ရွှင်ပျော်ပျော်ကျေးရွာကို ခြောက်လှန့်ခြင်း
Vol. 76 Ch. 984
ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံထဲတွင် အခြေအနေ တင်းမာလေးနက်နေသည်။
ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ၏ တပ်စိတ်အမျိုးမျိုးက စီတန်းနေရာယူထားပြီးပြီဖြစ်သည်။ စစ်သူကြီးများက တပ်သားများကြား လမ်းလျှောက်ရင်း တပ်သားများ စိတ်အားတက်ကြွလာအောင် ကြွေးကြော်သံများ တိုင်ပေးနေသည်။
ကောင်းကင်ဘုံ ၃၃ ဘုံအနေဖြင့် ယခုလို စစ်တပ်ကြီးအဖြစ် စုစည်းထားသည့် အဓိကရည်ရွယ်ချက်သည် ဤနေရာသို့ ထွက်ပြေးလာခဲ့သော ပြည်သူလူစုအား ကာကွယ်ရန်ဖြစ်သည်။ ဤနေရာ၌ နတ်ဘုရားမြို့များစွာ ရှိသောကြောင့် ကျူးကျော်၀င်ရောက်လာရန် ခက်ခဲ၏။ စစ်တပ်၏ တပ်စိတ်အမျိုးမျိုးသည်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပေးအယူမျှမျှတတဖြင့် စည်းလုံးညီညွတ်စွာ လှုပ်ရှားနိုင်သည့်အတွက် ဖန်ဆင်းရှင်တို့ ယှဉ်နိုင်မည်မဟုတ်ပေ။
သို့တိုင်အောင် ပြန့်ကြဲနေသော သဲမှုန်များကဲ့သို့ ဖရိုဖရဲ ဖြစ်နေသည့်တိုင် ဖန်ဆင်းရှင်များတွင် ကြောက်မက်ဖွယ်ရာ သိုင်းစွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ အရွယ်မရောက်သေးသည့် ဖန်ဆင်းရှင်များကပင် ချောက်ချားရာကောင်းနေပြီဖြစ်သည်။
အသက်သုံးနှစ်အရွယ်တွင် ဖန်ဆင်းရှင်များသည် နဂါးများအား တိုက်ခိုက်သတ်ဖြတ်နိုင်ပြီ ဖြစ်၏။ ၎င်းက ကျန်မျိုးနွယ်၀င်များ ယှဉ်နိုင်သည့်အရာမဟုတ်ပေ။ ယိုတုသားတော် ချင်ဖုန်းကျင့်ကဲ့သို့ ဖြစ်တည်မှုသာလျှင် သူတို့ကို အနိုင်ယူနိုင်လိမ့်မည်။
အားလုံးက ခေါင်းမော့၍ ကောင်းကင်ဆီသို့ မော့ကြည့်နေကြသည်။
မရေမတွက်နိုင်သော ဂြိုလ်ကြီးများသည် ကောင်းကင်ထက်တွင် လှည့်ပတ်ရင်း ကောင်းကင်အပြည့် နေရာယူထား၏။ ဂြိုလ်အကောင်းများနှင့် ဂြိုဟ်အပျက်အစီးများမှာ ပြည့်ကြပ်နေကြသဖြင့် တစ်လုံးနှင့်တစ်လုံး ဝင်တိုက်နေကြသည်။
ပြီးခဲ့သည့် နှစ်နှစ်သောင်းအတွင်း ဖန်ဆင်းရှင်များက သူတို့ထံသို့ မကြာခဏ ကျူးကျော်လာတတ်ရာ ရွှင်ပျော်ပျော်ကျေးရွာတွင် အသေအပျောက်၊ အပျက်အစီးများစွာ ဖြစ်ပျက်ခဲ့ကြသည်။
ကြယ်သေဇုန်ဆိုလျှင် ပို၍ပင် အန္တရာယ်များသည်။ ဖန်ဆင်းရှင်များသည် ထိုဇုန်ထဲ၌ မကြာခဏ ပုန်းအောင်းရင်း အမျိုးမျိုးသော မကောင်းဆိုးဝါးများကို မြင်ယောင်ဖန်ဆင်းကာ ရွှင်ပျော်ပျော်ကျေးရွာကို ကျူးကျော်တိုက်ခိုက်စေတတ်၏။ သူတို့က လေဆင်နှာမောင်း၊ ရေလှိုင်းနှင့် ဟာရီကိန်းကဲ့သို့ သဘာဝဘေးအန္တရာယ်များကိုလည်း မြင်ယောင်ဖန်ဆင်းနိုင်ကြသဖြင့် ရွှင်ပျော်ပျော်ကျေးရွာအတွက် တောင့်ခံရန် ခက်ခဲခဲ့သည်။
