← Chapters

ကိုယ်ချင်းစာကြည့်

Vol. 76 Ch. 985

ကိုယ်ချင်းစာကြည့်

Vol. 76 Ch. 985

ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံထဲတွင် အားလုံးသည် နတ်ဘုရင်လန်ဝူဆီမှ လာနေသော အသိစိတ်အလျဉ်ကို ခံစားလိုက်ကြရ၏။

ဖန်ဆင်းရှင်များက သူတို့ဆီသို့ အင်အားအလုံးအရင်းဖြင့် တခမ်းတနား ရောက်လာခဲ့ကြသော်လည်း ဤနေရာတွင် ဧကရာဇ်နှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေးရယူချင်သည်ဟု ကြေညာခဲ့ချေသည်။ ဤသည်မှာ အနည်းငယ် ထူးဆန်းနေသည်မဟုတ်ပါလော။

ဖန်ဆင်းရှင်များအားလုံး ဟိတ်ဟန်အရှိန်အဝါအပြည့်ဖြင့် ရောက်လာကြခြင်းကို ကြည့်ရလျှင် သူတို့ဘက်က အသာစီးရနေသည်။ သူတို့အတွက် ရွှင်ပျော်ပျော်ကျေးရွာကို သုတ်သင်ရှင်းလင်းပစ်ရန် လွယ်ကူလွန်းသည်။ အဘယ်သို့ပြု၍ ဤအခြေအနေတွင် ငြိမ်းချမ်းရေး ရယူချင်မည်နည်း။

“ဒါက ခိုင်ဧကရာဇ်ကို မျှားထုတ်ပြီး သတ်ပစ်ချင်လို့ ထောင်ချောက်ဆင်ထားတာ ဖြစ်လောက်တယ်” ယင်းက အတော်များများ စဉ်းစားမိသည့် အတွေးဖြစ်သည်။

ယခုအခြေအနေကို ကြည့်လျှင် အမှန်တကယ်ပင် ထောင်ချောက်နှင့် တူသည်။

ဤအချိန်တွင် ပြိုင်ဘက်ကင်းသော အလှတရားဖြင့် နတ်ဘုရားမတစ်ဦးသည် ဖန်ဆင်းရှင်စစ်တပ်ထဲမှ ပျံထွက်လာ၏။ သူမက သူတို့၏စစ်တပ်နှင့် ရွှင်ပျော်ပျော်ကျေးရွာအကြား နေရာဟင်းလင်းပြင်တွင် မျဉ်းကြောင်းတစ်ကြောင်း ညင်ညင်သာသာ ဆွဲလိုက်သည့်အခါ စင်မြင့်တစ်ခု ထွက်ပေါ်လာသည်။ ထိုစင်မြင့်ထက်၌ ဖြစ်ပျက်နေသော အရာမှန်သမျှအား မည်သူမဆို ရှင်းလင်းပြတ်သားစွာ မြင်ကြရသည်။

အမျိုးသမီးနတ်ဘုရင်၏ ပုံရိပ်က သေး၍သေး၍ သွားသည်။ နောက်ဆုံးတွင် ပုံမှန်အရွယ်အစားသို့ ရောက်ရှိသွား၏။ သူမက အနီရောင်၀တ်ရုံ ၀တ်ဆင်ထားသည့် လူငယ်တစ်ယောက်နှင့် ဧရာမခေါင်းကြီးတစ်ခေါင်းနှင့်အတူ စင်မြင့်ပေါ်သို့ ပျံတက်လိုက်ကာ တိတ်ဆိတ်စွာ စောင့်နေကြသည်။

ရွှင်ပျော်ပျော်ကျေးရွာ ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံထဲတွင် ခိုင်ဧကရာဇ်က တခဏ တိတ်ဆိတ်သွားပြီးနောက် ချင်ဟန်ကျန်းနှင့် ယန်ယွင်ရှီဆီ ပြောသည်။ “မင်းတို့နှစ်ယောက်လုံး ငါနဲ့အတူ လိုက်ခဲ့... မှတ်ထား သူ့ကို သူ့နာမည်နဲ့ မခေါ်မိစေနဲ့... ကောင်းကင်နတ်အရှင်မူ ဒါမှမဟုတ် အထွတ်အမြတ်ကလေးငယ်လို့ ခေါ်ရမယ်”

ချင်ဟန်ကျန်းနှင့် ယန်ယွင်ရှီတို့လည်း သဘောတူလိုက်ကြသည်။

ယန်ယွင်ရှီက ရယ်သည်။ “ဘုရင်ကျန်းက သူ့ရဲ့ မွေးသဖခင်ပဲဟာ အဲ့လောက်အထိတော့ မစိမ်းကားလောက်ပါဘူး”

