နှစ်ဆယ်ချက်မြောက် ဓားကွက်
Vol. 76 Ch. 986
ခိုင်ဧကရာဇ်က ခုံအနောက်သို့မှီ၍ လက်ဝါးတစ်ဖက် ဆန့်ပြီးနောက် လက်ချောင်းငါးချောင်းအား ဖြန့်ကားရင်း ရယ်လိုက်သည်။ “ငါ မင်းကို ဒီအကြိမ်လောက် ရိုက်နှက်ပစ်ချင်တာ”
ချင်မူ တဟားဟား ရယ်လိုက်မိသည်။ သူက ခြေထောက်တစ်ဖက်ပေါ်သို့ အခြားတစ်ဖက်ဖြင့် ခြေချိတ်ထိုင်ပြီး လက်တစ်ဖက်ဖြင့် နတ်ဘုရင်ရှုကျွင်း၏ ထိုင်ခုံနောက်သို့ တင်ကာ အေးအေးလူလူ ပြန်ဖြေလိုက်သည်။ “ခင်ဗျားက ကျုပ်ကို လိုက်တုနေပြန်ပြီနော် ကောင်းကင်နတ်အရှင်ချင်... ရိုက်မယ့်ရိုက် ဆယ်ကြိမ်လောက် ရိုက်ပေါ့”
နတ်ဘုရင်ရှုကျွင်းမှာ အနေရခက်နေသော်လည်း သူ့တွင် ခေါင်းကြီးသာ ရှိသည့်အတွက် ချင်မူ့လက်ကို ဖယ်ချ၍ မရပေ။
“မင်းခြေထောက်ကို ပြန်ချလိုက်စမ်း”
နောက်ဆုံးတော့ ချင်ဟန်ကျန်း သည်းမခံနိုင်တော့ပေ။ သူ့နဖူးတွင် သွေးကြောများ ထောင်နေပြီး သူက ခပ်တိုးတိုး ဆူ၏။ “မင်း ခြေသလုံးမွှေးတွေ ပေါ်နေတယ်ကွ.... မင်းကိုယ်မင်းလည်း ကြည့်ဦး... အောက်ခံတောင် ၀တ်မထားဘူး”
ချင်မူလည်း ခြေထောက်ကို အလျင်အမြန် ပြန်ချကာ မတ်မတ်ထိုင်လိုက်သည်။ နတ်ဘုရင်လန်ဝူမှာ သူ့အဖြစ်ကို ခပ်တိုးတိုး ရယ်ရင်း အနီရောင်၀တ်ရုံစကို ဆွဲချပေးပြီး သူ့ခြေထောက်အား ဖုံးပေးသည်။
ရွှင်ပျော်ပျော်ကျေးရွာ၏စစ်တပ်နှင့် ဖန်ဆင်းရှင်တို့၏စစ်တပ်သည် သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အချိန်မရွေး တိုက်ခိုက်ရန် အသင့်ဖြစ်နေကြ၏။ သို့သော် စင်မြင့်ထက်ရှိ အခြေအနေမှာ ယခင်ကလောက် မတင်းမာတော့ပေ။
“ကျွန်တော့်အဖေမျက်နှာကို ထောက်ထားပြီး ခင်ဗျားကို သက်ညှာပေးလိုက်မယ်... ဒီနေ့တော့ မရိုက်တော့ဘူး... နောက်ကျရင် အိမ်လာလည်မယ်.... လောလောဆယ်တော့ ကျွန်တော့်အစ်ကိုကြီးဆီ သွားပြီး ပရမတ္တကမ္ဘာအတွက် ယိုတုကို မြန်မြန်ဖန်ဆင်းပေးဖို့ ပြော.... ဖန်ဆင်းရှင်တွေကိုလည်း ကူခိုင်းလို့ ရတယ်”
ချင်ဟန်ကျန်း မျက်မှောင်ကြုတ်သွားသည်။ “အိမ်ပြန်မလာနဲ့... ငါမင်းကို ပြန်လာခွင့်မပြုဘူး” ထိုသို့ပြောပြီးနောက် သူက ခိုင်ဧကရာဇ်အမူအရာကို တစ်ချက်လှမ်းကြည့်၏။
ယန်ယွင်ရှီက ရယ်လေသည်။ “ဘုရင်ကျန်း အဲ့လိုမလုပ်ပါနဲ့.. စောစောက ကျုပ်တို့က မျိုးနွယ်စုနှစ်စုကြား အရေးပါတဲ့ကိစ္စတွေကို ဆွေးနွေးနေတာလေ.... အခုက မိသားစုကိစ္စ ဆွေးနွေးလို့ရပြီ... ကောင်းကင်နတ်အရှင်မူက မွေးကတည်းက လျှောက်သွားနေရခဲ့တာ... အခုမှ ရွှင်ပျော်ပျော်ကျေးရွာကို ပြန်လာရတာတောင် အိမ်ကို ပြန်ခွင့်မရှိဘူးတဲ့လား... ခင်ဗျား အဲ့ဒီလိုလုပ်နေတာ ရက်စက်ရာမကျဘူးလား”
ချင်မူက ပြုံးလိုက်သည်။ “ကောင်းကင်ဆရာသခင်ကျစ်ရှီ ပြောတာ မှန်ပါတယ်... ကျွန်တော် ဒီကိုလာတာက ရွှင်ပျော်ပျော်ကျေးရွာကို ရှာပြီး ကျွန်တော့်မိဘတွေနဲ့ အစ်ကိုကြီးကို တွေ့ဖို့ပဲ... ခိုင်ဧကရာဇ်လည်း ပါတာပေါ့လေ.. ကျွန်တော် တံခါး၀ကို ရောက်ပြီးတော့မှ တံခါးထဲ ၀င်ခွင့်မရဘူးဆိုတာတော့ ဘယ်ဖြစ်သင့်မတုန်းဗျာ”