ယခုအချိန်တွင် ဖန်ဆင်းရှင်များက တစ်မျိုးနွယ်လုံးကို စုစည်း၍ ရွှင်ပျော်ပျော်ကျေးရွာဆီ လာရောက်တိုက်ခိုက်တော့မည်ဟူသော သတင်းများ သူတို့ထံ ရောက်လာခဲ့ချေပြီ။
ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံက မထိုးဖောက်နိုင်သည့် သံမဏိတံတိုင်းကြီးပမာ တည်တံ့နေခဲ့သော်လည်း သူတို့ကို တိုက်ခိုက်နေသူမှာ ဖန်ဆင်းရှင်များ မဟုတ်ပါလော။
သူတို့၏ နတ်ဘုရားမြို့များက ဤဖန်ဆင်းရှင်တို့၏ ကျူးကျော်တိုက်ခိုက်မှုအား အမှန်တကယ် တောင့်ခံနိုင်ပါမည်လော။
ရုတ်တရက် ကောင်းကင်က ပွင့်ထွက်သွားသည်။ အတိုင်းထက်အလွန် ကြီးမားလှသည့် လက်ကြမ်းကြမ်းကြီးများသည် ကောင်းကင်ထဲမှ ထိုးထွက်လာပြီး ကောင်းကင်ထဲရှိ ဂြိုဟ်များအား ဂေါ်လီလုံးလေးများသဖွယ် တွန်းထုတ်နေသည်။ ထို့နောက် ဖန်ဆင်းရှင်များက တိုးထွက်လာကာ ဂြိုဟ်များအား အဝေးသို့ တွန်းထုတ်လိုက်ကြ၏။
ဖန်ဆင်းရှင်များသည် အရေအတွက် များသဖြင့် များလာပြီး များမကြာခင် ရွှင်ပျော်ပျော်ကျေးရွာကို ဝန်းရံထားသော ကြယ်သေဇုန်မှာ ရှင်းလင်းသွားတော့သည်။
ကြယ်များကို ပြောင်းရွှေ့နိုင်ရန်မှာ ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားများပင် အလွယ်တကူ ထိုသို့လုပ်နိုင်မည်မဟုတ်ပေ။
ရွှင်ပျော်ပျော်ကျေးရွာ၊ ကောင်းကင်ဘုံ ၃၃ ဘုံ၏ နတ်စစ်သူကြီးများသည် မျက်နှာအမူအရာများ တည်ကြည်လေးနက်နေကြပြီး နတ်လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြ၏။ စစ်သည်တော်တစ်ယောက်၏ နဖူးထက်မှ ချွေးထွက်လာပြီး မျက်ခွံပေါ်သို့ စီးကျလာသည်။ ထိုစစ်သည်တော်မှာ ခမောက်ကို ကပျာကယာ လှပ်ကာ ချွေးသုတ်လိုက်ရသည်။
လမ်းလျှောက်နေသော စစ်သူကြီးတစ်ယောက်က သူ့ကို မြင်လျှင် ချက်ချင်း ဆူပူကြိမ်းမောင်းပြီး ခမောက်ကို သေသေချာချာ ဝတ်ရန် အမိန့်ပေးသည်။
မြို့ထဲတွင် ကလေးငယ်လေးတစ်ယောက်က ထငိုသည်။ အမေဖြစ်သူက သူ့ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သဖြင့် ခပ်အုပ်အုပ် ငိုသံများသာ ထွက်ပေါ်လာသည်။
ကောင်းကင်ထက်၌ ဧရာမမျက်နှာကြီးတစ်ခု ပေါ်လာကာ နတ်ဘုရားမြို့များကို လိုက်ကြည့်နေသည်။
“မလှုပ်ရှားနဲ့ဦး”
နတ်စစ်သူကြီးတစ်ယောက်က လှမ်းအော်သည်။ “အမိန့်နာခံ၊ မလှုပ်ရှားကြနဲ့.... ရန်သူ ရွှင်ပျော်ပျော်ကျေးရွာထဲ ဝင်လာတာကို စောင့်... ငါ့အမိန့်ကို စောင့်ကြ”
