← Chapters

“ရန်သူ၏ တုံ့ပြန်မှု”

Vol. 4 Ch. 53

“ရန်သူ၏ တုံ့ပြန်မှု”

Vol. 4 Ch. 53

“ဟားဟား ဖေဖေမင်းကို စောင့်နေတာကြာပြီ....”

ဖှေးမှာ လမ်ဒီပေါ်လာမည့်အချိန်ကို စောင့်နေခဲ့ခြင်းဖြစ်သည်။ လုပ်ကြံသတ်ဖျတ်သူသည် အမှောင်ထဲရှိနေပါက အင်မတန်ကြောက်စရာကောင်းသည်။ သို့သော် မြင်ကွင်းထဲရောက်ရှိလာပါက ထိုမျှ စိုးရိမ်စရာမရှိတော့ပေ။​ထို့ကြောင့်ပင် ဖှေးမှာ ထိတ်လန့်အံ့သြရမည့်အစား အနည်းငယ်စိတ်အေးသွား၏။ရယ်မောကာ [ခုန်ကျော်ခြင်း]ကို အသုံးပြုပြီး လေပေါ်သို့ပျံတက်သွားသည်။ထို့နောက်တွင် သူ၏ပုဆိန်အား တင်းကြပ်စွာဆုပ်ကိုင်ပြီး ရှိသမျှခွန်အားတို့ကို ယခုတိုက်ခိုက်တော့မည့် ရိုက်ချက်တွင်အသုံးပြုလိုက်၏။

“ရှပ်”

ထိုရိုက်ချက်မှာ သိပ်ကျယ်လောင်ခြင်းမရှိသည့် စက္ကူဖြဲလိုက်သကဲ့သို့ အသံတစ်ခုပြုလုပ်လိုက်၏။

လမ်ဒီ၏ ပြိုးပြိုးပြတ်ပြတ်တောက်ပသော ပေါက်ကွဲသောနေမင်း၏ ရိုက်ချက်၏တိုက်ခိုက်မှုနှင့် ယှဥ်ပါက ဖှေး၏တိုက်ခိုက်မှုမှာ ရိုးရှင်းသည်။သစ်ခုတ်သမားက ပုဆိန်ဖြင့် သစ်ပင်ကိုခုတ်လိုက်သည့်အတိုင်းသာ။

သို့သော်လည်း ထိုရိုက်ချက်မှာ လမ်ဒီ ပစ်လွှတ်လိုက်သည့် ၅ကိုက်ခန့်ရှည်လျားသည့် အတွင်းအားတန်းကို နှစ်ပိုင်းပိုင်းပစ်လိုက်၏။နှစ်ပိုင်းပြတ်သွားသော စွမ်းအင်နှစ်ခုမှာ ဖှေးအား ကျော်လွန်သွားပြီး ပေါက်ကွဲမှုအသေးစားလေး ဖြစ်ကာ ပျောက်ကွယ်သွား၏။

ထိုအချိန်၌ပင် အလွန်လျင်မြန်စွာပင်....

“ချွင် ချွင် ချွင် ချွင်”

မီးတောက်မီးစများလေထဲတွင် ပေါ်ပေါက်လာသည်။နှစ်ယောက်သားလေပေါ်တွင် သာမန်မျက်လုံးဖြင့်လိုက်ကြည့်ရန် မဖြစ်နိုင်သည့် အမြန်နှုန်းဖြင့် စတင်တိုက်ခိုက်ကြတော့သည်။သံသံချင်းရိုက်ခတ်သံများနှင့် မီးပွားမီးစများမှာ တိုက်ပွဲ၏အလည်ခေါင်တွင်ပေါ်ပေါက်လာသည်။ ထို့နောက်တွင် သူတို့နှစ်ယောက်လုံး အော်ဟစ်ပြီး အနောက်သို့ဆုတ်ကာလူခြင်းခွာလိုက်၏။

နှစ်ယောက်လုံးခြေလှမ်းအနည်းငယ်စာ အနောက်သို့ရွှေ့သွားပြီး မြေပေါ်သို့ပြန်ကျကာ အသက်ပြင်းထန်စွာရှူလိုက်ကြသည်။