“အိမ်ကို ပြန်လာပြီး ရိုက်ခံချင်လို့လား” ချင်ဟန်ကျန်းက ခိုင်ဧကရာဇ်ကို တစ်ချက်လှမ်းကြည့်ပြန်ကာ ပြော၏။
ချင်မူက စိတ်ထဲမထားဘဲ ပြန်ဖြေသည်။ “အဲ့ဒီတုန်းက ကျွန်တော် မရှုံးခဲ့ဘူး.... အခုဆို ပိုတောင်မရှုံးနိုင်သေးတယ်.... ခိုင်ဧကရာဇ် ဟုတ်တယ်မလား”
ခိုင်ဧကရာဇ်က မတ်တပ်ထရပ်ပြီး နွေးထွေးစွာ ပြုံးပြသည်။ “ပြန်လာရင် ကြည့်ကြည့်ပေါ့... အခု ငါတို့မျိုးနွယ်စုနှစ်စုကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ပြီးသွားပြီဆိုတော့ ငါလည်း ပြန်ပြီး လုပ်စရာရှိတာတွေ လုပ်လိုက်ဦးမယ်... ဖုန်းကျင့်ကိုလည်း ပရမတ္တကမ္ဘာအတွက် ယိုတုဖွင့်ခိုင်းပြီး ပရမတ္တကမ္ဘာထဲမှာ သေခြင်းရှင်ခြင်းသံသရာ လည်ပတ်လာအောင် လုပ်ခိုင်းရမယ်... ကောင်းကင်နတ်အရှင်မူ၊ မိသားစုနဲ့ တွေ့ဖို့ ရွှင်ပျော်ပျော်ကျေးရွာဆီ ဘယ်တော့ပြန်လာမှာလဲ”
ချင်မူက ယဉ်ယဉ်ကျေးကျေး ပြန်ဖြေသည်။ “နှစ်လနေရင် ပြန်လာခဲ့မယ်.... ပရမတ္တကမ္ဘာအတွက် ယိုတုကို ဖွင့်ဖို့လည်း အချိန်ကြာဦးမှာမဟုတ်လား... ဒါက လုပ်ငန်းစဉ်အကြီးကြီးဆိုတော့လေ... ကျွန်တော် အစ်ကိုကြီး ယိုတုကို ဖန်ဆင်းနိုင်အောင် ကူညီဖို့ နတ်ဘုရင်နဲ့အတူ ဖန်ဆင်းရှင်တွေ လွှတ်လိုက်ပါ့မယ်”
ခိုင်ဧကရာဇ်ကလည်း ယဉ်ယဉ်ကျေးကျေး ပြန်ဖြေ၏။ “ဒါဆို မင်း နှစ်လနေရင် ရောက်လာမှာကို စောင့်နေပါ့မယ်... ကောင်းကင်ဆရာသခင်၊ ဟန်ကျန်း သွားစို့”
ချင်မူနှင့် နတ်ဘုရင်လန်၀ူက သူတို့ကို လိုက်ပို့သော်လည်း ခိုင်ဧကရာဇ်သည် ကပျာကယာ တား၏။ “ငါတို့ကို လိုက်ပို့စရာ မလိုပါဘူး... ရွှင်ပျော်ပျော်ကျေးရွာက ဒီနားလေးပဲဟာ”
ချင်မူ သူတို့ စင်မြင့်ပေါ်မှ ဆင်းသွားသည်ကို ကြည့်နေစဉ် ချင်ဟန်ကျန်းက လှည့်လာပြီး ခပ်တိုးတိုး ပြော၏။ “ပြန်မလာနဲ့” ထို့နောက် သူက ခိုင်ဧကရာဇ်နှင့် ယန်ယွင်ရှီနောက်သို့ လိုက်ကာ ရွှင်ပျော်ပျော်ကျေးရွာထံ ပြန်သွားလေသည်။
“မမကြီ၊ ရွှင်ပျော်ပျော်ကျေးရွာနဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ပြီးပြီဆိုတော့ ဖန်ဆင်းရှင်တွေ မကျေမနပ် ဖြစ်နိုင်လောက်လား” သူက သူ့ဘေးရှိ အမျိုးသမီးဆီ ခေါင်းလှည့်ကာ မေးလိုက်သည်။
နတ်ဘုရင်လန်ဝူက ခေါင်းခါပြသည်။ “နင်က အထွတ်အမြတ်ကလေးငယ်လေ.. နင့်ရဲ့ဆုံးဖြတ်ချက်က ဖန်ဆင်းရှင်တွေအားလုံးရဲ့ ဆုံးဖြတ်ချက်... ဘိုးဘေးဝိညာဉ်တွေရဲ့ ဆုံးဖြတ်ချက်ကို ကိုယ်စားပြုတယ်.. သူတို့က နင့်ရဲ့ဆုံးဖြတ်ချက်ကို ကလန်ကဆန် လုပ်မှာမဟုတ်ဘူး... ဖန်ဆင်းရှင်တွေက တကယ်တော့ အရှုံးသမားတွေပါပဲ... ဒီမှာပုန်းရုံပဲ ပုန်းပြီးတော့ ရည်မှန်းချက် မရှိကြဘူး.. ငါတို့အနေနဲ့ အေးအေးချမ်းချမ်းနဲ့ အသက်ရှင်နိုင်ဖို့ပဲ လိုချင်ကြတာ”
