အခန်း (၄၂)
Vol. 3 Ch. 42
ကစားစရာအသစ်တစ်ခုရသော ကလေးတစ်ယောက်ကဲ့သို့ဖှေးသည် သူ၏ခါးပတ်နှင့် တစ်ခုပြီးတစ်ခု အသုံးချကြည့်နေ၏။
“ဝှစ်”
ဖှေး လက်ထဲသို့ ကျောက်တုံးပြန်ရောက်လာသည်။
“ဝှစ်”
ကျောက်တုံး ခါးပတ်အတွင်းသို့ ပြန်လည်ရောက်ရှိသွားသည်။ခါးပတ်ထဲ သို့အတွင်းအထုတ်မှန်သမျှအား စိတ်ဖြင့်ပင် ထိန်းချုပ်ခြင်းဖြစ်သည်။ထို့နောက်တွင် တပိုင်းတစပျက်စီး ယိုယွင်းနေပြီဖြစ်သည့် မျှော်စဥ်အတွင်းမှ ကျောက်တုံးအရွယ်အစားမျိုးစုံနှင့် ထက်မံစမ်းသပ်ကြည့်သည်။
ဖှေး ၏ ထားသိုနိုင်သောနေရာ အပေါ်စမ်းသပ်ခြင်းမှ ထားသိုမှုနေရာ တစ်ခုစီတိုင်းတွင် ဘောလုံးတစ်လုံးစာ အရွယ်အစားရှိကြီးမားသည့် ပစ္စည်းအားလုံးအား သိမ်းဆည်းထားနိုင်ကြောင်းတွေ့ရသည်။ သိမ်းဆည်းရာပစ္စည်း၏ အလေးချိန်မှာမူအရေးမပါချေ။
ထို့ကြောင့် ခါးပတ်အတွင်းရှိ ထားသိုရာနေရာတွင် ဘောလုံးအရွယ်ရှိ ပစ္စည်း၈ခုထားသိုနိုင်သည်ဟု ယူဆနိုင်သည်။ဖှေးသည် ထိုမျှသိမ်းဆည်းထားနိုင်မှု ပမာဏကိုပင် အလွန်ကျေနပ်သဘောကျနေပြီဖြစ်သည်။ဖှေး၏လူရိုင်းဇာတ်ကောင် အဆင့်မြင့်လာသည်နှင့်အတူ ဖှေးလဲ ပို၍အရည်အသွေးကောင်းသည့် ခါးပတ်များရရှိလာမည်ဖြစ်သည်။ထိုအချိန်တွင် ပစ္စည်းအရေအတွက် ပို၍များများပင်သိမ်းဆည်းနိုင်လာမည်။
“နောက်ဆုံးတော့ ငါ့မှာ ကိုယ်ပိုင်လျိူ့ဝှက် သိမ်းစရာနေရာလေးတစ်ခုရခဲ့ ပြီပဲ...”
