မင်းရဲ့အလောင်းကို တစ်စစီလုပ်ပစ်မယ်(၂)
Vol. 16 Ch. 238
ဤအခိုက်အတန့်တွင် လင်းရှန်သည် မည်မျှ အစွမ်းထက်သည်ကို အခြားသူများလည်း မြင်ကြသည်။ သူတို့သည် ရှီကျင့်ရှန်ဆီကချက်ချင်း စွန့်ခွါပြီး လင်းရှန်ကို ဝန်းရံရန် သူတို့၏ ထက်ဝက်ကျော်ကို ခွဲထုတ်ကာ အကြီးမားဆုံး ခြိမ်းခြောက်မှုကို ပထမဆုံး ရင်ဆိုင်ရန် စီစဉ်ခဲ့သည်။
ထိုအချိန်တွင် ရှီကျင့်ရှန်နှင့် အခြားသူများ၏ အမူအရာများ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူတို့သည် သွေးပင်လယ်ဂိုဏ်း၏ တပည့်များကို ရပ်တန့်ချင်ကြသည်။
သို့သော် သူတို့ ဘာမှမလုပ်ခင်မှာ စူးရှတဲ့ လေသံကို ရုတ်တရက် ကြားလိုက်ရသည်။
လင်းရှန်ဆီသို့ အမြန်ပြေးသွားသော သွေးပင်လယ်ဂိုဏ်း၏ တပည့်များထဲမှ အမြန်ဆုံးလေးယောက်သည် ရုတ်တရက် မိုးကြိုးပစ်ခံလိုက်ရပုံပေါ်သည်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက မြေပြင်ပေါ် မလဲကျခင် တစ်ခဏလောက် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားသည်။
အားလုံးက တုန်လှုပ်ခြောက်ခြားပြီး လှည့်ကြည့်လိုက်ကြသည်။ ထိုမှသာ လူလေးယောက်၏ ရင်ဘတ်တွင် လက်သီးအရွယ် သွေးစွန်းထင်းနေသော အပေါက်တစ်ခု ပေါ်လာပြီး သွေးများ ထွက်လာသည်ကို သူတို့ သိလိုက်သည်။
တုန်လှုပ်ချောက်ချားမှုကနေ ပြန်အသိမဝင်နိုင်ခင်မှာ ကွဲအက်နေတဲ့ လေသံက ထပ်ပြီး ထွက်ပေါ်လာပြန်သည်။ နောက်ထပ် သွေးပင်လယ်ဂိုဏ်း၏ တပည့်လေးယောက်က မြေပေါ်လဲကျပြီး သေဆုံးသွားပြန်သည်။
ဤတစ်ကြိမ်တွင် လူလေးဦးသည် မမြင်နိုင်သောဓားစွမ်းအင်လေးချက်ကြောင့် သေဆုံးခဲ့ကြောင်း လူတိုင်းက ရှင်းရှင်းလင်းလင်း သိမြင်လာခဲ့သည်။ ထိုစွမ်းအင်သည် လျှပ်စီးလက်ခြင်းထက် ပိုမိုမြန်ပြီး မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာတာ ဖြစ်သည်။ အသတ်ခံရသော သွေးပင်လယ်ဂိုဏ်း၏ တပည့်များသည် တုံ့ပြန်ရန် အချိန်မရှိပေ။
အသက်ရှုတစ်ဖြတ်တစ်တွင်း လင်းရှန်၏လက်တွင် လူရှစ်ဦးသေဆုံးသွားခဲ့သည်။
ကျန်ရှိသော သွေးပင်လယ်ဂိုဏ်း၏ တပည့်များသည် ထိတ်လန့်သွားကြသည်။ သူတို့သည် ခက်ခဲသော ပြိုင်ဘက်ဆီသို့ ပြေးသွားမိသည်ကို သူတို့ သဘောပေါက်ခဲ့ကြသည်။