သူမက တခဏရပ်ပြီးနောက် ထပ်ပြောသည်။ “ဒီငြိမ်းချမ်းရေးစာချုပ်ကြောင့် ဖြစ်ပေါ်လာမယ့် အနာဂတ်ကို သူတို့မြင်နိုင်အောင် ငါ့အသိစိတ်အလျဉ်နဲ့ ပြလိုက်မယ်.... ပရမတ္တကမ္ဘာရဲ့ ယိုတုနဲ့ အနာဂတ်ကို မြင်နိုင်ရင် နင်လုပ်နေတာတွေကို သူတို့ နားလည်သွားမှာပါ.. ဒါ့အပြင် မကောင်းဆိုးဝါး ဖြစ်သွားခဲ့တဲ့ ဘိုးဘေးဝိညာဉ်တွေလည်း အေးအေးချမ်းချမ်း အနားယူနိုင်မယ်.... ဒါဆို သူတို့ နင့်ကို ပိုလို့တောင် လေးစားလိမ့်ဦးမယ်”
ချင်မူ ကျေးဇူးတင်လိုက်သည်။
နတ်ဘုရင်လန်ဝူက သူ့အကြည့် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံဆီ ရောက်,ရောက်သွားသည်ကို မြင်လျှင် အိမ်ကို လွမ်းနေသည့် သူ့စိတ်အား ခံစားမိလိုက်သည်။ သူမက မေးကြည့်လေသည်။ “နင် နှစ်လစောင့်ပြီးမှ ရွှင်ပျော်ပျော်ကျေးရွာထဲ ဝင်မှာလား”
“ဘယ်ဟုတ်ပါ့မလဲဗျာ... ကျွန်တော်က ပြီးခဲ့တဲ့ နှစ်တွေအတွင်း ရွှင်ပျော်ပျော်ကျေးရွာ ဘာတွေအောင်မြင်ခဲ့သလဲ ကြည့်ဖို့ တိတ်တိတ်လေး ခိုး၀င်သွားမှာ”
နတ်ဘုရင်လန်ဝူက တောက်ပရွှန်းလဲ့နေသော မျက်၀န်းများကို ပုတ်ခတ်ရင်း ချင်မူ့အတွေးကို စိတ်၀င်စားနေသည်။
“ခိုင်ဧကရာဇ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေက ထိပ်တန်းပဲလေ... နတ်ဘုရားတွေ၊ မိစ္ဆာတွေက ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီးတဲ့အခါ ပြုပြင်ပြောင်းလဲမှုရဲ့ ရလဒ်တွေကို သေမျိုးလူသားတွေဆီ လက်ဆင့်ကမ်းပေးတတ်ကြတယ်”
ချင်မူ၏အကြည့်များကား ၀င်းလက်နေသည်။ “အဲ့ဒါကြောင့် ရွှင်ပျော်ပျော်ကျေးရွာရဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ သင်ကြားနေတာတွေက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ ထိပ်တန်းသိုင်းပညာရပ်တွေ ဖြစ်နေလိမ့်မယ်... သူတို့က သေမျိုးတွေ ကောင်းကင်နတ်သိုင်းပညာရှင်တွေ၊ နတ်ဘုရားတွေ ဖြစ်လာနိုင်အောင် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားပေးကြမှာ... ဒါကြောင့် နောက်လနေရင် ကျွန်တော် ရွှင်ပျော်ပျော်ကျေးရွာရဲ့ ထိုက်ဧကရာဇ်ကောင်းကင်နတ်ဘုံကနေ စပြီး ရွှင်ပျော်ပျော်ကျေးရွာရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ အတိတ်တုန်းကထက်စာရင် ဘယ်လောက်တိုးတက်လာခဲ့သလဲ၊ ဘယ်လောက်ဆုတ်ယုတ်သွားခဲ့သလဲ ကြည့်ရမယ်”
နတ်ဘုရင်လန်ဝူက ရယ်သည်။ “နင်က တကယ်ပဲ ချင်ယဲ့နဲ့ ပြိုင်တော့မှာလား”
