“ဒူးထောက်ပြီး ငါ့ဖိနပ်ကိုနမ်းစမ်း”
Vol. 4 Ch. 59
ပါတီပွဲမှာ အရှိန်အမြင့်ဆုံးရောက်နေပြီဖြစ်သည်။
ဖှေး ဝိုင်ခွက်တစ်ခွက်ကိုကိုင်ပြီး စစ်သားများထံလမ်းလျှောက်သွား၏။ ထိုကဲ့သို့ ရက်စက်လှသော တိုက်ပွဲနှင့် တွေ့ကြုံရပါကမည်သူမဆို မွန်းကြပ်ပြီး ရူးခါနီးပင်ဖြစ်နိုင်သည်။ ထိုလူသန်ကြီးများအား ဝိုင်ကောင်းကောင်းနှင့် ချစ်ရသောအမျိုးသမီးတစ်ချို့မှလွဲ၍ ဘယ်အရာမှဖြေသိမ့်ပေးနိုင်မည်မဟုတ်ချေ။ ပီးရာ့စ် နှင့် ဒရော့ဂ်ဘာတို့နှစ်ယောက်လုံး ရေဇလုံခန့်အရွယ်အစားခွက်ကြီးများဖြင့် ရယ်မောကာ ဝိုင်သောက်နေကြ၏။ သူတို့၏ရယ်မောသံမှာ ရင်ပြင်ပေါ်တွင် ပဲ့တင်လျှက်ရှိသည်။ အိုလတ်ဂ်အပါအဝင် လူသန်ကြီးနှစ်ဆယ့်နှစ်ယောက်တို့မှာ ဖှေးအနောက်မှယုံကြည်စွာလိုက်၍ ရန်သူ့တပ်ထဲသို့ အသေခံအဖွဲ့ကဲ့သို့ရဲရင့်စွာ ချီတပ်တိုက်ခိုက်ခဲ့ကြသည်။ တံတားပေါ်တွင် မိမိကိုယ်ကိုစတေးခံလိုက်သော ဘရန်နိုမှလွဲ၍ ကျန်၂၂ယောက်မှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြသော်လဲ နန်းတော်သို့အသက်ရှင်လျှက် ပြန်လာနိုင်ခဲ့ကြသည်။ ဘုရင့်ဘေးမှနေကာ အတူတကွတိုက်ခိုက်ခဲ့ကြသည့်အတွက် ထိုလူသန်ကြီးများကြားထဲတွင် သံမဏိကဲ့သို့ခိုင်မာသည့် ညီအကိုလိုခင်မင်ရင်နှီးမှုများပေါ်ပေါက်နေပြီဖြစ်သည်။
ရင်ပြင်၏ မြောက်ဘက်အခြမ်းတွင် ထိုညီအကိုများစုရုံးကာ ကျောက်စားပွဲကြီးများပေါ်တွက် ထိုင်လျှက် သောက်စားပျော်ပါးနေကြသည်။ တစ်ချ်ို့မှာ အင်္ကျီချွတ်ပြီး နပန်းသက်နေကြသည်။ တစ်ချို့မှာ လက်မောင်းလှဲကာ ခွန်အားခြင်းပြိုင်ဆိုင်နေကြသည်။ တစ်ချို့မှာ အမျိုးသမီးများဖြင့် ကခုန်နေကြသည်။ ယခင်ကစစ်သားများ၏ မုန်းတီးခြင်းကိုခံခဲ့ရသည့် အိုလတ်ဂ်ပင်လျှင် သေစေနိုင်သည့်တာဝန်ထမ်းဆောင်ပြီးပြန်လာချိန်တွင် စစ်သည်တော်တော်များများ၏ လေးစားမှုကိုရရှိနေပြီဖြစ်သည်။
“ငါတို့ရဲ့ ညီအကိုတွေအတွက် ချီးယားစ်” ဖှေးဝိုင်ခွက်ကိုကိုင်မြောက်ပြီး ပြောလိုက်သည်။
“ကျွန်တော်တို့ ညီအကိုတွေအတွက်...” စစ်သားများလဲ သူတို့၏ ပန်းကန်လုံးများ၊ ဖန်ခွက်များကို ကိုင်မြှောက်ကာ ချီးယားစ်လိုက်ကြသည်။ ဘုရင်အလတ်ဇန္ဒားရောက်ရှိလာမှုကြောင့် သူတို့အားလုံးဝမ်းသာဂုဏ်ယူနေ၏။
“ဒီဒုတိယမြောက်တစ်ခွက်က ငါတို့ရဲ့သူရဲကောင်း ဘရန်နိုအတွက်.....”
ဖှေးသူ၏ဖန်ခွက်ထဲမှဝိုင်များအား မြေပေါ်သို့ဖြေးဖြေးချင်းလောင်းချပြီး ပြောလိုက်သည်။ “သူရဲ့မိဘတွေက ငါတို့အားလုံးရဲ့မိဘတွေဖြစ်မယ်၊ သူရဲ့သားက ငါတို့အားလုံးရဲ့ သားဖြစ်မယ်၊ ဘရူနိုမိသားစုကို သူ့ရဲ့သား သူ့အဖေလိုရဲရင့်တဲ့စစ်သည်တစ်ယောက်ဖြစ်လာမယ့်အချိန်ထိ ချမ်းဘော့ဒ်ရဲ့တော်ဝင်မိသားစုက တာဝန်ယူပေးသွားမယ်.....”
“ကျွန်တော်တို့ရဲ့ သူရဲကောင်း ဘရန်နိုအတွက်.....”စစ်သားများလည်း သူတို့ခွက်ထဲမှ ဝိုင်များအား မြေပြင်ပေါ်သို့တိတ်ဆိတ်စွာလောင်းချလိုက်ကြသည်။ ခန္ဓာကိုယ်အားဓားစိုက်နေလျှက်နှင့် “ချမ်းဘော့ဒ်အတွက်”ဟုကြွေးကြော်ပြီး ရန်သူအရာရှိ ၃ယောက်နှင့်အတူ မြစ်ထဲခုန်ဆင်းသွားသော ဘရန်နို၏ ပုံရိပ်အား သူတို့အားလုံး၏ မျက်လုံးထဲတွင်ပြန်မြင်ယောင်လာ၏။ ကောင်းကင်ရံတွင်ကြယ်များဖြင့်ပြည်နှက်နေသည်။ ဘရန်နိုမှာ သူတို့၏ သူရဲကောင်း၊ ရဲဘော်ရဲဘက် သာမက သူငယ်ချင်းတစ်ယောက်လဲဖြစ်၏။
“ဒီတတိယတစ်ခွက်က ဘရန်နိုရဲ့ ရဲဘော်ရဲဘက်တွေဖြစ်တဲ့ ချမ်းဘော့ဒ်ရဲ့ကြီးမြတ်တဲ့စစ်သည် ၂၂ယောက်အတွက်ပဲ။ ပီးရာ့စ်.....ဒရော့ဂ်ဘာ.... အိုနီးလ်....ဘောလက်ခ်....အက်စ်စိန်.....”ဖှေး လူသန်ကြီးများ၏ အမည်အား တစ်ခုခြင်းရွတ်လိုက်သည်။ သူနာမည်တစ်ခါခေါ်လိုက်သည့် အချိန်တိုင်းတွင်ဘေးမှလူအုပ်ကြီးမှာ လက်ခုပ်တီး၍ အားပေးကြမည်ဖြစ်သည်။ နာမည်အခေါ်ခံရသူမှာလဲ ရင်ကော့ကာ အလွန်ဂုဏ်ယူဝင့်ကြွားနေ၏။
“စစ်ပွဲနတ်ဘုရားက မင်းတို့ကိုကောင်းချီးပေးပါစေ ငါ့စစ်သည်တို့....မင်းတို့ရဲ့နာမည်တွေဟာ ချမ်းဘော့ဒ်နဲ့အတူထာဝရတည်ရှိနေမှာပါ။ ဘုရင်အလတ်ဇန္ဒားအနေနဲ့ ငါမင်းတို့ကို မင်းတို့တိုက်ပွဲဝင်ခဲ့စဥ်က အသုံးပြုခဲ့တဲ့ ချပ်ဝတ်နဲ့လက်နက်တွေကို အကောင်းဆုံးပန်းပဲဆရာတွေစီမှာ ပြုပြင်ပြီးတာနဲ့ မင်းတို့ကိုချီးမြှင့်မယ်....”ဖှေး၏ အသံမှာ လောင်ကျွမ်းနေသည့် မီးပုံကဲ့သို့ပင် စစ်သားများ၏ သွေးများကိုတောက်လောင်စေသည်။ လူသန်ကြီးများ၏ ပျော်ရွှင်သွားသည့်အမူအရာများကို ဖှေးတွေ့သော် ဖှေး ဝိုင်ခွက်ကိုမြှောက်ပြီး ဂုဏ်ပြုလိုက်သည်။ “ဟုတ်တယ် စစ်သည်တို့ အဲ့ချပ်ဝတ်နဲ့လက်နက်တွေက တော်ဝင်မိသားစုပိုင်ဆိုင်တဲ့ တန်ဖိုးအရှိဆုံးရတနာတွေပဲ....အဲ့ချပ်ဝတ်တွေက မင်းတို့ရဲရင့်မှုရဲ့ ဆုတံဆိပ်တွေဖြစ်လို့ မင်းတို့အားလုံးကို အပိုင်ပေးလိုက်တာပဲ....”
