← Chapters

မူလသားရဲ နဂါးသွေး အဆီအနှစ်

Vol. 18 Ch. 250

မူလသားရဲ နဂါးသွေး အဆီအနှစ်

Vol. 18 Ch. 250

အဖြူရောင် စစ်မြင်းတစ်စီး ဒုန်းဆိုင်း ပြေးသွားသလို အပြင်ဘက်တောင်တွင် အချိန်များ လျင်မြန်စွာ ကုန်ဆုံးနေသည်။

အားလုံး သတိမထားခင်မှာပဲ တောင်ထွတ် ရွေးချယ်ပွဲ စတင်မည့် အချိန်သုံးလက တဖြည်းဖြည်း ကုန်ဆုံးသွားပြီး အချိန် တစ်လသာ ကျန်ရှိတော့သည်။ သည်အရာကြောင့် အပြင်ဘက်တောင်၏ လေထုမှာ တပည့်များ၏ အပူအပင်များဖြင့် အလွန်ပင် စိတ်အိုက်ဖွယ်ရာ ကောင်းနေပေသည်။

တပည့်များသည် ပြင်းပြင်းထန်ထန် လေ့ကျင့်ခြင်း ကြိုးစာခြင်းတို့ဖြင့် သူတို့၏ သန်မာမှုကို အစွမ်းကုန် မြှင့်တင် နေကြသည်။ တောင်ထွတ် ရွေးချယ်မှု အခမ်းအနားတွင် နေရာကောင်းရမှ ကန်ရွှမ်းကလန်၏ ဆရာသခင်များ၏ အကြည့်ကို ဖမ်းစားနိုင်မှ သူတို့အတွက် အခွင့်အရေးများ ကျင့်ကြံခြင်း အတွက် ကောင်းမွန်သော အရင်းအမြစ်များ ရရှိနိုင်မည် မဟုတ်ပါလား။

တကယ့်ကို ကန်ရွှမ်းကလန်မှ များပြားသော အမှုထမ်းများ တက်ရောက်သည့် တောင်ထွတ် ရွေးချယ်မှု အခမ်းအနားက လူတိုင်း၏ စွမ်းရည်များကို ပြသရန် အခွင့်အရေး ဖြစ်သည်။

ထို့ကြောင့် အပြင်ဘက်တောင်၏ လေထုမှ သက်သောင့်သက်သာ မရှိဘဲ သည်အချိန် အတွင်း လူတိုင်းမှာ စိတ်ဖိစီးမှုများနှင့် ပြည့်နှက် နေပေသည်။ သူတို့အားလုံးမှာ မူလတောင် ကျင့်ကြံခြင်းသို့ မသွားရောက် နိုင်တော့ပဲ လူတိုင်းက များစွာသော သင်ခန်းစာ ပို့ချသည့် ခန်းမများတွင်သာ စုဝေးနေကြပြီး သူတို့၏ မူလ ကျင့်စဉ်များကိုသာ ခွန်အား တိုးတက်စေရန် သက်သက်ဖြင့် လေ့ကျင့် နေကြပေသည် ...

ဇူယွမ်ကတော့ လူတိုင်းနှင့် ကွဲပြားပေသည်။

သူက နေ့တိုင်းတွင် ကျန်လူများ အားလုံးနှင့် ထူးကဲစွာ တက်တက်ကြွကြွဖြင့် မူလတောင် လေ့ကျင့်ခြင်း၊ မူလကျင့်စဉ်ကို လမ်းညွှန်ပေးခြင်း၊ မကြာသေးမီကမှ စလေ့ကျင့်သော နဂါးကိုးကောင် နိယာမ ကျင့်စဉ်ကို လေ့လာခြင်း တို့ကို ပြုလုပ်လျက် ရှိသည်။ ထို့အပြင် သူ၏ စိတ်ဝိညာဉ်မှာ ဒြပ်ထည် အဆင့်သို့ အဆင့်တက်ပြီး နောက်ပိုင်းတွင် တစ်ခါတစ်ရံ၌ ယောင်ယောင်ထံသို့ သွားပြီး အဆင့်(၄) မူလမှော် စာလုံးများကို သင်ယူလေ့ ရှိသည်။