ချင်ဟန်ကျန်းမှာ တိတ်ဆိတ်နေသည်။

သူတို့သုံးယောက်သား ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံထဲမှ ပျံထွက်၍ စင်မြင့်ထက်သို့ ဆင်းသက်လိုက်ကာ ချင်မူ၊ နတ်ဘုရင်လန်ဝူနှင့် နတ်ဘုရင်ရှုကျွင်းအား မျက်နှာချင်းဆိုင်လိုက်သည်။

ချင်မူက လက်ဝှေ့ယမ်းလိုက်ပြီး သူတို့အလယ်၌ မျက်နှာချင်းဆိုင်လျက် ရှိနေသည့် ထိုင်ခုံသုံးခုံစီ ထွက်ပေါ်လာစေသည်။ သူက လက်ဖြင့် ထိုင်ရန် ပြကာ ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ချင်၊ ကျေးဇူးပြုပြီး ထိုင်ပါ”

“မူ..” ချင်ဟန်ကျန်းမှာ ပါးစပ်ဟ၍ တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း အလျင်အမြန် ပြန်ပြင်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ သဘောအတိုင်းပါ”

အားလုံး ခုံတွင် ဝင်ထိုင်‌လိုက်ကြသည်။ ဤစင်မြင့်သည် စစ်တပ်နှစ်တပ်၏ အလယ်၌ ရှိနေခြင်းဖြစ်ရာ မည်သည့်ဘက်မှမဆို ဤစင်မြင့်တွင် ဖြစ်ပျက်နေသမျှအား ရှင်းလင်းပြတ်သားစွာ မြင်ရလေသည်။

ချင်မူနှင့် နတ်ဘုရင် ထိုင်လိုက်သည့်အချိန်တွင် နတ်ဘုရင်ရှုကျွင်း၏ ခေါင်းကြီးကလည်း သူ့ထိုင်ခုံပေါ်တွင် ထိုင်လိုက်သည်။ နတ်ဘုရင်ရှုကျွင်း၏ မျက်လုံးကြီးများသည် ဟိုလှည့်သည်လှည့်ဖြင့် ဆန့်ကျင်ဘက်တွင် ထိုင်နေသာ လူသုံးယောက်အား အကဲခတ်နေ၏။

နတ်ဘုရင်လန်ဝူက ပြောသည်။ “နတ်ဘုရင်ချင်ယဲ့၊ ဒါက ငါတို့ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အထွတ်အမြတ်ကလေးငယ်ပဲ”

ခိုင်ဧကရာဇ်က ခေါင်းညိတ်ကာ ပြန်ဖြေသည်။ “သူ့နာမည် ကြားဖူးတာ ကြာပါပြီ”

ချင်မူ မဆိုစလောက် ပြုံးပြုလိုက်၏။

နတ်ဘုရင်လန်ဝူက ဆက်ပြောသည်။ “ဒါကတော့ နတ်ဘုရင်ရှုကျွင်း... ငါတို့ ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အတိတ်ခေတ်က နတ်ဘုရင်တစ်ပါးပေါ့”

ခိုင်ဧကရာဇ်က ပြန်ဖြေသည်။ “ခင်ဗျားရဲ့ နာမည်ကိုလည်း ကြားဖူးတာ ကြာပါပြီ”

နတ်ဘုရင်ရှုကျွင်းသည် တဟားဟား ရယ်လိုက်၏။ “မင်း ငါ့နာမည်ကို မကြားဖူးပါဘူး.... ငါ သေနေတာ ဘယ်လောက်ကြာပြီးမှန်း ဘုရားပဲ သိလိမ့်မယ်”

ခိုင်ဧကရာဇ်မှာ အနည်းငယ်ပြုံးလိုက်ပြီး သူ့ဘေးရှိ ယန်ယွင်ရှီက ရယ်သည်။ “ဖန်ဆင်းရှင်တွေရဲ့ အထွတ်အမြတ်ကလေးငယ်က ကောင်းကင်နတ်အရှင်မူ ဖြစ်နေတာ အတော်စိတ်၀င်စားစရာ ကောင်းတာပဲ... ကောင်းကင်နတ်အရှင်မူက လူသားမျိုးနွယ် မဟုတ်ဘူးလား”

ချင်မူက ပြုံးလိုက်သော်လည်း ပြန်မဖြေပေ။ နတ်ဘုရင်လန်ဝူက ပတ်၀န်းကျင်ကို ကြည့်ရှုကာ ပြောသည်။ “အထွတ်အမြတ်ကလေးငယ်က ဖန်ဆင်းနိုင်စွမ်း ရှိတဲ့အတွက် လူသားမျိုးနွယ်ပဲဖြစ်ဖြစ် ဖန်ဆင်းရှင်မျိုးနွယ်ပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး.... ကိုယ့်မျိုးနွယ်စုကိုပဲ တစ်ယူသန်နေရင် အမြင်ကျဉ်းရာကျတာပေါ့”