နတ်ဘုရားမြို့များကို ခုခံကာကွယ်ပေးနေသော နတ်ဘုရားများမှာ စိတ်လှုပ်ရှားလာကြသည်။ သူတို့သည် ချီစွမ်းအင်များကို စုစည်းထားကြပြီး သူတို့အနောက်၌ ကောင်းကင်နန်းဆောင်များ လှုပ်ယမ်းနေကြ၏။ ကောင်းကင်နန်းဆောင်အတွင်းရှိ သူတို့၏မူလဝိညာဉ်များသည်လည်း ခွန်အားအမြင့်ဆုံးသို့ မြှင့်တင်ထားကြကာ အမိန့်ရသည်နှင့် တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်။
သို့သော် ကောင်းကင်ထဲရှိ ဖန်ဆင်းရှင်များက တစတစ မှေးမှိန်ပျောက်ကွယ်သွားလေသည်။
နတ်ဘုရားမိစ္ဆာ စစ်တပ်ကြီးနှင့် ရွှင်ပျော်ပျော်ကျေးရွာ၏ သာမန်ပြည်သူများသည် ခေါင်းမော့၍ ကောင်းကင်အလွန်သို့ လှမ်းကြည့်နေကြသည်။ သူတို့မှာ အတော်လေး မကြောက်လန့်မိဘဲ မနေကြပေ။
ကောင်းကင်အလွန်ရှိ ဟင်းလင်းပြင်ထဲတွင် ကြောက်မက်ဖွယ်ရာ အသွင်အပြင်များဖြင့် မတ်မတ် ရပ်နေကြသော ရှေးဟောင်းနတ်ဘုရားများ ရှိနေကြသည်။ သူတို့သည် စနစ်တကျ နေရာယူထားကြကာ လူသတ်လိုသည့် အငွေ့အသက်များ ထုတ်လွှတ်နေကြ၏။
ရွှင်ပျော်ပျော်ကျေးရွာမှ လှမ်းကြည့်လျှင် ကောင်းကင်ထဲရှိ ဖန်ဆင်းရှင်များက မျက်စိတစ်ဆုံး မြင်နိုင်သည်အထိ အင်အားကြီးမားလွန်းသည်။ ဤဖန်ဆင်းရှင်များသည် မားမားမတ်မတ် ရပ်တည်နေကြပြီး တလက်လက် တောက်ပြောင်နေသော ချပ်ဝတ်တန်ဆာများက သူတို့၏ခေါင်းအစ ခြေအဆုံး ဖုံးလွှမ်းထားကြ၏။ တစ်ဦးတစ်ယောက်ချင်းစီ သွေးမည်မျှ စွန်းထင်းခဲ့သည်လဲ မည်သူမှ မသိနိုင်သော နတ်လက်များကို ဆွဲကိုင်ထားကြသည်။
ထို့အပြင် ထိုနတ်လက်နက်များက အလွန်တရာ ကြီးမားလှသောကြောင့် လက်နက်တစ်လက်၊ နှစ်လက်ဖြင့် ပစ်ပေါက်လိုက်ရုံမျှနှင့် နတ်ဘုရားမြို့တစ်မြို့လုံး ဖွတ်ဖွတ်ကြေသွားနိုင်သည့်အလား ထင်ရသည်။
ပို၍ပင် ကြောက်စရာကောင်းသည်မှာ ကောင်းကင်အလွန်ရှိ ဖန်ဆင်းရှင်များသည် မတူညီသော တပ်စိတ်များအဖြစ် ခွဲခြားနေရာယူထားကြပြီး တပ်စိတ်တစ်စိတ်နှင့်တစ်စိတ် ဆွဲကိုင်းထားသော နတ်လက်နက်များ၊ ချပ်ဝတ်များကား မတူညီကြပေ။ နတ်လက်နက်များနှင့် ချပ်ဝတ်များတွင် မယုံနိုင်လောက်အောင် ရှုပ်ထွေးသော သင်္ကေတအမှတ်အသားများဖြင့် ဖွဲ့တည်နေသော ပုံစံကွက်များ ပြည့်နှက်နေကြသည်။ လက်နက်တစ်လက်ချင်းစီသည် အထပ်ထပ်အခါခါ မွမ်းမံပြုပြင်ခံထားရပုံပေါ်ပြီး ၎င်းတို့အတွင်း၌ ကြောက်မက်ဖွယ်ရာ ဝင်္ကပါကောင်းကင်နတ်သိုင်းမည်မျှ နစ်မြုပ်နေမည်ကို ဘုရားသာ သိနိုင်လိမ့်မည်။
လက်နက်တစ်လက်ချင်းစီက ကြောက်စရာအကောင်းဆုံး နတ်လက်နက်များ ဖြစ်ပေသည်။