ချင်မူ မငြင်းပဲ တောက်ပစွာ ပြုံးပြလိုက်သည်။ “သူက ကောင်းကင်နတ်အရှင်ချင်.. ကျွန်တော်က ကောင်းကင်နတ်အရှင်မူလေ... ပြီးခဲ့တဲ့နှစ်တစ်သန်းက ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် အမြင်ကပ်ခဲ့ကြတယ်... ဒါပေမဲ့ အဲ့ဒီတုန်းက ဘယ်သူက ပိုသာလဲ မဆုံးဖြတ်ခဲ့ရဘူး... အခု တစ်ယောက်နဲ့ တစ်ယောက် ပြန်ဆုံပြီး မိသားစုလည်း ဖြစ်နေပေမယ့် တစ်ယောက်ကိုတစ်ယောက် မျက်စိစပါးမွှေး စူးနေတုန်းပဲ.. အဲ့ဒါကြောင့်မလို့ ပြိုင်တာပဲ ကောင်းပါတယ်.... ကိုယ့်ကိုကိုယ်လည်းသိ၊ ရန်သူကိုလည်း သိထားမှ တိုက်ပွဲတွေကို အောင်မြင်နိုင်မှာမဟုတ်လား”
သူ့မျက်ဝန်းများတွင် ဉာဏ်များသော အလင်းရောင်ဖြတ်ပြေးသွားသည်။ “လာမယ့်ရက်တွေမှာ ... သူက ပရမတ္တကမ္ဘာရဲ့ ယိုတုကို ဖွင့်လှစ်နိုင်ဖို့ပဲ အားထည့်ထားလိမ့်မယ်... ရွှင်ပျော်ပျော်ကျေးရွာရဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေ အငြိုးမထားတော့အောင်လည်း ဖျောင်းဖျရလိမ့်မယ်... သူ့အနေနဲ့ ကျွန်တော့်ကို စောင့်ကြည့်နေဖို့ အချိန်ရော၊ ကျွန်တော့်ရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို လေ့လာနေဖို့ အချိန်ရော ရှိမှာမဟုတ်ဘူး.. ဒါပေမဲ့ ကျွန်တော်ကတော့ သဲလွန်စအမျိုးမျိုးကနေ သူ့ဓားလမ်းစဉ် ကောင်းကင်ဘုံ ၃၃ ဘုံရဲ့ ဆန်းကြယ်နက်နဲမှုတွေကို ဖော်ထုတ်နိုင်လိမ့်မယ်”
နတ်ဘုရင်လန်ဝူမှာ ချီတုံချတုံဖြင့် ပြန်ဖြေသည်။ “ငါလည်း ဖန်ဆင်းရှင်တွေကို ဖျောင်းဖျပြီး နင့်အစ်ကိုကြီး ဖြစ်တဲ့ ခေါင်းကြီးကြီးကလေးကြီး... ပရမတ္တကမ္ဘာရဲ့ ယိုတုကို ဖန်ဆင်းနိုင်အောင် သွားကူညီရဦးမယ်... ဒီတော့ နင့်ကို အဖော်ပြုပေးဖို့ အချိန်မရှိလောက်ဘူး”
ချင်မူ ဝမ်းနည်းသွားသည်။
နတ်ဘုရင်လန်ဝူ သူ့အနားတွင် ရှိနေသည်ကို သူ သဘောကျ၏။
ဤအမျိုးသမီးက မယုံနိုင်လောက်အောင် ထက်မြက်သည်။ သူမသည် ရန်သူဖြစ်လျှင် ရန်သူကို ရင်ဆိုင်မည့် နည်းလမ်းများစွာ ရှိ၏။ မိတ်ဆွေဖြစ်လျှင် မိတ်ဆွေကို ကူညီပေးရန် တတ်နိုင်သမျှ အကုန်လုပ်ပေးတတ်သည်။
နတ်ဘုရင်လန်ဝူမှာ အတိုင်းထက်အလွန် ချောမောလှပသော အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း ယွင်ချွီးရှို့ သူ့ကို ဖိအားပေးခဲ့သလို အနေရခက်အောင်လည်း မလုပ်ပေ။ ဤအမျိုးသမီးနတ်ဘုရင်ကို အနားတွင် ထားရသည့်အခါ ချင်မူမှာ သူ့ဦးနှောက် ပို၍ပင် ဖြတ်လတ်နေသလို ခံစားနေရသည်။
သို့သော် နတ်ဘုရင်လန်ဝူအနေဖြင့် အခြားကိစ္စများ လုပ်ရန် ရှိချေရာ ချင်မူ သူမအား ဆွဲထား၍မရပေ။
သူတို့သုံးယောက်သား ဖန်ဆင်းရှင်တို့၏ အခြေစိုက်စခန်းသို့ ပြန်လာခဲ့ကြသည်။ ချင်မူ သူမထွက်သွားသည်ကို ကြည့်နေစဉ် ရှုကျွင်းက ပြောသည်။ “ဒီနတ်ဘုရင်က ထူးခြားတဲ့ အမျိုးသမီးတစ်ယောက်ပဲ... သိုင်းအဆင့်ကလည်း ကြောက်စရာကောင်းလောက်အောင် မြင့်မားတယ်... ဟိုတုန်းက ငါ့ထက်တောင် ပိုရှိန်စရာကောင်းသေးတယ်”
ချင်မူက သက်ပြင်းချကာ ပြောသည်။ “သူက မြင်ယောင်ဖန်ဆင်းခံထားရတာ တစ်ခုပဲဗျာ... ကမ္ဘာပေါ်မှာ အဲဒီလောက် ပြီးပြည့်စုံတဲ့ ဖြစ်တည်မှု မရှိဘူး...”
