ပေါက်ကွဲသွားတော့ လော့ရှောင်
Vol. 75 Ch. 982
“ကောင်းကင်နတ်သိုင်း ကောင်းကင်ဘုံရှစ်ဘုံ”
ချင်မူ ငေးငေးငိုင်ငိုင်ဖြင့် မယုံနိုင်ဖြစ်နေသည်။ သူသည် ယခင်တုန်းက ကောင်းကင်နတ်သိုင်းမှတဆင့် လမ်းစဉ်သို့ ၀င်ရောက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
ကောင်းကင်နတ်သိုင်းမှတဆင့် လမ်းစဉ်သို့၀င်ရောက်ရန် လူတစ်ယောက်သည် မှော်အစီအရင်များနှင့် ကောင်းကင်နတ်သိုင်းအရာ၌ ထူးချွန်ရန် လိုအပ်၏။ သို့သော် သူက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုကိုသာ ပဲ့ကိုင်နေခဲ့သည့်အတွက် တချို့အလုပ်များကို တခြားသူများနှင့် အပ်ထားခဲ့ရလေသည်။
ဥပမာ သံလိုက်ဆွဲအားသည် လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းတို့၏ အခြေခံစနစ်တစ်ခုကို ဖော်ဆောင်နိုင်သည့်အကြောင်း ချင်မူ တွေးခေါ်နိုင်ခဲ့၏။ ထို့ကြောင့် သံလိုက်စွမ်းအားသင်္ကေတအမှတ်အသားများအား ထုတ်လွှတ်ပေးနိုင်သော ညီမျှခြင်းတချို့ ဖန်တီးပေးနိုင်ခဲ့သော်လည်း ဆက်လက်သုတေသနမလုပ်ဘဲ အဘွားစစ်ဆီသို့ ပေးခဲ့၏။
အဘွားစစ်က သံလိုက်ဆွဲအားသင်္ကေတ အမှတ်အသားအားလုံးကို သုတေသနလုပ်ပြီးနောက် သံလိုက်ဆွဲအားကောင်းကင်နတ်သိုင်းဖြင့် လမ်းစဉ်သို့ တိုက်ရိုက်၀င်ရောက်သွားခဲ့သည်။
ချင်မူသည် သံလိုက်ဆွဲအားသင်္ကေတအမှတ်အသားများနှင့် သံလိုက်ကောင်းကင်နတ်သိုင်းများကို တတ်မြောက်သော်လည်း လမ်းစဉ်၀င်ရောက်ရန် အခွင့်အရေးအား လက်လွှတ်ဆုံးရှုံးခဲ့ရ၏။
လမ်းစဉ်သို့၀င်ရောက်ခြင်းမှာ ခက်ခဲသော အလုပ်ဖြစ်လေသည်။ တစ်သန်းတွင် တစ်ယောက်သာ လုပ်နိုင်သည်ဆိုလျှင်ပင် ချဲ့ကားရာမရောက်ပေ။
ဤတစ်ကြိမ်တွင် ချင်မူက သင်္ကေတအမှတ်သားများနှင့်ပတ်သက်သော သူ၏အတွေးအမြင်များနှင့် ရှေးဟောင်းနတ်ဘုရားတို့၏ တာအိုအမှတ်အသားများကို ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျှင်များဖြင့် ပေါင်းစည်းကာ မဟာကျင့်စဉ်စနစ်နှစ်ခု၏ အသိပညာကို တစ်သားတည်း ဖြစ်စေခဲ့ချေပြီ။ ဤနည်းလမ်းဖြင့် သူကား ကောင်းကင်နတ်သိုင်း၏ ကောင်းကင်ဘုံရှစ်ဘုံအထိ တစ်ခါတည်း ဖွဲ့တည်နိုင်ခဲ့သည်။
