← Chapters

အခန်း (၅၇)

Vol. 4 Ch. 57

အခန်း (၅၇)

Vol. 4 Ch. 57

ဘတ်စ်မှာ ကြောက်လန့်သဖြင့် သူ၏မျက်လုံးများကို မှိတ်ထား၏။ လေပေါ်ဝဲနေခိုက်တွင် သူ့နားထဲသို့လေးတိုးသံများကြောင့် မျက်လုံးဖွင့်ကြည့်ရာ ခြေထောက်အောက်ရှိ မြစ်ရေပြင်ပေါ်မှ မြူများကိုတွေ့ရသဖြင့် အံ့သြသွားသည်။ ထိုအချိန်တွင် အလတ်ဇန္ဒားသည် ၁၇ကိုက်ခန့်ရှည်ရှိသော တံတားပြတ်ကို ခုန်ကျော်လိုက်ခြင်းဖြစ်ကြောင်း သူသိရှိသွား၏။ “ဒါဘယ်လိုစွမ်းအားမျိုးပါလိမ့် အနည်းဆုံးကြယ်နှစ်လုံးအဆင့်လောက်တော့ ရှိမယ်ထင်တယ် ဘယ်အချိန်ကစပြီး အလတ်ဇန္ဒားမှာ ဒီလိုစွမ်းအားတွေရှိနေခဲ့တာလဲ....”

ဘတ်၏ ခေါင်းထဲတွင် မေးခွန်းများစွာပေါ်ပေါက်လာသည်။

နန်းတော်မှထွက်လာသည့်အချိန်တွင် ကြီးမားသည့်အကြောင်းအရာတစ်ခုနှင့် လွဲလိုက်ရသလို ခံစားလိုက်ရ၏။

“ဘုန်း”

သူတို့နှစ်ယောက်လုံး တံတား၏မြောက်ဘက်အခြမ်းတွင် ဆင်းသက်လိုက်သည်။

အန်ဂျယ်လာမှာ ပျော်ရွှင်စွာဖြင့်ပြေးလာပြီး ဘတ်စ်၏ လက်မောင်းများအတွင်းသို့ ခုန်ဝင်လိုက်သည်။

“အဖေ.... အဖေပြန်လာမယ်ဆိုတာကို သမီးသိတယ်.....”

“ဟုတ်တာပေါ့ သမီးရယ်၊ သမီးက အဖေ့အသက်ထက်ကိုအရေးကြီးတာကိုး” ဖခင်ဆန်သောအပြုံးတစ်ခု ဘတ်စ်၏ မျက်နှာတွင်ပေါ်ပေါက်လာပြီး အန်ဂျယ်လာ၏ နဖူးအား နမ်းလိုက်သည်။

သို့သော် ပီးရာ့စ်အပါဝင်၊ မြို့သားများနှင့် စစ်သားများမှာ ဘတ်စ်အား နှာခေါင်းရှုံ့နေကြသည်။

သူတို့၏မျက်လုံးထဲတွင် လောဘကြီးသောအဖိုးကြီးမှာ ယူဆောင်သွားသည့် ရတနာများကုန်သဖြင့် ချမ်းဘော့ဒ်သို့ပြန်လာပြီး နောက်ထပ်ထက်မံလာရောက်ယူဆောင်သည်ဟုသာ မြင်နေကြ၏။ ဘုရင့် အိမ်တော်ထိန်း ဘတ်စ်၏ ငွေမက်ပုံအား ချမ်းဘော့ဒ် မြို့သားများသာမက ချမ်းဘော့ဒ် တိုင်းပြည်ထဲတွင်ဝင်ထွက်သွားလာလေ့ရှိသော ကုန်သည်များပင် သိရှိကြသည်။

ထိုကဲ့သို့ အေးစက်သောအကြည့်များနှင့် မျက်နှာအမူအရာများကို ဘတ်စ်သတိထားမိသည်။

သို့သော်လည်း ရှက်သည့်အမူအရာမှာ ဘတ်စ်၏ မျက်နှာပေါ်တွင်နည်းနည်းလေးမျှပင်ပေါ်မလာချေ။ သူ သမီးဖြစ်သူ၏ နောက်ကြောမှ တွန့်ကြေနေသော အဝတ်စားများကို ပြုပြင်ပေးပြီးနောက် ဖှေးအား လှမ်းပြောလိုက်သည်။ “အလတ်ဇန္ဒား မင်းကို မှော်ဆန်ဆန်တစ်ခုခု ဖြစ်ပျက်သွားတဲ့ပုံပဲ......အဲ့တာကောင်းတာပဲ။ ဒါပေမယ့် မင်းကို ငါအဝတ်စားသန့်သန့်ပြန့်ပြန့်လေးတစ်ခု အမြန်သွားလဲဖို့ အကြံပေးချင်တယ်ကွာ....”

ဖှေး ဝတ်ဆင်ထားသည့် အကြည့်ရဆိုးသော အာတိတ်သားမွေး ချပ်ဝတ်အားကြည့်ပြီး ပြောလိုက်သည်။ အနောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ရွေ့ပြီး ဆက်လက်၍ “ဇီးနစ်အင်ပါယာရဲ့ အရှင်သခင် ယရှင်းက သူရဲ့အကြီးဆုံး မင်းသမီး တာနာရှာကို ထီးနန်းမြှောက်ပေးမယ့် သံတမန်အဖြစ် ပို့လိုက်တယ်။မင်းက နောက်လဝက်လောက်ဆိုရင် ၁၈နှစ်ပြည့်ပြီလေ။ ထုံးတမ်းစဥ်လာတွေအရဆိုရင် အမိအင်ပါယာက ထီးနန်းတင်မြှောက်ပေးလိုက်ပြီဆိုမှ မင်းက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ တရားဝင်ဘုရင်တစ်ပါး ဖြစ်လာမှာလေ......။ အဲ့တာကြောင့် ဒီပွဲကအရေးကြီးတယ် မင်းလေးလေးနက်နက်ပြင်ဆင်ထားမှဖြစ်မယ်....”

