိုင်ဧကရာဇ်ခေတ်၏ ထုတ်ကုန်များ ဖြစ်ကြသည်။ ၎င်းတို့က ထိုခေတ်အခါ၏ အဆင့်အမြင့်ဆုံး သင်္ချာကို ကိုယ်စားပြုကြသည်။
နတ်ဘုရင်လန်ဝူက ပြောသည်။ “စိတ်မပူပါနဲ့ အထွတ်အမြတ်ကလေးငယ်... သူတို့နဲ့ အသိစိတ်အလျဉ်ကနေ တစ်ဆင့် ဆက်သွယ်လိုက်ရင် စနစ်တကျ နေရာယူခိုင်းနိုင်ပါတယ်”
ချင်မူက သက်ပြင်းချကာ ပြောသည်။ “စနစ်တကျ နေရာယူနိုင်တယ်ဆိုတိုင်း မရှုံးနိုင်တဲ့ စစ်တပ်လို့ မခေါ်ဘူး.. ဝင်္ကပါအခင်းအကျင်းအမျိုးမျိုး၊ သနင်္ဂဗျူဟာအမျိုးမျိုးမှာ ကျွမ်းကျင်နေဖို့ လိုတယ်... သူတို့အနေနဲ့ မတူညီတဲ့ အခင်းအကျင်းတိုင်းနဲ့ မတူညီတဲ့ အသတ်အဖြတ်ဝင်္ကပါတွေကို ဖော်ဆောင်နေရမှာ.... ဖန်ဆင်းရှင်တိုင်းနဲ့ လက်နက်တိုင်း၊ ကောင်းကင်နတ်သိုင်းတိုင်းက အဲဒီဝင်္ကပါရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေရမယ်... အခုတော့ ရှုပ်ယှက်ခတ်နေတာပဲ”
သူက သက်ပြင်းထပ်ချ၏။ “ရွှင်ပျော်ပျော်ကျေးရွာကို အဲဒီအတိုင်း သွားရင် ခိုင်ဧကရာဇ်တော့ သေချာပေါက် ဟားတိုက်ရမှာပဲ... ကျွန်တော်တို့က အစွယ်ထုတ်ပြတာမဟုတ်ဘဲ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်နေမှာ... အခု သူတို့ကို ဝင်္ကပါတစ်ခုအတိုင်း ခင်းကျင်းခိုင်းရုံပဲ ရှိတော့တာပေါ့လေ... ဒါပေမဲ့ ကျွန်တော့်အသိစိတ်အလျဉ်က အကုန်လုံးကို ထိန်းသိမ်းနိုင်တဲ့အထိ အားမကောင်းသေးဘူး”
နတ်ဘုရင်လန်ဝူသည် ပြော၏။ “စစ်သည်တော်တွေနဲ့ ဆက်သွယ်ဖို့ ငါ့အသိစိတ်အလျဉ်ကို သုံးလို့ ရပါတယ်”
ချင်မူမှာ သက်ပြင်းချပြန်သည်။ “အဲဒါပဲ ရွေးစရာရှိတော့တယ်”
သူ၏အသိစိတ်အလျဉ်က နတ်ဘုရားလန်ဝူ၏ အသိစိတ်အလျဉ်နှင့် ချိတ်ဆက်သွားကာ သူမ၏အသိစိတ်အလျဉ် မည်မျှနက်ရှိုင်းကြောင်း ခံစားလိုက်ရသည်။ ၎င်းသည် အဆုံးမရှိသော သမုဒ္ဒာကြီးတစ်စင်းအလား ထင်ရ၏။
သူတို့၏အသိစိတ်အလျဉ် လှုပ်ရှားလိုက်သည့်အခါ ချင်မူမှာ သူ့မြင်ကွင်းတစ်ခုလုံး အကွာအဝေးတစ်ခုအထိ ကျယ်ပြန့်သွားသည်ကို မြင်လိုက်ရသည်။
ဖန်ဆင်းရှင်တစ်ယောက်ချင်းစီနှင့်လည်း ရှင်းလင်းပြတ်သားစွာ ဆက်သွယ်နိုင်သွား၏။ ဖန်ဆင်းရှင်တစ်ယောက်ချင်းစီ၏ အတွေးများက သူ့ခေါင်းထဲတွင် ပြတ်ပြတ်သားသား လာရောက်ထင်ဟပ်နေသည်။
