မစွန့်စားရင်တော့ ဘာမှရမှာမဟုတ်ဘူး
Vol. 89 Ch. 1246
အခန်း (၁၂၄၆) မစွန့်စားရင်တော့ ဘာမှရမှာမဟုတ်ဘူး
ယွီယဲ့၏မေးခွန်းကိုကြားသည့်အခါ ရန်ကျောက်ကဲက ရိုးသားစွာပင် ခေါင်းညိတ်ပြလိုက်သည်။
“ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကို တိုက်ဆိုင်မှုတစ်ခုကြောင့် ကျွန်တော်ရခဲ့တာပါ ၊ ဒီလောက်ကြီးမားတဲ့ကိစ္စကြီးကို ဖုံးကွယ်ထားမိတာ ခွင့်လွှတ်စေချင်ပါတယ် ဂိုဏ်းတူအစ်မ”
ထို့နောက် သူက နျဲ့ကျင်းရှန်ကို လှမ်းကြည့်ရင်း...
“ဂိုဏ်းတူအစ်ကို’နျဲ့’ လည်း ခွင့်လွှတ်ပေးပါ”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ဒီလိုပြောရတာ ရှက်စရာကောင်းပေမယ့်... ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုရထားတာ နှစ်တွေအတော်ကြားနေပြီ ၊ ဘာမှအလုပ်မဖြစ်သေးဘူး ၊ ပြီးတော့ ဆရာဦးလေး’ယွဲ့’ ကလည်း အထက်ဘုံကမ္ဘာကို ပြန်မလာသေးဘူး ၊ ဆရာဘိုးဘိုး ‘လုန်’ နဲ့ ရွှမ်ဟွမ်ဧကရီတို့ကလည်းတံခါးပိတ်ကျင့်ကြံနေတော့ ကျွန်တော်လည်း ဒီအကြောင်းပြောဖို့ အခုချိန်ထိ နှောင့်နှေးနေရတာပါ”
အဂ္ဂိရတ်ခန်းမအတွင်းသို့ဝင်ပြီး တစ်စုံတစ်ခုကို ရရှိလိုပါက ရွှမ်ရှောက်ကျိကျွင်းမီးပြင်းဖိုက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်မည် ဖြစ်သည်။
နျဲ့ကျင်းရှန် ၊ ယွီယဲ့နှင့် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်တို့က သူ့ကိုကူညီရန်အတွက် အတူတကွ လိုက်ပါလာကြသည်ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် ဖုံးကွယ်ထားရန် အစီအစဉ် မရှိတော့ပေ။
သူ့တွင် မီးပြင်းဖိုရှိနေကြောင်း ယွီယဲ့က မခန့်မှန်းမိလျှင်တောင်မှ ရန်ကျောက်ကဲက နောက်ပိုင်း သူမကိုပြောပြရန် စီစဉ်ထားပြီး ဖြစ်သည်။
သူက ယခင်ကနှင့်မတူတော့ပေ။
ယခု ကျင့်ကြံခြင်းအဆင့် အလွန်မြင့်မားလာပြီဖြစ်ရာ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုနှင့်ပတ်သက်ပြီး စိတ်ပူနေစရာ မလိုတော့ပေ။