ထိုကဲ့သို့ တိုက်ခိုက်မှုများတွင် သူတို့နှစ်ယောက်လုံး သူတို့၏ အစွမ်းထက်ဆုံးတိုက်ကွက်များကို အသုံးချတိုက်ခိုက်ခဲ့ကြသည်။ လမ်ဒီမှာ သူ၏ ဆန်းပြားရှုပ်ထွေးသော ဓားသိုင်းကွက်များဖြင့် အဓိကတိုက်ခိုက်သည်။ ဖှေးအား မျက်တောင်တစ်ခတ်မျှသာကြာသော အချိန်ကာလတွင် ဓားဖြင့် အချက်၂၈ချက်တိတိတိုက်ခိုက်သည်။ ဖှေး၏ပုဆိန်မှာ လေးလံသောကြောင့် လမ်ဒီအား၆ချက်ခန့်သာ ပြန်လည်တိုက်ခိုက်နိုင်သည်။ အချိန်အများစုမှာ ကြီးမားသည့် ပုဆိန်ကြီးကိုအသုံးပြုပြီး လမ်ဒီ၏ဓားချက်များကိုသာ ခုခံနေရ၏။

သူတို့နှစ်​ယောက်လုံး တစ်ယောက်နှင့်တစ်ယောက်ဒဏ်ရာရအောင် မလုပ်နိုင်ကြသေးပေ။လမ်ဒီမှာ အပြင်ပိုင်းတွင်တည်ငြိမ်သည့် ပုံပေါ်သော်လည်း အတွင်းပိုင်းတွင် အနည်းငယ်အံ့သြထိတ်လန့်သွားသည်။

လမ်ဒီသည် ငွေရောင်မျက်နှာဖုံးရှင် ထံမှ အမိန့်ရရခြင်း ဖှေးတို့ထံသို့ပြေးလာခဲ့ခြင်းဖြစ်သည်။ သို့သော်လမ်းတွင် အနောက်သို့ ဆုတ်ခွာနေသော စစ်သားများ၏တိုးဝှေ့မှုများနှင့်၊ ဖှေးတို့တိုက်ခိုက်မှုနှုန်းမှာလဲ မြန်ဆန်လှသောကြောင့် ဖွဲ့စည်းပုံမပျက်ဆီးခင် အချိန်မှီရောက်မလာနိုင်ခဲ့ပေ။သူရောက်ရှိလာချိန်တွင် ဖွဲ့စည်းပုံများဖရိုဖရဲဖြစ်နေပြီဖြစ်ပြီး လှေကားကြီးများနှင့် ကျောက်တုံးပစ်လောက်လွှဲ ကြီးများလဲ အကုန်ပျက်ဆီးလု နီးနီးဖြစ်နေပြီဖြစ်သည်။

စစ်ပွဲ၏အလည်ခေါင်သို့ရောက်ရှိသည်နှင့် တပြိုင်နက် သွေးများဖြင့်ဖုံးလွှမ်းနေပြီး ရှေ့ဆုံးမှ ဦးဆောင်သတ်ဖြတ်နေသာ ရန်သူအားချက်ခြင်း သတိထားမိလိုက်သည်။ထိုသူမှာ မနေ့က ခံတပ်နံရံပေါ်တွင် သူ့အားဒဏ်ရာရရှိစေလိုက်သော “သားရိုင်း” ပင်။ထိုသူ၏ အရိုင်းဆန်မှုနှင့် ရူးသွပ်မှုတို့မှာ သူ့အား စိတ်ထဲတွင်အမာရွတ်ကျန်နေစေခဲ့ပြီး တစ်ရက်ကြာပြီးချိန်တွင်တောင် ထိုသားရဲအား လမ်ဒီအနည်းငယ် ထိတ်လန့်နေဆဲပင်။ထို့ကြောင့်ပင် ရောက်ရောက်ခြင်းမတိုက်ခိုက်သေးပဲ တွံ့ဆုတ်နေခဲ့သည်။