ဒိုင်ယာဘလိုကမ္ဘာတွင် ဖှေးမသိသေးသည်မှာ များစွာရှိသေးကြောင်းလဲ ဖှေးသတိထားမိလာသည်။
[သူပုန်စခန်း]သည် စတင်သူများရောက်ရှိရာ နေရာတစ်ခုမျှသာဖြစ်သေးသည်။ ဖှေး အဆင့်မြှင့်လာသည်နှင့်အတူ ပိုအဆင့်မြင့်နေရာများစွာကိုလည်း ရောက်ရှိဦးမည်ဖြစ်သည်။သူ့အားမထင်မှတ်ထားသည့် အံ့သြစရာများစွာ စောင့်ကြိုနေမည်ပင်။
လူရိုင်းဇာတ်ကောင်၏ ခွန်အားများကို ခံစားပြီးနောက်တွင် ဖှေး စိတ်ထဲမှနေ၍ “ဇာတ်ကောင်းပြောင်းမယ်”ဟု ရေရွတ်လိုက်၏။ထို့နောက်တွင် မှော်ဆရာဇာတ်ကောင်၏ အစွမ်းများစတင်ဝင်ရောက်လာသည်။သူ၏ ကြီးမားလှသော ခွန်အားများမှာ ပျောက်ကွယ်သွားပြီး မှော်စွမ်းအင်များနှင့် မန္တန်များကို စတင်ခံစားလာရသည်။
မှော်ဆရာနှင့် အောက်လမ်းဆရာတို့မှာ မှော်စွမ်းအင်သုံးဇာတ်ကောင်များဖြစ်သော်လည်း သူတို့၏ စွမ်းအင်တို့မှာ လုံးဝမတူညီကြချေ။အောက်လမ်းဆရာတို့၏ စွမ်းအင်တို့မှာ မှောင်မဲ အေးစက်နေသလိုခံစားရသည်။ မှော်ဆရာ၏စွမ်းအင်မှာ တောက်ပပြီး သဘာဝစွမ်းအင်များဖြစ်သည့် မီး ရေခဲ လျှပ်စီး စသည်တို့ပါဝင်သည်။ဖှေး မှော်ဆရာဇာတ်ကောင်အဖြစ်သို့ပြောင်းလိုက်သည့်အချိန်တွင် အောက်လမ်းဆရာတုန်းကလိုပင် သူ၏ ခန္ဓာကိုယ်အား စွမ်းအင်လှိုင်းများ လွမ်းခြုံသွားသည်။ အောက်လမ်းဆရာကဲ့သို့ မှောင်မိုက်အေးစက်သည့် သေခြင်းစွမ်းအင်များတော့မဟုတ်ပေ။
“ချွတ် ချွတ်”
ဖှေးလက်ထဲတွင် တောက်ပစွာလောင်ကျွမ်းနေသည့် မီးလုံးတစ်ခု ဖှေးစိတ်ထဲမှ တွေးလိုက်သည့်အတိုင်းပေါ်ပေါက်လာသည်။ထိုမီးလုံး၏ အရွယ်အစားမှာလဲ ဖှေးစိတ်မှ အလိုရှိသည့်အတိုင်းပင် ပြောင်းလဲထိန်းချုပ်နိုင်သည်။မီးလုံးမှာသေးငယ်သော်လည်း စွမ်းအင်လုံလုံလောက်လောက်ပါဝင်ကြောင်း ဖှေးရိပ်စားမိသည်။ထိုမီးလုံးမှာ ပညာသင်မှော်ဆရာ ဂေးလ်၏ မီးလုံးနှင့်ယှဥ်ပါက များစွာပို၍အစွမ်းထက်သည်မှာ အမှန်ပင်ဖြစ်သည်။
ဤသည်မှာ မှော်ဆရာဖှေး၏ အစွမ်းပင်ဖြစ်တော့သည်။ ဖှေးမျက်လုံးများကိုမှိတ်ပြီး မှော်ဆရာ၏ စွမ်းအင်းများနှင့် အသားကျစေရန်အာရုံစိုက်လိုက်သည်။ ထိုအခါတွင် ဖှေးအားလွမ်းခြုံနေသည့် စွမ်းအင်လှိုင်းများ ပျောက်ကွယ်သွား၏။သူများမည်သူမျှ မှော်ဆရာဖြစ်သူဟု မသိရှိနိုင်တော့ပေ။