သို့သော် ဤစနစ်ကြီးနှစ်ခု၏ အသိပညာက မကုန်ခမ်းသေးပေ။ သူ့အနေဖြင့် ဤစနစ်နှစ်ခုကို ဆက်လက်တွေးခေါ်ပြီး သူ၏ကောင်းကင်နတ်သိုင်းကို ပို၍မြင့်မားသောအဆင့်သို့ တွန်းပို့ရန် လိုအပ်သည်။
သူက လမ်းစဉ်သို့ ၀င်ရောက်နေရာမှ နိုးထလာပြီး ရရှိထားသည့် အသိပညာတို့ကို ဂရုတစိုက် ဆင်ခြင်သုံးသပ်ကြည့်သည်။ သူ၏ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်လာသည်။ “လမ်းစဉ်ထဲ ၀င်ရောက်တာက ဒီလောက်လွယ်လိမ့်မယ် မထင်ထားဘူး”
ဘိုးဘေးဝိညာဉ် ၂၇ ယောက် တိတ်ဆိတ်သွားသည်။
လမ်းစဉ်သို့ ၀င်ရောက်ခြင်းက အမှန်တကယ်ပဲ ထိုမျှလွယ်ကူသည်လော။
ဖန်ဆင်းရှင်တို့ နှစ်သန်းပေါင်းများစွာ စောင့်ဆိုင်းနေခဲ့သော အထွတ်အမြတ်ကလေးငယ်သည် သူ့စကားက မည်မျှနာကျင်စရာကောင်းမှန်းမသိပေ။ လမ်းစဉ်သို့ ၀င်ရောက်ခြင်းက အမှန်တကယ် ထိုမျှရိုးရှင်းလျှင် ဖန်ဆင်းရှင်မျိုးနွယ်မှာ လက်ရှိအခြေအနေ ဖြစ်နေပါမည်လော။
ဘိုးဘေးဝိညာဉ်တစ်ယောက်က ပြောသည်။ “မင်း လမ်းစဉ်မှာ ကောင်းကင်ဘုံ ၁၈ ဘုံအထိ တန်းရောက်သွားမယ် ထင်ထားခဲ့တာ... ရှစ်ဘုံပဲ ဖြစ်လိမ့်မယ် မထင်ထားခဲ့ဘူး”
ကျန်ဘိုးဘေးဝိညာဉ်ကြီးများက ခေါင်းညိတ်ကာ သဘောတူကြသည်။ “ကောင်းကင်ဘုံ ၁၈ ဘုံဆိုရင် ပိုပြီး သင့်တော်လိမ့်မယ်... ရှစ်ဘုံက နည်းနေသလိုပဲ”
“ဟုတ်တယ်... ငါတို့မျိုးနွယ်ရဲ့ အထွတ်အမြတ်ကလေးငယ်အနေနဲ့ မင်းက ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက်ပဲ... ကောင်းကင်ဘုံရှစ်ဘုံက နည်းနည်း နည်းတာပေါ့”
ချင်မူမှာ စကားပြောနေခြင်း ရပ်သွားပြီး သူ့မျက်နှာသည် မီးသွေးပမာ မည်းခြစ်နေ၏။
ဘိုးဘေးဝိညာဉ်တစ်ယောက်က သူ့ဘက်မှ ပြောပေးသည်။ “ကောင်းကင်ဘုံရှစ်ဘုံလည်း သိပ်မဆိုးလှပါဘူး.... ဘာပဲပြောပြော လမ်းစဉ်ကို ၀င်ရောက်သွားပြီလေ.. အထွတ်အမြတ်ကလေးငယ် စိတ်ထဲသိပ်မထားပါနဲ့... သာမန်ဖန်ဆင်းရှင်တွေနဲ့ယှဉ်ရင် မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ”
ကျန်ဘိုးဘေးဝိညာဉ်များက ပြိုင်တူပြောကြသည်။ “အထွတ်အမြတ်ကလေးငယ် ကြိုးစားအားထုတ်ရင်တော့ ပါရမီလိုနေတဲ့နေရာတွေ ဖြည့်ပေးနိုင်မှာပါ... နည်းနည်းလောက် ဉာဏ်တုံးနေရင်လည်း ကိစ္စမရှိပါဘူး... ဖြည်းဖြည်းမှန်မှန် ကြိုးစားရင် အောင်မြင်မှုဆိုတာ လက်တစ်ကမ်းမှာပဲ”