လမ်ဒီမှာ သူ၏ ကြယ်သုံးလုံးအဆင့်စစ်သည် ဂုဏ်သိက္ခာကို စွန့်လွှတ်ပြီး ဖရိုဖရဲဖြစ်နေသော စစ်သားအုပ်ထဲတွင် ပုန်းအောင်းကာ အလစ်ဝင်တိုက်လိုက်ခြင်းဖြစ်သည်။

ပေါက်ကွဲနေသော နေမင်း၏ ရိုက်ချက်နှင့် တစ်ချက်တည်းအဆုံးသက်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။သို့သော် ထိုသားရိုင်းမှာ အလစ်တိုက်ခိုက်မှုအား ထိတ်လန့်သွားခြင်းမရှိပင် တည်တည်ငြိမ်ငြိမ် နှင့် ပြန်လည်ခုခံလိုက်၏။သူ၏ အကြိုက်ဆုံးတိုက်ကွက်ဖြစ်သည့် ပေါက်ကွဲနေသော နေမင်း၏ရိုက်ချင်အား ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့်ပင် ခုတ်ပိုင်းကာကွယ်လိုက်ခြင်းဖြစ်သည်။

“သူ့မှာ ဘယ်လောက်တောင်ကြီးမားတဲ့ ခွန်အားတွေရှိနေတာလဲ...”

လေပေါ်တွင် တိုက်ခိုက်စဥ်တုန်းကလဲ သူ၏ရန်သူ၏ ကြမ်းကြုတ်သော ခွန်အားကို လမ်ဒီ ခံစားလိုက်ရသည်။မနေ့တုန်းကတိုက်ပွဲနှင့် နှိုင်းယှဥ်ပါက သားရိုင်း၏ ခွန်အားများမှာ နှစ်ဆနီးပါးပင် တိုးပွားလာကြောင်းခံစားမိသည်။တိုက်ခိုက်သည့်အချိန်တိုင်းတွင် ရိုက်အားကြောင့် လမ်ဒီ၏ လက်များထုံကျဥ်သွား၏။

လမ်ဒီမြေပေါ်သို့ ပြန်ကျပြီးနောက်တွင် ရန်သူအား လျှော့မတွက်ရဲတော့ပေ။ သူ၏ခန္ဓာကိုယ်ရှိ အတွင်းအားများအား အမြင့်ဆုံး ထုတ်လွှတ်အသုံးချရန်ပြင်ထားလိုက်သည်။အနီရောင်အတွင်းအားမီးတောက်များမှာ သူ့အားလွှမ်းခြုံသွားပြီး သူ၏လက်မှ ထုံကျဥ်မှုများပျောက်ကွယ်သွားသည်။တိုက်ပွဲအတွက်အဆင်သင့်ဖြစ် နေပြီဖြစ်သည်။

တစ်ဖက်တွင်လည်း ဖှေးသည် လမ်ဒီနှင့် ခနတာတိုက်ခိုက်ပြီးနောက်တွင် အချက်လက်များစွာရရှိလိုက်သည်။

လယ်ဗယ်(အဆင့်)၁၂ လူရိုင်းဇာတ်ကောင်၏ ခွန်အားများမှာ ကြယ်သုံးလုံးအဆင့်စစ်သည်နှင့် သူ၏အတွင်းအားတို့ကို ရင်ဆိုင်နိုင်ရန်လုံလောက်သည်။သို့သော်လည်း လူရိုင်းဇာတ်ကောင်တွင် သိုင်းကွက်၊ သိုင်းပညာဟူ၍ မယ်မယ်ရရမရှိပေ။လူရိုင်းဇာတ်ကောင်များသည် အနီးကပ်တိုက်ခိုက်ရာတွင် ကျွမ်းကျင်သန်မာသောလည်း သိုင်းကွက်များ မရှိပဲ အရိုင်းဆန်သည်။သူတို့၏ အထူးအစွမ်းများဖြစ်သည့် ဟိန်းဟောက်ခြင်း စသည်တို့မှလွဲ၍ ကိုယ်ခံပညာရပ်စသည်တို့မှာ အေဇာရုတိုက်ရှိ စစ်သားများနှင့်ယှဥ်ပါက အနည်းငယ်လိုအပ်နေသေးသည်။