ထို့နောက်တွင် ဖှေး ပါလာဒင်ဇာတ်ကောင်သို့ပြောင်းလဲလိုက်သည်။ဖှေး ခန္ဓာကိုယ်အတွင်းသို့ မြင့်မြတ်သောစွမ်းအင်များ ဝင်ရောက်လာလေသည်။စွမ်းအင်များမှာ အလွန်ပြင်းထန်ပြီး ခန္ဓာကိုယ်အတွင်းမှပြင် အပြင်သို့ယိုစိမ့်ထွက်နေ၏။ဖှေးသည် ဘုရားသခင်၏ တမန်တော်ကဲ့သို့ပင်ဖြစ်နေ၏။
ပါလာဒင်များသည် ဒိုင်ယာဘလို လောကတွင် အမြင့်မြတ်ဆုံးဇာတ်ကောင်များဖြစ်ကြသည်။ပါလာဒင်၏ အစွမ်းထက်ဆုံးအစွမ်းများကို အောရာဟုခေါ်ကြသည်။အစွမ်းထက်သည့် တိုက်ခိုက်သည့်စွမ်းအင်များ များများစားစားမရှိသော်လည်း ကုသပေးခြင်းနှင့် အဖွဲ့ဝင်များအား အထောက်အပံ့ပေးသည့်နေရာတွင် ပါလာဒင်များသည် ပြိုင်ဘက်ကင်းဖြစ်၏။
“အန်ဂျယ်လာပြောပြောနေတဲ့ မဟာဘုရားကျောင်းရဲ့ အစွမ်းနဲ့ ဒိုင်ယာဘလိုကမ္ဘာက ပါလာဒင်ရဲ့အစွမ်းတွေက အတူတူပဲလားမသိဘူး....”ဖှေးတွေးလိုက်မိ၏။
ဖှေးထိုကဲ့သို့တွေးနေစဥ်မှာပင် သူ၏ခန္ဓာကိုယ်မှာ ပါလာဒင်၏ အစွမ်းများနှင့် အသားကျသွားပြီဖြစ်သည်။
ထို့နောက်တွင် ဖှေးထိုနေရာ၌ပင်ရပ်ကာ ဇာတ်ကောင်လေးကောင်၏အစွမ်းများကို တဖန်ပြန်လှည်၍အသုံးပြုကြည့်သည်။ ကျွမ်းကျင်သွားသည်သေချာမှ လူရိုင်းဇာတ်ကောင်သို့ပြန်ပြောင်းလိုက်သည်။ လူရိုင်းဇာတ်ကောင်၏ ချပ်ဝတ်များအစား ဖှေး ဝတ်နေကျအဝတ်အစားမျာကိုသာပြောင်းလဲ ဝတ်ဆင်ကာ ဖှေး မျှော်စဥ်အပြင်သို့ လမ်းလျှောက်ထွက်ခဲ့၏။
သူ၏ ပြန်လှည်ထွက်ပေါ်လာမှုမှာ အမှောင်ထဲသို့ အလင်းစတင်ဝင်ရောက်လာသကဲ့သို့ပင်။ခံတပ်နံရံပေါ်ရှိလူအားလုံး၏ အာရုံစိုက်မှုအား ရရှိလိုက်သည်။
စစ်သားများသည် ဖှေးအား မျှော်လင့်ချက်များဖြင့်စိုက်ကြည့်နေကြသည်။ နတ်ဘုရားများနှင့်ဆက်သွယ်နိုင်သော ဘုရင်က အံ့သြ စရာများထက်မံဖန်တီးကာ ရန်သူအားအောင်နိုင်ရန် မျှော်လင့်နေကြ၏။ဖှေးသည် စစ်သားများ၏ အသက်ရှင်နိုင်ရန် မျှော်လင့်ချက်ပင်။
သို့သော် ကြယ်သုံးလုံးအဆင့်စစ်သည် လမ်းပါ့ဒ် ကြယ်တစ်လုံးစစ်သည် အိုလက်ဂ် ဘရွတ်နှင့် ပညာသင်မှော်ဆရာဂေးလ်တို့မှာမူ ဖှေးအား အံ့သြထိတ်လန့်သည့်မျက်လုံးများဖြင့်ဝိုင်းကြည့်နေကြ၏။မိမိကိုယ်တိုင်အတွင်းအားနှင့် စွမ်းအားရှိသူများသည်သာ မျှော်စဥ်အတွင်းတွင် ဖြစ်ပျက်ခဲ့သည်များအား အာရုံခံနိုင်သောကြောင့်ပင်ဖြစ်သည်။