“မြင်ယောင်ဖန်ဆင်းခံထားရတာ ဟုတ်လား”
ရှုကျွင်းသည် တဟားဟား ထရယ်၏။ “မင်း ဘာတွေ တွေးနေတာလဲ”
ချင်မူ ငေးကြောင်သွားသည်။
ရှုကျွင်းက ခေါင်းယမ်းလေသည်။ “မြင်ယောင်ဖန်ဆင်ခံထားရတဲ့ နတ်ဘုရားတွေက အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းတွေကို အသုံးမပြုနိုင်ဘူး... မင်းလို ကောင်းကင်ရတနာတွေ၊ ကောင်းကင်နန်းဆောင်တွေလည်း မဖွင့်လှစ်နိုင်ဘူး... သူ့ရဲ့ အသိစိတ်အလျဉ် ကောင်းကင်နတ်သိုင်းက ငါ့ထက်တောင် ပိုအင်အားကြီးသေးတယ်... ကောင်းကင်ရတနာတွေ၊ ကောင်းကင်နန်းဆောင်တွေလည်း ပိုင်ဆိုင်ထားတာကို ဘယ်လိုလုပ်ပြီး မြင်ယောင်ဖန်ဆင်းခံထားရတာ ဖြစ်နိုင်မှာတုန်း”
ချင်မူမှာ ဦးနှောက်ပေါက်ကွဲသွားသလို ခံစားလိုက်ရကာ အက်ကွဲကွဲအသံဖြင့် မေးလိုက်မိသည်။ “ခင်ဗျား ဆိုလိုတာက ဒီကမ္ဘာပေါ်မှာ အဲဒီလောက် လှပြီး ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက် တကယ် ရှိတယ်ပေါ့”
မယုံနိုင်စရာကောင်းလွန်းသည်ဟု သူ ခံစားရလေသည်။
သို့သော် ရှုကျွင်း၏ စကားက သူ့ကို သတိပေးလိုက်သည်။ နတ်ဘုရင်လန်ဝူသည် လှလွန်းပြီး ပြီးပြည့်စုံလွန်းသဖြင့် အသေးစိတ်အချက်အလက်များကို အမှုမဲ့အမှတ်မဲ့ ဖြစ်ကာ သူမသည် ဖန်ဆင်းရှင်များ မြင်ယောင်ဖန်ဆင်းထားသော နတ်ဘုရားတစ်ပါး ဖြစ်လိမ့်မည် ထင်ခဲ့၏။
မြင်ယောင်ဖန်ဆင်းခံထားရသော နတ်ဘုရားများက ရှေးဟောင်းနတ်ဘုရားများနည်းတူ ဖန်ဆင်းရှင်တို့၏ ပုံဖော်ပေးသည့် အတွေးများ၊ အသိစိတ်အလျဉ်များအလိုက် အကန့်အသတ်ရှိသည်။ မီးက မီး၊ ရေက ရေ ဖြစ်သည်။ သူတို့အနေဖြင့် မိမိ၏ဓာတ်သတ္တိများကို မပြောင်းလဲနိုင်သဖြင့် ထိုဓာတ်သတ္တိများအတိုင်းသာ ဆက်လက်ကျင့်ကြံရင်း အဆင့်မြှင့်နေရုံသာ ရှိလေသည်။
ရှေးဟောင်းနတ်ဘုရားများမှာလည်း ကောင်းကင်ရတနာ၊ ကောင်းကင်နန်းဆောင် မဖွင့်လှစ်နိုင်ပေ။ ထို့အပြင် မြင်ယောင်ဖန်ဆင်းရန် အသာထား၊ အသိစိတ်အလျဉ်ကို သိုင်းကွက်အဖြစ် အသုံးပြုနိုင်သော ရှေးဟောင်းနတ်ဘုရားများ မရှိပေ။
သို့သော် နတ်ဘုရင်လန်ဝူက ခြွင်းချက် ဖြစ်သည်။
သူမသည် မြင်ယောင်ဖန်ဆင်းနိုင်ပြီး ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်များကို ဖွင့်လှစ်ထားခဲ့၏။ ရွှင်ပျော်ပျော်ကျေးရွာ၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများမှတစ်ဆင့် အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းကိုလည်း ဖန်တီးနိုင်ခဲ့ကာ ဖန်ဆင်းရှင်တို့အတွက် လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများအား ပြုပြင်ပြောင်းလဲနိုင်ခဲ့သည်။
ထိုအခြင်းအရာကို ကြည့်ခြင်းအားဖြင့် သူမသည် ဖန်ဆင်းရှင်တို့ မြင်ယောင်ဖန်ဆင်းထားသော နတ်ဘုရားတစ်ပါးမဟုတ်ဘဲ သက်ရှိထင်ရှား ဖြစ်တည်မှုတစ်ခုပင်။
ချင်မူက ပြုံးလိုက်ပြီး လက်ဝါးနှစ်ဖက်ကို ပွတ်ရင်း ရယ်လိုက်သည်။ “သူက မြင်ယောင်ဖန်ဆင်းခံထားရတာလို့ ထင်မိနေတုန်းပဲ....”
ရှုကျွင်းက အချိန်ကုန်ခံ၍ သူ့အတွေးများကို လိုက်ခန့်မှန်းမနေတော့ဘဲ ပြောသည်။ “ဒါဆို ငါတို့ ရွှင်ပျော်ပျော်ကျေးရွာဆီ ဘယ်လိုဝင်ကြမလဲ”
ချင်မူ အံ့အားသင့်သွားသည်။ “ခင်ဗျားလည်း လိုက်ချင်လို့လား”
ရှုကျွင်းသည် သရော်တော်တော် ပြော၏။ “လိုက်ရမှာပေါ့... ငါ အသက်ပြန်ရှင်လာပြီဆိုတော့ ကောင်းကင်ရတနာတွေနဲ့ ကောင်းကင်နန်းဆောင်တွေ ဖွဲ့တည်ချင်တယ်... အဲဒီလိုလုပ်နိုင်မယ့် နည်းလမ်းက မင်းနောက် လိုက်ပြီး ရွှင်ပျော်ပျော်ကျေးရွာသားတွေ ဘယ်လိုကျင့်ကြံနေလဲ ကြည့်ဖို့ပဲ ရှိတယ်”
ချင်မူမှာ အနေရခက်ခက်ဖြင့် ပြန်ဖြေသည်။ “ခင်ဗျားရဲ့ လက်ရှိပုံစံကြီးက...”