ဘတ်စ် ဇူလီမြစ်တစ်ဖက်ကမ်းရှိ တောက်ပသည့် ချပ်ဝတ်များဝတ်ဆင်ထားသော မြင်းစစ်သည်အုပ်ကြီးအား ညွှန်ပြပြီးပြောလိုက်၏။

“အော် ဒါဆို အဲ့ငတုံးတွေက တကယ်ပဲ ဇီးနစ်အင်ပါယာကကိုး....ဟမ် ဦးလေးဘတ်စ် နေပါဦး၊ ဦးလေး ဘာပြောလိုက်တာ...ထီးနန်းမြှောက်ပေးမယ့် သံတမန်အဖွဲ့ဟုတ်လား.....ဒါဆို သူတို့ကစစ်ကူတွေမဟုတ်ဘူးပေါ့”ဖှေး မျက်မှောင်ကြုံ့လိုက်၏။

“မဟုတ်ဘူး၊ ငါတို့လဲ ချမ်းဘော့ဒ်တိုက်ခိုက်ခံနေရမှန်း ဒီရောက်မှသိတာ...”

ဖှေး တစ်ဖက်ကမ်းရှိ မာနထောင်လွှားနေသော မြင်းစစ်သည်များကို လှမ်းကြည့်နေ၏။ ထို့နောက်တွင် ရယ်မောလိုက်ပြီး “အော်အဲ့လိုလား ဦးလေးဘတ်စ်။ ဒါပေမယ့် ဦးလေးမြင်တဲ့အတိုင်းပဲလေ မြို့ထဲဝင်ဖို့က တံတားကနေဝင်မှရမှာ တံတားကလဲ ပြတ်နေတော့။ ကျွန်တော့စစ်သားတွေကလဲ တိုက်ပွဲပီးခါစဆိုတော့ ပင်ပန်းနေကြပြီဗျာ..လောလောဆယ်တော့မပြင်နိုင်သေးဘူး...သူတို့ကိုလောလောဆယ် တစ်ဖက်မှာပဲ စခန်းချထားခိုင်းလိုက်ပါလားဗျ။ ရက်အနည်းငယ်အကြာလောက်ကြမှ တံတားကိုပြင်ပြီး သူတို့ကိုနန်းတော်ထဲခေါ်ကြတာပေါ့....”

ဘတ်စ်ထိုစကားကိုကြားရသောအခါ သူ့လျှာသူပါ ကိုက်မိလုနီးပါးဖြစ်သွားသည်။ “မင်းနောက်နေတာလား အလတ်ဇန္ဒားရာ။ သူတို့က ဇီးနစ်အင်ပါယာက ထီးနန်းတင်ပေးမယ့် သံတမန်အဖွဲ့တွေနော်...ကြိုးတွေသစ်သားပြားတွေသုံးပြီး တံတားကို ယာယီအနေနဲ့ အမြန်ပြင်လိုက်တာကောင်းမယ်...”ထို့နောက်တွင် ဘတ်စ် ဖှေး၏ နားအနီးသို့ကပ်ပြီး”သူတို့က ဒီကို မင်းကိုတရားဝင် နန်းတင်ပေးဖို့ ရောက်လာကြတာလေ။ သူတို့ဒီကိုလာလို့ရအောင် ငါလုပ်အားတွေ၊ ရတနာတွေအများကြီးသုံးပြီး ​ကြိုးစားခဲ့ရတာကွ.....”

“တံတားကလဲ ပြိုပြီးသွားပြီလေ။ ကျွန်တော်လဲ ဘာတတ်နိုင်မှာလဲ.....။ အဲ့လူတွေမစောင့်နိုင်ဘူးဆိုလဲ တံတားကို သူတို့ကိုယ်တိုင်ပြင်ပြီးသာ လာခဲ့ကြတော့....”ဖှေး ထိုသို့ပြောပြီးသော် ဘာမှဆက်မပြောတော့ချေ။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ပြီး စစ်သားများနှင့် မြို့သူမြို့သားများအား ကြေငြာလိုက်သည်။ “ဒီနေ့ညနန်းတော်မှာ ငါ့ရဲ့စစ်သည်တွေကို ဂုဏ်ပြုဆုချဖို့ ပါတီပွဲတစ်ခုကျင်းပမယ်။ ချမ်းဘော့ဒ်မှာ ရှိတဲ့လူတိုင်း လွတ်လွတ်လပ်လပ် တက်ရောက်ပျော်ရွှင်နိုင်တယ်....”

လူအုပ်ကြီးမှာ စတင်၍ ပျော်ရွှင်စွာအော်ဟစ်ကြ၏။ လူတိုင်း၏ မျက်နှာတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေ၏။

ဘတ်စ်မှာ ကြက်သေသေသွား၏။ ထို့နောက်တွင် အကူမဲ့စွာဖြင့် ခေါင်းသာ ခါရမ်းလိုက်တော့သည်။

သူဘာမှဆက်မပြောတော့ချေ။

..............

..............