ချပ်ဝတ်နှင့် လက်နက်၂၂စုံမှာ အရင်ဘုရင်ဟောင်းသက်တမ်းတစ်လျှောက်တွင် အမြတ်တနိုးစုဆောင်းခဲ့သည့်ရတနာများဖြစ်သည်။ ထိုအရာများသည် ထူးခြားသော မှော်ဝင်ပစ္စည်းများမဟုတ်သော်လည်း ချမ်းဘော့ဒ်ကဲ့သို့ အဆင့်၆လက်အောက်ခံနိုင်ငံတစ်ခုအနေဖြင့် တန်ဖိုးမဖြတ်နိုင်ချေ။ အိုလတ်ဂ်ကဲ့သို့အရာရှိတစ်ယောက်ပင် သက်တမ်းတစ်လျှောက်ရသမျှငွေများပိုင်ဆိုင်မှုများပေါင်းလိုက်လျှင်ပင် ထိုကဲ့သို့ တန်ဖိုးကြီးချပ်ဝတ်နှင့် လက်နက်များပိုင်ဆိုင်ရန်ကား မဖြစ်နိုင်ချေ။
ထို့ကြောင့် ဖှေးစကားပြောအပြီးတွင် စစ်သားများပျော်ရွှင်စွာအော်ဟစ်ကြတော့သည်။
ဘုရင်မှာ ထိုက်တန်သူအားဆုချခြင်းနှင့် အပြစ်ရှိသူအား အပြစ်ပေးရာတွင် ပြတ်သား၏။ ထိုမျှမက ယခင်တိုက်ပွဲတွင် ဖှေးမှာ ရှေ့ဆုံးမှချီတပ်ပြီး အနောက်ရှိစစ်သားများအား သူ၏ခန္ဓာကိုယ်နှင့် ခေါင်းဆောင်ကောင်းတစ်ယောက်ပီပီ များသောအားဖြင့် ကာကွယ်ပေးခဲ့သည်။ ဤအတွက်ကြောင့် စစ်သားများအပေါ်ဖှေး၏ လွှမ်းမိုးသြဇာသက်ရောက်နိုင်မှုမှာ ယှဥ်ပြိုင်၍မရတော့သည့် အနေအထားသို့ပင် ရောက်ရှိသွား၏။
ဘုရင်၏ ကြင်နာရက်ရောသော ဆုလာဘ်များမှာ အောင်ပွဲခံပါတီအား အရှိန်အမြင့်ဆုံးသို့တွန်းပို့လိုက်သည်။
လေထုထဲတွင် ဝိုင်အနံ့များဖြင့် ပြည့်နှက်နေ၏။
ဖှေးပင် စိတ်အားထက်သန်လာပြီး သူ၏ ထည်ဝါသော ဘုရင်အဝတ်အစားတို့ကိုချွတ်ကာ ပါးလွှာသည့် ချပ်ဝတ်တစ်ထည်ကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ လူသန်ကြီးများနှင့် အတူ နပန်းဝင်ကစားသည်။ အသောက်ပြိုင်ပွဲများ ဝင်ဆင်နွှဲသည်။ လက်မောင်းဝင်လှဲသည်။ မကြာမှီတွင် ဖှေး ကျန်စစ်သားများနှင့် တစ်သားတည်းဖြစ်လာ၏။ လက်မောင်းလှဲရာတွင် ဖှေး လူရိုင်းဇာတ်ကောင်၏ အစွမ်းများဖြင့် ချမ်းဘော့ဒ်နာမည်ကျော် လူသန်ကြီးများအားလုံးကိုလွယ်ကူစွာပင် အနိုင်ယူလိုက်ကာ ဘုရင်၏ခွန်အားနှင့်ရဲစွမ်းသတ္တိတို့ကို ပြသလိုက်သည်။
စစ်ပွဲအပြီးတွင် ပျော်ရွှင်ဖွယ်ရာများက ချမ်းဘော့ဒ်တိုင်းပြည်အား ဖက်တွယ်ထား၏။
ထိုအချိန်တွင် အံ့သြဖွယ်ရာတစ်ခု ဖြစ်ပျက်သွားသည်။
လူအစည်ကားဆုံးဖြစ်သည့် ရင်ပြင်၏အလည်မှ အမျိုးသမီးငယ်များ၏ အော်ဟစ်သံများ၊ စိတ်ဆိုးစွာ ကျိမ်ဆဲသံများထွက်ပေါ်လာသည်။ယောက်ျားတစ်ချို့၏ ရယ်သံ သဲ့သဲ့ကိုလဲကြားနေရ၏။
ဖှေး မျက်မှောင်ကြုံ့လိုက်၏။
ဝိုင်ခွက်များကိုင်ထားပြီး ပျော်ရွင်ဖွယ်အချိန်ကောင်းတစ်ခုကိုပိုင်ဆိုင်နေကြသော စစ်သားများလဲ ရပ်တံ့လိုက်ကြသည်။
“မူးနေတဲ့လူတစ်ယောက် သူကြိုက်နေတဲ့ကောင်မလေးကို ဇွပ်သွားနမ်းလိုက်တာထင်ပါတယ်....”