နတ်ဘုရင်လန်ဝူက ဤဘိုးဘေးဝိညာဉ်များဆီသို့ ပြုံးပြကာ ခေါင်းဟန့်လိုက်သည်။ ထိုအခါမှ သူတို့က ချင်မူ့ကို ထိုးနှက်နေသည်အား ရပ်တန့်လိုက်ကြ၏။
ချင်မူက ဦးညွှတ်အရိုအသေပေး၍ ကျေးဇူးတင်စကား ဆိုသည်။ “ဖန်ဆင်းရှင်တို့ဆီက အသိပညာတွေ ရရှိလိုက်တာ ကျေးဇူးတင်ပါတယ်... ကျွန်တော် ဖန်ဆင်းရှင်တို့ စိတ်မပျက်ရအောင် အကောင်းဆုံးကြိုးစားပါ့မယ်”
ဘိုးဘေးဝိညာဉ်များက သူ့ကို ပြန်လည်အရိုအသေပေးကာ ပြောသည်။ “အထွတ်အမြတ်ကလေးငယ် မင်း ငါတို့ကို ဒီနေ့ပေးခဲ့တဲ့ ကတိ မမေ့ပါနဲ့.... ပရမတ္တကမ္ဘာနဲ့ မဟာလေဟာနယ်အတွက် မကြာခင် ငြိမ်းချမ်းရေးဆောင်ကျဉ်းပေးပါ... မင်း အခု သွားလို့ရပြီ”
“ကျွန်တော်ပေးခဲ့တဲ့ကတိကို ဘယ်တော့မှ မမေ့ပါဘူး” ချင်မူက အလေးအနက်ပြောလိုက်သည်။
ဘိုးဘေးဝိညာဉ်များသည် ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ အနီရောင်အလင်းတန်းအတွင်း၌ တစ်ယောက်ပြီးတစ်ယောက် ပျောက်ကွယ်သွားကြ၏။ သူတို့၏ အသိစိတ်အလျဉ်များက ဆက်လက်တုန်ခါနေကြသည်။
“အထွတ်အမြတ်ကလေးငယ်က နည်းနည်းလေးတုံးနေတာကလွဲရင် ကျန်တာတော့မဆိုးဘူး... ကောင်းကင်ဘုံရှစ်ဘုံတဲ့...”
“တိုးတိုးလုပ်ဟ... မင်း နတ်ဘုရင် ချောင်းဟန့်လိုက်တာ မကြားဘူးလား... သူက ငါတို့ကို ရပ်ဖို့ ပြောနေတာ... အထွတ်အမြတ်ကလေးငယ် ကြည့်ရာ ဝမ်းနည်းနေတဲ့ပုံပဲ”
“ဟီးဟီး... ငါတို့မျိုးနွယ်စုတစ်စုလုံးရဲ့ အသိပညာက ကောင်းကင်ဘုံရှစ်ဘုံပဲတဲ့”
“မပြောပါနဲ့တော့ဆို”
.....
ချင်မူ၏မျက်နှာမှာ မည်းသထက် မည်းလာသည်။ နတ်ဘုရင်လန်ဝူမှာ နှုတ်ခမ်းလေးကို တင်းတင်းစေ့ရင်း မရယ်မိအောင် ထိန်းထားသည်။ ထို့နောက် အသံတိုးကာ ပြော၏။ “နင် သူတို့ ပေါက်ကရပြောနေတာတွေ နားထောင်စရာမလိုဘူး... ကောင်းကင်နတ်သိုင်း ကောင်ကင်ဘုံ ရှစ်ဘုံဆိုတာ အထင်ကြီးစရာပါ... နင် လမ်းစဉ်အဆင့် လွယ်လွယ်ကူကူ ရောက်သွားတာ မြင်လို့သာ အဲဒီလို လုပ်နေကြတာ... တကယ်တော့ ငါတို့မျိုးနွယ်က လမ်းစဉ်အဆင့် ဝင်ရောက်တဲ့နေရာမှာ မကျွမ်းကျင်ကြဘူး... ဒီလိုကောင်းကင်ဘုံ ရှစ်ဘုံတောင် မဖွဲ့တည်နိုင်ပါဘူး... ဟိုသူခိုးချင်ယဲ့တောင် လမ်းစဉ်မှာ ကောင်းကင်ဘုံ ၃၃ ဘုံပဲ ဖွဲ့တည်နိုင်ခဲ့တယ်လေ”