ယန်ယွင်ရှီက ပြန်ပြုံးပြသည်။ “ဒါပေမဲ့ အဲ့ဒီတုန်းက နတ်ဘုရင်လန်ဝူ ပြောခဲ့တာ ဒီလိုမဟုတ်သလိုပဲနော်.... အဲ့ဒီတုန်းက ကျုပ်တို့ ရွှင်ပျော်ပျော်ကျေးရွာကို တည်ဆောက်ဖို့ ပရမတ္တကမ္ဘာဆီ လာခဲ့တုန်းက နတ်ဘုရင်လန်ဝူက ကျုပ်တို့ကို ကျူးကျော်လာတဲ့ ဂြိုလ်သားတွေလို့ မြင်ခဲ့ကြပြီး သုတ်သင်ရှင်းလင်းပစ်ဖို့ ကြိုးစားခဲ့ကြတယ် မဟုတ်လား”

နတ်ဘုရင်လန်ဝူက သူမဆီသို့ ကြည့်သည်။ သူမ၏ ဇာမဏီသရဖူထက်မှ တွဲလောင်းကျနေသော ပုတီးစေ့များ အနည်းငယ် လှုပ်ခတ်သွားပြီး သူမသည် တည်ငြိမ်အေးဆေးစွာ ပြန်ဖြေ၏။ “ပရမတ္တကမ္ဘာရဲ့ မြေကြီးတိုင်း၊ ဟင်းလင်းပြင်တိုင်းကို ငါတို့ဖန်ဆင်းရှင်မျိုးနွယ်ရဲ့ အသိစိတ်အလျဉ်တွေနဲ့ တည်ဆောက်ထားရတာ ဖြစ်တယ်... ငါတို့လူတွေ သွေးမြေခ ပြီးတော့မှ ဒီနေရာကို တည်ဆောက်နိုင်ခဲ့ကြတာ... ငါတို့မျိုးနွယ်စုတစ်စုလုံး မျိုးတုံးသတ်ဖြတ်ခံရပြီးနောက်ပိုင်း ဒီနေရာဆီ ထွက်ပြေးလာခဲ့ကြရတယ်... ဒါက ငါတို့မျိုးနွယ်ရဲ့ နောက်ဆုံး အနားယူရာနေရာ၊ ပြန်လည်ထူထောင်ရာနေရာပဲ.... တာအိုမိတ်ဆွေချင်ယဲ့ အဝေးက ရောက်လာတုန်းက ငါတို့မျိုးနွယ်ဟာ ကြိုဆိုပြီး လက်ခံပေးခဲ့တယ်... ငါတို့ နင့်တို့ကို အကောက်ကြံခဲ့ဖူးသလား....”

ခိုင်ဧကရာဇ်သည် ခေါင်းညိတ်၏။ “ကျုပ် မြေပုံအတိုင်း လိုက်လာပြီး ဒီနေရာ ရောက်လာတုန်းက မှန်ပါတယ်... နတ်ဘုရင် ဖော်ရွေကြိုဆိုပေးခဲ့တာကို ကျုပ် ကျေးဇူးတင်လို့ မဆုံးပါဘူး”

နတ်ဘုရင်လန်ဝူက ဆက်ပြောသည်။ “တာအိုမိတ်ဆွေချင်ယဲ့က ပြည်သူတွေ ဒုက္ခရောက်နေတာမလို့ အနားယူဖို့ မြေငှားချင်တယ် ပြောခဲ့တယ်... ငါတို့တွေလည်း ငါတို့လိုအဖြစ်မျိုး ကြုံတွေ့ခဲ့ရတဲ့ လူတွေပါလားဆိုပြီး နင်တို့ကို နေခွင့်ပြုခဲ့ကြတယ်... တာအိုမိတ်ဆွေချင်ယဲ့၊ နင်က နင့်ဓားနဲ့ ပိုင်းဖြတ်လို့ ရမယ့် မြေသေးသေးလေးတစ်စိတ်ပဲ ငှားချင်တယ် ပြောခဲ့တာမလို့ ငါတို့ သဘောတူခဲ့တာပဲ.. ငါ မှန်လား”

ခိုင်ဧကရာဇ်က တိတ်ဆိတ်စွာ ခေါင်းညိတ်သည်။

နတ်ဘုရင်လန်ဝူက အေးစက်စက် ဆက်ပြောသည်။ “ငါတို့က နင်တို့ကို ရိုးရိုးသားသား ဆက်ဆံခဲ့ပေမယ့် နင့်ရဲ့ ဓားတစ်ချက်က ငါ့ပရမတ္တကမ္ဘာထဲက မြေတစ်ဝက်ကျော်ကို ပိုင်းဖြတ်ပစ်ခဲ့တယ်... ငါတို့မျိုးနွယ်ဟာ ရက်ရောပေမယ့် အဲဒီလောက်ထိတော့ မရက်ရောနိုင်ဘူး... ငါတို့ နင့်အပေါ် ရိုးသားခဲ့ပေမယ့် တာအိုမိတ်ဆွေချင်ယဲ့က ငါတို့ကို လှည့်စားခဲ့တယ်... နင်သာ ငါတို့နေရာမှာဆိုရင် စဉ်းစားကြည့်ပါလား... နင့်ရွှင်ပျော်ပျော်ကျေးရွာရဲ့ တစ်ဝက်ကို အခြားသူတွေ လာယူရင် နင် သဘောတူနိုင်မလား”