သူတို့ရှေ့ကလူသည် အနှိုင်းမဲ့ အစွမ်းထက်သော ပညာရှင်ဆိုတာသိသာသည် ။ သူသည် နတ်ဘုရားထိန်းချုပ်ခြင်း ချီစွမ်းအင်ငါးပါး အဆောင်နှင့် နေကိုးစင်းဂိုဏ်း၏ တပည့်ထက်ပင် ပို၍ အစွမ်းထက်သည်။
ဒါတွေကို တွေးပြီး တိုက်ခိုက်ဖို့ ရည်ရွယ်ချက် မရှိတော့ဘဲ ထွက်ပြေး တိမ်းရှောင်သွားခဲ့သည်။
ဒါပေမဲ့ လင်းရှန်က သူတို့ကို ဘယ်လို လွတ်မြောက်စေပါ့မလဲ။ ဓားခုနစ်စင်း စွမ်းအင်က ထွက်ပေါ်လာပြီး သွေးပင်လယ်ဂိုဏ်း၏ တပည့် ၁၀ယောက်ကျော်ကို ချက်ချင်းသတ်ဖြတ်ခဲ့သည်။
သတ်ဖြတ်ခြင်းကိုအားပေးသည့် စွမ်းရည်က အစပျိုးပြီး ဖြတ်ကျော်ရန် နီးကပ်နေပြီဖြစ်သော ဓားခုနစ်စင်းစွမ်းအင်သည် ပဉ္စမအဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားချေသည်။
လင်းရှန်က ခေါင်းညိတ်ပြီး ရှီကျင့်ရှန် နှင့် အခြားသူများဆီသို့ လျှောက်သွားတဲ့အခါ သူ့အမူအရာက မပြောင်းလဲပေ။
" စီနီယာအကို ရှီ၊ စီနီယာအကိုမူ၊ အဆင်ပြေရဲ့လား"
ရှီကျင့်ရှန်နှင့် မူချွမ်ဟွာတို့သည် အလွန်ဝမ်းမြောက်ကြပြီး ယင်းကိုကြားသောအခါ ဟက်ဟက်ပက်ပက် ရယ်မောခဲ့ကြသည်။
"ငါတို့တွေ ဒုက္ခရောက်လုနီးပါးဖြစ်နေပြီ၊ ဒါပေမယ့် မင်းရောက်လာလိူ့ အဆင်ပြေသွားတာ”
“ညီလေးလင်း၊ မင်း အချိန်မီ ရောက်လာတာပဲ… ငါတို့ ရှင်သန်ဖို့ ကံကောင်းခဲ့တာမလို့ မင်းကို ကျေးဇူးတင်ပါတယ်”
တခြားတပည့်တွေကလည်း လင်းရှန်ကို ကျေးဇူးတင်စွာ စိုက်ကြည့်နေကြသည်။
သွေးပင်လယ်ဂိုဏ်း၏ တပည့်ပေါင်း နှစ်ဆယ်ကျော်ကို လင်းရှန်က တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည့် မြင်ကွင်းသည် သူတို့အား တုန်လှုပ်စေခဲ့သည်။
သူတို့ အစွမ်းကုန်ကြိုးစားတာတောင် မတိုက်ခိုက်နိုင်သော ရန်သူများကို လင်းရှန်တစ်ယောက်တည်းက အလွယ်တကူ ချေမှုန်း ပစ်လိုက်သည်။
ဤကဲ့သို့ ထူးခြားသော ခြားနားချက်က လင်းရှန်အပေါ် ချီးမွမ်းခန်းဖွင့်စေခဲ့သည်။
ရှီကျင့်ရှန်နဲ့ မူချွမ်ဟွာတို့ပင် တိတ်တဆိတ် တုန်လှုပ်သွားကြသည်။
ယန်ကျင့်ရမ်ကိုသတ်သည့်အချိန်နှင့် နှိုင်းယှဉ်ပါက လင်းရှန်သည် အဆင့်သစ် တစ်ခုသို့ သိသိသာသာ မြင့်တက်လာခဲ့သည်။ သူတို့နှစ်ယောက်နဲ့ အတော် ကွာသွားခဲ့ချေပြီ။