သူ့အနေဖြင့် ပထမဆယ်ယောက် စာရင်းသို့ ဝင်နိုင်မည် ဖြစ်သော်လည်း အပြင်ဘက် တောင်တွင် အစွမ်းအစရှိသော လူအများအပြား ရှိမှန်းကို သူတို့ သိပေသည်။ သူသာ မိမိကိုယ်ကို အားရကျေနပ် နေပါက အခြားသူများက သူ့ကို အချိန်မရွေး ကျော်တက် သွားပေလိမ့်မည်။

ထို့ကြောင့် ဇူယွမ်က စိတ်ကို အမြဲနိုးကြား တက်ကြွစေ နေပြီး သူကိုယ်သူ အနားပေးခြင်း မရှိဘဲ တိုးတက်အောင် လုပ်ဆောင်ရန်တွင်သာ လုံ့လစိုက်ထုတ် နေပေသည်။

ဇူယွမ်က သူ၏ ရည်မှန်းချက်ကို သူကောင်းစွာ သိပေသည်။ သည်နေရာတွင် သူ လာရောက် လေ့ကျင့်ရခြင်းမှာ သူကိုသူ တတ်နိုင်သမျှ အချိန်တိုအတွင်း နတ်ဘုံခန်းဝါ အဆင့်သို့ ရောက်ရှိနိုင်ရန် ဖြစ်သည်။

အနောက်တွင် ကျန်ရစ်ခဲ့သော ကန်မင်တိုက်ကြီးတွင် ကြီးမြတ်သော ဇူအင်ပါယာကို ကြီးမြတ်သော ဝူအင်ပါယာက သားကောင်ချောင်းသလို ချောင်းနေပြီ ဖြစ်သည်။ ဇူယွမ်က မြင့်မြတ်သော နဂါးကောင်းချီးကို ဝူဟောင်ထံမှ ပြန်လည် ရယူပြီးချိန် ကတည်းက ရည်မှန်းချက် ကြီးသည့် ဝူဘုရင်၏ ကြီးမြတ်သော ဇူအင်ပါယာအပေါ် မြင်သော အမြင်များမှာ ပြောင်းလဲသွားပြီ ဖြစ်သည်။

ဘုရင်ဝူက အချိန်အခါ အသင့်ကို ရှာတွေ့သည်နှင့် ကြီးမြတ်သော ဇူအင်ပါယာက နောက်တစ်ကြိမ် ဘေးဒုက္ခနှင့် ကြုံတွေ့နေရဦးမည် ဖြစ်သည်။

ထို့ကြောင့် ဇူယွမ်အနေဖြင့် သူပြန်မရောက်ခင် ကြီးမြတ်သော ဇူအင်ပါယာ ဖျက်ဆီးခံ ရမည်ကို မလိုချင်ပေ။ ထို့ကြောင့် သူ့အနေဖြင့် စက္ကန့်တိုင်းတွင် သူ့ခွန်အားကို အမြဲတိုးတက်အောင် လုပ်ဆောင်ရန် လိုပေသည်။

***

အိမ်ငယ်လေး တစ်လုံး၏ လေသာဆောင်တွင်

ဇူယွမ်က ဖြာကျနေသော နေရောင်ခြည် အောက်တွင် ထိုင်နေခဲ့ပြီး သူ၏ လက်ထဲတွင် နဂါးကိုးကောင် နိယာမ ကျောက်စိမ်းပြားကို ဆုပ်ကိုင်ကာ မျက်လုံး မှိတ်ထားလျက် ရှိသည်။ သူ၏ စိတ်မှာ ကျောက်စိမ်းပြား အတွင်းရှိ အံ့ဩဖွယ် ကောင်းသော အချက်အလက်များ ကြားထဲတွင် ပျော်ဝင်နေသည်။