ယန်ယွင်ရှီသည် ဝင်ဖြေ၏။ “သူ့ဓားနဲ့ ပိုင်းဖြတ်နိုင်တဲ့ မြေတစ်စိတ်ကို အရှင်မင်းကြီး တောင်းဆိုခဲ့တုန်းက လှည့်စားခဲ့တာ မှန်ပေမယ့် ဖန်ဆင်းရှင်မျိုးနွယ်ကလည်း စကားမတည်ပါဘူး... ခင်ဗျားတို့လူတွေနဲ့ ကျုပ်တို့ကို တိုက်ခိုက်ခဲ့တယ်မဟုတ်လား... အဲဒါကြောင့် နှစ်ဦးနှစ်ဖက်စလုံး အထိအခိုက်များခဲ့တယ်... ရွှင်ပျော်ပျော်ကျေးရွာသားတွေက ပိုလို့တောင် နစ်နာပါသေးတယ်....”

နတ်ဘုရင်လန်ဝူက အေးစက်စက် ပြုံးသည်။ “ဘယ်ဟာမှန်လဲ၊ ဘယ်ဟာမှားလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကောင်းကင်ဆရာသခင်ကျစ်ရှီ အဖြေရှိသလား”

ယန်ယွင်ရှီ ပြန်ဖြေသည်။ “ခင်ဗျားလက်ချက်နဲ့ သေခဲ့ရတဲ့ နတ်ဘုရားတွေ၊ မိစ္ဆာတွေအရေအတွက်က ခင်ဗျားတို့ဘက်က သေခဲ့ရတဲ့ အရေအတွက်ထက် အဆထောင်ချီ ပိုများတယ်... သေဆုံးသွားတဲ့ ဒီလူတွေအတွက် တရားမျှတမှုက ဘယ်မှာလဲ... ဒါတောင် ခင်ဗျားက ဘယ်ဟာမှန်လဲ၊ ဘယ်ဟာမှားလဲ ပြောထွက်သေးတယ်လား... နတ်ဘုရင်၊ ရွှင်ပျော်ပျော်ကျေးရွာဟာ ဖန်ဆင်းရှင်တွေနဲ့ ဘယ်တုန်းကမှ ရန်သူ မဖြစ်ချင်ခဲ့ပါဘူး... ကျုပ်တို့က နေဖို့ နေရာလေးတစ်နေရာ ရှာချင်ရုံပါ... အရှင်မင်းကြီးကလည်း ခင်ဗျားတို့ဆီက မြေကို ငှားရုံပဲလို့ ပြောခဲ့တယ်...လူတစ်ယောက် ရောက်လာမှာကို စောင့်နေတာမလို့ အဲဒီလူ ရောက်လာရင် ရွှင်ပျော်ပျော်ကျေးရွာကို ခင်ဗျားတို့ဆီ ပြန်ပေးမယ်လို့လည်း ပြောခဲ့ပြီးသားပဲ... ဒါကြောင့် ခင်ဗျားတို့က ဘာလို့ ကျုပ်တို့ကို သတ်ချင်နေတာလဲ”

ရှုကျွင်းမှာ အမျက်တစ်ချောင်းချောင်း ထွက်သွား၏။ “မင်းတို့က ငါတို့မျိုးနွယ်ထဲ ကျူးကျော်လာပြီး ငါတို့မြေ ငါတို့ဆီ ပြန်ပေးဖို့ ပြောတော့ မကျေနပ်ဘူးပေါ့... ဒါက တရားတယ်လား”

ယန်ယွင်ရှီ တုံ့ပြန်တော့မည့်အချိန် ခိုင်ဧကရာဇ်က သူမကို ဆက်မပြောရန် တားသည်။ “ကောင်းကင်ဆရာသခင်၊ ငါတို့က အရင်မှားခဲ့တဲ့လူတွေပဲ... နတ်ဘုရင်ကို အပြစ်ဆိုလို့ မရဘူး”

သူက ချင်မူ့ဆီ ကြည့်ကာ မေး၏။ “အထွတ်အမြတ်ကလေးငယ် ပြောချင်တာ တစ်ခုခု ရှိလား”

ချင်မူ ပြန်ဖြေလိုက်သည်။ “ကျွန်တော်တို့အားလုံးဟာ အတူတူနဲ့ အနူနူချည်းပါပဲ... ဒါပေမဲ့ ခင်ဗျားက အတူတူချင်း အနိုင်ကျင့်တယ်... အဲဒါကမှ လက်မခံနိုင်တဲ့အရာ”