ပြန်ရောက်အပြီးတွင် ဖှေးမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ သို့သော် တိုက်ပွဲအပြီးတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများလုပ်ဆောင်ရန် ကျန်ရှိနေသေးသည့်အတွက် ဖှေး အားတင်းထားလိုက်သည်။ ဘတ်စ်ထွက်သွားစဥ်က ဘဏ္ဍာတိုက်ထဲမှ ရတနာတော်တော်များများကို ယူဆောင်သွားခဲ့သော်လည်း ဖှေး ကျန်ရှိနေသည့် ရွှေငွေရတနာများကို ထုတ်ယူလိုက်သည်။ ထိုရတနာများအား အန်ဂျယ်လာနှင့် အန်မာတို့၏ အကူညီဖြင့် အစုများစွာခွဲဝေလိုက်သည်။ တိုက်ပွဲတွင် ကျဆုံးသွားခဲ့သော စစ်သားများ၊ မြို့သားများ၏ ကျန်ရစ်သူ မိသားစုများကို ပေးဝေနှစ်သိမ့်ရန်ဖြစ်သည်။

ထိုကဲ့သို့ ကိုယ်ချင်းစာသောအပြုမူကြောင့် ဖှေးအား လူအများမှာ ပို၍ပင် ကျေးဇူးတင်လာကြ၏။

အထူးသဖြင့် ချစ်ရသောလူတစ်ယောက်အား စစ်ပွဲအတွင်းတွင် ဆုံးရှုံးလိုက်ရသော မိသားစုဝင်များအတွက် ဖှေး၏ ဆုလာဘ်များမှာ အေးစက်နေသော ဆောင်းရာသီအလည်တွင် နွေးထွေးသော မီးအလင်းရောင်တစ်ခုကဲ့သို့ပင်။

ရုတ်တရက်ပင် ဘုရင်အလတ်ဇန္ဒား၏ ဂုဏ်သတင်းမှာ အမြင့်ဆုံးသို့ရောက်ရှိနေပြီဖြစ်၏။ မြို့သူမြို့သားများမှာ အချင်းချင်းနှုတ်ဆက်ရာ၌ပင်လျှင် “ဘုရင်အလတ်ဇန္ဒား ကျန်းမာပါစေ”ဟု ပြောဆိုနှုတ်ဆက်လာကြ၏။ ရက်စက်သော စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော စိတ်ဒဏ်ရာ၊ အမာရွတ်များမှာ အလျှင်အမြန်ပင် စတင်ပျောက်ကွယ်လာပြီ ဖြစ်သည်။

ထိုအရာများအပြင် ဖှေး သူ့ထံ၌ကျန်ရှိနေသေးသော [သွေးပုလင်း အလတ်စား]တစ်ဝက်ခန့်ကို ရေရောပြီး ဆရာဝန်များအား ဒဏ်ရာရစစ်သားများကို ကုသရာတွင် အသုံးပြုရန်ပေးလိုက်သည်။ ခြေလက်များ ဆုံးရှုံးသွားသူများမှ လွှဲ၍ ဒဏ်ရာပြင်းထန်သော စစ်သည်များမှာ အလျှင်အမြန်သက်သာလာကြပြီး၊ ဒဏ်ရာအနည်းငယ်သာရရှိသော စစ်သည်တို့မှာ အကောင်းပတိပြန်ဖြစ်ကာ အိမ်ပြန်ပြီး မိသားစုနှင့်အတူ ပြန်လှည်ဆုံစည်းနိုင်သွားကြပြီဖြစ်သည်။

လူတိုင်း၏ စိတ်ထဲတွင် ဘုရင်အလတ်ဇန္ဒား အား စစ်ပွဲနတ်ဘုရားနှင့် တူညီစွာပင် ဆက်ဆံကြည်ညိုနေကြ၏။

စစ်ပွဲမှထွက်ပေါ်လာသော နောက်ဆုံးရလဒ်ကြောင့် လူတစ်ချို့အား စိတ်ပျက်လက်ပျက်ဖြစ်စေသည်။ ဝန်ကြီးချုပ်ဘစ်ဇား နှင့် သူ၏သားဂေးလ်တို့မှာ စစ်ပွဲအပြီးတွင် သူတို့၏ရဲတိုက်သို့သာ တိတ်တဆိတ်ပြန်သွားကြပြီး အပြင်ထွက်လာခြင်းမရှိသေးပေ။ သူတို့ဘာကြံစည်နေသည်အား မည်သူမျှသိနိုင်ဖွယ်မရှိ။

ထောင်မှူး ဝါဒန် အိုလက်ဂ်မှာ ကံကောင်းစွာဖြင့် စစ်ပွဲအတွင်းတွင် အသက်ရှင်ကျန်နိုင်ခဲ့သည်။ ချမ်းဘော့ဒ်တိုင်းပြည်ကြီး စတင်ပြောင်းလဲတော့မည်ဟု ခံစားမိ၍လားမသိ။ အိုလတ်ဂ်မှာ အိမ်တွင်းတွင် ပုန်းအောင်းနေခြင်းမရှိ။ ထိုအစား ယခင်က သူ၏ အာဏာရူးမာနကြီးခဲ့သောအကျင့်ကို ပြုပြင်လိုက်သည်။ လမ်းဘေးက သူတောင်းစားကိုပင်လျှင် တွေ့ပါက ဖော်ရွေစွာဖြင့် ပြုံးပြနှုတ်ဆက်မည်ဖြစ်သည်။ ​ဖှေး၏ ဆုံးဖြတ်ချက်တိုင်းအား ခိုင်မာစွာထောက်ခံပြီး အမိန့်တိုင်းကို မမောနိုင်မပန်းနိုင်ဖြင့် ကြိုးစားဆောင်ရွက်ကာ သူ၏ သစ္စာရှိမှုကို ပြသရန်ကြိုးစားနေ၏။

“ကြည့်စမ်း ဟိုမှာ သက်တံ့ကြီး။”

တစ်စုံတစ်ယောက်မှ ရုတ်တရက်အော်ဟစ်လိုက်သည်။လူတိုင်းမော့ကြည့်မိရာ အပြာရောင်ကောင်းကင်ပေါ်တွင် ရောင်စုံသက်တံ့ကြီးတစ်ခုအား လှပစွာတွေ့မြင်လိုက်ရ၏။ ပို၍ထူးဆန်းသည်မှာ သက်တံ့တည်ရှိရာ ကောင်းကင်တဝိုက်တွင် အနီရောင်မြူခိုးများသမ်းနေခြင်းပင်။ အနီရောင်မြူခိုးများနောက်ခံဖြင့် သက်တံ့မှာ ထူးဆန်းစွာပင် လှပနေ၏။

“ဒါတော်တော်ထူးဆန်းတာပဲ....စစ်ပွဲနတ်ဘုရားက ချမ်းဘော့ဒ်နဲ့ ဘုရင်အလတ်ဇန္ဒားကို ကောင်းချီးပေးနေတာဖြစ်မယ်....”

