← Chapters

ခွဲဝေခြင်း

Vol. 18 Ch. 249

ခွဲဝေခြင်း

Vol. 18 Ch. 249

လုဖန်း ထွက်ခွာသွားသည်နှင့် တောင်တက်လမ်းပေါ်ရှိ ရန်လိုနေသော အငွေ့အသက်များလည်း ပျောက်ကွယ်သွားပြီး တလိပ်လိပ် လှိုင်းထနေသော မူလချီများလည်း ပြန်လည် တည်ငြိမ်သွားသည်။

ဂူဟွမ်ဂျီက ဇူယွမ်၏ အနီးသို့ ပျံသန်းလာခဲ့သည်။ သူမသည် လုဖန်း ထွက်ခွာ သွားသည်ကို နှုတ်ခမ်းကိုက်လျက် လိုက်ကြည့် နေခဲ့ပြီးနောက် ဇူယွမ်ကို တောင်းပန်သော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။

လုဖန်းက ဇူယွမ်အား တိုက်ခိုက်ရသည့် အကြောင်းအရင်းကို သူမ မသိဘဲ မနေပေ။

သူမသာ ဇူယွမ်ဆီမှ သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို မသင်ယူခဲ့ပါက လုဖန်း အနေဖြင့်လည်း သည်လို ရန်လိုလိမ့်မည် မဟုတ်ပေ။

ဇူယွမ်က ဂူဟွမ်ဂျီကို ပြုံးကာ ကြည့်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်။ “ငါတို့ရဲ့ စရိုက် လက္ခဏာတွေက ကွဲပြားတယ်။ ဒါကြောင့် ဒီတစ်ကြိမ် မဟုတ်ရင်တောင် အနာဂတ်မှာ ငါတို့ရဲ့ အခြေအနေတွေအရ ရင်ဆိုင် တိုက်ခိုက်ရမှာပဲ”

လုဖန်းက အရမ်းကို မောက်မာလွန်းပြီး သူ့ကိုယ်သူ အခြားသူများ အားလုံးထက် သာလွန်သည်ဟု ယုံကြည် နေပေသည်။ သူက အမြဲတမ်း အရာရာကို ဂရုမစိုက်သည့်ဟန် အမှုမထားဟန်ဖြင့် ဖြစ်နေသော်လည်း အမှန်တကယ်တွင် သူက လူတိုင်းကို အပေါ်စီးမှသာ ကြည့်ရှုနေပြီး ရှန်ဇူတိုက်ကြီးမှ မဟုတ်သူများဆို ပို၍ပင် ဆိုသေးသည်။

တပည့်များက လုဖန်းနှင့် တွေဆုံချိန်တွင် သူတို့၏ အပြုအမူကို နှိမ့်ချကြ သော်လည်း ဇူယွမ်ကတော့ ထိုသို့ မဟုတ်ပေ။ ဇူယွမ်နှင့် လုဖန်းတို့ တစ်ကြိမ် တွေ့တိုင်းတွင် သူတို့ နှစ်ယောက်လုံးက ရန်စောင် နေကြပြီး အမြဲတစ်ယောက်နှင့် တစ်ယောက် ကသိကအောင့် ဖြစ်အောင် ပြုလုပ်လေ့ ရှိကြသည်။

ထို့ကြောင့် ဂူဟွမ်ဂျီ မရှိလျှင်တောင်မှ လုဖန်းနှင့် သူ့ကြားတွင် သဘောထား ကွဲလွဲမှုများလည်း ရှိနေဦးမည် ဖြစ်သည်။

သို့သော်လည်း ဂူဟွမ်ဂျီက ဇူယွမ်ကို နှစ်သိမ့်နေသည်။ “စိတ်မပူပါနဲ့ လုဖန်းရဲ့ နောက်မှာ စွမ်းအားကြီးတဲ့ လူတွေ ရှိနေပေမဲ့လည်း သူက သူတို့နဲ့ နင့်ကို ထိခိုက်စေမယ် ဆိုရင် ငါက ဒီအတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူး”

ဇူယွမ်က ရယ်မောကာ ပြောလိုက်သည်။ “သူက သူတို့ကို ခေါ်ဆောင် လာပြီးတော့ ငါ့ကို ခြိမ်းခြောက်မှာ မပူရပါဘူး။ သူ့ရဲ့ မာနကြီးတဲ့ စရိုက်နဲ့ဆို အခြားသူ အကူအညီနဲ့ ငါ့ကို လာရှာတာ သူ့အတွက် အရှက် ရဖွယ်ပဲလေ”