အချိန်အတော်အတန် ကြာမြင့်ပြီးနောက် ဇူယွမ်၏ မျက်လုံးများမှာ ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။

သူက လွန်ခဲ့သော ရက်အချို့ခန့် ကတည်းက သည်အဆင့်မြင့် ကောင်းကင်ဘုံငယ် ကျင့်စဉ်ကို သဘောပေါက် နားလည်အောင် ကြိုးစားနေခဲ့ပြီး ယခုတွင် အရေးကြီးသော အချက်များကို ဖြည်းဖြည်းချင်း ဆုပ်ကိုင်မိ လာပြီဖြစ်သည်။

ဇူယွမ်၏ အကြည့်က ကျောက်စိမ်းပြားပေါ်သို့ ရောက်ရှိသွားပြီး မိမိဘာသာ ရေရွတ်လိုက်သည်။ “သည်ကျင့်စဉ်က အလွန် ဆန်းကြယ်တာပဲ ...”

သည်ကျောက်စိမ်းပြားတွင် ရေးထား သည်များမှာ နဂါးကိုးကောင် နိယာမ ကျင့်စဉ်ကို ကျင့်ရန် လိုအပ်သည့် ပြိုင်ဘက်ကင်း နည်းလမ်များ ဖြစ်သည်။ ထိုအရာ၏ လိုအပ်ချက် တစ်ခုမှာ မတူကွဲပြားသော မူလသားရဲ့ နဂါးကိုးကောင်၏ သွေးများဖြစ်ပြီး ထိုသွေးများကို မူလကျင့်စဉ်တွင် မှတ်သားထားသည့် အတိုင်း ရောယှက်ရ ပေးရပြီး ထိုအရာကို ချီသိုလှောင်ခန်း အတွင်း တံဆိပ် ခတ်နှိပ်ရမည် ဖြစ်သည်။

ထိုအခါ လူတစ်ဦး၏ မူလချီများက တိုက်ပွဲ အတွင်းတွင် နဂါးတစ်ကောင်ပုံစံ ဖြစ်လာပေမည်။ အထက်အဆင့်သို့ ရောက်သွားပါက နဂါးကိုးကောင်မှာ အလွန့်ကို လွှမ်းမိုးနိုင်စွမ်းများ ရှိသွားပြီး စစ်မှန်သော ကောင်းကင်အဆင့် ကျင့်စဉ်များနှင့်ပင် ယှဉ်လာနိုင်မည် ဖြစ်သည်။

ထိုအရာအတွက် အံ့အားသင့်ဖွယ် အချက်မှာ အသုံးပြုသော နဂါးသွေး အဆီအနှစ်က အဆင့်မြင့်မားလေ ကျင့်စဉ်က ပိုမို စွမ်းအား ပြည့်ဝလေ ဖြစ်သည်။

“သို့သော်လည်း နဂါးသွေး အဆီအနှစ် ရရန်မှာ ခက်ခဲလွန်း ပေသည်။ ထိုသို့သော မူလသားရဲ သွေးအဆီအနှစ်များမှာ အသေအချာကို ကြမ်းတမ်း ပေလိမ့်မည်။ ထိုအရာကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းရန်မှာ အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ ထို့ကြောင့် ထိုအရာကို ထိန်းချုပ်နိုင်စွမ်း ရှိဖို့ လိုအပ်ပေသည်”

မူလသားရဲ သွေးအဆီအနှစ်များမှာ အလွန် ပြင်းထန်သော သဘာဝ ရှိသောကြောင့် သာမန်လူများ အနေဖြင့် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ထိုအရာများကို မဖြည့်သွင်းရဲ ကြပေ။