ချင်ဟန်ကျန်းက ချောင်းဟန့်သည်။ “ကောင်းကင်နတ်အရှင်မူ၊ လူသားမျိုးနွယ်တစ်ယောက်အနေနဲ့ မင်း လူသားမျိုးနွယ်အတွက် တွေးသင့်တယ်... အဲဒီအချိန်တုန်းက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ အခြေအနေဘက်ကနေ တွေးပေးသင့်တယ်”

ချင်မူက မှင်သေသေ ပြန်ဖြေ၏။ “ကျွန်တော်လည်း ခင်ဗျားတို့ဘက်ကနေ တွေးပေးချင်ပါတယ်... ဒါပေမဲ့ ခင်ဗျားတို့ကတော့ အဲဒီလိုမျိုး လုပ်ပေးခဲ့တယ် မထင်ဘူး... ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ သုတ်သင်ခံရတုန်းက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံရဲ့ ပြည်သူပြည်သားတွေအားလုံး ခြေဦးတည့်ရာ ထွက်ပြေးခဲ့ကြတယ်... သေသွားတဲ့လူတွေ ရှိသလို၊ လွတ်မြောက်သွားတဲ့လူတွေလည်း ရှိတယ်... ကံကောင်းတဲ့လူတွေဟာ ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ ထွက်ပြေးသွားခဲ့ကြတယ်... ခိုင်ဧကရာဇ် သူတို့အတွက် တွေးကြည့်ပေးဖူးလား.. မတွေးဖူးပါဘူး... အဲဒီလူတွေက ပြည်သူတွေမဟုတ်ဘူးလား... အဲဒီလူတွေရဲ့ မျိုးဆက်တွေကရော ပြည်သူတွေမဟုတ်ဘူးလား... အာ ဟုတ်သား သူတို့က နတ်ဘုရားတွေရဲ့ အစွန့်ပစ်ခံလူသားတွေလေ”

သူက သရော်တော်တော် ဆက်ပြောသည်။ “မဟာမြို့ပျက်က နတ်ဘုရားတွေရဲ့ အစွန့်ပစ်ခံနေရာလို့ ထင်ထားခဲ့တာ.. နောက်တော့မှ မဟာမြို့ပျက်မဟုတ်ဘဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာကမှ အစွန့်ပစ်ခံနေရာမှန်း သိခဲ့ရတယ်... အဲဒီတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာဟာ ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားတွေ စွန့်ပစ်ထားတဲ့ အစွန့်ပစ်ခံလူသားတွေလို့ မိုက်မိုက်မဲမဲ တွေးခဲ့မိသေးတယ်... အဲဒီနောက်ပိုင်း မှားနေမှန်း သိခဲ့ရပြန်တယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်ဘုံ စွန့်ပစ်ထားတဲ့နေရာမဟုတ်ဘူး... ခိုင်ဧကရာဇ် စွန့်ပစ်ထားခဲ့တဲ့နေရာပဲ”

ချင်ဟန်ကျန်းသည် မျက်မှောင်ကြုတ်သွားပြီး မနေနိုင်တော့ဘဲ ဝင်ပြော၏။ “အဲဒီတုန်းက အခြေအနေက ခိုင်ဧကရာဇ် ကောင်းကင်နတ်ဘုံတစ်ဘုံလုံး သုတ်သင်ခံရတော့မယ့် အခြေအနေပဲ... ငါတို့အနေနဲ့ အဓိကသိုင်းသမားတွေရဲ့ အင်အားနဲ့ စွမ်းအားတွေကို ချွေတာထားရုံပဲ ရှိတာမလို့ သေမျိုးတွေကို မကယ်နိုင်ခဲ့ဘူး... အဲဒီလိုလုပ်မှ နောင်တစ်ချိန်မှာ နလန်ပြန်ထူနိုင်မယ့် အခွင့်အရေး ရှိလာမှာလေ... ကောင်းကင်နတ်အရှင်မူ၊ ငါတို့ဘက်က တွေးကြည့်စမ်းပါ.... မင်းသာ အဲဒီအခြေအနေမှာဆိုရင် အဲဒီလိုပဲ လုပ်မှာပဲ....”