မိုးရွာခြင်းမရှိပဲ သက်တံ့ပေါ်ထွက်လာခြင်းကြောင့် လူအများမှာ စစ်ပွဲနတ်ဘုရားကြောင့်ဟုသာ ယူဆလိုက်ကြသည်။ရုတ်တရက် ဒူးထောက်ပြီးဆုတောင်းနေကြသူများပင်ရှိ၏။

ဖှေး နန်းတော်ရှေ့တွင် ရပ်နေရင်း ပြုံးမိ၏။

ယခင်ကဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ဇူလီမြစ်ထဲသို့ အလောင်းအများအပြားပြုတ်ကျကာ ရေမှုန်ရေစများနှင့် သွေးမှုန်သွေးစများ လေထုထဲ ပြန့်နှံ့သွား၍ ပူနွေးသောနေရောင်အောက်တွင် အငွေ့ပြန်ကာ ဤကဲ့သို့လှပသောမြင်ကွင်းဖြစ်ပေါ်လာရသည်ကို ဖှေးသိသည်။

ယခုလိုအချိန်တွင် စစ်ပွဲ၏ရှားပါးလှသော အလှတရားကို မြင်နိုင်၏။

................

................

“အမ တာနာရှာ အဲ့လိုလူက ဘယ်လိုလုပ်ပြီး ကျက်သရေရှိ တင့်တယ်တဲ့ဘုရင်တစ်ပါးဖြစ်နိုင်မှာလဲ.....သူကရိုင်းစိုင်းတဲ့လူတစ်ယောက်ပါပဲ....ဘယ်လိုဖြစ်ပြီးတော့ ဇီးနစ်အင်ပါယာရဲ့ တော်ဝင်ဂုဏ်သရေကို လှစ်လျှူရှုပြီး ဂရုမစိုက်သလိုနေရဲရတာလဲ....”

မင်းသားငယ် ထရိုပင်စကီသည် ယာယီအားဖြင့်ပြုလုပ်ထားသည့် သစ်သားကြိုးတံတားကို ကြောက်ကြောက်လန့်လန့်ဖြင့် ဖြတ်ကျော်ပြီး ဇူလီမြစ်၏ မြောက်ဘက်ကမ်းသို့ရောက်လာခဲ့သည်။ ချမ်းဘော့ဒ်မြို့ထဲ စတင်ဝင်ရောက်နေသည့်အချိန်မှာပင်လျှင် ဖှေး၏ မကောင်းကြောင်းအား ပြောနေဆဲပင်။ စတင်တွေ့သောအချိန်တွင် သူနှင့် သူ့အခြွေရံများအား မြင်းပေါ်မှ ပြုတ်ကျစေခြင်း၊ ထီးနန်းတင်မြှောက်ပေးရန်လာသည့် ဇီးနစ်အင်ပါယာ၏ တော်ဝင် သံတမန်အဖွဲ့အား လှစ်လျှူရှုထားခြင်းတို့ကြောင့် မင်းသား ထရိုပင်စကီမှာ ဖှေးအပေါ်တွင် အမြင်သိပ်မကြည်ချေ။ ဒီနိုင်ငံ၏ ဘုရင်အား သူစိတ်မကျေနပ်ဖြစ်မိသည်။

တကယ်တန်းတွင် ဤကဲ့သို့ အမြင်မကြည်ဖြစ်နေသည်မှာ ထရိုပင်စကီတစ်ယောက်သာမဟုတ်ပေ။ ဇီးနစ်အင်ပါယာ၏ သူရဲကောင်းများမှ တော်ဝင်ထီးနန်းတင်မြှောက်မည့် အဖွဲ့နှင့်အတူ ချမ်းဘော့ဒ်ကဲ့သို့ ဝေးလံခေါင်ဖျားသည့် နိုင်ငံငယ်လေးတစ်ခုအား လာရောက်ခြင်းမှာ ချမ်းဘော့ဒ်တိုင်းပြည်အတွက် လွန်စွာဂုဏ်ယူရမည်ဖြစ်သည်။ သို့သော် အဆင့်၆(အနိမ့်ဆုံး) လက်အောက်ခံနိုင်ငံ၏ ထီးနန်းပင်မတင်ရသေးသော ဘုရင်မှာ သူတို့အား ထွက်ရောက်ကြိုဆိုခြင်းမပြုပဲ မာနထောင်လွှားနေသည်ကို မြင်မိသဖြင့် အနည်းငယ်စိတ်ကသိကအောက်ဖြစ်နေကြသည်။ မင်းသမီး တာနာရှာ၏ တည်ငြိမ်မှုကြောင့်မဟုတ်ပါက သူတို့အားလုံး ချမ်းဘော့ဒ်မြို့အတွင်းသို့ ပြေးဝင်သွားပြီး ထိုဘုရင်အား သင်ခန်းစာပေးလိုနေကြသည်။