ပွင့်ပွင့်လင်းလင်းပြောရလျှင် ကောင်းရွှယ်ပေါ်တို့အုပ်စုက ကောင်းချင်ထံမှ သတင်းများကို ရရှိမည်ဖြစ်သလို ပိုးသားဧကရာဇ် ‘ဖုယွင်ချီ’ ကတော့ ဖုထင်ထံမှ သတင်းပေးမှုကို ရရှိပေမည်။ ထိုသတင်းများ ရရှိပြီးကတည်းက သူတို့စိတ်ထဲတွင် သံသယများရှိနေမည်ဟု ရန်ကျောက်ကဲ ယုံကြည်ထားသည်။
အမှန်တော့ ရန်ကျောက်ကဲက ဘာမှ များများစားစား အားမစိုက်ရဘဲ ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအား ရရှိခဲ့ခြင်းပင်။
ဟုတ်ပေ၏။
အကယ်၍ တစ်စုံတစ်ယောက်က ဤကိစ္စနှင့်ပတ်သက်ပြီး မကောင်းသောရည်ရွယ်ချက်တစ်ခုခု ရှိလာမည်ဆိုလျှင် ရန်ကျောက်ကဲက ဤအတိုင်း လွှတ်ပေးထားမည် မဟုတ်ပေ။
သို့သော် ယနေ့ သူနှင့်အတူပူးပေါင်းရန် ရွေးချယ်ခဲ့သူများကို အကြိမ်ပေါင်းများစွာ စဉ်းစားပြီးမှ ရွေးချယ်ခဲ့ခြင်းဖြစ်လေရာ လက်ရှိတွင် မည်သည့်ပြဿနမှ ဖြစ်လာနိုင်ခြေ မရှိပေ။
ယွီယဲ့က သူမမေးလိုက်သောမေးခွန်း၏ အဖြေကို အတည်ပြုချက်ရရှိသည်နှင့် ခေါင်းတစ်ချက် ညိတ်လိုက်သည်။
“ဂိုဏ်းတူမောင်လေးလက်ထဲမှာ ဒီမီးပြင်းဖိုရှိနေတယ်ဆိုရင် ကျွန်မတို့ဘက် အားသာချက် တိုးလာပြီပဲ”
ထို့နောက်မှာတော့ သူမက ရန်ကျောက်ကဲအပေါ်တွင် အာရုံမရှိတော့ပေ။
သူမက ပတ်ဝန်းကျင်မြူခိုးများ၏ သဘောတရားကို လေ့လာနေပြီး သူမ၏မျက်ဝန်းများသည်လည်း အာရုံစူးစိုက်မှု ပြန်လည်ဆုံးရှုံးသွားကာ တာအိုတရားထဲ နစ်မျောသွားပြန်တော့သည်။
သူမတို့အဆက်အနွယ်မှ ကျင့်ကြံသူများ ပျောက်ဆုံးသွားရခြင်းမှာ အဂ္ဂိရတ်ခန်းမကြောင့်ဖြစ်ပြီး ရန်ကျောက်ကဲနှင့် လုံးဝမသက်ဆိုင်သည်မှာ ထင်ရှားလေရာ ယွီယဲ့အနေဖြင့် ရန်ကျောက်ကဲအပေါ် မကျေနပ်စရာ အကြောင်းမရှိပေ။
နျဲ့ကျင်းရှန်က ရယ်မောလိုက်ရင်း...
“ဆရာပြန်ရောက်လာလို့ မင်းက သူ့ကို ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုအကြောင်း ပြောပြမယ်ဆိုရင်တောင် အသုံးဝင်မှာ မဟုတ်ပါဘူးကွာ...”
သူက ဆက်ပြီး ပြောလိုက်သည်။
“ကျောက်စိမ်းကျောက်ဆောင်မှာ အဂ္ဂိရတ်ပညာကျွမ်းကျင်တဲ့သူမှ မရှိတာ”
ရန်ကျောက်ကဲက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရင်း...