ရွှင်ပျော်ပျော်ကျေးရွာအတွင်း၌ နတ်ဘုရားမိစ္ဆာစစ်တပ်ကြီးအတွက် တာဝန်ရှိသော စစ်သူကြီးပင်လျှင် ချွေးများ ကျနေပြီး လက်တို့ပင် တုန်ရီနေ၏။
ချွင်
သူ့အနောက်မှ အသံထွက်လာ၍ နောက်လှည့်ကြည့်လိုက်မိသည်။ စစ်သည်တော်တစ်ယောက်မှာ နတ်လက်နက်ကို သေသေချာချာ မကိုင်ထားမိသဖြင့် လက်ထဲမှ လွတ်ကျသွားခြင်း ဖြစ်သည်။
“ပြန်ကောက်လိုက်” သူက ခပ်တိုးတိုး အမိန့်ပေးလိုက်သည်။
စစ်သည်တော်က သူ၏နတ်လက်နက်ကို ကပျာကယာ ပြန်ကောက်ကာ ကောင်းကင်၏အလွန်သို့ မော့ကြည့်သည်။ ရုတ်တရက် သူ့မျက်လုံးများ ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသာ ပွင့်သွားသည်။ သူ့မှာ ဆွံ့အမှင်သက်နေတော့သည်။
စစ်သူကြီးလည်း အလျင်အမြန် ပြန်လှည့်၍ ကောင်းကင်ဆီသို့ ကြည့်လိုက်သည်။ သူ့လက်နှစ်ဖက်လုံး တုန်ရီသွားသဖြင့် သူ့လက်နက်ပင် လွတ်ကျသွားတော့မလို ဖြစ်သွား၏။
ကောင်းကင်၏အလွန်တွင် ဖန်ဆင်းရှင်သန်းပေါင်းများစွာ အော်ဟစ်ကြွေးကြော်နေကြပြီး သူတို့အနောက်၌ ကောင်းကင်အလင်းပင်လယ်တစ်စင်း ပေါ်ထွက်လာသည်။ ဟင်းလင်းပြင်ထဲ၌ ဧရာမကြီးမားသော ကောင်းကင်နန်းဆောင်များ ဖွဲ့တည်လာကြသည်။
ကောင်းကင်နန်းဆောင်များသည် ပင်လယ်ကြီးတစ်စင်းပမာ ဖွဲ့တည်နေကြပြီး ဖန်ဆင်းရှင်တစ်ယောက်စီတိုင်း၏ အနောက်၌ ကောင်းကင်နန်းဆောင်များ ရှိနေကြ၏။ တချို့ဆိုလျှင် ကောင်းကင်နတ်ဘုံအသေးစားအဖြစ် စုဝေးနေသော ကောင်းကင်နန်းဆောင်ဆယ်ခုကျော်အား ပိုင်ဆိုင်ထားကြသည်။
ဤမြင်ကွင်းက အားလုံးကို ကူကယ်ရာမဲ့လာစေသည်။
ပရမတ္တမှ ဖန်ဆင်းရှင်များသည် မြင်ယောင်ဖန်ဆင်းနိုင်စွမ်းတွင် ပြိုင်ဘက်ကင်းသည့်အပြင် ကောင်းကင်ရတနာစနစ်နှင့် ကောင်းကင်နန်းဆောင်စနစ်ကိုလည်း လက်ခံထားကြသော်လည်း ဤမျှအဆင့်အထိ တိုးတက်လာခဲ့သည်မှာ အတော်လေး မယုံနိုင်စရာကောင်း၏။
ရွှင်ပျော်ပျော်ကျေးရွာတွင်ပင် ကောင်းကင်နတ်ဘုံအသေးစား ဖွဲ့တည်နိုင်သူမှာ လူနည်းစုသာ ရှိသည်။
သို့သော် ဖန်ဆင်းရှင်တစ်ယောက်ချင်းစီသည် ကောင်းကင်နတ်ဘုံအသေးစားကျင့်စဉ်ကို အောင်အောင်မြင်မြင် ကျင့်ကြံထားကြသည့်အလားပင်။
ခေါင်းကြီးကြီးကလေးကြီး ချင်ဖုန်းကျင်က လက်နှစ်ဖက်တွင် တူကြီးနှစ်လက် ဆုပ်ကိုင်လျက် ဝတ်စုံအပြည့်ဖြင့် နေရာယူထားသည်။ ထိုတူကြီးနှစ်ဖက်သည် ဖန်ဆင်းရှင်များကို ရင်ဆိုင်နိုင်ရန် ခိုင်ဧကရာဇ်ကိုယ်တိုင် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်စက်မှုနတ်ဘုရားများအား အမိန့်ပေးသွန်းလုပ်ခိုင်းထားခြင်း ဖြစ်သည်။