“သူရဲကောင်း ကျင့်ဝတ်အရ သူများရဲ့ရိုင်းပြမှုကို အ​ပြစ်မတင်ခင် ကိုယ့်အပြုမူကို အရင်ပြန်ပြီးသုံးသပ်ရမယ်မဟုတ်ဘူးလား ဂျင်မီ။”

မင်းသမီး တာနာရှာမှာ သူမမောင်ငယ်၏ စောဒကတတ်မှုများကို လုံးဝနားမထောင်ချေ။သူမ၏ အားနည်းပြီး သင့်တင့်သောအသံအနေအထားဖြင့် ပြန်ပြောနေဆဲပင်။ ဇီးနစ်မှပို့လိုက်သော ထီးနန်းတင်ပွဲကျင်းပရန်တာဝန်ရှိသည့် သံတမန်တစ်ယောက်အနေဖြင့် မင်းသမီးတာနာရှာမှာ လျစ်လျူရှုခံရမှုအပေါ် ဒေါသဖြစ်ဟန်မရှိပေ။ မင်းသမီးဘာတွေးနေသည်ဆိုသည်အား မည်သူမျှမသိချေ။ သူမသည် တစ်ချိန်လုံးရထားလုံးထဲ၌ပင်အချိန်ကုန်နေပြီး အပြင်သို့တစ်ခါမှထွက်မလာခဲ့ချေ။

ချမ်းဘော့ဒ်မြို့ ဂိတ်တံခါးအဝတွင်ဖြစ်သည်။

ဘတ်စ်မှာ သူ၏ကြမ်းတမ်းသော လမ်းပြဝတ်ဆုံမှ ထည်ဝါသော အမဲရောင်ဝတ်ဆုံတစ်ခုအား ပြောင်းလဲဝတ်ဆင်ထားသဖြင့် ပို၍ပင်ခန့်ညားနေသည်။ ဘတ်စ်မှာ လေးစားမှုဖြင့် အစေခံနှစ်ယောက်နှင့်အတူ ဂိတ်တံခါးအဝတွင် စောင့်ကြိုနေသည်ကိုတွေ့ရသည်။

မင်းသမီး၏ ရထားလုံးရောက်လာသည်က်ိုတွေ့ရသော အခါ ဘတ်စ် လျှင်မြန်စွာအရိုသေပေးပြီး ရှင်းပြ၏။ “အရှင့်သမီးနဲ့ အရှင့်သား ကျွန်တော်တို့ရဲ့ဘုရင်က တိုက်ပွဲမှာ အပြင်းထံဒဏ်ရာရခဲ့တဲ့အတွက်ကြောင့် လူကိုယ်တိုင်ထွက်လာပြီး မကြိုဆိုနိုင်လို့ တောင်းပန်ပါတယ်...ဒါပေမယ့် အရှင်တို့အတွက် စံအိမ်နဲ့ စားစရာတွေအသင့်ပြင်ထားပြီးပါပြီ....”

ဤ ခန့်ညားသည့် အဖိုးကြီးမှာ လွန်ခဲ့သည့် ၃နာရီ၄နာရီပတ်လုံး အလွန်အလုပ်များနေခဲ့၏။

ငယ်ရွယ်တက်ကြွသည့် ဘုရင်အလတ်ဇန္ဒားမှာ စစ်သားများနှင့် မြို့သားများအားဂရုစိုက် ဆုလာဘ်များပေးခြင်းအပေါ်၌သာ တွေးတော အာရုံစိုက်နေခဲ့သည်။ ထို့ကြောင့် ဇီးနစ်အင်ပါယာ၏ သံတမန်အဖွဲ့နှင့်ဆက်ဆံရေးအတွက် ဘတ်စ်ကသာ စီစဥ်ဆောင်ရွက်နေခဲ့ရ၏။လူစုပြီး ပြတ်ကျနေသော တံတားနေရာအား ယာယီဖြတ်သန်း၍ရအောင်အမြန်ပြင်ခဲ့သူမှာ သူပင်ဖြစ်သည်။ ဘတ်စ်၏ သြဇာသက်ရောက်မှုမှာ ရတနာများယူပြီးထွက်သွားစဥ်ကတည်းက အနိမ့်ဆုံးသို့ရောက်ရှိသွားခဲ့၏။ ထို့ကြောင့် လူတော်တော်များများမှာ သူခိုင်းသည်အားမလုပ်ချင်ကြချေ။ သို့သော် ဘတ်စ်မှာ လူပါးတစ်ယောက်ဖြစ်သည်။ “တံတားသာအချိန်မှီပြင်

မပြီးရင် ထီးနန်းတင်မြှောက်ပေးမယ့် အဖွဲ့တွေက ဘုရင်အလတ်ဇန္ဒားကို ထီးနန်းတင်မပေးတော့ပဲ ပြန်ကုန်လိမ့်မယ်”ဟုသာပြောလိုက်သည်။ ထိုသို့ပြောလိုက်သည့်အချိန်တွင် စစ်သားများနှင့် ချမ်းဘော့ဒ်မြို့သားများမှာ တံတားအားအစွမ်းကုန်ဝိုင်းဝန်းပြင်ကြတော့သည်။ ဒဏ်ရာအနည်းငယ်သာရရှိထားသော စစ်သားများပင်လျှင် အငြိမ်မနေပဲဝင်ရောက်လုပ်အားပေး၏။ မကြာခင်မှာပင် ရထားလုံးများနှင့် မြင်းများဖြတ်သန်းသွားလာနိုင်သည့် ကြိုးတံတားလေးတစ်ခုပြီးစီးသွား၏။