ဇူယွမ်သည် ခဏမျှ စဉ်းစားနေ ပြီးနောက် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ သူ့အနေဖြင့် ဆုံးဖြတ်ချက် ချရန် အချိန်သိပ်မပေး လိုက်ရပေ။ ကြည့်ရသည်မှာ သူ့အနေဖြင့် တောက်ပသော ရတနာခန်းမသို့ သွားရုံသာ ရှိသည်။ ထိုနေရာတွင် သူလိုအပ်နေသော သွေးအဆီအနှစ်များကို ရှာဖွေတွေ့ရှိ နိုင်ပေသည်။

အတွေးနှင့်အတူ ဇူယွမ်က ဆုံးဖြတ်ချက် ချလိုက်ပြီး လေသာဆောင်မှ အောက်ထပ်အထိ လမ်းလျှောက်ဆင်း လိုက်သည်။ ထိုနောက် အိမ်ရှေ့တွင် ထိုင်နေသော ယောင်ယောင်ကပါ တောက်ပသော ရတနာခန်းမသို့ သွားမည် ဆိုသည်နှင့် ထန်ထန်အား ပွေ့ချီလျက် လိုက်ပါ လာခဲ့သည်။ သူမကလည်း တမင်သက်သက် လိုက်လာခြင်း မဟုတ်ဘဲ တောက်ပသာ ရတနာခန်းမတွင် များစွာသော ပစ္စည်းများနှင့် အရက်ကောင်းများ ပါရှိသောကြောင့် ဖြစ်သည် ...

တောက်ပသော ရတနာခန်းမက တောင်ထွတ်များ၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ကြီးမားသော အဋ္ဌဂံပုံစံ အဆောက်အဦကြီးက လွန်စွာ ကြီးမားလှပြီး ဆည်းလည်းကြီး ရှစ်လုံးကို အဆောက်အဦ၏ ထောင့်ရှစ်ထောင့်လုံးတွင် ချိတ်ဆွဲထားသည်။ လေတိုက်ခတ်သော အချိန်တွင် ထိုဆည်းလည်းများမှ ထွက်ပေါ်လာသော အသံများသည် လွန်စွာမှ နားဝင်ချို လှပေသည်။

အပြင်ဘက်တောင်၏ နာမည်ကြီးသော နေရာတစ်ခု ဖြစ်သည်နှင့် အညီ များစွာသော တပည့်များက သည်နေရာသို့ မကြာခဏ လာရောက် တတ်ကြပေသည်။ တကယ့်ကို သည်နေရာထဲတွင် များစွာသော ရတနာများ ရှိသည့်အတွက် တစ်ခါတစ်ရံ သူတို့ရှာချင်သည့် အရာများကို သည်နေရာတွင် လာရောက် ရှာဖွေဝယ်ယူ ကြပေသည်။

အထဲသို့ ဝင်ရောက်ပြီးနောက် ဇူယွမ်နှင့် ယောင်ယောင်တို့သည် သူတို့၏ ပစ္စည်းများကို ရှာဖွေရန် လူခွဲလိုက်ကြသည်။ ထိုနောက် သူက အစေခံကောင်မလေး တစ်ယောက်ကို မေးမြန်းလိုက်သည်။

“ကျွန်တော် မူလသားရဲ နဂါးသွေး အဆီအနှစ်မျိုးတွေ လိုချင်လို့ အဆင့်မြင့်လေ ကောင်းလေပဲ” ဇူယွမ်က ငွေကြေးအား အာရုံမစိုက်သည့် ပုံစံဖြင့် ပြောလိုက်သည်။ မူလကျင့်စဉ် သင်ကြားသူ ဖြစ်ပြီးနောက် သူအတော်လေးကို ချမ်းသာ လာခဲ့ပေသည်။

သူ၏ စကားလုံးများကြောင့် အစေခံ ကောင်မလေက ကြောင်အ သွားပြီးနောက် ခဏ အကြာတွင် ချိုသာစွာ ပြောလာခဲ့သည်။ “ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပေးပါ။ ကျွန်မ တာဝန်ခံကို ခေါ်ပေးပါမယ်”