“ခဏလေးပဲ စောင့်”
ရှုကျွင်းသည် မဟာကမ္ဘာဦးအစ နတ်ကျောက်တုံး၏ အပိုင်းအစတစ်ခုကို ထုတ်ကာ တခဏကြာ မြင်ယောင်နေ၏။ သူ၏ခေါင်းကြီးက ကျုံ့သွားပြီး ၎င်း၏အောက်မှ ပိန်ချုံးနေသော ခန္ဓာကိုယ်တစ်ခု ထွက်လာသည်။ အချိန်တိုလေးအတွင်း သူသည် ခေါင်းကြီးကြီးနှင့် အားနည်းနေသည့် အသွင်ရှိသော လူငယ်တစ်ယောက် ဖြစ်လာ၏။ “ဒီလောက်ဆို ရတယ်မလား.... ဒီခန္ဓာကိုယ်က သိပ်တော့ အသုံးမဝင်ဘူး... လူတစ်ယောက်လို လျှောက်သွားနိုင်ရုံပဲ ရှိတာ... နောက်ကျ အသိစိတ်အလျဉ်တွေ ထပ်ရရင် ငါ့ရုပ်ခန္ဓာကိုယ် ပြန်တည်ဆောက်နိုင်လိမ့်မယ်”
ချင်မူက မုတ်ဆိတ်မွှေးဗလပျစ်ဖြင့် သူ့မျက်နှာကို ကြည့်ကာ ခေါင်းမညိတ်ချင် ညိတ်ချင်ဖြင့် ညိတ်လိုက်သည်။ “ခင်ဗျားက နည်းနည်း အိုပေမယ့် ငယ်ချင်ယောင် ဆောင်ထားတော့ နည်းနည်း တစ်မျိုးကြီး ဖြစ်နေတယ်”
ရှုကျွင်း၏မျက်နှာကြီးက မည်းမှောင်သွားကာ ပိုအရုပ်ဆိုးလာသည်။
ချင်မူလည်း အလျင်အမြန် ဆက်ပြောလိုက်ရ၏။ “ဖန်ဆင်းရှင်တွေက ရွှင်ပျော်ပျော်ကျေးရွာကို ဝန်းရံထားတဲ့ ကြယ်သေဇုန်ကို ရွှေ့ကြလိမ့်မယ်... ရွှင်ပျော်ပျော်ကျေးရွာရဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေလည်း ကူညီကြလိမ့်မယ်... အဲဒီတော့ တော်တော်လေး ရှုပ်ယှက်ခတ်နေမှာ ... ကျွန်တော်တို့က အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး ရွှင်ပျော်ပျော်ကျေးရွာထဲ ဝင်ကြမယ်.... ကဲ ကျွန်တော် အဝတ်အစားအရင် သွားလဲလိုက်ဦးမယ်.... ဒီအနီရောင်အဝတ်အစားတွေနဲ့ အနီရောင်ခါးစည်းကြီးက ထင်းလွန်းအားကြီးတယ်”
သူ ထင်ထားသည့်အတိုင်းပင် နတ်ဘုရင်လန်ဝူနှင့် ခိုင်ဧကရာဇ်က မျိုးနွယ်စုနှစ်စုအကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီးစီးကြောင်း ကြေညာပြီး ရွှင်ပျော်ပျော်ကျေးရွာကို ဝန်းရံထားသော ကြယ်သေဇုန်အား စတင်ရွှေ့ကြတော့သည်။
ရွှင်ပျော်ပျော်ကျေးရွာ၏ နတ်ဘုရားများနှင့် မိစ္ဆာများလည်း ပျံထွက်လာကြကာ ဤကြယ်များအား ရွှင်ပျော်ပျော်ကျေးရွာနှင့် ဝေးရာသို့ ကူညီရွှေ့ပြောင်းပေးကြ၏။ တချို့က သင်္ဘောကြီးများကို အသက်သွင်းထားကြပြီး တချို့က ခွန်အားချည်းသက်သက်ဖြင့် ကြယ်တာရာများအား တွန်းထုတ်ကြသည်။
ချင်မူနှင့် ရှုကျွင်းက ထိုအခြေအနေကို အခွင့်ကောင်းယူကာ ရွှင်ပျော်ပျော်ကျေးရွာ ကောင်းကင်ဘုံ ၃၃ ဘုံ၏ အောက်ဆုံးအထပ်၊ ထိုက်ဧကရာဇ်ကောင်းကင်ဘုံသို့ ခိုးဝင်သွားကြသည်။
တစ်ချိန်တည်းမှာပင် ခိုင်ဧကရာဇ်က အမိန့်များ ထုတ်ပြန်သည်။ ကောင်းကင်နတ်ဘုံ၏ ဌာနတိုင်းသည် စည်းစနစ်တကျ ပူးပေါင်းလုပ်ဆောင်၍ ချင်ဖုန်းကျင့် ပရမတ္တယိုတုအား ဖွင့်လှစ်ပြီး သေခြင်းရှင်ခြင်းသံသရာ တည်ဆောက်ပေးနိုင်အောင် ကူညီရန် ပြင်ဆင်ကြ၏။