ဘတ်စ် တံတားလျှင်မြန်စွာ ပြီးစီးသွားသည်ကိုကြည့်ပြီးအံ့သြနေ၏။ လုပ်ငန်းတစ်ခုလုံးမှာ နှစ်နာရီခန့်မျှသာ ကြာ၏။ အလတ်ဇန္ဒား၏ သြဇာသက်ရောက်မှုမှာ ချမ်းဘော့ဒ်တွင် ယှဥ်ပြိုင်၍ပင်မရနိုင်တော့ချေ။ အရင်ဘုရင်ထက်ပင် များစွာပို၍ သြဇာကြီး၏။ လိုအပ်ပါက စစ်သားများ၊ မြို့သူမြို့သားများသည် ဘုရင့်အတွက်အသက်ပါပေးရဲပုံရ၏။

“ရှေ့ကနေလမ်းပြပေးပါ။”

ဘတ်စ် ၏အကြောင်းပြချက်ကို နားထောင်ပြီးသော် ရထားလုံးအတွင်းမှ မင်းသမီးတာနာရှာပြောလိုက်၏။ မင်းသမီး၏အသံမှာ ထုံးစံအတိုင်းအားနည်းနေပြီး စိတ်မဝင်စား၊ အေးစက်စက်အသံဖြစ်သည်။ ထိုကဲ့သို့အသံမျိုးကြောင့် မည်သူမျှ သူမ၏စိတ်ထဲတွင် မည်သည့်ခံစားချက်ရှိနေသည်ဆိုသည်ကို ခန့်မှန်း၍မရနိုင်ချေ။

ဘတ်စ်ခေါင်းငြိမ့်ပြီး ခန့်ညားလှပစွာ အရိုအသေပေးလိုက်သည်။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ပြီး ရှေ့မှ လမ်းပြသည့်အနေဖြင့် ဦးဆောင်သွားတော့သည်။

သူ သိပ်မအံ့သြတော့ချေ။ ဇီးနစ်အင်ပါယာ၏ မြို့တော်ဖြစ်သည့် စိန့်ပီတာစ်ဘာ့ဂျ်မှ ထွက်လာခဲ့စဥ်ကတည်းက လျို့ဝှက်ထူးဆန်းသည့် အကြီးဆုံးမင်းသမီးမှာ ထိုကဲ့သို့သာ ပြုမူပြောဆိုလေ့ရှိ၏။ ဘတ်စ်မှာ ခရီးစဥ်တစ်လျှောက် အစပိုင်းတွင် အနည်းငယ်ထူးဆန်းသလိုဖြစ်သော်လည်း ကြာလာသောအခါ အသားကျသွားပြီဖြစ်၏။

မြို့အတွင်းသို့ရောက်လာပြီးချိန်တွင် သံတမန်အဖွဲ့အား ယခင်စစ်ဘက်ဆိုင်ရာတရားသူကြီး ကွန်းက၏ ရဲတိုက်တွင် နေရာချထားပေးလိုက်သည်။

ကွန်းကအား သစ္စာဖောက်မှုဖြင့် ဘုရင်အလတ်ဇန္ဒားမှ ကွပ်မျက်လိုက်သောကြောင့် ကွန်းက၏ ကြီးမားထည်ဝါသော ရဲတိုက်ကြီးမှာ ဘုရင်ပိုင်ဖြစ်သွား၏။ ဘတ်စ်မှာ ထိုရဲတိုက်ကြီးအား အစေခံများစွာ စေလွှတ်ပြီး ရှင်းလင်းစေခိုင်းထားသည့်အပြင် ထက်မံ၍ပင်ပြုပြင်မွမ်းမံအလှဆင်ထား၏။ ထိုကဲ့သို့အပြင်အဆင်အား မင်းသားထရိုပင်စကီပင်လျှင် သဘောကျမိသည်။

တော်ဝင် သံတမန်အဖွဲ့မှာ သူတို့ကိုယ်ပိုင် အစေခံများ၊ အိမ်စေများစွာ ယူဆောင်လာပြီးဖြစ်၍ ထိုကိစ္စအား ဘတ်စ်စီစဥ်ရန်မလိုအပ်ချေ။

“အရှင့် သမီးနဲ့ အရှင့်သား ဘုရင်အလတ်ဇန္ဒားက ဒီနေ့ည နန်းတော်မှာ စစ်ပွဲနိုင်တဲ့အထိမ်းမှတ်နဲ့ အောင်ပွဲခံပါတီတစ်ခု ကျင်းပဖို့ စီစဥ်ထားပါတယ်။ အရှင့်သမီးနဲ့ အရှင့်သား တက်ရောက်နိုင်မယ်ဆိုရင် ကျွန်တော်တို့ အလွန်ဂုဏ်ယူမိမှာပါ။”

ဘတ်စ်ထွက်မသွားခင် သူတို့နှစ်ယောက်အား ဖိတ်ကြားလိုက်သည်။

သံတမန်အဖွဲ့အား ဖိတ်ကြားရန်မှာ ဖှေး၏ အစီစဥ်ထဲတွင် မပါဝင်ချေ။သို့ရာတွင် ဘတ်စ်မှာ ပါတီသည် နှစ်ဖက်ဆက်ဆံရေး ပို၍ပြေပြစ်လာနိုင်သည့် အခွင့်ရေးဖြစ်သည်ဟု ယူဆကာ ဖိတ်ကြားလိုက်ခြင်းဖြစ်သည်။

“အောင်ပွဲခံပါတီဟုတ်လား...။ အမဲရောင်စစ်သည်တွေအကုန်လုံးကို ငါတို့ရဲ့ မြင်းသည်တော်တွေ သတ်လိုက်တာလေ။ငါတို့သာမကယ်ခဲ့ရင် ချမ်းဘော့ဒ်က အခုချိန်အသိမ်းပိုက်ခံနေရပြီး ဘုရင်လဲ အချုပ်ထဲရောက်နေလောက်ပြီ။ ဟားဟား ကောင်းပြီလေ မင်းတို့ရဲ့ ကျပ်မပြည့်တဲ့ဘုရင်ကိုပြောလိုက် ငါသေချာပေါက်လာခဲ့မယ်လို့.....”