ထိုနောက် အစေခံ မိန်းကလေးက ဇူယွမ်ကို အခန်းတစ်ခု အတွင်းသို့ ခေါ်သွားပြီး ထိုင်နေစေသည်။

ဇူယွမ် အထဲတွင် ခဏမျှ ထိုင်စောင့်ပြီး နောက်တွင် သက်လတ်ပိုင်း လူကြီး တစ်ယောက်က အခန်း အတွင်းသို့ ဝင်လာခဲ့သည်။ သူက ဇူယွမ်ကို ပြုံးပြ လိုက်ပြီးနောက် “ငါ့နာမည်က ချောင်းကျင့်လို့ ခေါ်ပြီး ဒီတောက်ပသော ရတနာခန်းမက တာဝန်ခံ တစ်ယောက်ပါ။ ညီငယ်လေး ဇူယွမ်က အပြင်ဘက်တောင်မှာ အတော်လေးကို ကျော်ကြားတဲ့ သူတစ်ယောက်ပဲ”

ချောင်းကျင့်က တောက်ပသော ရတနာခန်းမ၏ တာဝန်ခံ တစ်ယောက် ဖြစ်သော်လည်း သူက အပြင်ဘက်တောင် တပည့် တစ်ယောက်ပင် ဖြစ်သည်။ သူ၏ အသက် အရွယ်ကြောင့်သာ သည်နေရာတွင် ပစ္စည်းထိန်း လာလုပ်နေရခြင်း ဖြစ်သည်။

“ကျွန်တော် ကြားခဲ့တာတော့ ညီငယ်လေး ဇူယွမ်က မူလသားရဲ နဂါး အမျိုးအစားရဲ့ သွေးအဆီအနှစ်ကို လိုချင်နေတာ မလား” ချောင်းကျင့်က ပြုံးလိုက်ပြီး “မင်း နဂါးကိုးကောင် နိယာမကို လေ့ကျင့်ဖို့ ရည်ရွယ်နေတာ မလား”

နဂါးကိုးကောင် နိယာမ ကျင့်စဉ်ကို လေ့ကျင့်သော ကျောင်းသား အရေအတွက်မှာ မများပြား သော်လည်းပဲ သူတို့မှာလည်း လူအနည်းငယ်တော့ ရှိပေသည်။ ထိုပြင် သူတို့ အားလုံးက နဂါးအမျိုးအစား မူလသားရဲ၏ သွေးကို ရှာရန် တောက်ပသော ရတနာခန်းမသို့ ရောက်လာ တတ်ကြသည်။

ဇူယွမ်က လက်နှစ်ဖက်ကို ဆုပ်ကိုင်ကာ ခေါင်းညိတ်ပြ လိုက်ပြီး “တာဝန်ခံ ချောင်းကိုပဲ ဒုက္ခပေး ရတော့မယ်”

“ပြဿနာ မဟုတ်ပါဘူး” ချောင်းကျင့်က ရယ်မောလိုက်သည်။ ထိုနောက် သူက လက်ကို ဝှေ့ယမ်းလိုက်လျှင် အစေခံမလေး တစ်ယောက်က ငွေလင်ပန်းပေါ်တွင် ကျောက်စိမ်းပုလင်း သုံးခုကို တင်ပြီး ရောက်လာခဲ့သည်။  ထိုပုလင်းများမှာ ကြည်လင်သော သလင်းကျောက်များဖြင့် ပြုလုပ်ထားပြီး စေးပျစ်သော ကြက်သွေးရောင် အရည်များက ပုလင်းထဲတွင် တည်ရှိနေကာ ရုန့်ရင်းသော အရှိန်အဝါ အနည်းငယ်ကို ပေးစွမ်းနေသည်။