“ကျွန်တော်သာ အဲဒီအခြေအနေမှာ ဆိုရင် ဟုတ်လား”

ချင်မူက အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြန်ဖြေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အခြေအနေကလည်း ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေနဲ့ သိပ်မခြားပါဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ရွှင်ပျော်ပျော်ကျေးရွာဆီ ထွက်မပြေးခဲ့ဘူး... ဧကရာဇ်ယန်ဖုန်းလည်း ရွှင်ပျော်ပျော်ကျေးရွာဆီ ထွက်မပြေးခဲ့ဘူး.... နှစ်ယောက်လုံး သူတို့ကာကွယ်ပေးရမယ့် ပြည်သူတွေနဲ့ အတူရှိခဲ့တယ်... ကျွန်တော်လည်း ထွက်မသွားခဲ့ဘူး.. သူတို့ ထွက်မပြေးနိုင်ဘူးထင်လား... ကျွန်တော် ထွက်မသွားနိုင်ဘူးထင်လား”

သူ့အကြည့်သည် ခိုင်ဧကရာဇ်၏မျက်နှာအပေါ် ကျရောက်သွား၏။ “ဒါက ကျွန်တော်၊ ဧကရာဇ်ယန်ဖုန်းနဲ့ ဧကရာဇ်အတိုင်ပင်ခံအောက် ခိုင်ဧကရာဇ် နိမ့်ကျတဲ့ နေရာပဲ.... အဲဒီတုန်းက ခင်ဗျားက ထွက်သွားခဲ့တယ်.... ခင်ဗျားက အင်အားအကြီးဆုံးတွေကို ခင်ဗျားနဲ့အတူ ခေါ်သွားပြီး ရွှင်ပျော်ပျော်ကျေးရွာကို တည်ဆောက်ခဲ့တယ်... ပြီးခဲ့တဲ့ နှစ်နှစ်သောင်းတုန်းက ဘာဆိုဘာမှလည်း မလုပ်ခဲ့ဘူး... ခင်ဗျားက ဘာကောင်းမှုမှကို မလုပ်ခဲ့တာ... ခင်ဗျားအားလုံး ထွက်သွားမှတော့ ခိုင်ဧကရာဇ်ခေတ်က တည်ရှိပါတော့မလား... ကျွန်တော်တို့ကတော့ ထွက်မသွားဘဲ ပြည်သူပြည်သားတွေနဲ့အတူ နေခဲ့ကြတယ်.. ဒါကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာခေတ်က အခုထိ တည်ရှိနေတုန်းပဲ... အဟက် ဒါတောင် ခင်ဗျားတို့အခြေအနေကနေ ဝင်ခံစားပေးရမယ်ဟုတ်လား”

သူက ဂုဏ်ယူစွာ ပြောသည်။ “ကျွန်တော်သာ ခင်ဗျားတို့နေရာမှာဆို ခင်ဗျားတို့ထက် ပိုကောင်းအောင် လုပ်နိုင်တယ်... ဧကရာဇ်ယန်ဖုန်းနဲ့ ဧကရာဇ်အတိုင်ပင်ခံလည်း ခင်ဗျားထက် ပိုကောင်းအောင် လုပ်လိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လက်အောက်ငယ်သားတွေကလည်း ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေထက် ကောင်းအောင် လုပ်နိုင်တယ်”

ချင်ဟန်ကျန်းသည် ဆက်မပြော‌တော့ပေ။

ခိုင်ဧကရာဇ်က ခေါင်းညိတ်သည်။ “မင်းတို့အား ငါ့ထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့ကြပါတယ်... နဂါးဟန်ခေတ်တုန်းက ငါ မင်းကို အတော်လေး လေးစားခဲ့မိတယ်... မင်းက သူရဲကောင်းတစ်ယောက် ဖြစ်ပြီး ငါကတော့ သူရဲကောင်းမဟုတ်ဘူးလို့ ခံစားခဲ့ရတယ်... ငါ မင်းလို မဖြစ်လာနိုင်ဘူး.... သူရဲကောင်းတစ်ယောက် လုပ်ရမယ့် အရာတွေကို မလုပ်နိုင်ဘူး”

“အရှင်မင်းကြီး”

ယန်ယွင်ရှီ မျက်မှောင်ကြုတ်သွားသည်။ “ဘာလို့ ကိုယ့်ကိုယ်ကို အသုံးမကျဘူး ပြောနေတာလဲ... ကျုပ်တို့ တကယ် တိုက်ခိုက်ရင်တောင် ရွှင်ပျော်ပျော်ကျေးရွာအနေနဲ့ ဘယ်တော့မှ မကြောက်မှာ မဟုတ်ဘူး.... အရှင်မင်းကြီးက ဘာအတွက် သူ့ကို ခေါင်းငုံ့နေမှာလဲ... သူ့ရဲ့ ဖန်ဆင်းရှင်တွေနဲ့ ကောင်းကင်နန်းဆောင်တွေ၊ နတ်လက်နက်တွေဆိုတာ ကျုပ်အတွက်တော့ အားနည်းချက်တွေ ပြည့်နေတဲ့ အခင်းအကျင်းတွေထက် မပိုဘူး... သူတို့က ကျုပ်တို့ကို ခြောက်ဖို့ ကြိုးစားနေတာ အသိသာကြီးလေ”