မင်းသားငယ် ထရိုပင်စကီမှာ ထုံးစံအတိုင်းပင် ရိုင်းပြစွာ တုန့်ပြန်လိုက်သည်။

...............

...............

နေဝင်ချိန်ဖြစ်သဖြင့် နေလုံးကြီးမှာ သွေးကဲ့သို့နီရဲနေ၏။

ချမ်းဘော့ဒ်တိုင်းပြည်အား ဝန်းရံထားသော တောင်တန်းများပေါ်သို့ ရွှေရောင်နေရောင်ခြည်များ ဖြာကျလျှက်ရှိသည်။ ဇူလီမြစ်၏ အလင်းပြန်မှုအောက်တွင် ချမ်းဘော့ဒ်တိုင်းပြည်မှာ တည်ငြိမ်အေးချမ်းသည့် အသွင်ရှိ၏။ လှပသော ရှုခင်းပန်းချီကား တစ်ချပ်ကဲ့သို့ပင်။

မြို့အတွင်း ကျောက်လမ်းမကြီးပေါ်တွင် လမ်းသွားလမ်းလာများဖြင့် ပြည့်နှက်နေ၏။ ရန်သူများအား အောင်မြင်စွာခုခံနိုင်ခဲ့ပြီး ၊ ဘုရင်အလတ်ဇန္ဒားမှ ပြန်လည်ထူထောင်ရေးကိစ္စတော်တော်များများကို လုပ်ဆောင်ပေးပြီးဖြစ်သော်လည်း မြို့သူမြို့သားများလုပ်ဆောင်ရမည့်ကိစ္စများ အများအပြား ကျန်ရှိနေဆဲဖြစ်သည်။ ခံတပ်အတွက်လိုအပ်သဖြင့် ယူဆောင်သွားခဲ့သူမြို့တွင်းမှ သစ်သားပြားများ ကျောက်တုံးများအား နေရာတကျ ပြန်လှည်တပ်ဆင်ကြရသည်။ အလောင်းများပုတ်သိုးကာ ရောဂါများပြန့်နှံ့နိုင်သဖြင့် စနစ်တကျ မီးရွို့နေကြရသည်။ စစ်ပွဲပြီးဆုံးခြင်းသည် တစ်ခြားရှုပ်ထွေးသည့်အလုပ်ကိစ္စများလုပ်ရန် အစဖြစ်၏။

လူတိုင်းလူတိုင်း အလုပ်ရှုပ်နေကြသဖြင့် လမ်းမပေါ်ရှိ ဧည့်သည်အသစ်များအား မည်သူမျှသတိမထားမိကြပေ။

မျက်နှာအား ပိတ်စအမဲရောင်ဖြင့် ဖုံးကွယ်ထားသော အမျိုးသမီးတစ်ယောက်သည် ချပ်ဝတ်အပြည့်စုံဝတ်ဆင်ထားသော အမျိုးသမီးစစ်သည်တစ်ယောက်၏ ကာကွယ်မှုအောက်တွင် အေးဆေးတည်ငြိမ်စွာ လမ်းလျှောက်နေ၏။

“အရှင့်သမီး ဒီမြို့လေးရဲ့ ရှုခင်းအနေအထားက မဆိုးဘူးတော်တော်လှပတယ်၊ လမ်းတွေကလဲ ကျယ်ကျယ်ဝန်းဝန်းနဲ့ စနစ်တကျရှိသားပဲ။ စိန့် ပီတာစ်ဘာ့ချ် မြို့တော်နဲ့တော့နှိုင်းယှဥ်လို့မရပေမယ့် အဆင့်၆ လက်အောက်ခံနိုင်ငံတစ်ခုအနေနဲ့ကတော့ တော်တော်ကောင်းမွန်တယ်လို့ပြောရမယ်.....”အမျိုးသမီးစစ်သည်မှာ လမ်းပေါ်ရှိအဆောက်ဦးများအား လေ့လာရင်းပြောလိုက်၏။ သို့သော် အဝေးရှိ ဘုရင့်နန်းတော်အားတွေ့သော် ထိုအမျိုးသမီးစစ်သည်မှာ မျက်မှောင်ကြုံ့လိုက်သည်။ “ဒါပေမယ့်... ဘုရင်အလတ်ဇန္ဒား ကတော့တော်တော် လောဘကြီးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ထင်တယ်...ဒီလောက်ခမ်းနားတဲ့နန်းတော်ကို ပြည်သူတွေစီကနေ အခွန်တွေနင်းကန်ကောက်ပြီး ဆောက်လုပ်ထားတာဖြစ်မယ်....”

“ငါတော့ အဲ့လိုမမြင်မိဘူး ဆူဇန်...”