“ငါကိုယ်ခံပညာတစ်ခုခုကို အချိန်ယူလေ့လာဖို့တော့လိုဦးမယ်...”ဖှေးတွေးလိုက်မိသည်။

ဖှေးစဥ်းစားနေသော်လည်း လှုပ်ရှားမှုများမှာ နှေးကွေးမသွားပေ။ ကောင်းကင်သို့မော့ကြည့်ပြီး”စစ်ပွဲနတ်ဘုရား ငါ့ကိုကောင်းချီးပေးပါ။” ဟုအော်ဟစ်ပြီး လမ်ဒီအား တဟုန်ထိုးဝင်ရောက်တိုက်ခိုက်တော့သည်။

“ချွင် ချွင် ချွင် ချွင်”

သတ္ထုခြင်း ရိုက်ခတ်သံများထွက်ပေါ်လာသည်။

လမ်ဒီ၏တိုက်ခိုက်မှုများမှာ ဖှေးထက်များစွာပို၍မြန်ဆန်သည်။သို့သော်ဖှေး၏ တိုက်ခိုက်မှုများလောက်တော့ မသန်မာချေ။ ဖှေးပုဆိန်နှင့်ခုတ်လိုက်သည့်အချိန်တိုင်းတွင် ပုဆိန်ကြောက်မက်ဖွယ်စွမ်းအားကို တားဆီးရန်အတွက် လမ်ဒီမှာ ထိုပုဆိန်အား သူ၏ဓားအရိပ်သွင်သို့ပြောင်းသွားသည်အထိ အချက်ပေါင်းများစွာကို မြန်မြန်ဆန်ဆန်ပြန်ခုတ်ပြီးကာကွယ်ရသည်။

ဤသည်မှာ မတူညီသောစွမ်းအားနှစ်မျိုး၏ တိုက်ပွဲပင်ဖြစ်သည်။

တမျိုးမှာ အရိုင်းဆန်သည်၊ ကြမ်းတမ်းသည်၊ဖျက်ဆီးခြင်းသဘောကိုဆောင်သည်။

တမျိုးမှာ ရှုပ်ထွေးကျစ်လစ် သိပ်သည်းပြီး၊ တစ်စက္ကန့်အတွင်းတွင် အချက်ပေါင်းများစွာတိုက်ခိုက်နိုင်သည့် အဆင့်မြင့်ဓားသိုင်းစွမ်းပင်။

လမ်ဒီမှာ သူ၏ ကြယ်သုံးလုံးစစ်သည် အတွင်းအားများကို အမြင့်ဆုံးအနေထားတွင်ထားရှိပြီး တိုက်ခိုက်နေခြင်းပင်ဖြစ်သည်။တိုက်ပွဲဘေးသို့လွှင့်စင်လာသော စွမ်းအင်အပိုင်းအစများမှာ ဥက္ကာခဲများကဲ့သို့ပင်။ ကျောက်တံတားအားထိမှန်ကုန်ပြီး ကျောက်တုံး အပိုင်းစကလေးများ လွှင့်စင်ထွက်လာသည်။

အတန်အကြာတွင် တိုက်ခိုက်မှု အရှိန်များကြောင့် ကျောက်တုံးကျောက်စများ ဖုန်မှုန့်များမှာ ကောင်းကင်ပေါ်တွင် ဝဲပျံနေပြီဖြစ်သည်။မြေပြင်ပေါ်ရှိ ခြေပျက်လက်ပျက်များနှင့် သွေးစသွေးနများ ပါ လေပေါ်သို့ မြှောက်ကုန်ကြပြီး ဖှေးနှင့်လမ်ဒီတို့နှစ်ယောက် ဝန်းကျင်တွင် လေဗွေကဲ့သို့လှည့် ပတ်နေကြ၏။အဝေးမှကြည့်ပါက ထိုအရာမှာ ကြီးမားစပြုနေပြီဖြစ်သော အနီရောင်ဆိုင်ကလုန်းမုန်တိုင်းကဲ့သို့ပင်။