ပရမတ္တကမ္ဘာ၏ ဖန်ဆင်းရှင်များနှင့် ယှဉ်လျှင် ရွှင်ပျော်ပျော်ကျေးရွာ၏ အကြီးမားဆုံး အားသာချက်သည် ခိုင်ဧကရာဇ်ခေတ်၏ တိုင်းပြည်နယ်အသီးသီးမှ ဌာနအမျိုးမျိုး ကျန်ရှိနေခြင်း ဖြစ်၏။ ခိုင်ဧကရာဇ်အနေဖြင့် သူတို့ကို ဦးတည်ရာချမှတ်ပေးပြီး အမိန့်ပေးလိုက်ရုံဖြင့် ထိုဌာနဆိုင်ရာများက သူ ချထားသော ပန်းတိုင်သို့ ရောက်အောင် ကြိုးစားကြသည်။
ဤသည်မှာ ကောင်းကင်ဆရာသခင်လေးဦးအနက်မှ တန်ခိုးရှင်သစ်ခုတ်သမား ခိုင်ဧကရာဇ်အတွက် ဖော်ဆောင်ပေးထားသော တိုင်းပြည်နယ်စနစ်တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ စနစ်အောက်တွင် တစ်ဦးတစ်ယောက်ချင်းစီ၏ ပါရမီအား အပြည့်အဝ အသုံးချနိုင်မည်။ တစ်ယောက်နှင့်တစ်ယောက် ကျွမ်းကျင်သည့်နယ်ပယ် မတူညီကြသည့်အလျောက် လိုအပ်သော အခန်းကဏ္ဍများတွင် အသီးသီး ဝင်ရောက်ကူညီနိုင်ကြ၏။ တစ်ချိန်တည်းမှာပင် မည်သူမျှ ပင်ပင်ပန်းပန်း လုပ်စရာမလိုချေရာ မိမိကိုယ်ကို တိုးတက်အောင် ကျင့်ကြံရန်လည်း အချိန်လုံလုံလောက်လောက် ရနိုင်သည်။
ကောင်းကင်ဆရာသခင်လေးဦး၏ ခေါင်းဆောင်၊ သစ်ခုတ်သမား ဝမ်ထျန်းကဲသည် ခိုင်ဧကရာဇ်ခေတ်အတွင်း ကောင်းမှုများစွာ ဆောက်တည်ပေးခဲ့၏။
“ကျစ်ရှီ၊ မင်း ကောင်းကင်နတ်အရှင်မူနဲ့ သိုင်းကွက်ချင်း ဖလှယ်ဖူးတယ်မလား... သူ့ရဲ့ ဓားသိုင်းကွက်တွေက ဘယ်လိုနေလဲ” ခိုင်ဧကရာဇ်က ယန်ယွင်ရှီကို လှမ်းခေါ်ကာ မေးသည်။
ယန်ယွင်ရှီ၏ မျက်ဝန်းများ လင်းလက်သွားပြီး သူမက ရယ်လေသည်။ “အရှင်မင်းကြီးက ကိုယ့်မျိုးဆက်နဲ့ကိုယ် တကယ် ပြိုင်တော့မှာလား... ဒါက ဧကရာဇ်တစ်ပါး ပြုမူသင့်တဲ့ပုံစံနဲ့ နည်းနည်း သွေဖီနေသလားလို့”
ခိုင်ဧကရာဇ်က ခေါင်းယမ်းသည်။ “ဒါက ငါနဲ့ ငါ့မျိုးဆက်ကြားက ပြိုင်ပွဲမဟုတ်ဘူး... ကောင်းကင်နတ်အရှင်ချင်နဲ့ ကောင်းကင်နတ်အရှင်မူကြားက ပြိုင်ပွဲပဲ... ငါတို့က အမျိုးတွေဆိုပေမယ့် တစ်ယောက်နဲ့တစ်ယောက် ခံယူချက်ချင်း မတူဘူး... ခံယူချက်ချင်း မတူတာက တစ်ယောက်ကို တစ်ယောက် မုန်းတာထက် ပိုကြောက်စရာကောင်းတယ်”
သူက ရွှင်ပျော်ပျော်ဓားကို အသာအယာ ပွတ်သပ်ကာ အတွေးထဲ နစ်မျောနေ၏။ အတန်ကြာသော် ဆက်ပြောသည်။ “ငါတို့ ခံယူချက်အချင်းချင်း ထိပ်တိုက်တွေ့ပြီး တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းမရတော့တဲ့ အခြေအနေ ဖြစ်မှာထက်စာရင် ဘယ်သူက သာလဲ အရင်ဆုံးဖြတ်တာ ပိုကောင်းလိမ့်မယ်... ငါတို့လို လူတွေက စကားနဲ့ မပြောဘူး.. အလုပ်နဲ့ပဲ ဆုံးဖြတ်တယ်”
သူသည် ရွှင်ပျော်ပျော်ဓားကို ထုတ်၍ သူ့ကို အဖော်ပြုလာခဲ့သော နတ်ဓားကို အကဲခတ်သည်။ “အဲဒီတုန်းက ဒီဓားက သူ့လက်ထဲမှာ တောက်ပနေခဲ့တယ်... အဲဒီကနေတစ်ဆင့် ငါက ဓားသိုင်းရဲ့ ဆန်းကြယ်နက်နဲမှုတွေကို မြင်တွေ့ပြီး ဓားနဲ့အတူ လမ်းစဉ်ထဲ ဝင်ရောက်နိုင်ခဲ့တာပဲ”