ဂူဟွမ်ဂျီက သဘာတူဟန်ဖြင့် အသာအယာ ခေါင်းညိတ်လိုက်သည်။ သူမက ခဏမျှ တုံ့ဆိုင်းနေပြီး မေးလိုက်သည်။ “ပြီးတော့ ...  ငါနင့်နားမှာ နေပြီး သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်ကို လေ့ကျင့်လို့ ရသေးတယ်မလား”

သူမက အခြား သူများနှင့် ပတ်သက်ရသည်ကို မကြိုက်သော်လည်း ဇူယွမ်၏ အကူအညီသာ မပါဘူးဆိုလျှင် သူမအနေဖြင့် သိမ်မွေ့နူးညံ့သော အသွင်သဏ္ဌာန် ကျင့်စဉ်၏ ဒုတိယအဆင့်သို့ ရောက်ရန် အချိန်နှင့် လုံ့လ အများအပြား စိုက်ထုတ် နေရပေလိမ့်မည်။

ဇူယွမ်က အသာအယာ ရယ်မောကာ ပြန်ဖြေလိုက်သည်။ “ငါအစောပိုင်း ကတည်းက မင်းကို ပြောခဲ့ပြီးပြီပဲ မင်းလာပြီးတော့ သင်ရင် ငါက သင်ပေးမယ်။ ဘယ်သူမှ ငါ့ရဲ့စိတ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”

သူ့အနေဖြင့်လည်း ဂူဟွမ်ဂျီနှင့် ခိုင်မြဲသော ဆက်ဆံရေး ရှိချင်ပေသည်။ တကယ်တော့ တစ်ယောက်နှင့် တစ်ယောက် အပြစ်ပြု စော်ကားနေသည်ထက် စာလျှင် မိတ်ဆွေဖြစ်သည်က ပိုကောင်းပေသည်။

ဂူဟွမ်ဂျီ၏ မျက်လုံး အစုံသည် ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။ ဇူယွမ်က သူမကို ဆက်လက် သင်ပေးမည်ဟု ပြောခြင်းသည် ဇူယွမ်အနေဖြင့် လုဖန်း၏ ဖိအားပေးမှုကို ဂရုမစိုက်ဟု ဆိုလိုပေသည်။ ထိုအချက်ကို ကြည့်လျှင် ဇူယွမ်က လုဖန်းကို ကျော်လွန်၍ သူမကို ရွေးချယ်ခြင်း ဖြစ်သည်။

သို့သော်လည်း လုဖန်းက ဇူယွမ်အား ဖိအားပေးခြင်းကို သူမ ခွင့်ပြုမည် မဟုတ်ပေ။

“ဇူယွမ် လုဖန်းက နင့်ကို တစ်စုံတစ်ခု လုပ်ဖို့ ကြိုးစား လိုက်သည်နှင့် အချိန်မရွေး ငါ့ကို လာရှာနိုင်တယ်။ ငါသူနဲ့ စာရင်း ရှင်းပေးမယ်” ဂူဟွမ်ဂျီက အလေးအနက် ပြောလိုက်သည်။

သူမ၏ စကားကို ကြားရချိန်တွင် ဇူယွမ်က မည်သည့် စကားမျှ မဆိုတော့ပဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။

“အချိန်တွေ အကြာကြီး သူလူတွေကြားမှာ အရှက်မရှိ မောက်မာစွာ ပြောဆိုခဲ့တာ။ သူငါနဲ့ လာပြီး ရှုပ်ကြည့်ပါလား။ ငါလည်း ငါတို့အပြင်ဘက် တောင်ရဲ့ ပထမ အဆင့်ကြီးက ဘယ်လိုတော်လဲ ဆိုတာ အမှန်တကယ် စိတ်ဝင်စားတယ်”

သူ၏အသံမှာ တည်ငြိမ် နေသော်လည်းပဲ ထိုအထဲတွင် အေးစက်မှုများ နက်ရှိုင်းစွာ ပါဝင်နေသည်။ သည်နေ့ လုဖန်း၏ လုပ်ရပ်က ဇူယွမ်ကို အမှန်ပင် ဒေါသ ထွက်စေသည်။