မကြာမှီအချိန်အတွင်းမှာပင် လေ​ဗွေမှာကြီးသထက်ကြီးလာပြီး ဖှေးနှင့် လမ်ဒီအား အပြည့်ဝလွှမ်းခြုံသွားတော့၏။လေဗွေအတွင်းမှ ထွက်ပေါ်လာသော သတ္ထုခြင်းရိုက်ခတ်သံများနှင့် ကျယ်လောင်စွာ အော်ဟစ်သံများမှလွဲ၍ အပြင်မှလူများ အထဲသို့မြင်နိုင်စွမ်းမရှိတော့ပေ။

တိုက်ပွဲမှာအလွန်ပြင်းထန်သည်။

အနီရောင်သွေးလေဗွေကြီးမှာ တံတားအား နှစ်ခြမ်းတားလိုက်၏။မြောက်ဘက်တွင်ရှိသော ပီးရာ့စ် နှင့် ဒရော့ဂ်ဘာ တို့ပါဝင်သည့်လူသန်ကြီးများနှင့် တောင်ဘက်တွင်ရှိ ရန်သူများမှာ တိုက်ပွဲအတွင်းဝင်ပါလို့မရတော့ပေ။ခပ်ဝေးဝေးကနေ၍ စောင့်ကြည်ကာ တိုက်ပွဲ၏ရလဒ်ကို စောင့်မျှော်နေရုံသာတတ်နိုင်၏။

ထိုကဲ့သို့ အနားယူချိန်ရသောကြောင့် ရန်သူများမှာ တဖြည်းဖြည်းစိတ်ပြန်လည် တည်ငြိမ်လာပြီဖြစ်သည်။ အရာရှိတစ်ချို့မှာ အော်ဟစ်အမိန့်ပေးပြီး ဖွဲ့စည်းပုံကို စနစ်တကျပြန်လုပ်နေကြသည်။အနောက်အသစ်ရောက်လာသည့် ရန်သူ့တပ်ဖွဲ့များမှာ ထွက်ပြေးစစ်သားများကို ခေါင်းဖြတ်ပြီး လှံထိပ်တွင်စွပ်ကာ ပြသထားသောကြောင့် စစ်သားများ ထွက်မပြေးရဲကြတော့ပဲ ဖရိုဖရဲဝရုန်းသုန်းကားဖြစ်စဥ်မှာ အဆုံးသက်သွားပြီဖြစ်သည်။

ထိုအခြင်းအရာကို မြင်ရသည့်အတွက် ဖှေးနှင့်တိုက်ခိုက်နေသော လမ်ဒီမှာ စိတ်အေးသွားပြီဖြစ်သည်။လမ်ဒီအနီးနားရှိ အရာရှိများကိုအော်ဟစ် အမိန့်ပေးလိုက်သည်။ “ငါဒီကောင့်ကို တိုက်ခိုက်ထားလိုက်မယ် မင်းတို့ကျန်တဲ့ကောင်တွေကို သွားသတ်ကြတော့...”

​ဖှေနှင့် လမ်ဒီတို့အကြားရှိ တိုက်ပွဲ၏ သက်ရောက်မှုမှာ ပြင်းထန်လှသည်။တံတားအား သွေးလေဗွေဖြင့် စည်းခြားထားသကဲ့သို့ဖြစ်နေရာ ရိုးရိုးသာမန်စစ်သားများ ဖြတ်သန်းသွားလာ၏မရပေ။ ဖြတ်သန်းသွားလာပါက လွှင့်စဥ်လာသော အတွင်းအားများကြောင့် လက်နက်ရော လူပါတစ်စစီဖြစ်ကုန်မည်ဖြစ်၏။သို့သော်လည်း အတွင်းအားရှိသော အရာရှိများအတွက်တော့ ဖြတ်သန်းရန်မှာ မခက်ခဲပေ။လမ်ဒီ၏ အော်ဟစ်သံကိုကြားသော်အခါ မျက်နာရပြီး ရာထူးတိုးလိုကြေသော ရန်သူအရာရှိများမှာ သွေးလေဗွေထဲတို့ခုန်ဝင်ကာ ဖှေးတို့တိုက်ပွဲကိုရှောင်ရင်း တစ်ဖက်သို့ရောက်ရန် ကြိုးစားကြသည်။

“ထွက်သွားကြစမ်း....”