ဖှေးနှင့် စစ်သားများ ပထမဦးဆုံးထိုကဲ့သို့သာတွေးလိုက်မိကြ၏။
“ဟားဟား အဲ့လိုအပြုအမူက လူကြီးလူကောင်းတော့မဆန်ပေမယ့်....ဒီလိုပျော်ပွဲရွှင်ပွဲအတွင်းမှာ လူတိုင်းအပျော်လွန်နေကြတော့ အဲ့ငနဲကိုခွင့်လွှတ်ပေးလို့တော့ရပါတယ်.....ချမ်းဘော့ဒ်ကကောင်မလေးတွေက သတ္တိရှိပြီးနည်းနည်းတော့စွာကြတော့ အဲ့သနားစရာကောင်းတဲ့ငနဲကို စစ်ပွဲနတ်ဘုရားကောင်းချီးပေးပါစေကွာ.....”
သူတို့အားလုံး၏ မျက်နှာပေါ်တွင် ယောက်ျားအခြင်းခြင်းနားလည်သည့် အပြုံးများဖြင့်ပြောလိုက်၏။
သို့သော် ထို ကသောင်းကနင်းဖြစ်မှုများနှင့် အော်သံများမှာ ဖှေးနှင့်စစ်သားများထင်ထားသကဲ့သို့ အချိန်အနည်းငယ်ကြာသည်အထိ ငြိမ်ကျမသွားပေ။ ပို၍ပင်ကြီးမားကျယ်လောင်လာကြသည်။ ကခုန်နေသူများပင် ရုတ်တရက်ရပ်တံ့သွားပြီး ရင်ပြင်အလယ်သို့လှမ်းကြည့်လျှက်ရှိကြသည်။
ဖှေး သူ၏ဘေးရှိ လှေကားထစ်ခုပေါ်သို့ တက်ပြီး ကသောင်းကနင်းဖြစ်ရာနေရာသို့ လှမ်းကြည့်လိုက်သည်။ ရုတ်တရက် ဖှေး၏ မျက်နှာအမူအရာမှာ အေးစက်သွားပြီး သူ၏ခန္ဓာကိုယ်မှ လူသတ်လိုစိတ်များ စိမ့်ထွက်လာ၏။
“xီး အန်ဂျယ်လာကို တစ်ယောက်ယောက်လာရှုပ်နေတာပဲ.....”
ဖှေး လူရိုင်းဇာတ်ကောင်၏ [ခုန်ကျော်ခြင်း] ကိုအသုံးပြုပြီး ရင်ပြင်အလယ်ခေါင်သို့မြင့်ချည် နိမ့်ချည်နှင့် အမြန်သွား၏။(ခုန်ဆွခုန်ဆွသွားတာပေါ့ဗျာ....)
ထိုအချိန်တွင် လူအုပ်ကြီးမှာ စက်ဝိုင်းကဲ့သို့ဖြစ်နေ၏။
စက်ဝိုင်း၏ အလယ်တွင် အန်မာနှင့် ငယ်ရွယ်သောမြို့သူမြို့သားတို့မှာ လူသားနံရံတစ်ခုကဲ့သို့ ရပ်နေကြပြီး အရှေ့ရှိစစ်သည်တစ်ချို့အား ဒေါသဖြစ်သည့်မျက်လုံးများဖြင့် စိုက်ကြည့်လျှက်ရှိကြသည်။ သူတို့၏ အနောက်တွင် အန်ဂျယ်လာမှာ ဖြူဖက်ဖြူရော်မျက်နှာနှင့် ရှိနေ၏။ ၁၅နှစ်၁၆နှစ်အရွယ်ခန့်သာ ရှိသေးသော ယောက်ျားလေးတစ်ဦးမှာ သူမ၏လက်များပေါ်တွင်မှီလျှက်ရှိသည်။ ထိုကောင်လေး၏ လည်ပင်းတွင် အပြင်းအထန်ဒဏ်ရာတစ်ခုရထား၏။ အလွန်ထက်သည့်ဓားဖြင့် လည်ပင်းအား အခုတ်ခံလိုက်ရခြင်းပင်ဖြစ်သည်။ ကောင်လေးမှာ အသက်ရှူရန်ခက်ခဲနေပြီး ပါးစပ်မှလဲ သွေးများစီးကျနေပြီး ရေနစ်နေသူတစ်ယောက်သူ၏ ရင်ဘက်များမှာ ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေ၏။ အန်ဂျယ်လာ၏ မိုးပြာရောင်ဝတ်စုံပင် သွေးများစွန်းထင်းကုန်၏။
“ထွီ မင်းနှိမ့်ကျတဲ့မြို့သား မင်းက ဇီးနစ်အင်ပါယာကသူရဲကောင်းတစ်ယောက်ကို လက်ညိုးထိုးရဲတယ်ပေါ့....”
အနီရောင်ဝတ်ရုံနှင့် ဇီးနစ်အင်ပါယာမြင်းစစ်သည်တစ်ယောက်မှာ သူ၏သွေးများစွန်းထင်းနေသော ဓားအား ဓားအိမ်ထဲသို့ပြန်ထည့်လိုက်ပြီးပြောလိုက်သည်။ လူတစ်ယောက်၏ လည်ပင်းအား ပြတ်လုနီးပါဖြစ်အောင်ခုတ်ပိုင်းလိုက်သည်မှာ သူ၏မျက်လုံးထဲတွင် အရေးမပါချေ။ ထို့နောက်တွင် ထိုသူမှာ အန်မာနှင့် မြို့သူမြို့သားများအား အော်လိုက်သည်။ “မင်းတို့ကောင်တွေအသက်ရှင်ချင်ရင် ဒူးထောက်ပြီး ငါ့ဖိနပ်ကို လာနမ်းကြစမ်း။ မြင်းသည်တပ်ဖွဲ့ရဲ့ လက်ထောက်ခေါင်းဆောင် စီးမက်ခ်က မိဖုရားနဲ့အတူတစ်ခါလောက်ကဖို့ပဲ တောင်းဆိုနေတာ....”
အနီရောင်ဝတ်ရုံနှင့် မြင်းစစ်သည်မှာ “မိဖုရား”ဆိုသည်နှင့် “ကဖို့”ဆိုသည်ကို ပို၍အာရုံစိုက်ပြောလိုက်သည်။ ထိုကဲ့သ်ို့ပြောပြီးသော် သူ၏ အနောက်ရှိအပေါင်းအပါများအား ဂုဏ်ယူစွာဖြင့် မျက်စိမှိတ်ပြလိုက်သေးသည်။
ထိုသူ၏ အနောက်တွင် တစ်ခြားအလားတူ အနီရောင်ဝတ်ရုံများနှင့်စစ်သည်များမှာ ကျယ်လောင်စွာအော်ဟစ်ရယ်မောနေကြသည်။ထိုစစ်သည်များကြားတွင် ခေါင်းဆောင်ဟု ယူဆရသော စစ်သည်တစ်ယောက်မှာထိုစကားကိုကြားသော် ပြုံးနေ၏။ဘေးပတ်ပတ်လည်တွင်ဝန်းရံနေကြသော ချမ်းဘော့ဒ်မြို့သားများအား အထင်အမြင်သေးသည့်ဟန်ဖြင့် ကြည့်လိုက်သည်။ အန်မာအားတွေ့သော် သူ၏မျက်လုံးများ တောက်ပသွား၏။ သို့သော် ခနတာရပ်လိုက်ပြီး သူ၏မျက်လုံးများမှာ မိုးပြာရောင်ဝတ်စုံနှင့် အန်ဂျယ်လာထံသို့ပင် ထက်မံကျရောက်သွားသည်။ သူ၏ မျက်နှာပေါ်၏ ရမ္မက်ကြီးသည့်အမူအရာများကို ဖုံးကွယ်ခြင်းလုံးဝမရှိပေ...”