ဇူယွမ်က လုဖန်းနှင့် တိုက်ခိုက်ချင်သည် ဟူသော ရည်ရွယ်ချက်ကို ကြားရချိန်တွင် ဂူဟွမ်ဂျီမျာ အလွန် စိတ်ပူသွားပြီး သူအား အမြန် သတိပေး လိုက်သည်။ “နင်သူ့ကို လျှော့မတွက်သင့်ဘူး။ လုဖန်းက အရမ်း သန်မာတယ် ပြီးတော့ ရှန်ဇူတိုက်ကြီးက တပည့်တွေ ထဲမှာလည်း သူက အင်အား အကြီးဆုံးပဲ”

“စိတ်အေးအေး ထားပါ။ ငါဘယ်သူ့ကိုမှ လျှော့မတွက်ပါဘူး။ လုဖန်းက သန်မာပေမဲ့ ငါ့ကို အချဉ်တစ်ကောင်လို့ သူထင်နေတာ အဲဒီအတွက် သူ့သွားတွေ ကျိန်းပြီး အက်သွားမှာတောင် ငါစိုးရိမ်မိတယ် ...”       ဇူယွမ်က လက်ဝှေ့ယမ်း လိုက်ပြီးနောက် နောက်ထပ် ပြောစရာစကား မရှိတော့သဖြင့် တောင်တက်လမ်းလေး အတိုင်း ဆက်လျှောက် သွားခဲ့သည်။

သူထွက်ခွာ သွားသည်ကို ကြည့်ရင်း ဂူဟွမ်ဂျီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ရေရွတ်လိုက်သည်။ “ဒီတစ်ကြိမ်မှာလည်း နင်အေးဆေး တည်ငြိမ်စွာ နေနိုင်အောင် ဘယ်လို ကြိုးစား ထားတာလဲ ...”

ထို့နောက်သူမက လုဖန်း ထွက်ခွာရာသို့ လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်လုံးများက အေးစက် သွားခဲ့သည်။

“လုဖန်း နင်တော့ နင်ရဲ့ ကံကောင်းမှုတွေကို အဝေးကို တွန်းပို့နေတာပဲ။ နင် ငါ့ရဲ့ဒေါသကို သိသင့်တယ် ... .”

***

ညတာက အပြင်ဘက်တောင်များကို လွှမ်းခြုံထားသည်။

သို့သော်လည်း အိမ်လေး တစ်လုံးတွင် များစွာသာ ပုံရိပ်များ စုစည်းနေကြပြီး ထိုအုပ်စုထဲတွင် ထင်းခနဲ မြင်သာသူမှာ အဖြူရောင် ဝတ်စုံနှင့် လုဖန်းပင် ဖြစ်သည်။

လုဖန်းက အလယ်တွင် ထိုင်နေပြီး ပတ်ဝန်းကျင်က သူများက သူ့ကို လေးစားစွာဖြင့် ကြည့်နေကြသည်။

အပြင်ဘက်တောင် တပည့်များကြားတွင် နံပါတ်တစ် ဖြစ်သော လုဖန်း၌ သူ့အား ထောက်ခံအားပေးပြီး လေးစားကြသော အပြင်ဘက်တောင် တပည့်များမှာ လွန်စွာ များပြား လှပေသည်။

သူတိုအားလုံးမှာ ဒါဇင်ကျော်သည့် ရှန်ဇူတိုက်ကြီးမှ ပထမတန်း ကျောင်းသားများ ဖြစ်ပြီး သူတို့အားလုံးမှာ အပြင်ဘက်တောင် တပည့်များ အကြားတွင် လက်ရွေးစင်များ ဖြစ်သည်။ သည်နေရာတွင် အပြင်ဘက်တောင်မှ အင်အား ကြီးမားသော အုပ်စုများ လာရောက်စုဝေး နေကြခြင်း ဖြစ်သည်။

“အစ်ကိုကြီးလုက ကျွန်တော်တို့ကို ခေါ်တယ်ဆိုတော့ အစ်ကိုကြီးမှာ ပြောစရာစကား ရှိတယ်ထင်တယ် ဟုတ်တယ်မလား” ယန်ရှိုးက ပြုံးကာ ပြောလိုက်သည်။ သူက သည်ကိစ္စမှာ လုဖန်းနှင့် တိုက်ရိုက် စကားပြောနိုင်သူ တစ်ယောက်ဖြစ်သည်။