မျက်နှာအား အမဲရောင်ပိတ်စနှင့် ဖုံးကွယ်ထားသော အမျိုးသမီးမှာ ဖြေးညင်းစွာပြောလိုက်၏။

“မြို့တော်မှာတုန်းက ကောလဟာလတွေအရ ဘုရင်အလတ်ဇန္ဒားက ဉာဏ်ရည်မမှီ(ကျပ်မပြည့်)ဘူးလို့ ကြားခဲ့တာ။ အဲ့ကောလဟာလတွေကမမှန်ဘူးထင်တယ်...မြို့သားတွေကိုကြည့်ကြည့် စစ်ပွဲပြီးကာစဆိုပေမယ့် သူတို့မျက်နှာတွေက ပြုံးရွှင်နေကြတယ်။ သူတို့အချင်းချင်းနှုတ်ဆက်တာတောင် “ဘုရင် ကျန်းမာပါစေ”လို့ပြောပြီး နှုတ်ဆက်နေကြတာကို ငါသတိထားမိတယ်...ဉာဏ်မမှီတဲ့ဘုရင်က ဒီလိုမြို့သူမြို့သားတွေရဲ့ထောက်ခံမှုကို အပြည့်အဝရရှိထားတယ်ဆိုတာ မဖြစ်နိုင်ဘူးမလား.....ထည်ဝါတဲ့နန်းတော်ကြီးအတွက်ကတော့... အဲ့နန်းတော်ကိုဆောက်လုပ်ထားတဲ့ကျောက်တုံးတွေကို ကြည့်ရင် လွန်ခဲ့တဲ့၁၈နှစ်ကျော်လောက်က ဆောက်လုပ်ခဲ့တယ်ဆိုတာ သိသာပါတယ်....အလတ်ဇန္ဒားလို့ခေါ်တဲ့ဘုရင် တည်​ဆောက်ခဲ့တာမဟုတ်ဘူးထင်တယ်။”

ထိုအမျိုးသမီးမှာ ထိုကဲ့သို့ပြောပြီးရပ်တံ့လိုက်၏။

“ဆူဇန်ရေ ငါဒီညလုပ်မယ့် ပါတီကို စိတ်ဝင်စားသွားပြီ။ ငါတို့နှစ်ယောက်ပြန်ပြီး ပြင်ဆင်ထားရအောင် နင်လဲလိုက်ခဲ့သင့်တယ်....”

“ဟုတ်ကဲ့ပါအရှင့်သမီး အရှင့်သမီးပါတီကို တတ်ရောက်ချင်စိတ်ဖြစ်တာ အခုမှပထမဆုံးထင်တယ်နော်...ကျွန်မ အိမ်တော်ထိန်း ဘတ်စ်ကိုခေါ်ပြီး လမ်းပြတစ်ယောက်လွှတ်လိုက်ဖို့မှာလိုက်ပါမယ်....”ငယ်ရွယ်သည့် အမျိုးသမီးစစ်သည်မှာ အံ့သြသွားသည်။

“သူ့ကို ပြောစရာမလိုပါဘူး....ငါတို့ကိုယ့်ဘာသာကိုယ် တိတ်တိတ်ဆိတ်ဆိတ်သွားကြတာပေါ့။ ပါတီတတ်ရောက်ဖို့ ဖိတ်ခေါ်စာမလိုဘူးလို့ကြားတယ်။ ဆင်းရဲချမ်းသာမရွေး တတ်ရောက်နိုင်တယ်တဲ့...ငါတို့တွေရုပ်ဖျက်ပြီး သာမန်မြို့သူမြို့သားတွေအနေနဲ့ပဲသွားကြတာပေါ့....”လျို့ဝှက်ထူးဆန်းသည့် အမျိုးသမီးမှာပြောလိုက်သည်။

“ပိုကောင်းတာပေါ့....အနည်းဆုံးတော့ ကျွန်မတို့စိတ်ရှုပ်စရာကောင်းတဲ့ အထက်တန်းအလွှာကလူတွေနဲ့ဆက်ဆံဖို့မလိုတော့ဘူးပေါ့....ဟီးဟီး..နေပါဦးအရှင့်သမီး ဒီစိတ်ရှုပ်စရာကောင်းတဲ့လူကိုရော..ဘယ်လိုလုပ်မလဲ...”အမျိုးသမီးစစ်သည်မှာ သူတို့နှစ်ယောက်အနောက်မှ တိတ်ဆိတ်စွာလိုက်ပါလျှက်ရှိသော ဆံပင်ရွှေရောင်နှင့် စစ်သည်အား လက်ညိုးထိုးကာပြောလိုက်သည်။

“သူရဲကောင်း ကပ္ပတိန်ရိုမန် ရှင်ရော ကျွန်မတို့နဲ့လိုက်ခဲ့မလား....”အမဲရောင်ပိတ်စနှင့် အမျိုးသမီးမှာ မေးလိုက်သည်။ သူမ၏အသံမှာ လိုက်မလားဟုမေးသော်လည်း၊ တချိန်တည်းမှာပင် လိုက်ခဲ့ရမည်ဟု အမိန့်ပေးသကဲ့သို့ ခံစားရသည်။

ဆံပင်ရွှေရောင်နှင့် သူရဲကောင်းမှာ ပြုံးပြီး ပြန်ဖြေလိုက်သည်။

“ဂုဏ်ယူစွာလိုက်ပါပါ့မယ် အရှင့်သမီး...”

............

............

နေဝင်သွားပြီး ကောင်းကင်မှာ အမှောင်ထုတို့ဖြင့် လွှမ်းခြုံစပြုလာပြီဖြစ်သည်။

မြို့ထဲတွင် မီးများ ထွန်းညှိထားရာ ကြယ်ပွင့်ကလေးများကဲ့သို့ပင်။ ဘုရင့်နန်းတော်မှာ လင်းထိန်နေ၏။ မြို့သူမြို့သားများမှာ နန်းတော်ရှေ့သို့ တစ်စနှင့်တစ်စ များပြားစွာစုပြုံရောက်လာကြပြီဖြစ်သည်။ နာရီဝက်ခန့်အကြာတွင် ခံတပ်နံရံပေါ်တွင် ကင်းစောင့်တာဝန်ကျသော စစ်သားများမှလွဲ၍ တစ်မြို့လုံးနီးပါး ဘုရင့်နန်းတော်သို့ရောက်ရှိလာကြပြီဖြစ်သည်။ အောင်ပွဲခံပါတီ စတင်တော့မည်ဖြစ်သည်။

All Chapters