သူ ဝတ်ထားသော ချပ်ဝတ်တန်ဆာမှာလည်း သာမန်ချပ်ဝတ်တန်ဆာမဟုတ်ပေ။ ချပ်ဝတ်တန်ဆာအပေါ် ခတ်နှိပ်ထားသော သင်္ကေတအမှတ်အသားများက ဖန်ဆင်းရှင်တို့၏ အသိစိတ်အလျဉ်များကို တိုက်ခိုက်ရန်အတွက် ရည်ရွယ်၏။
ချင်ဖုန်းကျင့်မှာ ကောင်းကင်အလွန်ရှိ မြင်ကွင်းကို မြင်လျှင် တူကြီးနှစ်လက်အား ချိုင်းကြား ညှပ်ကာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံအတွင်းသို့ လှည့်ဝင်သွားသည်။ ကြင်ယာတော်မင်းသမီးကျန်းက သူ့နောက်သို့ ခပ်သွက်သွက် လိုက်လာရင်း မေးလေသည်။ “ဖုန်းကျင့်၊ ဘယ်သွားမလို့လဲ”
“ရတနာတွေ သွား,မပြီး ထွက်ပြေးတော့မလို့”
ခေါင်းကြီးကြီးကလေးကြီးက သူမဘက်လှည့်ကာ ဆက်ပြောသည်။ “အမေလည်း လိုက်ခဲ့... ဒါက ရွှင်ပျော်ပျော်ကျေးရွာ မဟုတ်တော့ဘူး... အဲဒီအရသာရှိတဲ့ အကောင်ကြီးတွေက ဒီနေရာအထိတောင် ရောက်လာပြီ... ကျွန်တော်တောင် သူတို့ကို ခုခံနိုင်မှာမဟုတ်ဘူး... အစားတောင် ခံရနိုင်သေးတယ်.. အမေ၊ အဖေ့ကိုလည်း လိုက်လာဖို့ သွားခေါ်ပါဦး.. ကျွန်တော်တို့မှာ လှေရှိတာပဲ... အနောက်ကနေ ထွက်ပြေးရအောင်... ကျွန်တော် အမေတို့အားလုံးကို ယိုတုဆီ ပြန်ခေါ်သွားမယ်... မြေအောက်ဘုံအရှင်သခင်က ကျွန်တော် ပြန်လာရင် ကျွန်တော့်ကို ကာကွယ်ပေးမယ်တဲ့... ကျွန်တော်တို့မိသားစု အသက်ရှင်နိုင်ပါသေးတယ်”
ကြင်ယာတော်မင်းသမီးကျန်းက စိတ်ဆိုးမာန်ဆိုး ဆူတော့သည်။ “ငါတို့လူတွေအားလုံး ဒီမှာလေ... သူတို့ကို စွန့်ပစ်ပြီး ကိုယ်လွတ်ရုံး ပြေးရမှာလား”
ချင်ဖုန်းကျင့်က ခေါင်းကုတ်၍ ပြန်ဖြေသည်။ “ဒါဆို သူတို့ကိုလည်း လိုက်လာခိုင်းမလား... အကုန်လုံးတော့ မရဘူးနော်.. လူတွေ တအားများရင် အကုန်လုံးကို ကျွန်တော် ကာကွယ်မပေးနိုင်ဘူး... ပြီးတော့ မြေအောက်ဘုံအရှင်သခင်ကလည်း လူအများကြီး လက်ခံလောက်မယ် မထင်ဘူး”
ကြင်ယာတော်မင်းသမီးကျန်း ဒေါသထွက်သွားပြီး သူ့ပခုံးပေါ် ခုန်တက်သည်။ သူမက သူ့နားရွက်ကို ဆွဲရင်း အော်တော့သည်။ “ဒီကနေ ထွက်သွားလို့တောင် မရလောက်ဘူးဟဲ့... ငါတို့အားလုံး ရွှင်ပျော်ပျော်ကျေးရွာကို ကာကွယ်ပြီး အဆုံးထိ တိုက်ခိုက်ရင်တော့ အသက်ရှင်နိုင်ခြေ ရှိသေးတယ်... နင် နင့်ညီလေးကို မေ့သွားပြီလား... နင့်ညီလေးကို ဖန်ဆင်းရှင်တွေ ဖမ်းသွားတာနော်... ဒါတောင် နင်က သူ့ကို ကယ်မယ့်အစား ထွက်ပြေးဖို့ လုပ်နေတယ်... ငါတော့ နင့်အစား မျက်နှာဘယ်ထားရမှန်း မသိတော့ဘူး”
“အားလားလား မဆွဲပါနဲ့ဗျာ နာတယ် နာတယ်”