သူက လုဖန်းထက် အင်အား နည်းသော်လည်းပဲ ပျော့ညံ့သော လက်ရွေးစင် တစ်ယောက် မဟုတ်ပေ။ ပြီးလျှင် သူ၏ ယန်ကလန်မှာ ရှန်ဇူတိုက်ကြီးတွင် အင်အားကြီး ကလန်တစ်ခု ဖြစ်သည်။

“အစ်ကိုလု အတွက် ကျွန်တော်တို့ လုပ်ရမယ့် အရာတွေကို ကျွန်တော်တို့ သိခွင့်ရှိမလား” အနားရှိ လူငယ် တစ်ယောက်လည်း ပြုံးကာပြောသည်။ သူ၏ နာမည်က ချင်းကျန်ဟု ခေါ်ပြီး အပြင်ဘက် တောင်တွင် လူသိများသူ တစ်ဦးဖြစ်ကာ ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက်တွင် ခြောက်ယောက်မြောက် ဖြစ်သည်။

တစ်ယောက်ယောက်သာ ယခုလက်ရှိ စုဝေးနေသော အုပ်စုကို မြင်သွားပါက အလွန်တစ်ရာ အံ့အားသင့် သွားမည်ဖြစ်သည်။ သူတို့ထဲတွင် ကြီးမြတ်သော အပြင်ဘက်တောင် တပည့် ဆယ်ယောက်မှ တစ်ဝက်နီးပါး ပါဝင်နေပေသည်။

အခြားသော တပည့်များကလည်း ခေါင်းညိတ်ကာ ထောက်ခံ လိုက်ကြသည်။

လုဖန်းက ရယ်မောလိုက်ပြီး လူစုကို တစ်ချက်ကြည့်ကာ ပြောသည်။ ”တောင်ထွတ် ရွေးချယ်မှု အခမ်းအနားက တစ်လပဲ ကျန်တော့တယ်”

လူတိုင်း၏ အမူအရာက အနည်းငယ် စိတ်ဖိစီးသွား ဟန်ပေါ်သည်။ သူတို့အားလုံး တောင်ထွတ် ရွေးချယ်မှု အခမ်းအနားက မည်မျှပင် အရေးကြီးကြောင်း သိလေသည်။ ထိုအရာက သူတို့၏ အနာဂတ် အတွက် အဆုံးအဖြတ်ပင် ဖြစ်သည်။

“ငါကြားတာတော့ ပထမရတဲ့ သူက ကောင်းကင်အဆင့် မူလကျင့်စဉ် တစ်ခုနဲ့ မူလကောင်းချီး ခြင်ဆီတစ်ခုကို ဆုလာဘ်အဖြစ် ပေးမယ်ပြောတယ်”

လုဖန်း၏ စကားကြားရချိန်တွင် ပတ်ဝန်းကျင်က ဆူညံသွားပြီး လူတိုင်း၏ မျက်လုံးများမှာ လိုချင် တပ်မက်မှုများကြောင့် လောင်ကျွမ်းနေဟန် ရသည်။

“မူလကောင်းချီး ခြင်ဆီလား ...”        ယန်ရှိုး၏ လေသံမှာ အလွန် အံ့အားသင့်နေဟန် ရသည်။

“ပြောကြတာတော့ သည်လို အရာမျိုးကို ခရမ်းရောင်ခါးစည်း တပည့်တွေပဲ ရနိုင်တာတဲ့။ ဒါက အရမ်းကို တန်ကြေးရှိပြီး အဖိုးထိုက်တန် တယ်တဲ့”

ယန်ရှိုး၏ စကားများက တပည့်တိုင်းကို နှုတ်ခမ်း သပ်စေပေသည်။ ခရမ်းရောင် ခါးစည်းတပည့်။ ထိုအရာက ကန်ရွှမ်းကလန်၏ အတွင်းတောင် တပည့်တွင် အမြင့်ဆုံးသော အဆင့်အတန်း ဖြစ်သည်။

“ပထမနေရာ ကတော့ နောက်ဆုံးမှာ အကိုတော် လုအတွက်ပါပဲ” တစ်ယောက်က မှတ်ချက်ချသည်။ လုဖန်း၏ တည်ရှိမှုက သူတို့ထဲမှ မည်သူမှ မယှဉ်သာနိုင်သော နေရာ ဖြစ်သည်။