ထိုအချိန်တွင်---
“ဝှီး”
လေပြင်းတစ်ခု တိုက်ခတ်သွားသည်။ လူတိုင်း၏အမြင်များရုတ်တရက် ဝေဝါးသွားပြီးစက်ဝိုင်း၏ အလယ်သို့ လူတစ်ယောက်ရုတ်တရက်ရောက်လာခဲ့သည်။ဤသည်မှာ ပို၍မြန်မြန်ရောက်ရန်အတွက် လူရိုင်းဇာတ်ကောင်၏ [ခုန်ကျော်ခြင်း]အစွမ်းကို အသုံးပြုကာရောက်လာခဲ့သော ဖှေးပင်ဖြစ်သည်။
ဖှေး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာတွေဖြစ်နေသည်ဆိုသည်အား အလျှင်အမြန်ပင်နားလည်သဘောပေါက်သွား၏။
သူ၏မျက်နှာအမူယာမှာ ပြောင်းလဲသွားသည်။ အနီရောင်ဝတ်ရုံနှင့် စစ်သည်များ၏ ဒေါသဖြစ်အောင်စိတ်ဆွနေမှုများအား ဂရုမစိုက်ပဲ အန်ဂျယ်လာထံသို့သာ အပြေးသွား၏။ ထို့နောက်တွင် ထိုင်ချလိုက်ပြီး သူ၏ လက်တစ်ဖက်နှင့် သေခါနီးဖြစ်နေပြီဖြစ်သော ကောင်ကလေး၏ နောက်ကြောမှနေ၍မထူထားလိုက်သည်။ သူ၏ သိမ်းဆည်းရာ ခါးပတ်အတွင်းမှ [သွေးပုလင်း အလတ်စား]အားထုတ်ယူပြီး အနည်းငယ်သာကျန်ရှိနေတော့သည့် အနီရောင်ဆေးရည်များအား ကောင်လေး၏ ပါးစပ်အတွင်းနှင့် လည်ပင်းရှိ ဓားခုတ်ရာနေရာသို့ ဂရုတစိုက်တစ်စက်ချင်း လောင်းချပေးသည်။
[သွေးပုလင်း အလတ်စား]သည် သူ၏ မှော်ဆန်သော စွမ်းအားအာနိသင်များကို ပြသတော့သည်။ လျှင်မြန်စွာပင် ကောင်လေး၏ ဒဏ်ရာမှာ ထင်သာမြင်သာစွာပျောက်ကင်းလာပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် အမာရွတ်တစ်ခုသာကျန်တော့သည်။ အမာရွတ်သည်လည်း မကြာခင်မှာပင် ကျုံ့ဝင်ပျောက်ကွယ်သွားသည်။ ပါးစပ်မှ စီးကျနေသော သွေးများလည်း ရပ်တံ့သွားပြီး အသက်ရှူရခက်ခဲနေခြင်းလဲ မရှိတော့ပေ။ အသက်ရှူနှုန်းများ ပုံမှန်ပြန်ဖြစ်လာပြီး သတိပြန်လည်လာကာ မျက်လုံးများပွင့်လာတော့သည်။
ဖှေး ထိုအရာကိုမြင်ရသောအခါ စိတ်သက်သာသွားသည်။
ကံကောင်းစွာ [သွေးပုလင်း အလတ်စား]ထဲတွင် ဆေးရည်အနည်းငယ် ကျန်ရှိနေသေးသောကြောင့်ပင်။ ဖှေးအရေးပေါ်ကိစ္စတစ်ခုခု ပေါ်လာပါက အသုံးပြုရန်ချန်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ဤကဲ့သို့အခြေအနေမျိုးတွင် အသုံးပြုလိုက်ရမည်ဟု ထင်မထားခဲ့ပေ။ ထိုကြောင့်သာမဟုတ်ပါက ကောင်လေးမှာယခုအချိန်တွင် အေးစက်နေသည့်အလောင်းတစ်ခုဖြစ်နေလိမ့်မည်ဖြစ်သည်။
ဘုရင်ရောက်ရှိလာပြီး ကောင်လေး၏အသက်ကို မှော်ဆန်ဆန်ကယ်တင်လိုက်သည့်အတွက် လူအများမှာ အနည်းငယ်စိတ်သက်သာသွား၏။
“အန်ဂျယ်လာ ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကိုပြောပြ....”
ဖှေးကောင်လေးအား စစ်သားတစ်ယောက်လက်ထဲသို့ ဂရုစိုက်ပေးရန်မှာကြားပြီးထည့်လိုက်သည်။ ထို့နောက်တွင် အော်ကြီးဟစ်ကျယ်ဖြင့် မထီမဲ့မြင် ရယ်မောနေကြသော မြင်းစစ်သည်များကို တစ်ချက်ကြည့်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ အန်ဂျယ်လာ အားမေးလိုက်သည်။
အပြစ်ကင်းစင်သော အန်ဂျယ်လာ၏မျက်နှာတွင် ဒေါသအရိပ်ယောင်များဖုံးလွှမ်းနေ၏။ ဖှေး၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ကြီး ဖှေးနား နားသို့ကပ်ပြောလိုက်သည်။ဖှေးနားထောင်နေရင်း ပို၍ပို၍ဒေါသဖြစ်လာ၏။သူ၏နှလုံးသားထဲတွင် ရပ်တံ့၍မရသော ဒေါသမီးများဖြင့်တောက်လောင်လျှက်ရှိပြီး မျက်နှာအမူအရာမှာလည်း ပို၍အေးစက်လာသည်။ သတ်ဖြတ်ချင်စိတ်များသည် သူ၏ခန္ဓာကိုယ်ထဲမှ ယိုစိမ့်ထွက်လျှက်ရှိသည်။
ဖြစ်ပုံမှာ ထိုမြင်းစစ်သည်များသည် မူးချင်ဟန်ဆောင်ပြီး အန်ဂျယ်လာနှင့် အန်မာဘေးရှိ မိန်းကလေးများအား ထိပါးရိပါးလုပ်လာကြသည်။ ပထမတွင် ထိုသူများမှာ အမိအင်ပါယာ ဇီးနစ်မှ မြင်းစစ်သည်များဖြစ်သဖြင့် အနည်းငယ်သည်းခံခဲ့ကြသည်။ သို့သော် ထိုမြင်းစစ်သည်များမှာ အရောင့်တက်လာပြီး အန်ဂျယ်လာကိုပါ ထိပါးချင်လာကြသည်။ သူတို့၏ ကပ္ပတိန် စီးမက်ခ်အား အဖော်ပြုပေးရန် အန်ဂျယ်လာအား အတင့်ရဲစွာတောင်းဆိုလာကြသည်။ ထိုအတင့်ရဲရိုင်းပြသော အပြုအမူကြောင့် ချမ်းဘော့ဒ်၏ ငယ်ရွယ်သောမြို့သားများမှာ ဒေါသဖြစ်လာကြသည်။ မိမိတို့ဘုရင်အလတ်ဇန္ဒား၏ မိဖုရားလောင်းအား အထိအပါးမခံနိုင်ကြချေ။ ထို့ကြောင့် ထိုစစ်သည်များထံသို့သွားပြီး အပြစ်တင်ပြောဆိုကြသည်။ နှစ်ဖွဲ့လုံးတစ်ဖွဲ့နှင့်တဖွဲ့ စတင်တိုးဝှေ့ကာ တင်းမာလာကြသည်။ သို့သော် ဇီးနစ် မြင်းသည်တော်တစ်ယောက်မှာ ဓားထုတ်ပြီး ရှေ့ဆုံးတွင်ရပ်နေသော ကောင်လေးတစ်ယောက်၏ လည်ပင်းအား ခုတ်ပိုင်းချလိုက်ခြင်းပင်........။
ဖှေး အန်ဂျယ်လာပြောသည်ကို နားထောင်ပြီး သူမ၏ ပခုံးကိုပုတ်ကာ စိတ်လျှော့ရန်ပြောလိုက်သည်။ ထို့နောက်တွင်ရှေ့သို့လှမ်းလျှောက်သွားပြီး အန်မာနှင့်တခြားလူငယ်တို့ အန်ဂျယ်လာကိုရှေ့မှ စုပေါင်းကာ ကာထားသည့် “လူသားနံရံ”ကို ခွဲလိုက်ပြီး အရှေ့ဆုံးတွင် ရပ်လိုက်သည်။
“အိုး ဘုရင်အလတ်ဇန္ဒား ဆိုတာမင်းလား....”