“နက်ရှိုင်းနတ်ဘုရားတစ်ပါးက မီးပြင်းဖိုကိုအသုံးပြုရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး ၊ အောင်မြင်မှုရာနှုန်းကိုပဲ ကြည့်လို့ရတယ်လေ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ဒီနေ့ကိစ္စတွေပြီးမှပဲ အဲဒီအကြောင်း ဆက်ဆွေးနွေးကြတာပေါ့”
ရောင်စုံအလင်းတန်းစီးကြောင်းများထဲတွင် ပေါင်းစပ်စီးဝင်နေသော ဆေးဘက်ဝင်ချီစွမ်းအားများကို စုပ်ယူပြီးနောက် သူတို့အားလုံးက ရန်ကျောက်ကဲလောက် အကျိုးကျေးဇူးမရသည့်တိုင် အကျိုးကျေးဇူးများစွာ ခံစားနေရဆဲ ဖြစ်သည်။
သို့သော် ထိုချီစွမ်းအားများကို သူတို့၏ ကိုယ်ပိုင်စွမ်းအားအဖြစ် အသုံးချရန် မလွယ်ကူပေ။
အဂ္ဂိရတ်ပညာတွင်ကျွမ်းကျင်သော ရန်တိနှင့် သူ၏ခန္ဓာကိုယ်အား မီးပြင်းဖိုတစ်ခုပမာအသုံးပြုနိုင်သော ရန်ကျောက်ကဲတို့သာလျှင် ထို ဆေးဘက်ဝင်ချီများကို လျှင်မြန်စွာစုပ်ယူနိုင်ပြီး ကျန် (၃)ယောက်ကတော့ စုပ်ယူရန် အချိန်ယူရပေမည်။
သို့သော် အချိန်နှင့်ဒီရေက လူကိုမစောင့်သည်ဖြစ်ရာ တတ်နိုင်သမျှ များများစုပ်ယူပြီး နောက်မှ ဖြည်းဖြည်းချင်း ပြန်လည်ချေဖျက်ရန် ကြိုးစားရမည်သာပင်။
မြူခိုးများကြားမှ တံခါးဆီသို့ ရန်ကျောက်ကဲက အရင်ဆုံးဝင်ရောက်လိုက်သည်။ တံခါးတစ်ဖက်ခြမ်းသို့ရောက်ရှိသည်နှင့် သူ့အရှေ့မှ ဗလာနယ်က တစ်ခဏအတွင်း ကျယ်ပြန့်သွားသည်။
ရန်တိနှင့် အခြားသူများကလည်း သူ့နောက်လိုက်လာကြပြီး အားလုံးရှေ့တွင် ခမ်းနားထည်ဝါသော ခန်းမကြီးတစ်ခုအား တွေ့လိုက်ရ၏။
ဗလာနယ်ထဲတွင် အနက်ရောင်ခန်းမကြီးတစ်ခု လွင့်မျောနေပြီး ပတ်ဝန်းကျင်တွင် ယာဇ်ပလ္လင်များ ၊ အဆောက်အဦများ တွေ့ရှိရခြင်း မရှိပေ။
အနက်ရောင်အလင်းတန်းလှိုင်းလုံးများက နေရာတိုင်းသို့ပျံ့နှံ့နေပြီး ထိုအရာများက ဗလာနယ်ကိုလွှမ်းခြုံကာ မမြင်နိုင်သော နယ်ခြားအရံအတားအဖြစ် တည်ဆောက်ထားသည်။
အဂ္ဂိရတ်ခန်းမကိုဗဟိုပြုပြီး သီးခြားကမ္ဘာတစ်ခု တည်ဆောက်ထားသည့်ပမာ ဖြစ်သည်။
လမ်းကြောင်းတစ်ခု သို့မဟုတ် တံခါးတစ်ခုမရှိပါက ပြင်ပဗလာနယ်ထဲမှ ဤနေရာသို့ဝင်ရောက်ရန် မဖြစ်နိုင်ပေ။
ခန်းမရှေ့သို့ရောက်သည်နှင့် ရှေးကျသည့်စွမ်းအားရောင်ဝါအလင်းတန်းများက သူတို့မျက်နှာထက်သို့ ဖြာလင်းကျရောက်လာသည်။
“မဟာကပ်ဘေးကြီးပြီးဆုံးကတည်းက ဒီခန်းမကြီးက ဒီနေရာမှာ တိတ်တဆိတ်လွင့်မျောနေခဲ့တာပဲ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
ထို့နောက် သူက ပတ်ဝန်းကျင်မှ အနက်ရောင်အလင်းတန်းလှိုင်းလုံးများကို အကဲခတ်ကြည့်လိုက်ရင်း...