ထိုကဲ့သို့ သန်မာအားကောင်းသော အသိစိတ်အလျဉ်ကား တိုင်းတာမရလောက်အောင် နက်ရှိုင်းပေသည်။
နတ်ဘုရင်လန်ဝူ၏ အကူအညီဖြင့် ချင်မူ့အတွက် ဖန်ဆင်းရှင်တိုင်း၏ အတွေးများအား ထိန်းချုပ်ရန် လွယ်ကူသွားသည်။ ‘ဒီလိုနည်းလမ်းမျိုး ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ပျံ့နှံ့လာသင့်တယ်... အသိစိတ်အလျဉ်နဲ့ ချီစွမ်းအင် ပေါင်းစည်းမှုကိုလည်း ဖြန့်ဝေပေးရမယ်... ဒါဆို ငါတို့ ပြိုင်ဘက်ကင်းတဲ့ စစ်တပ်တစ်ခုကို အလွယ်တကူ တည်ဆောက်နိုင်ပြီ’
လမ်းတွင် သူသည် နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်ကို အသုံးချကာ ဖန်ဆင်းရှင်တစ်ယောက်ချင်းစီအား အမိန့်ပေး၍ စစ်ရေးအခင်းအကျင်းအား ပြောင်းလဲပြုပြင်ပေးနေသည်။ သူက သူတို့ မြင်ယောင်ဖန်ဆင်းထားသော ပေါက်တတ်ကရ ပစ္စည်းများကို စွန့်ပစ်ခိုင်းပြီး တပ်စိတ်အလိုက် ပစ္စည်းတစ်ခုတည်းကိုသာ မြင်ယောင်ဖန်ဆင်းခိုင်းသည်။
နားမထောင်သော ဖန်ဆင်းရှင်များအတွက်မူ ချင်မူက ခေါင်းဆောင်များ၊ အကြီးအကဲများဆီ တာဝန်ပေးလိုက်သည်။ ခေါင်းဆောင်များက သူတို့ကို ဆူပူကြိမ်းမောင်းကာ ဖိအားပေး၏။ နားမထောင်သည့် ခေါင်းဆောင်များကိုမူ နတ်ဘုရင်လန်ဝူက ကိုင်တွယ်သည်။
စစ်ချီတက်နေစဉ် စစ်ရေးအခင်းအကျင်းအား ပြုပြင်ပေးနေရသည်မှာ ခက်ခဲသော်လည်း နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်က ဖန်ဆင်းရှင်များကို ထိန်းချုပ်နိုင်သောကြောင့် ခေါင်းပြတ်နေသော ကြက်များသဖွယ် ပြေးလွှားနေသည်ကိုလည်း တားမြစ်လိုက်သည်။
ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံသည် ကပ်ဘေးနှင့် ရင်ဆိုင်ရစဉ်တုန်းက ကောင်းကင်နတ်မင်းလေးပါး၏ ပျက်ကွက်မှုကြောင့် လျင်မြန်စွာ ရှုံးနိမ့်ခဲ့ရ၏။ ထိုအကြောင်းရင်းအား ချင်မူ သိသွားချေပြီ။
အင်အားကြီးမားသော ရန်သူနှင့် ရင်ဆိုင်ရသည့်အခါ စစ်ရေးအခင်းအကျင်းနှင့် စစ်သူကြီးများအား မပြောင်းလဲရပေ။ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်မင်းလေးပါးသည် စစ်တပ်ကို ထိန်းချုပ်ရသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ခဲ့သဖြင့် ကောင်းကင်ဆရာသခင်လေးပါးက ကိုယ်စားဦးဆောင်ပေးခဲ့ရသည်။