“ဒါတွေက ယင်စပါးအုံး၊ ခေါင်းသုံးလုံး မီးမြွေနဲ့ မီးပုတ်သင် နဂါးတို့ရဲ့ သွေးအဆီအနှစ်တွေပဲ။ အဲဒီသားရဲတွေ အကုန်လုံးက အဆင့်လေး အစောပိုင်း သားရဲတွေဖြစ်ပြီး ပုလင်းတစ်ခုဆီကို မူလကျောက်စိမ်း အပိုင်းအစ ငါးရာ ကျသင့်မယ်”

“အဆင့်လေး အစောပိုင်းပဲလား ...”  ဇူယွမ်က မျက်မှောင်ကြုတ် လိုက်ပြီး “ဒီထက်ကောင်းတာ မရှိတော့ဘူးလား”

အဆင့်လေး အစောပိုင်း မူလသားရဲများသည် ပထမအဆင့်မှ တတိယအဆင့် မူလစဦး ကျင့်ကြံသူများနှင့် ညီမျှပြီး ထိုအဆင့်က ဇူယွမ်ကို မကျေနပ် နိုင်စေပေ။ အသုံးပြုသော သွေးအဆီအနှစ်က ပိုမို အဆင့်မြင့်လေ နဂါးကိုးကောင် နိယာမက ပိုမို အစွမ်းထက်လေ ဖြစ်သည်။

သူအနေဖြင့် အလွန် မြင့်မားသော အဆင့်အထိ မမျှော်မှန်း ထားသော်လည်းပဲ အဆင့်လေး အစောပိုင်းကတော့ အမှန်ပင် အဆင့် နိမ့်လွန်းပေသည်။

“ညီလေးဇူယွမ်ကို ကြည့်ရတာ မူလကျောက်စိမ်း မလုံလောက်မှာ ပူစရာမလိုဘူးနဲ့ တူတယ်” ဇူယွမ်၏ စကားကြောင့် ချောင်းကျင့်က ရယ်မောလိုက်သည်။ ပုံမှန်ဆိုလျှင် နဂါးကိုးကောင် နိယာမကျင့်စဉ် လေ့ကျင့် သူများမှာ သည်အဆင့် မူလသားရဲ သွေးအဆီအနှစ် များနှင့်ပင် ကျေနပ်သွား တတ်ကြသည်။ ထိုသူတို့မှာ များသောအားဖြင့် အပြင်ဘက်တောင် တပည့်များ ဖြစ်သောကြောင့် ချမ်းသာခြင်း မရှိကြပေ။

သူ၏ လက်ကို ထပ်ဝှေ့ယမ်း လိုက်လျှင် အခြား အစေခံ မိန်းကလေးများက အနီရောင် အဝတ်စဖြင့် ဖုံးအုပ်ထားသည့် ငွေလင်ပန်း နှစ်ချပ်ကို သယ်ဆောင်ကာ ရောက်လာခဲ့ကြသည်။

သူက ပထမ အဝတ်စကို ဆွဲယူကြည့် လိုက်လျှင် နောက်ထပ် ပုလင်းသုံးခု ပေါ်လာခဲ့သည်။ ကြက်သွေးနီရောင် သွေးများက ပုလင်းထဲတွင် ပလုံစီလျက် ရှိပြီး ထိုသွေးများ၏ အရှိန်အဝါကို ထိန်းချုပ်ရန်ပင် ပုလင်းများအား အထူး သတ္တုများဖြင့် ပြုလုပ်ထားဟန် ရသည်။ ထိုသွေးများ၏ အနံ့တစ်ခု တည်းကပင် လူတစ်ကိုယ်လုံးကို ပူလောင်သွားသလို ခံစားရ စေပေသည်။

“ဒါတွေက ကြက်သွေးနီရောင် မီးနဂါး၊ နှစ်တစ်ထောင် ကမ္ဘာမြေ ပုတ်သင်နဲ့ ခရမ်းရောင် နတ်ဆိုးမြွေ ... အားလုံးက အဆင့်လေး အမြင့်ဆုံး အဆင့် မူလ သားရဲတွေပဲ။ သည်ကောင်တွေက တကယ်ဖြုံစရာ ကောင်းတဲ့ကောင်တွေပဲ။ မူလစဦး သတ္တမအဆင့်တွေ တောင်မှာ ဒီကောင်တွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ရတယ်”