သူက ဓားကို ဝှေ့ယမ်းလိုက်သည့်အခါ ဓားသည် အေးစက်သော ဓားအလင်းတန်းများ ထုတ်လွှတ်လိုက်၏။ သူက အေးအေးလူလူ ဆက်ပြောသည်။ “အဲဒီလိုပဲ ငါ့လက်ကနေ သူ့လက်ထဲ ရောက်သွားတဲ့ ဒီဓားကြောင့် သူက ပြိုင်ဘက်ကင်း ဓားကွက်တွေကို ဖန်တီးနိုင်ခဲ့တယ်... ဒီဓားက နှစ်တစ်သန်းနဲ့ လေးသောင်းကွာတဲ့ သူနဲ့ ငါကို ဆက်သွယ်ပေးခဲ့တာပဲ... ဒါကြောင့် သူ ဘယ်လောက် တိုးတက်လာခဲ့သလဲ ငါ မြင်ချင်တယ်... မင်းက သူ့ဓားကို မြင်ခဲ့ဖူးတဲ့ ရွှင်ပျော်ပျော်ကျေးရွာက တစ်ယောက်တည်းသော သူဆိုတော့ သူ့ကို ကောင်းကောင်းသိမှာပါ... ဒါကြောင့် ငါ မင်းကို မေးနေတာ”
“ကောင်းကင်နတ်အရှင်မူရဲ့ ဓားကွက်တွေက ပြီးခဲ့တဲ့ နှစ်တစ်သန်းအတွင်း ဒီကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းခဲ့တယ်”
ယန်ယွင်ရှီသည် ဓားကို ဆွဲထုတ်ကာ အလေးအနက် ဆက်ပြော၏။ “အရှင်မင်းကြီးရဲ့ ဓားတာအိုကလည်း ပြီးခဲ့တဲ့ နှစ်တစ်သန်းအတွင်း ထိပ်တန်းပဲ... အရှင်မင်းကြီး၊ ကျုပ် သူ့ကို ကမ္ဘာဦးဘုံမှ တစ်ကြိမ် တွေ့ခဲ့တုန်းက ကပ်ဘေးပင့်မြှောက်ဓားကွက် သင်ခဲ့တယ်... ကျေးဇူးပြုပြီး ကြည့်ပါ”
သူမက နတ်ဓားကို ဆွဲထုတ်လိုက်ရာ ဓားအလင်းတန်းများသည် ချင်မူ၏ ကပ်ဘေးပင့်မြှောက်ဓားကို တုပလျက် ခုန်ထွက်လာပြီး ဆယ့်ကိုးချက်မြောက် ဓားကွက်အား ထုတ်ဖော်ပြ၏။
ခိုင်ဧကရာဇ်၏ မျက်ဝန်းများ လှုပ်ခတ်သွားသည်။ ထိုစဉ်တုန်းက ချင်မူသည် ကပ်ဘေးပင့်မြှောက်ဓားကို နဂါးသွဲ့ရေကန်၌ ထုတ်ဖော်ပြီး ဓားတစ်ချက်ဖြင့် အရှင်မယွမ်မု၏ ပုံရိပ်အား ထိုးဖောက်ကာ တစ်လောကလုံးအား တုန်လှုပ်စေခဲ့၏။ ခိုင်ဧကရာဇ်မှာ ထိုအချိန်က အနီးကပ်ကြည့်ရန် အခွင့်မရခဲ့ပေ။
နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တစ်ယောက်အနေဖြင့်ပင် ယန်ယွင်ရှီမှာ ဤဓားကွက်၏ အနှစ်သာရကို အပြည့်အဝ ဖော်ကျူးမပြသနိုင်ပေ။ “သူ ဒီဓားကွက်ကို ထုတ်ဖော်လိုက်တုန်းက ဒီ့ထက်ပို နက်နဲတယ်... အပြောင်းအလဲတွေလည်း များလွန်းလို့ ကျုပ် မခုခံနိုင်ခဲ့ဘူး”
“ဒါက အခြေခံဓားချက်တစ်ချက်ပဲ”
ခိုင်ဧကရာဇ်သည် ရွှင်ပျော်ပျော်ဓားကို ဝှေ့ယမ်း၍ ဓားကွက်တစ်ကွက်ပြီးတစ်ကွက် ကစားပြ၏။ “ဒီဓားကွက်မတိုင်ခင် ပိုအခြေခံကျတဲ့ ဓားကွက်လေးကွက် ရှိသေးတယ်”
သူ၏ဓားအလင်းတန်းများ လင်းလက်သွားပြီး ဆယ့်ရှစ်ချက်မြောက် ဓားကွက်ကို ထုတ်ဖော်လိုက်၏။ ထို့နောက် ဆယ့်ခုနစ်ကွက်မြောက်အဖြစ် ပြောင်းလဲသွားသည်။ သူက တစ်ဆင့်ပြီးတစ်ဆင့် လျှော့ရင်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပြုပြင်ပြောင်းလဲမှုမှ ဖန်တီးပေးထားသော မဟာအခြေခံဓားကွက် လေးကွက်အား ဆက်လက်ပြသနေသည်။
ခိုင်ဧကရာဇ် မျက်လုံးပိတ်ပြီးနောက် ပြန်ဖွင့်လိုက်သည့်အခါ သူ၏မျက်လုံးများသည် လင်းလက်တောက်ပနေ၏။ “ဆယ့်ကိုးချက်မြောက် ဓားကွက်ပြီးရင် နှစ်ဆယ်ချက်မြောက် ဓားကွက် ရှိသေးတယ်”