စစ်တပ်တစ်တပ်ကို လေ့ကျင့်ပေးရခြင်းက ခက်ခဲလျှင် စစ်ရေးအခင်းအကျင်းများ၊ စစ်သူကြီးများ ပြောင်းလဲသွားလျှင် မည်မျှပို၍ ခက်ခဲလာမည်လဲ ကောင်းစွာ စိတ်ကူးကြည့်နိုင်သည်။
‘စနစ်တကျ ချီတက်ရုံနဲ့ မလုံလောက်ဘူး... ဒီစစ်ရေးအခင်းအကျင်းက လူတွေကို ကြောက်သွားစေဖို့ပဲ လိုတာ... အတုအယောင်သက်သက်ပဲ.. ဒါပေမဲ့ ယန်ယွင်ရှီလို ဝင်္ကပါပညာရှင်တစ်ယောက်ကိုတော့ ခြောက်ဖို့ ခက်လိမ့်မယ်’
ချင်မူ ရင်ထဲတွင် ခိုးလုခုလု ဖြစ်နေ၏။ ‘သူ ဖုန်းတုကနေ ရွှင်ပျော်ပျော်ကျေးရွာဆီ မပြန်သေးဖို့ပဲ မျှော်လင့်ရမှာပေါ့’
ရွှင်ပျော်ပျော်ကျေးရွာ, ကောင်းကင်ဘုံ ၃၃ ဘုံ
ခိုင်ဧကရာဇ်သည် ပရမတ္တကမ္ဘာသို့ ရောက်လာခဲ့ပြီးနောက်တွင် မြေစိတ်လေးတစ်စိတ်အား ကောင်းကင်ဘုံ ၃၃ အဖြစ် ပြောင်းလဲကာ ရွှင်ပျော်ပျော်ကျေးရွာအား တည်ဆောက်ခဲ့၏။ ထိုစဉ်ကတည်းက ရွှင်ပျော်ပျော်ကျေးရွာမှာ ဆင်းရဲဒုက္ခမျိုးစုံ ခါးစည်းခံခဲ့ရလေသည်။
ဖန်ဆင်းရှင်တို့၏ ကြယ်ဖန်ဆင်းရှင်များက ရွှင်ပျော်ပျော်ကျေးရွာ၊ ကောင်းကင်ဘုံ ၃၃ ဘုံ၏ ပတ်ပတ်လည်တွင် မရေမတွက်နိုင်သော ကြယ်များ ဖန်ဆင်းတတ်သည်။ သူတို့က ကြယ်လမ်းကြောင်းမှန်သမျှ ဖြတ်တောက်ခံထားရထားသဖြင့် ရံဖန်ရံခါ ဂြိဟ်ကြီးများက ရွှင်ပျော်ပျော်ကျေးရွာထဲသို့ပင် ပြတ်ကျလာတတ်သည်။
ယခုအချိန်တွင် ရွှင်ပျော်ပျော်ကျေးရွာ၏ ကြယ်နက္ခတ်ဌာနက ရွှင်ပျော်ပျော်ကျေးရွာကို ကာကွယ်ရန် နတ်ဘုရားများထံ သတင်းပို့ပေးကာ ကျလာသည့် ဂြိုဟ်များ ၊ ကြယ်များအား ဖျက်စီးဖြိုခွဲတတ်သည်။
ထိုအချိန်မှစ၍ ဖန်ဆင်းရှင်များကလည်း ကြယ်များ၊ ဂြိုဟ်များအတွင်းမှ ထွက်လာကာ ရွှင်ပျော်ပျော်ကျေးရွာကို တိုက်ခိုက်တတ်၏။
ခိုင်ဧကရာဇ်၏ ၁၀၇ ဆက်မြောက် မျိုးဆက်၊ ချင်ဖုန်းကျင့် သူ၏မိဘများနှင့်အတူ အပြင်မှ ရောက်လာသည့်အချိန်မှ အခြေအနေမှာ တိုးတက်လာခဲ့သည်။ ကျူးကျော်လာသည့် ဖန်ဆင်းရှင်တိုင်းအား ချင်ဖုန်းကျင့်က စားပစ်တတ်သဖြင့် ကျူးကျော်မှုများ ရပ်တန့်သွားသည်။