“ဒီလိုအနက်ရောင်ပြောင်းလဲသွားတာ ငရဲကိုးထပ်က ကျူကျော်လာလို့တော့ မဟုတ်ဘူး ၊ ဒါပေမဲ့ ငါမှတ်မိသလောက် ဒီခန်းမက ဒီလိုမျိုး မဟုတ်ပါဘူး”
“မဟာကပ်ဘေးကြီးကြောင့် ပြောင်းလဲသွားတာလား ၊ ဒါမှမဟုတ် အဂ္ဂိရတ်ခန်းမထဲမှာ အပြောင်းအလဲတစ်ခုခု ဖြစ်သွားတာများလား”
တွေးရင်းဖြင့်ပင် သူက ရန်တိနှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်ပြီး...
“အထဲကိုဝင်ကြရအောင် ၊ ဒါပေမဲ့ လမ်းကြောင်းက ခန့်မှန်းလို့မရတဲ့အတွက် အားလုံး သတိထားကြပါ ၊ တကယ်လို့ လူစုကွဲသွားမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ မမေ့ပါနဲ့ ၊ လမ်းတစ်လျှောက် ကျွန်တော်ပြောခဲ့တဲ့စကားတွေအားလုံးကို သေချာမှတ်ထားပါ”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဒီနေရာကို အရင်ဆုံးရောက်တဲ့သူက လက်ဦးမှုလည်းရနိုင်သလို အန္တရယ်ထောင်ချောက်ထဲလည်း အရင်ဆုံးကျသွားနိုင်တယ် ၊ ဘယ်အရာမဆို အကျိုးအပြစ်ကတော့ ရှိနေစမြဲပဲ”
ထိုစကားကြားတော့ နျဲ့ကျင်းရှန်က ပေါ့ပါးစွာပြုံးလိုက်သည်။
ယွီယဲ့ကတော့ သူမပုံစံအတိုင်း အာရုံစူးစိုက်ခြင်းမရှိဘဲ အတွေးထဲလွင့်မျောနေလေသည်။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က ခေါင်းခါယမ်းရင်း...
“ဘာပဲဖြစ်ဖြစ် အရင်ရောက်တဲ့သူက အားသာချက်ရှိနေတာပဲ မဟုတ်လား”
ရန်တိက ရယ်မောလိုက်ရင်း...
“ငါတို့က ရောက်လာပြီဆိုမှတော့ ဒီအတိုင်းပဲ တွေးကြတာပေါ့”
“အမှန်ပဲ...”
ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီးနောက် နျဲ့ကျင်းရှန်ကို လှမ်းကြည့်ရင်း...
“ဘာပဲဖြစ်ဖြစ် ငါတို့တွေ အထူးဂရုစိုက်ဖို့လိုတယ်”
နျဲ့ကျင်းရှန်က သူ့ကိုပြန်ကြည့်လာစဉ် ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။
“ကျွန်တော်တို့က တခြားသူတွေထက် အများကြီးပိုပြီး ထူးခြားနေနိုင်တယ် ၊ အထူးသဖြင့် ရန်သူက ပစ်မှတ်ထားနေတဲ့သူတွေတောင် ဖြစ်နိုင်တယ်”
ထိုစကားကြားတော့ ရန်တိနှင့်အခြားသူများ အတွေးနက်သွားကြသည်။
နျဲ့ကျင်းရှန်က ခေတ်အဆက်ဆက်တွင် ရှားပါးလှသော “ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ” ကို ပိုင်ဆိုင်ထားသည်မှာ ပြောနေစရာမလိုတော့ပေ။
“ကနဦးကောင်းကင်ယွမ်ဖေးခန္ဓာ” ဆိုသည်က ထူးခြားသော မွေးရာရုပ်ခန္ဓာပိုင်ရှင်များစွာထဲမှ “တစ်ခု” ဖြစ်ပြီး ၊ ထို “တစ်ခု” ဆိုသော စကားရပ်ကို ဖယ်ရှားနိုင်သည်အထိ ရှားပါးထူးခြားလွန်းလှသည်။
ပြောရမည်ဆိုလျှင် ရန်ကျောက်ကဲ၏ ရုပ်ခန္ဓာဖွဲ့စည်းပုံသည်လည်း သာမန်ထက်မြင့်မားသည်ဟု ဆိုနိုင်သည်။