ကပ္ပတိန်စီးမက်ခ်ဆိုသူမှာ မြင်းစစ်သည်များ၏အလယ်တွင် ရှိနေ၏။ ထိုသူမှာ ကြယ်များဝန်းရံထားသည့် လကဲ့သို့ပင်။ စီးမက်ခ်မှာ လက်သီးဆုပ်လျှက် လက်ပိုက်ကာ ရှေ့သို့ခြေလှမ်းအနည်းငယ် လျှောက်လာ၏။ ဖှေးအားထီမမြင်သည့်ဟန်ဖြင့် ခြေဆုံးခေါင်းဆုံးကြည့်ပြီးနောက် ပြောလိုက်သည်။”ချမ်းဘော့ဒ်လူတွေ ဧည့်သည်ကို ဆက်ဆံတဲ့ပုံကို ကျွန်တော် တော်တော်မကျေနပ်ဖြစ်မိတယ် အရှင်မင်းကြီး။ တွေ့တဲ့အတိုင်းပဲ ကျွန်တော့လူတွေက မိဖုရားကို အတူကဖို့ပဲ ဖိတ်ခေါ်ချင်တာလေ.....အဲ့တာကို ခင်ဗျားတို့မြို့သားတွေက ရှေ့ကနေ ကာလားဆီးလားလုပ်ပြီး ကျွန်တော်တို့ကို ဝိုင်းအပြစ်တင်နေကြတာလေ....”
ကပ္ပတိန် စီးမက်ခ်မှာ အလတ်ဇန္ဒားဟုခေါ်သော ဘုရင်အား လေးစားမှုလုံးဝမရှိချေ။ ဤကဲ့သို့ သူပုန်ခေါင်းဆောင်သာသာမျှသာရှိသော ဘုရင်အား အထင်မြင်သေး၊ ရွံရှာ၏။ ဇီးနစ်အင်ပါယာထဲတွင် အဖွဲ့ဝင်(လက်အောက်ခံ)နိုင်ငံပေါင်းများစွာရှိသည်။ အဆင့်၆တိုင်းပြည်ငယ်များ၏ဘုရင်များမှာ မြို့တော် စိန့်ပီတာစ်ဘာ့ချ်မှ လမ်းပြလောက်ပင် အဆင့်အတန်းမရှိဟု စီးမက်ခ်၏ မျက်လုံးထဲတွင်မြင်သည်။ ထို့ကြောင့် သူ၏ မာနထောင်လွှားခါအထင်မြင်သေးသော အမူအရာအား လုံးဝဖုံးကွယ်မထားပဲ ဆက်ပြောသည်။
“ဒီအတွက်ကြောင့် ကျွန်တော်စိတ်အနှောင့်ယှက်ဖြစ်သွားပြီး သိပ်မပျော်တော့ဘူးဖြစ်သွားပြီဗျ။ ဒါပေမယ့် မိဖုရားက ကျွန်တော်တို့အဖွဲ့အတွက် စားပွဲဝိုင်းအက ကပြမယ်ဆိုရင် ကျွန်တော်ဒီကိစ္စကို မဖြစ်ခဲ့သလိုပဲထားလိုက်ပါမယ်.....”
သူထိုကဲ့သို့ပြောပြီးသည့်အချိန်တွင် ပတ်ဝန်းကျင်ရှိ ချမ်းဘော့ဒ်မြို့သူမြို့သားများမှာ အော်ဟစ်ဆဲဆိုကုန်ကြသည်။အေဇာရုတိုက်တွင် စားပွဲဝိုင်းအကဆိုသည်မှာ ပြည့်တန်ဆာများသာ ယောက်ျားများကိုဆွဲဆောင်ရာတွင် ကလေ့ရှိသည့်အမြင်မတော်သည့် အကတစ်မျိုးဖြစ်သည်။ မိဖုရားလောင်းအား စားပွဲဝိုင်းအက ကခိုင်းခြင်းမှာအလွန်ပြင်းထန်သည့်စော်ကားမှုပင်။
ကပ္ပတိန် စီးမက်ခ်မှာ လူအုပ်ကြီး၏ ဒေါသနှင့်ဆဲဆိုနေမှုများအား ဂရုမစိုက်ပေ။
သူ၏မျက်နှာတွင် အထင်သေးသည့်အမူအရာနှင့်ပြုံးလိုက်သည်။ သူ၏မျက်လုံးများတွင် ပျက်ရယ်ပြုခြင်းတို့နှင့် ပြည့်နှက်နေ၏။ ထို့နောက်တွင် ရုတ်တရက် လက်မြောက်လိုက်ပြီး ဖှေးဘေးတွင် ရပ်နေသော အန်မာအား လက်ငြိုးထိုးလိုက်ပြီး ဆက်ပြောသည်။ “တစ်ခုကျန်သေးတယ်အရှင်မင်းကြီး....အရှင်မင်းကြီးရဲ့ အဲ့ဆံပင်ရွှေရောင်နဲ့အစေခံမလေးကို ကျွန်တော်အခုနေနေတဲ့နေရာကို ဒီညပို့လိုက်ပါ.....သူမလဲ ကျွန်တော်နဲ့အိပ်ခွင့်ရတာကို ဝမ်းသာနေသင့်တယ် ဟားဟား...နောက်ပြီး ခုနက နှိမ့်ကျတဲ့မြို့သားကို ကယ်လိုက်တဲ့နေရာမှာအသုံးပြုလိုက်တဲ့ မှော်ဆေးပုလင်းကိုလည်း ကျွန်တော်စိတ်ဝင်စားတယ် အဲ့ဆေးပုလင်းတွေရှိသမျှအကုန် ကျွန်တော့ကိုပေးပါ....ကျွန်တော်ခိုင်းတာအကုန်လုပ်မယ်ဆိုရင် ချမ်းဘော့ဒ်ရဲ့ရိုင်းပြမှုကို ဇီးနစ်အင်ပါယာက အပြစ်မပေးတော့ပဲ ခွင့်လွှတ်ပေးလို့ရတယ်......”