ချင်မူက ပြောသည်။ “သူတို့ ကျွန်တော့်ကို မနာလိုနေမှန်း ကျွန်တော် သိပါတယ်... အဲဒါကြောင့် သူတို့စကားကို အီးတောင် လှည့်မပေါက်ဘူး.. ကျွန်တော်က ခိုင်ဧကရာဇ်ဆယ်ယောက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ လောကသခင်ခန္ဓာပဲ”
ဤသို့ပြောလိုက်သော်လည်း သူ့ပုံစံမှာ ယုံကြည်ချက်ရှိနေပုံမပေါ်ပေ။
နတ်ဘုရင်လန်ဝူက သူ့ကို ခေါ်၍ ဘိုးဘေးဝိညာဉ်ကမ္ဘာအပြင်သို့ ပျံသန်းသွားသည်။ ရုတ်တရက် ချင်မူမှာ တစ်ခုခုကို မှတ်မိသွားပြီး ကပျာကယာ ပြောသည်။ “ဘိုးဘေးဝိညာဉ်ကမ္ဘာမှာ ဟောကိန်းသုံးခုနဲ့အတူ ရောက်လာခဲ့တဲ့ ဘိုးဘေးဝိညာဉ် မရှိဘူးလား... သူ့ကို ဘာလို့မတွေ့ရတာလဲ”
နတ်ဘုရင်လန်ဝူမှာ တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် သူ့ကို ရှင်းပြ၏။ “အဲဒီဘိုးဘေးဝိညာဉ်က ဟောကိန်းသုံးခုကို သယ်ဆောင်လာပြီးနောက်ပိုင်း သေသွားတယ်... သူ့အသိစိတ်အလျဉ်ကို စုဆောင်းပြီး ဘိုးဘေးဝိညာဉ်ကမ္ဘာမှာ သိမ်းဆည်းထားနိုင်ခဲ့ပေမယ့် သူ့အသိစိတ်အလျဉ်က ဖရိုဖရဲ ဖြစ်နေပြီး အတွေးတွေကလည်း အပြည့်အစုံ မရှိဘူး... အဲဒါကြောင့် ဘိုးဘေးဝိညာဉ်ကမ္ဘာကို ဘိုးဘေးဝိညာဉ် ၂၇ ယောက်က အုပ်ချုပ်နေတာ”
ချင်မူ မေးလိုက်သည်။ “သူ့ကို တွေ့လို့ရမလား”
နတ်ဘုရင်လန်ဝူ တွေဝေသွားသည်။ “သူ့အသိစိတ်အလျဉ်က ဖရိုဖရဲ ဖြစ်နေတယ်... နင် သူ့ကို တွေ့ရင်တောင် အလကားပဲ... ဒါပေမဲ့ သူက ဟောကိန်းသုံးခု ပြောပြပေးခဲ့တဲ့ သူဆိုတော့ အထွတ်အမြတ်ကလေးငယ်အနေနဲ့ သူ့ကို တွေ့သင့်ပါတယ်”
ချင်မူက ချင်မူ့ကို ဘိုးဘေးဝိညာဉ်ကမ္ဘာ၏ အခြားတစ်ပိုင်းသို့ ခေါ်သွားသည်။ ဤနေရာတွင် အရှေ့၊ အနောက်၊ တောင်နှင့် မြောက်မရှိပေ။ အပေါ်နှင့် အောက်လည်း ကွဲကွဲပြားပြား မရှိဘဲ အလွန်ကျယ်ဝန်းသော နေရာတစ်နေရာ ဖြစ်၏။ သူမ မည်သည့်နေရာသို့ သွားရန် မည်သို့သိနေမှန်း ချင်မူ နားမလည်တော့ပေ။
ဟောကိန်းသုံးခု ဆောင်ကြဉ်းလာခဲ့သော ဘိုးဘေးဝိညာဉ်၏ အသိစိတ်အလျဉ်နှင့် အတွေးများသည် အမှန်တကယ် ဖရိုဖရဲ ဖြစ်နေ၏။ ကျန်ဖန်ဆင်းရှင်များက အသိစိတ်အလျဉ်နှင့် အတွေးများကို ခေါင်းအရွယ် အလင်းလုံးအသွင် ဖန်ဆင်းနိုင်ကြသည်။ သူ၏အတွေးများကမူ တစ်ခုနှင့်တစ်ခု ဖြစ်ကတတ်ဆန်း ဝင်တိုက်နေကြသည်။ တစ်ချက်တစ်ချက် ချည်လုံးများ ကျစ်ထားသကဲ့သို့ လိမ်နေကြလေသည်။ အမှန်ပင် ထူးဆန်းလှသည်။