ယခုတွင် ကြယ်များ၊ ဂြိုဟ်များ၏ အပျက်အစီးတို့က ရွှင်ပျော်ပျော်ကျေးရွာကို ပိတ်ဆို့ထားသည်။ နတ်ဘုရားတချို့သာ လှေသင်္ဘောများဖြင့် ရွှင်ပျော်ပျော်ကျေးရွာမှ ထွက်နိုင်ကြလေသည်။
၃၃ ဘုံမြောက် ကောင်းကင်ဘုံသို့ သတင်းများစွာ ရောက်လာသည်။ ယောက်ျားစာပေသမားတစ်ယောက်လို ဝတ်ထားသော ယန်ယွင်ရှီက အစီအရင်ခံစာကို ကြည့်ကာ ရယ်လိုက်၏။ “ဒီဖန်ဆင်းရှင်တွေက စစ်ရေးအခင်းအကျင်းတော့ ခင်းတတ်သွားပြီပဲ... ဘယ်လောက် စိတ်ဝင်စားစရာကောင်းလိုက်သလဲ... ဒါပေမဲ့ အဲဒီအခင်းအကျင်းက အတုကြီး ဖြစ်နေတယ်... ကျုပ်ရဲ့ ဝင်္ကပါတွေနဲ့တော့ မယှဉ်နိုင်ဘူး... ဧကရာဇ်၊ ဒဏ်ရာတွေက သက်သာပြီလား”
ခိုင်ဧကရာဇ်က မျက်မှောင်ကြုတ်ကာ ပြောသည်။ “သက်သာပြီ... ငါ့အတွက် စိတ်ပူမနေနဲ့... ဖန်ဆင်းရှင်တွေ ကြည့်ရတာ ငါတို့ကို သုတ်သင်ပစ်ချင်လို့ လှုပ်ရှားနေတာ ထင်တယ်”
ယန်ယွင်ရှီသည် ပြုံးလိုက်၏။ “ဘာတွေ စိတ်ပူနေတာလဲ ခိုင်ဧကရာဇ်ရဲ့... ကျုပ် ရှိရင် သူတို့ အီးတောင် လှည့်မရောက်ရဲဘူး”
ခိုင်ဧကရာဇ်သည် သက်ပြင်းချကာ ပြော၏။ “ငါတို့အတွက် စိတ်ပူနေတာမဟုတ်ဘူး.. ချင်မူ့အတွက် စိတ်ပူနေတာ... သူတို့ သူ့ကို စတေးလိုက်ရင် ဘယ်လိုလုပ်မလဲ”
ယန်ယွင်ရှီလည်း မျက်မှောင်ကြုတ်ကာ သက်ပြင်းချသည်။ “သူက အမြဲ အဲဒီလိုပဲ... တဇောက်ကန်းလုပ်တယ်... သူ့အတွေးပဲ သူ သိတယ်.... အမြဲ မီးနဲ့ကစားတယ်... အသက်နဲ့ လောင်းကြေးထပ်တယ်... ဒီနတ်ဘုရင်လန်တူက ဉာဏ်ကောင်းလွန်းတဲ့သူဆိုတော့ သူ့ဝိညာဉ်ကို သိမှာပဲ... သူက အဲဒါသုံးပြီး ကျွန်မတို့ကို ဖိနှိပ်မှာ.... စစ်တပ်ကြီး ရောက်လာရင် ကျုပ်တို့အ ရှေ့မှ သူ့ကို သေချာပေါက် စတေးလောက်တယ်”
“ရွှင်ပျော်ပျော်ကျေးရွာက ရှေ့မှာပဲ”
ဖန်ဆင်းရှင်စစ်တပ်၏အလယ်တွင် ချင်မူက နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်ဖြင့် ကျန်ရှိသူများဆီ စကားလှမ်းပို့လိုက်သည် “သူချိုးချင် အဲဒီနေရာမှာပဲ.... အားလုံး သူ လိပ်ပြာလွင့်မတတ် ကြောက်သွားအောင် ခြောက်ကြစို့”
ဟင်းလင်းပြင်ထဲဆတွင် ဖန်ဆင်းရှင်တို့၏အသိစတ်အလျဉ်များသည် ကမ္ဘာမြေ တုန်ဟည်းသွားစေသော အသံကြီးဖြင့် ဟိန်းထွက်လာ၏။ “လိပ်ပြာလွင့်မတတ် ကြောက်သွားအောင် ခြောက်ကြမယ်”