ချောင်းကျင့်က ရယ်လိုက်ပြီး“သို့သော်လည်း ဒါတွေက အရမ်းကို ဈေးကြီးလွန်းတယ်။ ပုလင်း တစ်လုံးကို မူလကျောက်စိမ်း အပိုင်းအစ (၁၅ဝဝ)ကျသင့်မယ်”

သူက ဇူယွမ်ကို ပြုံးကာ ကြည့်လိုက်ပြီး “ဒါတွေဆို ဘယ်လိုလဲ မင်းကျေနပ် နိုင်ပြီလား”

ဇူယွမ်၏ မျက်နှာပေါ်တွင် အံ့အားသင့်ဟန် ပေါ်နေသည်။ တောက်ပသော ရတနာ ခန်းမသည် အမှန်ပင် အရာရာ ရှိပေသည်။ အဆင့်လေး အမြင့်ဆုံးအဆင့် ထိုအရာတွေက သူ့ကျင့်ကြံခြင်း အရင်းအမြစ် အတွက် အကောင်းဆုံးများ ဖြစ်သည်။

သို့သော်လည်း ထိုအရာများက အမှန်ပင် ဈေးကြီးလှသည်။ သာမန် အပြင်ဘက်တောင် တပည့် တစ်ယောက်သည် တစ်လလျှင် မူလကျောက်စိမ်း အပိုင်းအစ သုံးဆယ်သာ ထောက်ပံ့ကြေး ရရှိသည်။ သူတို့ တာဝန်တွေကို ကြိုးစားပြီး ထမ်းဆောင်လျှင် တောင်မှ စုစုပေါင်း မူလကျောက်စိမ်း ရာဂဏန်းမျှသာ ရရှိပေလိမ့်မည်။ ထိုပမာဏမျှနှင့် သွေးအဆီအနှစ် ဝယ်ရန် ဝေးကွာလွန်း ပေသည်။

ဇူယွမ်က ခဏမျှ တွေးဆနေရင်းမှ နောက်ထပ် ဖုံးအုပ်ထားသည့် ငွေရောင် လင်ပန်းကို ကြည့်ကာ သိချင်စိတ် အပြည့်ဖြင့် မေးလိုက်သည်။ “ဒါက ဘာတွေလဲ”

သူ့အနေဖြင့် ထိုအရာဆီမှ ထိန်းချုပ်၍ မရသော ရုန့်ရင်းမှုများ ပျံ့လွင့်န ေသည်ဟု အနည်းငယ် ခံစားမိပေသည်။

ချောင်းကျင့်က ထိတ်လန့်သွားပြီး ခဏအကြာတွင် ပြောလိုက်သည်။ “ညီငယ်လေး ဇူယွမ်အနေနဲ့ အဲဒီ သွေးအဆီအနှစ်တွေကို သုံးလို့မရမှာ ငါတကယ် စိုးရိမ်မိတယ် ...”

“ဘာကြောင့်လဲ” ဇူယွမ်က မေးလိုက်သည်။

ချောင်းကျင့်က အနီရောင် အဝတ်စကို ဖယ်လိုက်လျှင် ပုလင်းသုံးလုံး ပေါ်လာခဲ့သည်။ ကြက်သွေးနီရောင် သွေးများက ထိုထဲတွင် ရှိနေပြီး သေးငယ်သော ရေဝဲလေးများပင် ဖြစ်ပေါ်နေသည်။

ထိုအပြင် ထိတ်လန့်ဖွယ် ကောင်းစွာ ရုန့်ရင်းသော အရှိန်အဝါ လှိုင်းဂယက်များ ကလည်း ထိုထဲတွင် ပါဝင် နေပေသေးသည်။