နှစ်ပေါင်းများစွာ မရပ်မနားကျင့်ကြံခဲ့ပြီး အဆက်မပြတ်လေ့ကျင့်ခဲ့မှုများကြောင့် ယခုဆိုလျှင် သူ၏ ရုပ်ခန္ဓာက သေမျိုးလူသားအဆင့် သိုင်းကျင့်ကြံသူများအလ်တွင် အသန်မာဆုံးဟု ဆိုနိုင်သည်။
ရှေးခေတ်အချိန်အခါ ကမ္ဘာဦးကာလက သက်ရှိများကိုဖန်ဆင်းခဲ့သော နွီဝါးမယ်တော်သည်ပင် ရန်ကျောက်ကဲ၏ရုပ်ခန္ဓာဖွဲ့စည်းပုံအား တွေ့မြင်မည်ဆိုပါက အံ့အားသင့်သွားနိုင်သည်။
လူသားတစ်ယောက်၏ရုပ်ခန္ဓာက ဤမျှသန်မာလိမ့်မည်ဟု သူမ ဘယ်သောအခါမှ မျှော်လင့်ထားမည် မဟုတ်ပေ။
ရန်တိသည်လည်း ထို့အတူပင်ဖြစ်သည့်တိုင် ရန်ကျောက်ကဲကတော့ ဖခင်ထက်သာလွန်သည်ဟုဆိုလျှင် ချဲ့ကားပြောဆိုရာ မရောက်ပေ။
အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်ကတော့အတွင်းထဲတွင် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့် ‘ယဲ့ယန်’ ၏ဝိညာဉ်ကို ချိတ်ပိတ်ထားခြင်းဖြစ်လေရာ သူက အစစ်အမှန်နတ်ဘုရားတစ်ပါးအဆင့်နှင့် ညီမျှသည်။
သူ လက်နက်တစ်ခုအဖြစ်အသွင်ပြောင်းသွားသည့်တိုင် ယိုစိမ့်ခြင်းမရှိ အမတမှော်ဝင်ပစ္စည်းတစ်ခု ဖြစ်နေဆဲပင်။
လူတိုင်းသိရှိထားသည့် သတင်းအချက်အလက်များအရ ဤအဖြစ်အပျက်များ ဖြစ်ပွားခဲ့ပြီးနောက် အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည်က အဂ္ဂိရတ်ခန်းမသို့ ပထမဆုံးချဉ်းကပ်လာသည့် နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်ဟု သတ်မှတ်နိုင်သည်။
အခြားစကားဖြင့်ဆိုရသော် ခန်းမအတွင်းမှ ရန်သူက ထောင်ချောက်ဆင်ထားသည့် အမြင့်ဆုံးသားကောင် ဖြစ်နိုင်သည်။
ရန်ကျောက်ကဲက ယွီယဲ့အကြောင်းတော့ သိပ်မသိပေ။
ရန်တိက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ အကူအညီတောင်းဆက်သွယ်ခဲ့သည့်အခါ ကောင်းရွှယ်ပေါ်နှင့် လုန်ရွှယ်ကျီးတို့က ယွီယဲ့ကို စေလွှတ်ခဲ့ကြပြီး သူမအကြောင်း အနည်းငယ် ပြောပြခဲ့ကြသည်။
ရန်တိထံမှ သူမအကြောင်း ကြားသိပြီးနောက် ရန်ကျောက်ကဲ သူမအပေါ် ပိုမိုရှင်းလင်းစွာ နားလည်လာခဲ့သည်။
ဤ ဂိုဏ်းတူအစ်မက ဟန်ပန်များကို စွန့်လွှတ်ထားပြီး သူမဝါသနာပါသည့် သိုင်းပညာမှလွဲပြီး အခြား မည်သည့်အရာကိုမှ အရေးမစိုက်ပေ။
သူမပုံစံက မီးလျှံထက်ယံအရှင်သခင် ၊ စစ်ခုန်ချင်းတို့နှင့် အတော်လေး ဆင်တူသည်။
အခြားတစ်ဖက်တွင် သူမ၏ မွေးရာပါ စိတ်ဝိညာဉ်က သာမန်လူများနှင့်မတူညီဘဲ ထူးခြားနေခြင်း ဖြစ်သည်။
သို့ဖြစ်ရာ ရန်ကျောက်ကဲ ၊ ရန်တိ ၊ အင်္ဂါဂြိုဟ်ပုဆိန်သွားလှံရှည် ၊ နျဲ့ကျင်းရှန်နှင့် ယွီယဲ့တို့ (၅)ယောက်က တစ်ယောက်တစ်မျိုးထူးခြားသူများဖြစ်လေရာ သူတို့ကိုတွေ့သည်နှင့် ထူးခြားမှုကို တန်းသိနိုင်သည်။
ရန်ကျောက်ကဲက...