ထို့ကဲ့သို့ပြောပြီးသော် စီးမက်ခ် ဖှေးအား အထင်သေးစွာကြည့်လိုက်သည်။
ယခုအချိန်မတိုင်ခင်ထိ စီးမက်ခ် အဖွဲ့ဝင်(လက်အောက်ခံ)နိုင်ငံတော်တော်များများသို့ရောက်ဖူးသည်။ ထိုနိုင်ငံများမှ ဘုရင်များ ဝန်ကြီးချုပ်များသည် သနားစရာကောင်းသော သူတောင်းစားများကဲ့သို့ပင်။ သူတို့၏နိုင်ငံအား ဇီးနစ်အင်ပါယာမှ ဆက်လက်၍ကာကွယ်ပေးရန်အတွက် စီးမက်ခ် စိတ်ကြိုက်လိုလေသေးမရှိ ဖြည့်စည်းပေးကြသည်။ အဆင့်၅ လက်အောက်ခံနိုင်ငံတစ်ခုမှဘုရင်တစ်ပါးဆိုလျှင် သူ၏လက်ထပ်ပြီးခါစ မိဖုရားကိုပင် စီးမက်ခ်နှင့် အတင်းအကြပ်အိပ်စေခဲ့သည်။ ယနေ့တောင်းဆိုမှုမှာ စီးမက်ခ်၏ စိတ်ထဲတွင် ရှေ့တွင်ရှိနေသော ဘုရင်ငယ်လေးအား အနည်းငယ်ညှာတာပေးထားခြင်းဟုပင် မြင်နေ၏။
စီးမက်ခ်မှာ အကျင့်ကောင်းသူမဟုတ်ချေ။ သူတို့၏နယ်မြေတွင် အာဏာအကြီးဆုံးဖြစ်သည့် ဘုရင်များ သူရှေ့တွင် ဒူးထောက်ပြီးခယနေသည်အား သူသဘောကျသည်။ ထိုအရာသည် သူ့အား အင်ပါယာအရှင်သခင်တစ်ယောက်ကဲ့သို့ ခံစားရစေသည်။
သို့သော် ယနေ့တွင်မူ စီးမက်ခ်သူမျှော်လင့်နေသည် ခံစားချက်အား မခံစားရသေးချေ။သူ၏အရှေ့တွင်ရှိနေသောဘုရင်မှာ မျက်နှာတွင်ထူးဆန်းသည့်အမူအရာနှင့် ရပ်လျှက်ရှိနေသည်ကို အံ့သြဖွယ်တွေ့လိုက်ရသည်။ ဘုရင်မှာ တည်ငြိမ်ပြီး အေးစက်စက်ရှိနေသည်။ စီးမက်ခ်စိတ်ကျေနပ်အောင် ပြုမူဖားယားမည့်ပုံအားတစ်စက်မှမရှိချေ။
ရုတ်တရက်ပင် စီးမက်ခ်၏ အပြုံးမှာပျောက်ကွယ်သွားသည်။
“ငယ်ရွယ်ပြီး မာနထောင်လွှားနေတဲ့ဘုရင် ငါစိတ်မရှည်တော့ဘူးနော်....ငါပြောတာကိုချက်ချင်းလုပ်ပေး....နို့မို့ဆို မင်းရဲ့တိုင်းပြည်သေးသေးလေးက ငာ့လိုသူရဲကောင်း ကပ္ပတိန်တစ်ယောက်ရဲ့ဒေါသကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး..”
စီးမက်ခ်၏ အော်ဟစ်လိုက်သံနှင့် ပြိုင်တူပင်အနီရောင်ဝတ်ရုံနှင့် စစ်သည်များသည်ဓားများဆွဲထုတ်ပြီး ဖှေးကို ရွယ်လိုက်ကြသည်။ သူတို့၏မျက်နှာတွင်ကောင်ကျစ်သော အပြုံးများဖြင့်ပြည့်နှက်နေ၏။
ဤနည်းလမ်းသည် လွန်ခဲ့သည့် အဆင့်၅ နှင့်အဆင့်၆ လက်အောက်ခံနိုင်ငံများတွင် အလွန်ထိရောက်ခဲ့သည့် နည်းလမ်းဖြစ်သည်။ ခေါင်းမာနေသော ဘုရင်များအား ထိုကဲ့သို့ ဓားများဆွဲထုတ်၍ ခြိမ်းခြောက်လိုက်ပါက ချက်ချင်းပင် ဒူးထောက်တောင်းပန်ကြပြီး တောင်းဆိုသည်များကို လိုက်လျှောပေးကြရ၏။ ယခုဘုရင်လဲထိုကဲ့သို့ပင် ကြောက်လန့်သွားပြီး မိဖုရားအား စားပွဲဝိုင်းအက ကခိုင်းလိမ့်မည်ဟု မျှော်လင့်ထားကြသည်....
သို့သော်---
“ဟုတ်ပြီလေ ခွေးသားတွေ မင်းတို့ဘယ်လိုပုံနဲ့သေချင်လဲပြောကြစမ်း.....”
ဤသည်မှာ ငယ်ရွယ်သည့်ဘုရင်၏ တုံ့ပြန်မှုဖြစ်သည်။
“ဘာ..ဘယ်လို....သူဘာပြောလိုက်တာလဲ”
မြင်းစစ်သည်များတစ်ယောက်နှင့် တစ်ယောက်ပြိုင်တူစိုက်ကြည့်လိုက်မိကြ၏။
ထိုမြင်းစစ်သည်များမှာ နားလည်နိုင်ခြင်းမရှိကြပေ။ “အဆင့်၆လက်အောက်ခံနိုင်ငံက ဘုရင်က ဘာလို့ အထက်တန်းစားတော်ဝင်သူရဲကောင်း ကပ္ပတိန်ကို ဘာလို့ဒီလိုပြန်ပြောရဲရတာလဲ...သူထီးနန်းမလိုချင်တော့ဘူးလား.....”
“ဟေ့ကောင် မင်းဘာပြောလိုက်တာလဲ။ မင်းပြောလိုက်တာကို မင်းနားလည်ရဲ့လား.....”
စီးမက်ခ်၏မျက်နှာ ပို၍ပို၍ အေးစက်လာသည်ကိုမြင်သောအခါ ဆယ်ကျော်သက်ကောင်လေး၏ လည်ပင်းအားဓားဖြင့်ခုတ်ခဲ့သည့် မြင်းစစ်သည်မှာ မျက်နှာရလိုသဖြင့် ရှေ့သို့ထွက်လာပြီး ဖှေးနှာခေါင်းထိပ်အား ဓားဖြင့်ရွယ်ကာ ကျိမ်ဆဲလိုက်သည်။ “ငါxိုးမခွေးသား မင်းကမင်းကိုယ်မင်း ကြီးမြတ်တဲ့ဘုရင်ကြီးတစ်ပါးလို့ထင်နေတာလား...ဒူးထောက်ပြီး ကပ္ပတိန်စီးမက်ခ်ရဲ့ ဖိနပ်ကိုနမ်းပြီးတောင်းပန်စမ်း။ မဟုတ်လို့ကတော့.......”