လင်းရှန်သည် မကြာသေးမီကမှ ဝိညာဉ်လှိုဏ်ဂူတွင် အကျိုးအမြတ် များစွာရရှိခဲ့သည်မှာ ထင်ရှားသည်။
ကျောင်းကလူတွေနဲ့ ယှဉ်ရင် တစ်ဖက်က အတွင်းဂိုဏ်းဝင်တပည့်တွေက ပိုလို့တောင် တုန်လှုပ်သွားသည်။
အပေါက်ဝတွင် ကျောင်းမှလူများကို တွေ့ကြသောအခါ ဝါရင့် အထက်အိမ်တော် တပည့်နှစ်ယောက်ဖြစ်သော ရှီကျင့်ရှန်နဲ့မူချွမ်ဟွာတို့ကိုသာ အာရုံစိုက်မိ သွားသည်။ လင်းရှန်ကို လုံးဝ သတိမထားမိလိုက်ပေ။
ပေါ်လွင်ထင်ရှားခြင်းမရှိသော ဤလူငယ်သည် သူတို့ထဲတွင် အသန်မာဆုံးဟု မည်သူထင်မည်နည်း။
သူက ဖမ်းကျွင်းချင်ထက်တောင် ပိုတော်ပေသည်။
အတွင်းဂိုဏ်းဝင် တပည့်တစုက တယောက်ကို တယောက် အံ့ဩစွာ ကြည့်နေကြသည်။ ဒီလို အစွမ်းထက်တဲ့ အသွင်အပြင်က နိုင်ယန်းကျောင်းမှာ ဘယ်တုန်းက ပေါ်လာတာလဲ။
အံ့အားသင့်မှုမှ ပြန်လည်အသိဝင်လာသောအခါ ရှီကျင့်ရှန်သည် ဤအချိန်
အတောအတွင်း လင်းရှန် မည်သည့်နေရာတွင် ရှိသည်ကို မေးမြန်းခဲ့သည်။
လင်းရှန်က စကားကို ရှောင်ဖယ်ပြောလိုက်သည်။ ၎င်းတို့အား ရှာမတွေ့တာကြောင့် အနီးနားတွင် ကျင့်ကြံဖို့ နေရာရှာခဲ့သည်ဟုသာ ပြောခဲ့သည်။
ကံကောင်းထောက်မစွာပဲ ရှီကျင့်ရှန်နှင့် အခြားသူများသည် ဘာကိုမှ သံသယမဝင်ခဲ့ကြပေ။ သူတို့နဲ့ အဝေးဆုံးတွင်ရှိသော မြေပုံပေါ်တွင် အမှတ်အသားပြုထားသည့် နေရာများသို့ လင်းရှန် သွားမည်ဟု မမျှော်လင့်ထားပေ။
ရှီကျင့်ရှန်သည် လင်းရှန်နှင့်အိုက်ကျင့်ထင်၏ တွေ့ဆုံမှုအကြောင်းနှင့် အခြားတပည့်နှစ်ယောက်သေဆုံးသွားပြီဖြစ်ကြောင်း သိလိုက်ရသောအခါတွင် သက်ပြင်းချလိုက်သည်။
ဝိညာဉ်ဂူကို သွားသည့်ခရီးက အတော်လေး ချောမွေ့ပြီး တစ်လအတွင်း ပြန်လာနိုင်မည်ဟု ထင်ခဲ့သည်။ သွေးပင်လယ်ဂိုဏ်းမှ လူတွေသည် သူတို့ဆီပြေးဝင်လာမည်ဟု ဘယ်သူက ထင်မည်နည်း။ ရလဒ်ကတော့ အသေအပျောက် ပြင်းထန်တာပင်။ ကျောင်းမှ တပည့် ထက်ဝက်နီးပါး သေဆုံးရုံတင်မကဘဲ ကျန်ရှိနေသူများလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ရှီကျင့်ရှန်အနေနဲ့လည်း သွေးပင်လယ်ဂိုဏ်း၏ တပည့်များ ရုတ်တရက် ပေါ်ထွက်လာခြင်းကြောင့် ပဟေဠိဖြစ်ခဲ့သည်။