ချင်မူက ဤဘိုးဘေးဝိညာဉ်အရှေ့တွင် ရပ်နေသည်။ အတွေးများမှ ဖြန့်ကျက်နေသောအ အလင်းရောင်သည် အရောင်မျိုးစုံ လင်းလက်နေ၏။ သဘောက သူ့အတွေးများ ကမောက်ကမ ဖြစ်နေသည်ဟု ဆိုလိုသည်။
အလင်းပင်လယ်ထဲတွင် ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေသော ပုံရိပ်များအား ချင်မူ မြင်နေရသည်။ ဤဘိုးဘေးဝိညာဉ်၏ အတွေးများက တောင်ရောက်လိုက်၊ မြောက်ရောက်လိုက် ဖြစ်နေသည့်အတွက် ဆိုလိုရင်းအား နားလည်ရန် ခက်ခဲနေသည်။
“အနာဂတ်ကို ကြိုမြင်နိုင်သူတစ်ယောက် တကယ် ရှိတာလား” ချင်မူ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။
နတ်ဘုရင်လန်ဝူက ပြောသည်။ “သူပဲ”
သူမက နူးညံ့ချိုသာစွာ ပြောလေသည်။ “ဆရာကြီး၊ ဆရာကြီး ဟောကိန်းထုတ်ခဲ့တဲ့ အထွတ်အမြတ်ကလေးငယ်က တွေ့ဖို့ ရောက်လာပါတယ်”
သူမစကားသံ ရပ်သွားသည့်အချိန်တွင် ဘိုးဘေးဝိညာဉ်၏ အတွေးများမှ အလင်းရောင်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး နှိုင်းယှဉ်မရအောင် တည်ငြိမ်လာ၏။
ချင်မူ ချက်ချင်း စိတ်အားတက်ကြွလာကာ ပြောသည်။ “ဆရာကြီးခင်ဗျ၊ ကျွန်တော်က ဆရာကြီး ဟောကိန်းထုတ်ခဲ့တဲ့ အထွတ်အမြတ်ကလေးငယ်ပါ... ကျွန်တော့်အသံ ကြားရလားမသိဘူး... အဲဒီလောက် တိကျတဲ့ ဟောကိန်းတွေ ဆရာကြီး ဘယ်လိုထုတ်နိုင်ခဲ့တာလဲ ကျွန်တော် သိပ်သိချင်မိတယ်... ကျွန်တော့်ကို ပြောပြပေးလို့ရမလား”
နတ်ဘုရင်လန်ဝူက ထူးဆန်းသောအကြည့်ဖြင့် သူ့ဆီ ကြည့်၏။ ဤလူကား ဤဆရာသခင်နှင့် တွေ့ချင်လွန်း၍ ရောက်လာခြင်းမဟုတ်ပေ။ ဟောကိန်းထုတ်နည်းအား မေးမြန်းရန် ရောက်လာခြင်းဖြစ်သည်။
‘အထွတ်အမြတ်ကလေးငယ်ရဲ့ အတွေးတွေက သာမန်လူတစ်ယောက်နဲ့ မတူဘူး.. သူ့ဦးနှောက်ဖွဲ့စည်းပုံက သာမန်လူနဲ့ မတူလို့များလား’ သူမမှာ ချင်မူ့ခေါင်းကို ကြည့်ရင်း တစ်ယောက်တည်း တွေးနေမိသည်။
ဘိုးဘေးဝိညာဉ်၏အတွေးများ၌ အလင်းရောင်များ လင်းလက်သွားသော်လည်း ကြိမ်နှုန်းက များစွာ အားနည်း၏။
သူ့အသိစိတ်အလျဉ်က လှုပ်ခတ်လာသည်။ “အထွတ်အမြတ်ကလေးငယ်...”