လုဖန်းက ရယ်မောလိုက်ပြီး“ပထမ နေရာကို ခဏ ထားလိုက်ပါ။ ပထမ ဆယ်ယောက်မှာ ပါဝင်တဲ့ သူတွေက အတွင်းတောင်ရဲ့ ရွှေရောင် ခါးစည်းတပည့် တန်းဖြစ်မှာပဲ။ ဒါဆိုရင် အကုန်လုံးက အနာဂတ်မှာ ခရမ်းရောင် ခါးစည်းတပည့် ဖြစ်လာပြီး မူလကောင်းချီး ခြင်ဆီကို ရယူဖို့ အခွင့်အရေး ရှိလိမ့်မယ်”

ချင်းကျန်လို့ ခေါ်ဆိုသော လူငယ်လေးက မေးစေ့ကို ပွတ်သပ်ရင်း ပြောသည်။ “ပထမ ဆယ်နေရာအတွက် ယှဉ်ပြိုင်မှုက တကယ်ကို ပြင်းထန်လိမ့်မယ်။ အခြားသော အပြင်တောင် တပည့်တွေမှာလည်း စွမ်းရည်ရှိတဲ့သူ အနည်းငယ် ရှိတယ်”

“ဟုတ်တယ် အချို့သော အနုပ်စုတ်ကုပ်စုတ် တိုက်ကြီးက လူတွေက တော်တော်လေး တော်ကြတယ်” အခြား တစ်ယောက်က ထပ်ပြောသည်။

လုဖန်းက ပြောသည်။ “ဒီနေ့ အားလုံးကို ဒီနေရာမှာ စုဝေးဖို့ပြောတာ ဒီကိစ္စကြောင့်ပဲ”

သူက အားလုံးကို ကြည့်ကာ ဆက်ပြောသည်။ “တောင်ထွတ်ရွေးချယ်မှု အခမ်းအနားက တယ့်ကို ပြင်းထန်တဲ့ ယှဉ်ပြိုင်ပွဲပဲ။ ဒါကြောင့် ငါက ပထမ ဆယ်နေရာအတွက် ဘာတိုက်ခိုက်မှုမှ မဖြစ်အောင် ပြင်ဆင်ချင်တယ်”

လူတိုင်းက အချင်းချင်း ကြည့်လိုက်ကြသည်။ သူဘာကို ဆိုလိုသည်ကို သူတို့ တကယ် နားမလည်ကြပေ။ သူတို့က ပထမ ဆယ်နေရာကို မည်သို့ ပြင်ဆင်မည်နည်း။

“ငါတို့က ပထမ ဆယ်နေရာကို ဘယ်လို သင့်လျော်အောင် ပြင်ဆင် ရမှာလဲ” တစ်ယောက်က သံသယ ဖြစ်နေဟန်ဖြင့် မေးလိုက်သည်။

“ဘယ်သူပဲဖြစ်ဖြစ် မာကျောတဲ့ လက်သီး ရှိကြတယ် မလား” လုဖန်းက အသာအယာ ပြုံးလိုက်သည်။

“ငါတို့ ရှန်ဇူတိုက်ကြီးက တပည့်တွေက နေရာ ဆယ်နေရာထဲက ရှစ်နေရာကို ယူမယ်။ ကျန်တဲ့ တိုက်ကြီးက လူတွေကတော့ ကျန်တဲ့ ရှစ်နေရာ အတွက် တိုက်ခိုက်ကြပါစေ”

လူအုပ်ကြီး၏ မျက်လုံးများက တောက်ပ သွားကြသည်။ သူတို့သာ နေရာရှစ်ခုကို သိမ်းပိုက် ထားနိုင်ပါက သူတို့အတွက် ကောင်းမွန်သော သတင်းပင် ဖြစ်သည်။

သို့သော်လည်း ရှစ်နေရာက များလွန်း လှပေသည်။

ချင်းကျန်က မေးမြန်းလိုက်သည်။ “တခြား တိုက်ကြီးရဲ့ တပည့်တွေက သဘောတူပါ့ မလား”

ရွေးချယ်စရာ မရှိပေမဲ့လည်း အခြားသော တိုက်ကြီးမှ တပည့်များက အလွန် များပြားပေသည်။ သူတို့ အားလုံးနှင့် ယှဉ်ပြိုင်ရန် ထိုသူတို့မှာ အဆင့် မရှိသော်လည်းပဲ သူတို့အားလုံးကို နေရာ နှစ်နေရာသာ ပေးမည်ဟု လက်ခံအောင် စည်းရုံးရမည်မှာ လွယ်ကူမည် မဟုတ်ပေ။