လင်းရှန်ထင်မြင်ချက်တွေကို အိုက်ကျင့်ထင်ပြောပြာမှ သူတို့ ရုတ်တရက် ပေါ့ပါးသွားခဲ့သည်။
"ညီလေးလင်း ပြောတာတွေက အဆင်ပြေတယ်။" ရှီကျင့်ရှန်က လေးနက်သောအမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ “ဝိညာဉ်လှိုဏ်ဂူမှာ နောက်ထပ်ဝင်ပေါက်တစ်ခုရှိနိုင်တယ် ။ ဒီသတင်းကို ဂိုဏ်းကို တတ်နိုင်သမျှ အမြန်ဆုံး သတင်းပို့ရမယ်”
အားလုံးက ခေါင်းညိတ် သဘောတူကြသည်။
လင်းရှန်က “ဒီနေရာက အရင်ထွက်သွားတာက ပိုကောင်းပါတယ်။ ကျန်းဝမ်ရင်က အချိန်မရွေး ပြန်လာနိုင်တယ်”
အားလုံးက သဘောတူလိုက်ကြသည်။
ရှီကျင့်ရှန်သည် မြေပုံကို ထုတ်ကာ တံခါးပုံစံ အမှတ်အသားပြုထားသည့် နေရာကို ညွှန်ပြသည်။
“ဝိညာဉ်ဂူရဲ့ ထွက်ပေါက်က ဒီမှာ..အဲဒီကိုသွားပြီးတော့ ပုန်းဖို့နေရာရှာရအောင်။ ရက်နှစ်ဆယ်အတွင်း ဝိဥာဉ်ဂူပွင့်တာနဲ့ ငါတို့ထွက်သွားလို့ရမှာပါ”
ဒီအဖြစ်အပျက်တွေပြီးတော့ ကျောင်းကလူတွေက ကျင့်ကြံဖို့ စိတ်မဝင်စားတော့ပေ။ ဝိညာဉ်ဂူထဲကနေ အမြန်ဆုံး ထွက်သွားချင်ကြသည်။ ထို့ကြောင့် ယင်းအကြံပြုချက်ကို ကန့်ကွက်ခြင်း မရှိခဲ့ကြပေ။
အတွင်းဂိုဏ်းတပည့်များအနေနှင့် ဖမ်းကျွင်းချင်က စွန့်ခွါသွားပြီး လင်းရှန်က ကယ်တင်ပေးခဲ့တာကြောင့် ရှက်ခြင်းနှင့်အတူ ကျေးဇူးတင်ခြင်းများဖြင့်ပါ ပြည့်နှက်နေခဲ့သည်။ ထုံးစံအတိုင်း သူတို့က ကန့်ကွက်မှာ မဟုတ်ပေ။
ထို့ကြောင့် လူတိုင်းသည် သဘောတူညီချက်တစ်ခုကို အမြန်ရရှိပြီး အဝင်ပေါက်ဆီသို့ ချက်ချင်း ပြေးသွားကြသည်။
သို့ရာတွင် ဒဏ်ရာများရရှိထားပြီး ၎င်းတို့၏ဝိညာဉ်ရေးရာအနှစ်သာရကို အလွန်အကျွံသုံးစွဲထားခြင်းကြောင့် အလွန်လျင်မြန်စွာ ရွေ့လျားနိုင်ခြင်းမရှိပေ။
နာရီဝက်လောက်ကြာတော့ သူတို့နောက်မှ အေးစက်ပြီး အားကောင်းသည့် အရောင်အဝါကို ရုတ်တရက် ခံစားလိုက်ရပြီး ၎င်းက အရှိန်ပြင်းပြင်းနဲ့ သူတို့ဆီ ချဉ်းကပ်လာနေ၏။
ရှီကျင့်ရှန်နှင့် အခြားသူများသည် ကျန်းဝမ်ရင်၏တိုက်ခိုက်မှုကို မျက်မြင်တွေ့ခဲ့ကြသောကြောင့် ၎င်းတို့နောက်ကွယ်ရှိ အရောင်အဝါသည် ထိုလူ၏အငွေ့အသက်ဖြစ်ကြောင်း ချက်ခြင်းသိလိုက်ရသည်။