နတ်ဘုရင်လန်ဝူ ဝမ်းသာသွားသည်။ ‘ဘိုးဘေးဝိညာဉ်က စကားအပြည့်အစုံ ပြောလိုက်ပြီ... သူ ရုတ်တရက်ကြီး ဘာလို့ သတိဝင်သွားတာလဲ’
ချင်မူ့အသိစိတ်အလျဉ်က လှုပ်ခတ်သွားပြီး ဘိုးဘေးဝိညာဉ်၏ အသိစိတ်အလျဉ်နှင့် ဆက်သွယ်သည်။ “ဟုတ်ကဲ့ ကျွန်တော်က ခင်ဗျားရဲ့ ဟောကိန်းသုံးခုထဲက အထွတ်အမြတ်ကလေးငယ်ပါ... ဆရာကြီး၊ ခင်ဗျားရဲ့ ဟောကိန်းသုံးခုစလုံး အမှန်ဖြစ်လာတယ်... ဘိုးဘေးနန်းတော်ရဲ့ ဖန်ဆင်းရှင်တွေရဲ့ ဘိုးဘေးဝိညာဉ်တွေနဲ့ ခင်ဗျားက ဘယ်လိုလုပ်ပြီး ဒီဟောကိန်းသုံးခုကို ရခဲ့တာလဲ... အနာဂတ်မှာ ဘာဖြစ်မယ်မှန်း ဘယ်လိုသိခဲ့တာလဲ”
ဘိုးဘေးဝိညာဉ် သူ၏အသိစိတ်အလျဉ်ကို လာရောက်ထိလိုက်လိုက်သည့်အခါ သူ၏ဖရိုဖရဲ အတွေးများမှ အလင်းရောင်က ရုတ်တရက် ပေါက်ကွဲထွက်လာ၏။ မရေမတွက်နိုင်သော အလင်းတန်းများကား သူ၏အတွေးများအကြား ပြိုးပြိုးပြက်ပြက် လက်လာပြီး အလွန်စိတ်တိုနေပုံရသည်။
ချင်မူလည်း အသိစိတ်အလျဉ်ချင်း ဆက်သွယ်မှုမှတစ်ဆင့် ဒေါသူပုန်ထနေသော အသံကြီးတစ်သံကို ခံစားလိုက်ရ၏။ “မင်းကိုး”
ချင်မူ မှင်သက်သွားသည်။ “ကျွန်တော်က ဘာဖြစ်လို့လဲ”
သူ့စိတ်ထဲတွင် မျက်ခုံးနှစ်ဖက်ကြား၌ မဟာကမ္ဘာဦးအစ နတ်ကျောက်တုံးအပိုင်းအစတစ်ခုနှင့် ခပ်ထွားထွား ဖန်ဆင်းရှင်လူငယ်တစ်ယောက်အား မြင်လိုက်ရသည်။ ထိုဖန်ဆင်းရှင်၏မျက်နှာသည် အနည်းငယ် ကလေးဆန်နေရာ အသက်ကြီးသေးပုံမပေါ်ပေ။ သူ၏ခန္ဓာကိုယ်ကမူ အလွန်တောင့်တင်းကြံ့ခိုင်လေသည်။ သူ၏ရုပ်ရည်သွင်ပြင်အရ ချောမောခံ့ညားသော ဖန်ဆင်းရှင်လူငယ်တစ်ယောက် ဖြစ်၏။
“မင်း ငါ့ကို မမှတ်မိဘူးလား.... ငါက လော့ရှောင်လေ” ထိုဘိုးဘေးဝိညာဉ်၏ အတွေးများက ပို၍ဒေါသထွက်လာပြီး ဖရိုဖရဲဖြစ်လာသည်။
မရေမတွက်နိုင်သော အတွေးများနှင့် အသိစိတ်အလျဉ်လှိုင်းတို့က ချင်မူ့ဆီသို့ သွေးရူးသွေးတန်း ပြေး၀င်လာကြ၏။ “မင်း ငါ့ကို လိမ်ခဲ့တယ်... မင်း ငါ့ကို လိမ်ခဲ့တယ်ကွ”
နတ်ဘုရင်လန်ဝူမှာ ဤအခြင်းအရာကို မြင်လျှင် ထိတ်လန့်သွားသည်။ သူမက သူတို့၏ အသိစိတ်အလျဉ်ဆက်သွယ်မှုကို ကပျာကယာ ဖြတ်တောက်ပြီးနောက် ချင်မူ့လက်ကို ဆွဲကာ ပျံထွက်သွားသည်။ “သူ ရူးသွားပြန်ပြီ... ဒီဘိုးဘေးဝိညာဉ်ရဲ့ အတွေးတွေက ပရမ်းပတာဖြစ်နေတာ... မြန်မြန်သွားကြစို့”