“ဒါတွေက ...” ဇူယွမ်၏ မျက်လုံးများက ဝိုင်းဆက် သွားခဲ့သည်။ သည်ပုလင်းထဲရှိ သွေးအဆီအနှစ်မှ အန္တရာယ် အငွေ့အသက်များကို သူခံစားမိပေသည်။

ချောင်းကျင့်၏ အမူအရာက အနည်းငယ် တည်ငြိမ်သွားပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ “သည်သွေး အဆီအနှစ်တွေက အဆင့်ငါး သားရဲရဲ့ သွေးအဆီ အနှစ်တွေပဲ”

ဇူယွမ်၏ မျက်ဝန်းအိမ်များက ချက်ချင်းပင် ထက်ရှသွားသည်။ အဆင့်ငါး သားရဲရဲ့ သွေးအဆီအနှစ် ...  ဒါက နတ်ဘုံခန်းဝါ အဆင့်တစ်ယောက်နဲ့ တူညီတဲ့ သားရဲမလား။

တောက်ပသော ရတနာခန်းမတွင် သည်လိုမျိုး အဆင့် မြင့်မားသည့် သားရဲ၏ သွေးအဆီအနှစ် ရှိလိမ့်မည်ဟု သူတစ်ခါမှ မမျှော်လင့်မိပေ။

ထိုအခါမှ ချောင်းကျင့်က ထိုအရာကို သူအသုံးပြု၍ မရဟု အဘယ်ကြောင့် ပြောမှန်း နားလည် သွားခဲ့သည်။ အဆင့်ငါး မူလသားရဲ အဆီအနှစ်က အလွန် ပြင်းထန်ပြီး အငွေ့ပြန်ရန်လည်း လွယ်ကူပေသည်။ သာမန် မူလစဦး ပထမအဆင့် တပည့် တစ်ယောက်က ထိုအရာကို စုပ်ယူဝံ့မည် မဟုတ်ပေ။

သို့သော်လည်း ဇူယွမ်က မည်သည့် စိန်ခေါ်မှုမျိုးကိုမှ ကြောက်ရွံ့ခဲ့ခြင်း မရှိပေ။

ပိုပြီး အရေးကြီးသည်က အခြားသော မူလစဦး ပထမအဆင့်များ မလုပ်ဝံ့ဟု ဆိုတိုင်း သူမလုပ်ဝံ့ဟု မဆိုလိုပေ ...

ထပ်ပြီးတော့ သည်လို အဆင့်ငါး သားရဲ သွေးအဆီ အနှစ်နှင့်သာ ဆိုလျှင် သူ၏ နဂါးကိုးကောင်း ကျင့်စဉ်၏ အစွမ်းမှာ ပိုမို ကြီးမား လာမည်မှာ အသေအချာပင် ဖြစ်သည်။ ထိုအချက်က ဇူယွမ်ကို အမှန်တကယ် ဆွဲဆောင်နေသော အချက်ဖြစ်သည်။

ဇူယွမ်က ကျေနပ်စွာ ရယ်မောလိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ “တာဝန်ခံချောင်း ဒီကျောက်စိမ်းပုလင်း သုံးခုကို ဘယ်လောက် ပေးရမလဲ ကျွန်တော် ဒါတွေကို လိုချင်တယ်”

ဇူယွမ် ဤမျှအထိ သွေးရဲမည်ဟု မထင်မိသောကြောင့် ချောင်းကျင့် ကြက်သေ သေသွားခဲ့သည်။ သို့သော်လည်း ခဏ အကြာတွင် သူက သွက်သွက်ခါအောင် ခေါင်းယမ်းလိုက်ပြီး ခါးသက်စွာ ရယ်မောလိုက်သည်။

“ညီငယ်လေး ဇူယွမ်။ မင်းကို ဒါတွေ ငါမရောင်းပေးနိုင်မှာ စိုးရိမ်မိပါတယ် ...”

All Chapters