အချိန်တိုအတွင်းမှာပင် အမှောင်သေခြင်းစွမ်းအင်များ၊ ခွန်အားများ၊ သဘာဝစွမ်းအင်များ၊ မြင့်မြတ်သည့် စွမ်းအင်များအစရှိသဖြင့် မတူညီသည့်စွမ်းအင်၄ခုသည် မျှော်စဥ်အတွင်းမှ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာသည်ကို သူတို့အားလုံးခံစားလိုက်ရသောကြောင့်ပင် ဖြစ်သည်။
မျှော်စဥ်အတွင်းတွင်လည်း အလတ်ဇန္ဒား မှလွဲပြီး မည်သူမျှမရှိချေ။ ထို့ကြောင့်ထိုစွမ်းအင် လေးခုလုံးသည် အလတ်ဇန္ဒား ထံမှလာသည်မှာ မလွဲပေ။ဘုရင်မင်းမြတ်ထံတွင် မတူညီသည့် စွမ်းအား၄မျိုးရှိသည်ဟူသည့်သဘောပင်ဖြစ်နေ၏။
“ဘုရားရေ လူတစ်ယောက်ထဲက စွမ်းအားမျိုးစုံရှိတယ်ဆိုတာ ဖြစ်နိုင်လို့လား နောက်ပြီးစွမ်းအားတစ်ခုတိုင်းကလဲ အနည်းဆုံးတော့ ကြယ်တစ်လုံးအဆင့်တော့ရှိတယ်ဆိုတော့...”
အေဇာရုတိုက်တွင် စွမ်းအားတစ်ခုထက်ပိုမို၍ ကျွမ်းကျင်သူများရှိသည်။ ထို့ကြောင့်စွမ်းအားပေါင်းများစွာရှိရန် မဖြစ်နိုင်သည်တော့မဟုတ်ပေ။သို့သော်ထိုကဲ့သို့လူများသည် ငယ်စဥ်လူမှန်းသိတတ်စအရွယ်မှစကာ စွမ်းအားအမျိုးမျိုး ပညာရပ်အမျိုးမျိုး ကျင့်စဥ်အမျိူးမျိုုးတို့ကိုနေ့မအား ညမအား ကျင့်ကြံအားထုတ်ပြီး အချိန်ကာလအတော်ကြာမြင့်သော အခါမှကျွမ်းကျင်လာကြသည်။
သို့သော် အလတ်ဇန္ဒား မှာ အသက် ၁၈နှစ်သာရှိသေး၏။အလတ်ဇန္ဒားသည် ယခင်က ဉာဏ်ရည်မမှီသူတစ်ယောက်သာဖြစ်သည်။သူသည် သူ၏ လွန်ခဲ့သော၁၇နှစ်အချိန်အား စားလိုက်အိပ်လိုက် ကစားလိုက်တို့ဖြင့်သာ အချိန်ကုန်ဆုံးနေသူဖြစ်၏။မည်သည့်အချိန်တုန်းကမှ စစ်သည်ကျင့်စဥ်များ မှော်ဆရာကျင့်စဥ်များ မကျင့်ခဲ့ မသင်ခဲ့ချေ။
“ဒါဆိုဘာလို့သူက မတူညီတဲ့စွမ်းအား၄ခုတောင်ရှိနေပြီး အဲ့လေးခုလုံးကလဲ ကြယ်တစ်လုံးအဆင့်လောက် အစွမ်းထက်နေရတာလဲ....”
ထိုကဲ့သို့မေးခွန်းများစွာမှာ လမ်းပါ့ဒ် နှင့် တခြားလူများ၏ စိတ်ထဲတွင် လှည့်လည်နေ၏။ သူတို့အားလုံး ခံတပ်မျှော်စဥ်အတွင်းမှထွက်လာသော ဖှေးအား ဂေါ်ဇီလာတစ်ကောင်ကဲ့သို့ ဝိုင်းကြည့်နေကြ၏။