သူမက ချင်မူနှင့်အတူ အမြန်ဆုံးပျံသန်းနေသည်။ သူမ၏နောက်တွင် ဘိုးဘေးဝိညာဉ်လော့ရှောင်၏ အတွေးများက အချင်းချင်း လိမ်ယှက်နေသော ချည်လုံးများသဖွယ် လက်တံများ ထုတ်လွှတ်လိုက်၏။ လက်တံများက ဒေါသတကြီး လှမ်းဆွဲချင်သကဲ့သို့ သူတို့ဆီ ပြေးဝင်လာကြသည်။
ချင်မူမှာ ယခုလို ချည်လုံးလက်တံကြီးများ၏ လိုက်ဖမ်းခြင်း တစ်ခါမှ မခံခဲ့ရဖူးပေ။
နတ်ဘုရင်လန်ဝူက မျက်မှောင်ကြုတ်ကာ ပြောသည်။ “သူက အဲ့လို ခဏခဏ ရူးသွားတတ်တယ်... သူ့အတွေးတွေက သိပ်ကို ဖရိုဖရဲဖြစ်နေပြီ... အခုတော့ ပိုတောင်ဆိုးလာတယ်... ငါ သူ့ကို ဖိနှိပ်ထားနိုင်ပေမယ့် ဒဏ်ရာရအောင်တော့ မလုပ်နိုင်ဘူး... ရှောင်တိမ်းတာ အကောင်းဆုံးပဲ”
ချင်မူ အံ့အားသင့်သွားသည်။ သူက ချုပ်နှောင်ရင် လော့ရှောင်လွှတ်လိုက်သည့် အတွေးချည်ကြိုးများဆီသို့ လှည့်ကြည့်လိုက်မိ၏။ “သူ စောစောက ဘာပြောလိုက်တာလဲ... အဲ့ဒါ ဘာအဓိပ္ပာယ်လဲ... ငါတို့ အရင်က တွေ့ဖူးတာများလား.... ငါက သူ့ကို လိမ်ခဲ့တာတဲ့လား.... အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ... သူက လွန်ခဲ့တဲ့နှစ်တစ်သန်းက လူတစ်ယောက်လေ”
ဘိုးဘေးဝိညာဉ်လော့ရှောင်၏ အတွေးများက သူတို့နောက်သို့ ဒေါသတကြီး လိုက်လာသည်။ သို့သော် နတ်ဘုရင်လန်ဝူက များစွာ မြန်ဆန်၏။ မကြာမီ သူမသည် သူ့ကို မျက်ခြေဖြတ်နိုင်၍ ဘိုးဘေးဝိညာဉ်ကမ္ဘာထဲမှ ထွက်လာနိုင်ခဲ့လေသည်။
“ဘိုးဘေးဝိညာဉ်ကမ္ဘာကို အခုချက်ချင်း ပိတ်လိုက်တော့”
နတ်ဘုရင်လန်ဝူက ဘိုးဘေးဝိညာဉ်ကမ္ဘာထဲမှ အပြင်ရောက်သည်နှင့် အသိစိတ်အလျဉ်အား ကမ္ဘာတစ်ဝန်း ဖြန့်ကျက်လိုက်သည်။
မျိုးနွယ်စုခေါင်းဆောင်များ၊ အကြီးအကဲများနှင့် ဖန်ဆင်းရှင်များက ပူဇော်ပွဲအား အလျင်အမြန် ရပ်လိုက်ကြ၏။ ကောင်းကင်ထက်မှ အလင်းရောင်တို့ကား ယဇ်ပလ္လင်ထဲသို့ ပြန်လည်ဆုတ်ခွာသွားကြပြီး ကောင်းကင်ထဲရှိ မိန်းမလှတစ်ဦး၏ မျက်လုံးကဲ့သို့ မျက်လုံးကြီးသည်လည်း ပါးသထက် ပါးလာကာ လွင့်ပျယ်ပျောက်ကွယ်သွားတော့သည်
ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ ဘိုးဘေးဝိညာဉ်ကမ္ဘာ ပျောက်ကွယ်တော့မည့်ဆဲဆဲတွင် ဘိုးဘေးဝိညာဉ် လော့ရှောင်၏ အတွေးများက အတားအဆီးနံရံကို ဝင်ရောက်တိုးဝှေ့ရင်း ဖောက်ထွက်ရန် ကြိုးစားနေသည်ကို မြင်တွေ့လိုက်ရသည်။
သူ ခြေတစ်လှမ်းနောက်ကျသွား၍ ဘိုးဘေးဝိညာဉ်ကမ္ဘာထဲမှ ထွက်မလာနိုင်တော့သဖြင့် တော်သေးသည်ဆိုရမည်။
“ဒါက ပထမဆုံးတွေ့တာပါ... တစ်ယောက်နဲ့တစ်ယောက် ရန်ငြိုးလည်း မရှိဘဲ ဘာလို့ သူက ငါ့နောက် လိုက်ဖမ်းနေတာလဲ” ချင်မူ ခေါင်းယမ်းလိုက်မိသည်။ သူ အမှန်တကယ် နားမလည်နိုင်တော့ပေ။
နတ်ဘုရင်လန်ဝူလည်း ခေါင်းယမ်းပြီး သက်ပြင်းချကာ ပြောသည်။ “သူ တကယ် ရူးသွားပြီ”
သူမနှင့် ချင်မူသည် အမြင့်ဆုံးယဇ်ပလ္လင်ထက်သို့ ဖြည်းညင်းစွာ ဆင်းသက်လိုက်၏။ သူမ၏အသိစိတ်အလျဉ်က ကျယ်လောင်ပြတ်သားသော အသံအဖြစ် မြေပြင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။ “အထွတ်အမြတ်ကလေးငယ်က ဘိုးဘေးတွေရဲ့ အသိအမှတ်ပြုမှုကို ရရှိပြီး အမွေလည်း ဆက်ခံခဲ့ရပြီ... အခု သူဟာ အဆုံးမဲ့ အသိပညာတွေနဲ့ ငါတို့မျိုးနွယ်ကို ဦးပြန်မော့နိုင်အောင် ဦးဆောင်ပေးတော့မယ်”
ချင်မူလည်း ခပ်ရှက်ရှက်ဖြင့် လက်နှစ်ဖက်မြှောက်ကာ ဖန်ဆင်းရှင်များဆီ လက်ဝှေ့ယမ်းပြလိုက်သည်။
အောက်မှ နားကွဲလုအောင် ကြွေးကြော်သံများ ထွက်လာ၏။ ဖန်ဆင်းရှင်များမှာ အလွန်အမင်း ဝမ်းသာပျော်ရွှင်နေကြပြီး စိတ်လှုပ်ရှားနေကြသဖြင့် ထူးဆန်းသော ပုံရိပ်များ ဖန်ဆင်းကာ အောင်ပွဲခံနေကြတော့သည်။
နတ်ဘု၇င်လန်ဝူက ပျော်ရွှင်နေသော လူထုကြီးကို ငုံ့ကြည့်ရင်း သူမ၏အသိစိတ်အလျဉ်အသံသည် ညင်ညင်သာသာ လှုပ်ခတ်သွားကာ ချင်မူ့ထံ ပြော၏။ “ငါ့မျိုးနွယ်စုကို စိတ်ပျက်စေရင် ငါ နင့်ကို ရက်ရက်စက်စက် သတ်ပစ်မယ်”
ချင်မူ ခပ်ရေးရေး ပြုံးလိုက်သည်။ “နတ်ဘုရင်၊ ကျွန်တော်က ဖန်ဆင်းရှင်တစ်ယောက် ဖြစ်နေပါပြီ... ကိုယ့်မျိုးနွယ်စုကိုယ် သစ္စာဖောက်စရာလား... ကျွန်တော့်ကို ယုံလား”
နတ်ဘု၇င်လန်ဝူသည် သူ၏ ရှင်းလင်းပြတ်သားသော မျက်လုံးများကို ကြည့်၏။ တခဏကြာသော် သူမက ချင်မူ့အသည်းထဲ စွဲသွားစေသော အပြုံးလေးဖြင့် ပြုံးပြသည်။
“ငါ နင့်ကို ယုံပါတယ်” သူမက နူးညံ့စွာ ပြောလေသည်။