“ဘုန်း”
အသံကြီးတစ်ခုမှာ ထိုသူ၏ ကျိမ်ဆဲနေခြင်းအား ဝင်ရောက်နှောင့်ယှက်လိုက်သည်။
ထိုစစ်သည်မှာ စကားပင်ဆုံးအောင်မပြောလိုက်ရ တစ်ခုခုဖြင့်အထိုးခံလိုက်ရသလို ရုတ်တရက်ခံစားလိုက်ရသည်။ ထိုသူမှာ ထိတ်လန့်သွား၏ အောက်သို့နားမလည်စွာဖြင့် ငုံ့ကြည့်လိုက်သည်။ တစ်စက္ကန့်အကြာတွင် သူ၏မျက်နှာမှာတွင် ဖုံးကွယ်၍မရသော ထိတ်လန့်သွားသည့် အမူရာကြီးတစ်ခုပေါ်ပေါက်လာ၏။ ဤကဲ့သို့ထင်မက်မထားသော ထိတ်လန့်ဖွယ်ရာကြီးကြောင့် ကြောက်လန့်တကြားအော်ဟစ်လိုသော်လည်း ပါးစပ်ဖွင့်လိုက်သောအခါ အသံထွက်မလာတော့ချေ။ သွေးများသာ စီးကျလာ၏။
သွေးများပေကျံနေသည့် လက်သီးမှာ သူ၏နောက်ကြောမှ ဖောက်ထွက်လာခဲ့သည်။
အာမေဋိတ်သံများစွာ ပေါ်ထွက်လာခဲ့သည်။
ထိုစစ်သည်တစ်ယောက် အဓိပ္ပါယ်မရှိသည်များ ပြောဆိုနေသည့်အချိန်တွင် တိတ်ဆိတ်နေသည့် ဘုရင်အလတ်ဇန္ဒားမှာ ရုတ်တရက်ထိုစစ်သည်၏ ရင်ဘက်သို့ လက်သီးနှင့်ထိုးလိုက်သည်ကိုတွေ့လိုက်ရသည်။ အရိုးကြိုးကြေသံများပေါ်ထွက်လာခဲ့သည်။ အဆင့်၁၂ လူရိုင်းဇာတ်ကောင်၏ ခွန်အားများကို အထိန်းအကွပ်မရှိ အသုံးပြုကာထိုးလိုက်ခြင်းပင်။ ထိုလက်သီးမှာ စစ်သည်၏ရင်ဘက်အတွင်းသို့ ထိုးဖောက်ဝင်သွားပြီး နောက်ကြောမှပြန်ဖောက်ထွက်လာခဲ့သည်။ ကိုယ်တွင်းအင်္ဂါများ၊ အရိုးများမှာ တစ်စစီဖြစ်ကုန်ပြီဖြစ်သည်။
အားလုံး အံ့သြထိတ်လန့်ကုန်ကြသည်။
“လူ့ခန္ဓာကိုယ်ကို လက်သီးပဲသုံးပြီး ဖောက်ပစ်လိုက်တာဘယ်လိုခွန်အားပါလိမ့်......”ပို၍ ထိတ်လန့်အံ့သြဖွယ်ကောင်းသည်မှာ ထို့နောက်တွင် ဘုရင်အလတ်ဇန္ဒားသည် လက်ကိုလှုပ်ခါလိုက်ပြီး အလောင်းတစ်ခုလုံးအား ကြေမွအပိုင်းပိုင်းဖြစ်အောင် ခါရမ်းလိုက်ခြင်းပင်။ အလောင်းမှာ အသားစများအနေဖြင့်သာ အောက်သို့စုပုံကျကုန်တော့သည်။
“ဟာ..”
အာမေဋိတ်သံများ ထက်မံပေါ်ထွက်လာသည်။
ကပ္ပတိန် စီးမက်ခ်ပင် သွေးထွက်သံယိုမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး အနောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွား၏။ ကျန်ရှိနေသော အနီရောင်ဝတ်ရုံနှင့် စစ်သည်များမှာ ပို၍ပင်ထိတ်လန့်ကုန်ကြသည်။ သူတို့၏မျက်လုံးများထဲတွင် အကြောက်တရားများဖြင့်ပြည့်နှက်နေ၏။ အသားအပိုင်းအစများကို မြင်ပြီးသော် ဓားကိုင်သော်လက်များ တုန်ယဥ်လာကြသည်။
ရင်ပြင်တွင် တိတ်ဆိတ်နေ၏။ အကယ်၍ အပ်တစ်ချောင်းပြုတ်ကျခဲ့လျှင်မူ လူတိုင်းကြားနိုင်လိမ့်မည်ဖြစ်သည်။
“ဘုရားရေ ဘုရင်အလတ်ဇန္ဒားက ဇီးနစ်သံတမန်အဖွဲ့မှာပါတဲ့ စစ်သည်တစ်ယောက်ကို သတ်လိုက်တာပဲ.....”ထိုကဲ့သို့ ထိတ်လန့်အံ့သြဖွယ်မြင်ကွင်းကြောင့် လူတိုင်းခေါင်းထူပူသွား၏။ သို့သော်တစ်ချိန်တည်းမှာပင် အနည်းငယ်ကျေနပ်သွားသလိုလဲ ခံစားရသည်။
“ပြောစမ်းခွေးသားတွေ မင်းတို့တွေဘယ်လိုပုံနဲ့သေချင်ကြလဲ.....”
ဇီးနစ်မှစစ်သည်တစ်ယောက်အား ယင်ကောင်တစ်ကောင်ကဲ့သို့ပင် နင်းချေသတ်ပြီးနောက်တွင်လည်း ဖှေး၏ မျက်နှာအမူအရာမှာမပြောင်းလဲသေးချေ။ သူ၏လက်သီးတွင် ပေကျံနေသောသွေးများအား ခါချလိုက်ပြီး စီးမက်ခ်နှင့် ကျန်စစ်သည်များထံသို့ တရွေ့ရွေ့ကပ်လာ၏။ သူ၏အသံမှာ အေးစက်နေသည်။ သူ၏အသံများမှာ ဘလိပ်ဓားကဲ့သို့ စူးရှနေသည်။ သတ်ဖြတ်ရန်ရည်ရွယ်ချက်များပြည့်နှက်နေသော မျက်လုံးများဖြင့် ရန်သူများအား ခွေးပင်မစားချင်သော အသားစများကဲ့သို့ပင် ကြည့်နေ၏။
“မင်းက မြို့တော်ကစစ်သည်တစ်ယောက်ကို သတ်ရဲတယ်ပေါ့...” ပထမပိုင်းတွင် အံ့သြထိတ်လန့်နေသော စီးမက်ခ်မှာ ယခုအခါတွင် အလွန်အမင်းဒေါသထွက်နေပြီဖြစ်သည်။ ဒေါသကြောင့် အသားများပင် တဆက်ဆက်တုန်ခါနေပြီး ဖှေးအား လက်ညှိုးထိုးကာအော်ဟစ်လိုက်သည်။ “ပြီးပြီ။ ချမ်းဘော့ဒ်တော့ ပွဲသိမ်းပြီး။ မင်းလဲသေပြီ။ ဒီနေ့ကစပြီး ချမ်းဘော့ဒ်က ဇီးနစ်အင်ပါယာရဲ့ရန်သူပဲ...မင်းစပြီးကြောက်လန့်နေပေတော့...မကြာခင်မှာပဲ ချမ်းဘော့ဒ်က ပြာပုံထဲရောက်တော့မယ်.......”
“ဟုတ်လားကွ...” ဖှေး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။ “ငါတို့က အခုရန်သူတွေဖြစ်သွားပြီပေါ့...အဲ့တော့ဘာဖြစ်လဲ....ဇီးနစ်အင်ပါယာကအဲ့လောက်ကြီးကျယ်လို့လား.....။ ချမ်းဘော့ဒ် ပြာပုံထဲရောက်တာ၊ မရောက်တာက မသေချာပါဘူး...သေချာတာတစ်ခုက မင်းတို့တွေအကုန်လုံး ချမ်းဘော့ဒ်ကနေတစ်ကောင်မှ အသက်ရှင်လျှက်ထွက်သွားနိုင်မှာ မဟုတ်ဘူးဆိုတာပဲ......”