လုဖန်းက ပြုံးကာ ပြောလိုက်သည်။ “သဘောအတူတဲ့ ဘယ်သူမဆို ငါ့ကို လာရှာနိုင်တယ်လို့ ပြောလိုက်”

“အစ်ကိုတော်လုက တကယ်ကို ကြီးစိုးနိုင်တာပဲ” အခြား တစ်ယောက်က လက်မထောင်၍ ပြောသည်။ ကြည့်ရသည်မှာ လုဖန်းက ရှန်ဇူတိုက်ကြီးမှ တပည့်တွေအတွက် နေရာ ရှစ်ခုကို အတင်းအကျပ် ယူမည့်ဟန် ရှိသည်။

“ပြီးရင် ငါတို့ သဘောတူညီမှု လုပ်မယ်။ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ ဒီစည်းကမ်းကို မလိုက်နာတဲ့ ဘယ်သူမဆို အားလုံး ဝိုင်းပြီးတော့ တိုက်ထုတ်မယ် ...”        လုဖန်း၏ မျက်လုံးအစုံမှာ ကျဉ်းမြောင်းသွားသည်။

ရှန်ဇူတိုက်ကြီးမှ တပည့်များ၏ အကြည့်များက ပြောင်းလဲ သွားပြီးနောက် ပြောလိုက်ကြသည်။ “အရာအားလုံးက ကိုလုပြောသလို ဖြစ်စေရပါမယ်”

လုဖန်းက ခေါင်းညိတ်လိုက်ပြီး ဂရုမစိုက်သည့် ဟန်ဖြင့် ပြောသည်။ “သည်ကိစ္စမှာ အခြား တပည့်တွေက ဘာသဘောထားမှ မရှိဘူးဆိုရင် သူတို့ကို ပြောလိုက်ပါ ဒီကိစ္စတွေ အားလုံးက ဇူယွမ်ကြောင့် ဖြစ်ရတာလို့ ...”

ထိုအရာက အခြားသော တိုက်ကြီးမှ တပည့်များက ဇူယွမ်အပေါ် မကျေမနပ် ဖြစ်သွားစေရန် အတင်းအကျပ် ပြုလုပ်ခြင်းပင် ဖြစ်သည်။

သည်နေရာတွင် ရှိနေသော တပည့်များက ရုတ်တရက် သဘောပေါက် သွားကြသည်။ ဇူယွမ်တော့ အစ်ကိုတော်လုကို အပြစ်ပြုမိ ချေပြီ ...

“စိတ်မပူပါနဲ့ အစ်ကိုယွမ် ဒီကောင်လေးက အတော်နာမည် ကြီးနေတာ။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အပြင်ဘက် တောင်ရဲ့ ဝေဖန် တိုက်ခိုက်မှုတွေကို ခံရမှာ အတိအကျပဲ”

လုဖန်းက ရယ်မော လိုက်ပြီးနောက် ခေါင်းမော့ကာ တစ်တစ်ခု၏ စမ်းချောင်းလေးမှ အဝေး တစ်နေရာသို့ လှမ်းကြည့်လိုက်သည်။

“ဇူယွမ် ... ဇူယွမ် ... ငါ့ကို ကြည့်စမ်းပါဦး မင်းကို လူတိုင်းက ရန်သူအဖြစ် သတ်မှတ်လာဖို့ ငါ့မှာ အစီအစဉ် နည်းနည်းပဲ ပြုလုပ်လိုက် ရတယ် ...”

“မင်းကတော့ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားမှာ နေရာတစ်နေရာ ရဖို့ ခက်ခဲသွားပြီ”

“ဟီးဟီး ဒီလိုဆို မင်းက သည်နေရာနှစ်ခု အတွက် တိုက်ခိုက် ရတော့မယ်။ လူတိုင်းရဲ့ တံတွေးအောက်မှာ မင်းမကျရှုံးသွားဖို့ ငါမျှော်လင့်ပါတယ် …”

“အခြား ရှစ်နေရာကတော့ မင်းသာ အဲဒီနေရာတွေကို ထိရဲမယ်ဆို ငါ့အနေနဲ့ မင်းကို ဘာမှ လုပ်စရာတောင် လိုမယ် မထင်ဘူး။ ဒီက ရှန်ဇူ တပည့်တွေကပဲ မင်းကို အညိုအမည်း ဆွဲအောင် ရိုက်နှက် ကြလိမ့်မယ်”

All Chapters