ကြောက်မက်ဖွယ် ကောင်းသောစွမ်းအင်မှာ ရန်သူ့အရာရှိများထံသို့ အသံလှိုင်းအနေဖြင့် ပြန့်နှံ့သွားသည်။ ရန်သူအရာရှိများ၏ အသက်ဝိညင်များ တုန်လှုပ်သည်အထိခြောက်ခြားသွားသည်ကို ခံစားလိုက်ရ၏။

လူရိုင်းဇာတ်ကောင်၏ [ဟိန်းဟောက်ခြင်း]ပင်။

အဆင့်၅ [ဟိန်းဟောက်ခြင်း]မှာ မနေ့က လမ်ဒီအပေါ်တွင် အသုံးပြုခဲ့သည်​ ဟိန်းဟောက်ခြင်းထက် များစွာပိုအစွမ်းထက်သည်။လမ်ဒီအား ထိတ်လန့်စေပြီး တိုက်ခိုက်မှုနှုန်းများ နှေးကွေးစေရုံသာ မက ခုန်ဝင်လာသော ရန်သူအရာရှိလေးယောက်၏ အတွင်းအားများစီးဆင်းမှုကိုရပ်တံ့သွားစေပြီး သွေးလေဗွေထဲသို့ ပြုတ်ကျကာ ဖှေးပုဆိန်ကြောင့် တစ်စစီဖြစ်ကုန်တော့သည်။

“ဟာ...”

အာမေဋိတ်သံများ တံတားပေါ်တွင် ပြည့်နှက်သွားသည်။

ကြယ်တစ်လုံးနီးပါးအဆင့်ရှိသည့် အရာရှိလေးဦးအား အော်သံတစ်ခုထဲဖြင့် ဇီဝိန်ချုပ်ပေးပင်။ ရန်သူတစ်ချို့မှာ ပြန်လည်ကြောက်ရွံ့လာပြီး ဒူးများပင် တုန်လာခဲ့သည်။

“မကြောက်ကြနဲ့ ဆက်သွားကြ တံတားပေါ်မှရန်သူတစ်ယောက်ကို သတ်နိုင်ရင် ရွှေဒင်္ဂါးတစ်ထောင်ဆုချီးမြင့်မယ်လို့ ခေါင်းဆောင်မှာလိုက်တယ်...”

လမ်ဒီ ဖှေးအား အချက်၃၃ချက် ဆက်တိုက်တိုက်ခိုက်ခြင်းဖြင့် ဖိအားပေးပြီး အရာရှိများကို လှမ်းလှုံ့ဆော်လိုက်သည်။ဆုငွေလိုချင်သောကြောင့် အတွင်းအားအတန်သင့်ရှိသော အရာရှိ၁၂ယောက်ခန့် ခုန်ဝင်လာကြသည်။

“သေကြစမ်း...”

ဖှေးထက်မံ ဟိန်းဟောက်လိုက်သည်။ ကြီးမားသည့် စွမ်းအင်ပျံ့နှံ့သွားပြီး ရန်သူအရာရှိ၆ယောက်ခန့်အောက်ပြုတ်ကျကာ ပုဆိန်စာမိသွားကြ၏။သို့သော်လည်း ယခုအကြိမ်တွင် လမ်ဒီသည် လျှင်မြန်စွာတုံ့ပြန်လိုက်သည်။ ပေါက်ကွဲသော နေမင်း၏ ရိုက်ချက်အား ဖှေးမျက်နှာကိုရွယ်ပြီး ပစ်လွှတ်လိုက်ကာ ဖှေး၏ ဟိန်းဟောက်ခြင်းအစွမ်းတစ်ချို့ကို တားဆီးလိုက်သည်။နောက်တွင် ရန်သူအရာရှိ၈ယောက်ခန့်မှာ ဖှေးနှင့်လမ်ဒီရှိနေသော အနီရောင်သွေးလေဗွေအား ဖြတ်ကျော်နိုင်သွားပြီး ပီးရာ့စ်တို့အနားသို့ သတ်ဖြတ်ရန်ချည်းကပ်သွားလေ၏။

All Chapters