“သားရဲတွင်းထဲကိုမဝင်ဘဲ ကျားကို ဘယ်လိုလုပ်ဖမ်းမိမှာလဲ”
အားလုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ပြုံးလိုက်ကြသည်။
သူတို့က ရန်သူကိုအထင်မသေးသလို ကြောက်ရွံ့ခြင်းလည်း မရှိကြပေ။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“မစွန့်စားရင်တော့ ဘာမှရမှာမဟုတ်ဘူး”
ထို့နောက် ရန်ကျောက်ကဲက သူ့အကြည့်များကို နျဲ့ကျင်းရှန်ထဲမှ ရုတ်သိမ်းလိုက်သည်။
တကယ်တော့ သူအစိုးရိမ်ဆုံးက နျဲ့ကျင်းရှန် ဖြစ်သည်။
သူ၏သံသယစိတ်သာ မှန်ကန်မည်ဆိုလျှင် သူတို့အားလုံးထဲတွင် နျဲ့ကျင်းရှန်က အလွယ်ကူဆုံးပစ်မှတ် ဖြစ်လာပေလိမ့်မည်။
သို့သော် သူ့သံသယများကို ထုတ်ဖော်ပြောရန် အဆင်မပြေလှပေ။
ထို့ကြောင့် သူ နျဲ့ကျင်းရှန်သာမက အခြားသူများကိုပါ သတိပေးရန် ဆုံးဖြတ်ခဲ့ပြီး အားလုံးကို ပိုမိုသတိရှိစေခဲ့ပေသည်။
စကားပြောရင်းဖြင့်ပင် သူတို့အားလုံး အဂ္ဂိရတ်ခန်းမ အရှေ့တံခါးသို့ ရောက်ရှိလာကြသည်။
ရန်ကျောက်ကဲက သူ့ဘေးနားမှ ရန်တိကို ကြည့်လိုက်သည်။
သူတို့နှစ်ယောက် တံခါးချပ်နှစ်ချပ်ရှေ့တွင် နေရာယူလိုက်ကြပြီး လက်နှစ်ဖက်ဆန့်ထုတ်ကာ ကြီးမားသည့် တံခါးကြီးအား တွန်းဖွင့်လိုက်ကြသည်။
အလွန်တရာလေးလံပုံရသော တံခါးကြီးက တကယ်တမ်းတွင် လေးလံလွန်းခြင်းမရှိဘဲ အသံတစ်စက်မထွက်ဘဲ ပွင့်ဟသွားခဲ့သည်။
ထို့နောက် ရန်ကျောက်ကဲရှေ့တွင် အမှောင်ထုကိုသာ တွေ့မြင်လိုက်ရသည်။
အတွင်းသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်နှင့် ဗလာနယ်က ပုံရိပ်ယောင်တစ်ခုအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲမျက်လုံးထဲ အလင်းရောင်ပြန်လည်တွေ့မြင်ရသည့်အချိန်တွင် ပတ်ဝန်းကျင်အားလေ့လာကြည့်လိုက်သည့်အခါ သူတစ်ယောက်တည်းသာရှိတော့ပြီး အခြားသူများကို တွေ့မြင်ရခြင်း မရှိတော့ပေ။