ချင်မူက သူမကို ကြည့်ကာ ပြုံးလိုက်သည်။ “ကောင်းကင်ဆရာသခင်ကျစ်ရှီ၊ ခင်ဗျားက ကျွန်တော် မြင်စေချင်တဲ့အရာကိုပဲ မြင်ရတာပါ... ကျွန်တော် ရွှင်ပျော်ပျော်ကျေးရွာ တကယ် ရှင်းပစ်ချင်ရင် ခင်‌ဗျား မတားနိုင်ဘူး”

ယန်ယွင်ရှီ အမျက်တချောင်းချောင်း ထွက်သွားကာ အံတင်းတင်းကြိတ်လိုက်သည်။

ချင်မူသည် မှင်သေသေဖြင့် ဆက်ပြော၏။ “ခင်ဗျားတို့အားလုံး ရွှင်ပျော်ပျော်ကျေးရွာမှာ ပုန်းနေခဲ့တာ ကြာပြီ.... အပြင်လောကရဲ့ အပြောင်းအလဲတွေကို နားမလည်ကြဘူး... ခင်ဗျားတို့မှာ တိုးတက်ချင်တဲ့စိတ်၊ တိုက်ခိုက်ချင်တဲ့စိတ် မရှိတော့ဘူး.. ကျွန်တော်အနေနဲ့ တစ်လအတွင်း ဖန်ဆင်းရှင်တွေကို အတိုင်းအတာတစ်ခု ရောက်အောင် လေ့ကျင့်ပေးလိုက်ရင် သူတို့ရဲ့ ကောင်းကင်နတ်သိုင်းတွေ၊ ကျင့်စဉ်စွမ်းအင်တွေ တိုးတက်သွားမှာ သေချာတယ်... ကျွန်တော် ဒီတစ်ခေါက် ပြန်သွားလို့ နောက်တစ်ကြိမ် ကျွန်တော့်စစ်တပ်ကြီးနဲ့ ရွှင်ပျော်ပျော်ကျေးရွာဆီ ချီတက်လာရင် ခင်ဗျားတို့ မြင်ရမှာက မြင်ယောင်ဖန်ဆင်းထားတဲ့ ကောင်းကင်နန်းဆောင်တွေ၊ နတ်လက်နက်တွေနဲ့ ချပ်ဝတ်တွေ မဟုတ်တော့ဘူး”

ယန်ယွင်ရှီက နှာခေါင်းရှုံ့၍ တစ်ဖက်လှည့်သွားကာ အံတင်းတင်းကြိတ်ထားသည်။ “လွီကျန်း မင်းကို သေအောင် ဆောင့်ကန်ခဲ့တာကို ရပ်ကြည့်ခဲ့ရမှာ”

ချင်မူ့အကြည့်သည် ခိုင်ဧကရာဇ်ဆီ ပြန်ရောက်သွား၏။ “ခင်ဗျားက အေးလွန်းတယ်၊ အတွက်အချက် များလွန်းတယ်... အမြဲ ရှေ့နောက် ကြည့်လွန်းတယ်... ကျွန်တော်ကတော့ အတွက်အချက်နည်းတယ်၊ တဇွတ်ထိုးဆန်တယ်.... ကျွန်တော် စစ်တပ်ကြီးကို ဦးဆောင်ပြီး ဒီကို လာခဲ့တာက ခင်ဗျားကို ခြောက်ဖို့ မှန်ပေမယ့် ရွှင်ပျော်ပျော်ကျေးရွာနဲ့ ဖန်ဆင်းရှင်တွေလည်း တကယ် ငြိမ်းချမ်းရေးယူသင့်ပါတယ်... ဒါကြောင့် ခင်ဗျားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးဖို့ ဒီရောက်လာခဲ့တာ”

ခိုင်ဧကရာဇ်က ပြန်ဖြေသည်။ “မင်း ဘာပြောမလဲ ငါ ကြားချင်တယ်”

ချင်မူ နတ်ဘုရင်လန်ဝူဆီသို့ ကြည့်လိုက်သည့်အခါ နတ်ဘုရင်လန်ဝူက အသာအယာ ခေါင်းညိတ်၏။

“ရွှင်ပျော်ပျော်ကျေးရွာကို ခင်ဗျားအပိုင်အဖြစ် ပေးမယ်၊ ခင်ဗျား အပြည့်အဝ ထိန်းချုပ်နိုင်မယ်... ဖန်ဆင်းရှင်တွေ ခင်ဗျားကို ပြဿနာလာရှာတော့မှာ မဟုတ်ဘူး... ဒါပေမဲ့ အပြန်အလှန်အနေနဲ့ ယိုတုသားတော်ချင်ဖုန်းကျင့်က ပရမတ္တကမ္ဘာနဲ့ မဟာလေဟာနယ်မှာ ယိုတုဖွင့်လှစ်ပေးပြီး ခန္ဓာမဲ့ဝိညာဉ်တွေ အနားယူရအောင် လုပ်ပေးရမယ်”