ချင်ဖုန်းကျင့်မှာ သူမဆွဲခေါ်သွားသည့်အတိုင်း လိုက်သွားရပြီး ဝင်္ကပါအရှေ့သို့ ပြန်ရောက်သွားသည်။ “ကျွန်တော်က လူကြီးဖြစ်နေပြီဗျ... နားရွက်ကို မဆွဲပါနဲ့တော့ဗျာ.... ကျွန်တော့်ကို ရွှင်ပျော်ပျော်ကျေးရွာသားတွေက စံနမူနာအဖြစ် လေးစားကြတာ.. အမေက နားရွက်လာဆွဲနေတော့ ရှက်ဖို့ကောင်းတယ်ဗျ... ပြီးတော့ ညီဆိုးလေးက မသေဘူးစိတ်ချ... သူ သေတာ တစ်ခါမှ မမြင်ဖူးဘူး... သူက အဲဒီအရသာရှိတဲ့ အကောင်ကြီးကြားမှာ ပုန်းနေပြီး ကျွန်တော်တို့ကို တိတ်တိတ်လေး ရယ်နေလောက်ပြီ”
ကြင်ယာတော်မင်းသမီးကျန်း သူ့ကို စစ်တပ်ကြီး၏အရှေ့သို့ ခေါ်သွားသည့်အချိန်တွင် ခိုင်ဧကရာဇ်သည် ချင်ဟန်းကျန်းတို့နှင့် စနောက်နေ၏။ “ကြည့်ဦး အဲဒီကောင်းကင်နန်းဆောင်တွေက အစစ်တွေအတိုင်းပဲ ကြောက်ဖို့ကောင်းချက်”
ခို်ဧကရာဇ်၏ဘေးတွင် သိုင်းပညာများသည် ကြောက်မက်ဖွယ်ရာ အရှိန်အဝါများကို ထုတ်လွှတ်လျက် ဖန်ဆင်းရှင်စစ်တပ်ကြီးကို လေ့လာနေကြ၏။
“အမှန်ပဲ... အစစ်တွေနဲ့ တူတယ်... သူတို့ တုပတာ နည်းနည်းများသွားတာ နှမြောစရာပဲ”
ယန်ယွင်ရှီက ရယ်သည်။ “ဒီဖန်ဆင်းရှင်တွေနဲ့ အနောက်မှ ကောင်းကင်နန်းဆောင် အမျိုးအစား ဆယ့်လေးခု ရှိတယ်... တချို့ကောင်းကင်နန်းဆောင်တွေက ပြည့်တောင် မပြည့်စုံသေးဘူး... ကြည့်ရတာ တစ်ယောက်ယောက်က ဒီကောင်းကင်နန်းဆောင် ဆယ့်လေးမျိုးကို ထုတ်လွှတ်ပြီး ဒီဖန်ဆင်းရှင်တွေကနေတစ်ဆင့် ဖန်ဆင်းထားတဲ့ပုံပဲ.. မသိရင် သူတို့ ထုတ်ဖော်ထားသလို လုပ်ထားတာမျိုးပေါ့”
ချင်ဟန်ကျန်းဆီမှ ရယ်သံ ထွက်လာ၏။ “နတ်ချပ်ဝတ်တွေနဲ့ နတ်လက်နက်တွေကလည်း မြင်ယောင်ဖန်ဆင်းထားတာတွေပဲ... အစစ်မဟုတ်ဘူး.. ဖန်ဆင်းရှင်တပ်စိတ်တစ်စိတ်နဲ့ တစ်စိတ် ချပ်ဝတ်သင်္ကေတချင်း မတူသလို၊ နတ်လက်နက်တွေလည်း ကွဲကြတယ်... တပ်စိတ်တစ်စိတ်မှာ ဖန်ဆင်းရှင်တစ်ထောင်လောက် ရှိတယ်... အဲဒီလို ချပ်ဝတ်ဒီဇိုင်းတွေ၊ နတ်လက်နက်ဒီဇိုင်းတွေကို စဉ်းစားဖို့က ဗဟုသုတများဖို့ လိုတယ်... ကျုပ်ဖြင့် တစ်ယောက်ယောက်ကိုတောင် သွားသတိရမိတယ်”
ယန်ယွင်ရှီနှင့် ကျန်ရှိသူများလည်း ခေါင်းညိတ်ကာ ရယ်မိကြသည်။ “ကျုပ်တို့လည်း တစ်ယောက်ယောက်ကို သတိရမိတယ်”
“ဝမ်ထျန်းကဲ.. ကောင်းကင်ဆရာသခင်ဝမ်... သူ့ဗဟုသုတတွေက များလွန်းတဲ့အပြင် သူက အမြင်လည်း ကျယ်တယ်... ကမ္ဘာပေါ်မှာ သူက ဉာဏ်အကောင်းဆုံးလူပဲ... ဘာလုပ်လုပ် အမြဲ တိတိကျကျ လုပ်တတ်တဲ့ မောင်တိကျဆိုတာလည်း သူပေါ့... သူသာ ဒါတွေကို ဒီဇိုင်းဆွဲရင် အပြီးပြည့်စုံဆုံး အခြေအနေအထိ အကောင်းဆုံး ရေးဆွဲနိုင်မှာပဲ”
ခိုင်ဧကရာဇ်က ဆက်ပြောသည်။ “သူက အဲဒီလို လူပဲလေ... ဒါပေမဲ့ အဲဒါကြောင့်လည်း သူ ထင်ထားသလောက် မအောင်မြင်ခဲ့တာပဲ... သူ့ဗဟုသုတတွေက အမျိုးမျိုးဖြစ်နေတော့ အဲဒီအသိပညာတွေကို ပေါင်းစည်းပြီး အသုံးမချနိုင်တော့ဘူး.. အဲဒါကပဲ သူ့သိုင်းအဆင့် တိုးတက်မှုကို ကန့်သတ်ပစ်လိုက်တာ”
ယန်ယွင်ရှီသည် ရယ်လိုက်၏။ “အရှင်မင်းကြီးက မသိလောက်ပေမယ့် သူက တပည့်သုံးယောက် လက်ခံခဲ့တယ်... တပည့်တစ်ယောက်စီက သူ့ရဲ့ အားနည်းချက်၊ အားသာချက်တွေကို မျှပြီး အမွေရခဲ့တယ်လေ... ဒါပေမဲ့ သုံးယောက်လုံးမှာ တူညီတဲ့အချက်တစ်ချက် ရှိတယ်... ခရေစေ့တွင်းကျ အတိကျဆုံး၊ အပြည့်စုံဆုံး လုပ်တတ်တဲ့ အကျင့်.... ဒုတိယတပည့်က ရှင့်ရဲ့ ချင်မျိုးဆက်တစ်ယောက်ပဲ”
ချင်ဟန်ကျန်းက သူမကို ထူးဆန်းစွာ ကြည့်သည်။ “ကောင်းကင်ဆရာသခင် ကျစ်ရှီ ဆိုလိုတာ...”
ယန်ယွင်ရှီက ဆက်ပြောသည်။ “ချင်သားတော်က ယဇ်ပူဇော်မခံရရုံတင်မကဘဲ ဖန်ဆင်းရှင်တွေရဲ့ အထွတ်အမြတ်ကလေးငယ် ဖြစ်လာပြီး ဖန်ဆင်းရှင်မျိုးနွယ်စုရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ပြီ”
ချင်ဟန်ကျန်း ထအော်လိုက်မိ၏။ “ခင်ဗျား ပြောတာက... ဒီလို ပြင်ဆင်ခိုင်းထားတဲ့သူက မူအာပေါ့”
ခိုင်ဧကရာဇ်က မှင်သေသေဖြင့် ပြန်ဖြေသည်။ “ဒီဖန်ဆင်းရှင်တွေရဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့သူက သူပဲ... အဟက်ဟက်... ဒီလောက် ခမ်းနားတဲ့ စစ်တပ်ကြီး၊ ဒီလောက် ကြောက်စရာကောင်းတဲ့ အခင်းအကျင်းနဲ့ သူက ငါတို့နယ်စပ်ကို ချင်းနင်းလာတယ်ပေါ့လေ.. ဒီခွေးကောင်လေးက တော်တော် ဉာဏ်များတာပဲ... မင်းတို့တွေ သူနဲ့ တွေ့ရင် သူ့ကို ချင်သားတော်လို မဆက်ဆံကြနဲ့... ကောင်းကင်နတ်အရှင်မူလို့ ခေါ်ကြ”
သူ ဆိုလိုသည်ကို နားမလည်သဖြင့် အားလုံး အံ့အားသင့်သွားကြသည်။
ခိုင်ဧကရာဇ်သည် ဆက်ပြော၏။ “သူ့မှာ ချင်မိသားစုရဲ့ သွေး ရှိပေမယ့် ... ချင်မိသားစုအပေါ် ဘာအကြွေးမှ တင်မနေဘူး.. ဒါ့အပြင် ချင်မိသားစုအတွက် အသက်ကြွေးလည်း သူ ဆပ်ပေးပြီးသွားပြီ... သူက ကောင်းကင်နတ်အရှင်တစ်ယောက်ပဲ မဟုတ်ာလး... သူ့ကို ဘွဲ့အတိုင်း ခေါ်တာက လေးစားမှု ပြသရာကျတယ်”
ချင်ဟန်ကျန်းမှာ ဤဘိုးဘေးကြီး အနည်းငယ် စိတ်တိုနေသလို ခံစားလိုက်ရသဖြင့် မျက်မှောင်ကြုတ်သွားမိသည်။
သို့သ်ော သူစိတ်တိုနေသည်ကိုလည်း နားလည်ပေး၍ ရသည်။