ချင်မူ ဆက်ပြောလိုက်သည်။ “မဟာလေဟာနယ်ကို ဖန်ဆင်းရှင်တွေ အုပ်ချုပ်လိမ့်မယ်... ရွှင်ပျော်ပျော်ကျေးရွာအနေနဲ့ အဲဒီကကိစ္စတွေမှာ ဝင်မစွက်ဖက်ရဘူး... မဟာလေဟာနယ်ရဲ့ ယိုတုအတွက် မြေအောက်ဘုံအရှင်သခင်အနေနဲ့ ယိုတုသားတော်ဟာ တရားမျှမျှတတ ဖြေရှင်းပေးရမယ်... သူက သေခြင်းရှင်ခြင်းသံသရာကို ဖန်တီးပေးပြီး သံသရာအတိုင်း လှည့်ပတ်ခွင့်ပေးရမယ်... သူ့စိတ်တိုင်းကျ ဝိညာဉ်တွေ စားခွင့်မရှိဘူး... ရွှင်ပျော်ပျော်ကျေးရွာအနေနဲ့ အဲဒီအတိုင်း လိုက်လုပ်နိုင်မယ်ဆိုရင် မျိုးနွယ်စုနှစ်စုဟာ သင့်သင့်မြတ်မြတ်နဲ့ ယှဉ်တွဲနေထိုင်ပြီး ပြင်ပရန်သူတွေကို အတူတူ ခုခံနိုင်လိမ့်မယ်”

ဤအထိ ပြောပြီးသည့်အခါ သူက နတ်ဘုရင်လန်ဝူဆီသို့ ကြည့်ကာ မေးသည်။ “မမကြီးမှာ ထည့်ပြောချင်တာ ရှိသေးလား”

နတ်ဘုရင်လန်ဝူ၏ မျက်ဝန်းများ လှုပ်ရှားသွား၏။ “ရွှင်ပျော်ပျော်ကျေးရွာအနေနဲ့ ဖန်ဆင်းရှင်တွေရဲ့ ပိုင်နက်ဆီ လာပြီး လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ သင်ကြားပေးဖို့ တက္ကသိုလ်တွေ၊ အခြေခံကျောင်းတွေ တည်ဆောက်ပေးရမယ်... အပြန်အလှန်အနေနဲ့ ဖန်ဆင်းရှင်တွေကလည်း အသိစိတ်အလျဉ် ကျင့်ကြံနည်း သင်ကြားပေးဖို့ ရွှင်ပျော်ပျော်ကျေးရွာမှာ ကျောင်းတွေ လာဆောက်ချင်တယ်”

ချင်မူက ခုံကို မှီကာ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်ချင်၊ ဘယ်လိုသဘောရလဲ”

ခိုင်ဧကရာဇ်သည် ပြန်ဖြေ၏။ “ကောင်းကင်နတ်အရှင်မူ ရဲ့ အကြံက မှန်ပါတယ်.... ငါ ဒီကို လာတာ အလကားမဖြစ်တော့ဘူး... ငါတို့မျိုးနွယ်စုနှစ်စုအကြား ပဋိညာဉ် ရေးထိုးဖို့ လိုသလား”

“မလိုပါဘူး”

သူတို့နှစ်ယောက်အကြားရှိ စားပွဲအပေါ်၌ ချင်မူက လက်တစ်ဖက် ဆန့်ထုတ်ပေးလိုက်သည်။ “လက်ဆွဲနှုတ်ဆက်ကြရုံပါပဲ.... ဒါဆို ကျွန်တော်တို့ မဟာမိတ်ကျမ်းစာ အတည်ပြုပြီးသွားမယ်”

ခိုင်ဧကရာဇ်လည်း လက်တစ်ဖက် ဆန့်ထုတ်ကာ တစ်ယောက်ကိုတစ်ယောက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြ၏။

ခိုင်ဧကရာဖ်က အပြုံးတစ်ခုဖြင့် သူ့ကို ခေါင်းအစ ခြေအဆုံးကြည့်ကာ ရယ်နေသည်။ “ကောင်းကင်နတ်အရှင်မူက အနီရောင်ဝတ်ရုံကို ဝတ်ထားတုန်းပဲနော်... အောက်မှာ ခါးစည်းနီနီကြီး ရှိနေသေးတာ ဖြစ်နေမလား”

ချင်မူ လက်ပြန်ရုတ်ကာ ခုံကို မှီသည်။ ထို့နောက် မျက်ခုံးပင့်၍ ပြန်ဖြေလိုက်၏။ “ဟုတ်တယ် ၊ ကျွန်တော့်အောက်မှာ အတွင်းခံတောင် ဝတ်မထားဘူး... ဘာလဲ ကျွန်တော့်ကို ရိုက်ချင်လို့လား”

“အေး ရိုက်ပစ်ချင်တယ်” ခိုင်ဧကရာဇ်က ခေါင်းညိတ်ပြလေသည်။

All Chapters