ဤဖန်ဆင်းရှင်တို့၏ ကောင်းကင်နန်းဆောင်များက မြင်ယောင်ဖန်ဆင်းထားသည့် အရာများဖြစ်ကြောင်း ပြောနိုင်သူ လက်တစ်ဆုပ်သာ ရှိသည်။ ကျန်ရှိသူများမှာ ဤဖန်ဆင်းရှင်စစ်တပ်ကြောင့် လိပ်ပြာလွင့်မတတ် ကြောက်နေကြချေပြီ။ ချင်ဖုန်းကျင့်ပင် ကြောက်လွန်းသဖြင့် ထွက်ပြေးရန်ပင် လုပ်ခဲ့သေးသည်။
ဤသည်ကား ချင်မူ့လုပ်ရပ်ကြောင့် ဖြစ်လာသည့် ရလဒ်မဟုတ်လော။ ခိုင်ဧကရာဇ်အနေဖြင့် စိတ်မဆိုးဘဲ နေပါမည်လော။
ကောင်းကင်၏အလွန်တွင် ချင်မူ၏ ကောင်းကင်နတ်ဘုံ ဆယ့်လေးခု လွင့်မျောပျံဝဲနေသည်။ သူက နတ်ဘုရင်လန်ဝူ၏ အသိစိတ်အလျဉ်ကို အသုံးချကာ သူ၏ ကောင်းကင်နန်းဆောင်ဆယ်လေးဆောင်အား ဖန်ဆင်းရှင်များ မြင်ယောင်ဖန်ဆင်းနိုင်အောင် သူတို့ စိတ်အတွင်းသို့ ပို့လွှတ်ထားခြင်း ဖြစ်သည်။
ရှုကျွင်းက ချောင်းဟန့်ကာ သူ့ကို သတိပေးသည်။ “အထွတ်အမြတ်ကလေးငယ်၊ မင်း နည်းနည်း လွန်သွားမှာ မစိတ်ပူဘူးလား”
“လွန်သွားလို့လား”
ချင်မူ အေးစက်စက် ရယ်လိုက်၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရွှင်ပျော်ပျော်ကျေးရွာဆီက အကာအကွယ် လိုအပ်နေတုန်းက အမိန့်လေးတစ်ခုကြောင့် နတ်ဘုရားအားလုံး ထွက်သွားကြရတယ်... အဲဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ကောင်းကင်နတ်ဘုံကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရတယ်... ကျွန်တော်က အပိုတွေ လုပ်နေတာမဟုတ်ဘူး... သူ့အနေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မျှော်လင့်ချက်တွေ ပေးပြီးမှ ရုတ်တရက်ကြီး ပြန်ယူသွားသင့်တယ်ထင်လား.. ထာဝရငြိမ်းချမ်းရေးအင်ပါယာကတော့ အဟက်ဟက်....”
ချင်မူသည် ခိုင်ဧကရာဇ်အပေါ် အခဲမကြေသေးပေ။ “အစကနေ အဆုံးအထိ ထာဝရငြိမ်းချမ်းရေးအင်ပါယာဟာ သူ စွန့်ပစ်ထားတဲ့ သာမန်လူလေးတွေပဲ ဖြစ်နေခဲ့တယ်... သူက ကျွန်တော်တို့ကို တစ်ခါပဲ စွန့်ပစ်ခဲ့တာမဟုတ်ဘူး... နှစ်ခါ စွန့်ပစ်ခဲ့တာ... ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေကို ကယ်တင်ပေးခဲ့တဲ့ လူက ဘယ်တုန်းကမှ သူ မဟုတ်ခဲ့ဘူး... ပထမလူသားဧကရာဇ်ပဲ”
သူက နတ်ဘုရင်လန်ဝူ၏ ပခုံးအပေါ်တွင် ပျံဝဲလျက် သူမနားအနားသို့ သွားကာ ပြောလိုက်သည်။ “မမကြီး၊ မမကြီးရဲ့ အသိစိတ်အလျဉ်က အကန့်အသတ်မဲ့တယ်... ဒါကြောင့် ဖန်ဆင်းရှင်တွေရဲ့ နတ်ဘုရင်နဲ့ အထွတ်အမြတ်ကလေးငယ်က မျိုးနွယ်စုနှစ်စုအကြား ထာဝရငြိမ်းချမ်းရေး ရယူဖို့ ခိုင်ဧကရာဇ်နဲ့ ဆွေးနွေးချင်တဲ့အကြောင်း မမကြီးကပဲ ရွှင်ပျော်ပျော်ကျေးရွာသားတွေဆီ အကြောင်းကြားပေးပါ... သူ့ကို ထွက်လာရဲသလားလို့လည်း မေးပေးပါ”