ထိုကဲ့သို့ပြောပြီးသော် သူအော်လိုက်သည်။ “ပီးရာ့စ်နဲ့ ဘရွတ်ဘယ်မှာလဲ....”
ဘရွတ်နှင့် ပီးရာ့စ် လူအုပ်ထဲမှ တိုးဝှေ့ပြီးရောက်လာကြသည်။
“အမိန့်ရှိပါ.....”
“မြို့သူမြို့သားတွေကို ဆုတ်ခွာခိုင်း၊ မြို့အဝင်အထွက် ဂိတ်တံခါးတွေကို ပိတ်လိုက်တော့။ အဲ့ ဇီးနစ်ကအဖွဲ့တွေကို ဘုရင်အစောင့်တပ်ဖွဲ့ကိုခေါ်ပြီး ဝိုင်းထား.....တစ်ခုခု လှုပ်ရှားဖို့ကြံတာနဲ့ ချက်ချင်း သတ်ပစ်”
“ဟမ်...”
ထိုကဲ့သို့အမိန့်ကိုကြားသော် အတွေ့ကြုံနှင့် ဆင်ခြင်တုံတရားရှိသော ဘရွတ်မှာ ထိတ်လန့်သွား၏။ “ဘုရင်က ဇီးနစ်အင်ပါယာကို စစ်ကြေငြာဖို့လုပ်နေတာလား....” ဆင်ခြင်တုံတရားနည်းသော ပီးရာ့စ်တစ်ယောက်ပင် ထိုအမိန့်အား လုပ်ဆောင်ရန်တွန့်ဆုတ်နေ၏။
တစ်ဖက်တွင် အလွန်ဒေါသဖြစ်နေသော ကပ္ပတိန် စီးမက်ခ်မှာ ထိုအမိန့်ကိုကြားသောအခါ စတင်ရယ်မောတော့သည်။ “ဟားဟားဟား ကောင်းလှချည်လား သံတမန်အဖွဲ့ကို ဝိုင်းထားပြီး အင်ပါယာကို ခြိမ်းခြောက်ရဲတယ်ပေါ့..ဟားဟား... သံတမန်အဖွဲ့နဲ့ပါလာတဲ့မြင်းစစ်သည် ၆၀၀ ကျော်က ချမ်းဘော့ဒ် ဘုရင့်အစောင့်တပ်ဖွဲ့ရဲ့ စစ်အင်အား၄၀၀လောက်ကို အေးဆေး အမှုန့်ချေပစ်လို့ရတယ်ကွ.....ဟားဟား...ဒါတော်တော်ရယ်ရတာပဲ...ချမ်းဘော့ဒ်ဆိုတဲ့တိုင်းပြည် ရှိစရာမလိုတော့ဘူးထင်ပါတယ်...ပထမဆုံး ငါမင်းကိုအရင်ခေါင်းဖြတ်မယ်....ပီးရင်မြို့ထဲက မိန်းမတွေအားလုံးကိုသိမ်းပိုက်မယ်....ယောက်ျားတွေကိုကျသတ်ပြီး နန်းတော်ကိုမင်းတို့သွေးနဲ့ဆေးတာပေါ့......”
စီးမက်ခ် ပြောနေရင်းဖြင့် သူ၏ဓားကိုဆွဲထုတ်လိုက်သည်။ အဝါရောင် မြေစွမ်းအင်များမှာ သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြီး နဖူးတွင် ကြယ်နှစ်ပွင့်ပေါ်ပေါက်လာသည်။ ကြယ်နှစ်လုံးစစ်သည်၏ လက္ခဏာများပင်။
“ကျား”
စီးမက်ခ်မှာ အသေသတ်ရန်ရည်ရွယ်ထားသည်။ထို့ကြောင့် သူ၏အတွင်းအားစွမ်းအင်များကို ထုတ်သုံးလိုက်ခြင်းပင်။ သူ၏ဓားကိုမြေပေါ်ထောက်လိုက်သည့်အခါတွင် ဓားမှာ အရောင်တောက်ပလာသည်။ ထို့နောက်တွင် ဖှေးထံသို့ ပြိုကျလာသော တောင်တစ်လုံး၏ အရှိန်ဖြင့် ဝင်ခုတ်တော့သည်။
“ဟမ် မင်းက ကြယ်နှစ်လုံးအဆင့်လေးနဲ့ ငါ့ရှေ့မှာ လာဖင်ယားနေတာလား...မင်းကိုယ့်သေတွင်းကိုယ်တူးလိုက်တာပဲ.....”
ဖှေးထံမှ အဖြူရောင်အလင်းတန်းတစ်ခုတောက်ပသွားပြီး လက်ထဲတွင် ရွှေရောင်မုန်တိုင်းဆေဘာဓားရောက်လာသည်။ ဖှေးသူ၏ ဓားကို ဝှေ့ရမ်းလိုက်ပြီး မုန်တိုင်းဆေဘာဓားနှင့် စီးမက်ခ်၏ ဓားတို့ ထိပ်တိုက်တွေ့ကြတော့သည်။ မီးပွားမီးစများနှင့် သတ္ထုခြင်းရိုက်ခက်သံများပေါ်ထွက်လာပြီးနောက်တွင် စီးမက်ခ်ကိုယ်အား လွှမ်းခြုံထားသည့် အဝါရောင်စွမ်းအင် အကာကွယ်တို့မှာ ကြေမွကွဲထွက်ကုန်တော့သည်။ သူ၏ဓားမှာလဲ ရစရာမရှိအောင် ပဲ့ထွက်ကုန်တော့သည်။ သူအနောက်သို့လွှင့်စင်သွားပြီး ပါးစပ်မှလဲ သွေးများစီးကျလာသည်။
“မင်း.......မင်းမှာဘာလို့ ဒီလိုအစွမ်းတွေရှိနေရတာလဲ.....”
စီးမက်ခ် အနောက်သို့လွင့်စင်သွားပြီး အနောက်ရှိကျောက်ရုပ်ထုတစ်ခုနှင့် ဆောင့်တိုက်လိုက်မိ၏။ သူ၏ပါးစပ်မှ သွေးများဆက်တိုက်စီးကျနေသည်။ မျက်နှာတွင် ထိတ်လန့်မှုများ၊ မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။ သူကျောက်တုံးကို ကိုင်ပြီး ပြန်ထနိုင်ရန်ကြိုးစားနေ၏။
ဖှေး စီးမက်ခ် အား လစ်လျူရှုပြီး ရှေ့သို့ပြေးဝင်သွားသည်။ သူ၏လက်ထဲမှ ရွေရောင်ဓားသည့် ရွေရောင်အလင်းတန်းအဖြစ်ပြောင်းသွား၏။ ပဲပြားလှီးသကဲ့သို့ အသံတစ်ခုထွက်ပေါ်လာပြီး အနီရောင်စစ်သည်၈ယောက်အနက်၇ယောက်၏ လည်ပင်းမှ သွေးများစီးကျလာတော့သည်။ ကောင်လေးအား ခုတ်ပိုင်းလိုက်သကဲ့သို့ ဒဏ်ရာမျိုးပင်။ သူတို့အားလုံးချက်ခြင်းမသေနိုင်ကြသေးပဲ နာကြင်စွာအော်ဟစ်နေကြသည်။
မသေပဲကျန်ရှိနေသည့် စစ်သည်တစ်ယောက်မှာ ကြောက်လန့်လွန်းသဖြင့် မလှုပ်နိုင်မရှားနိုင်ဖြစ်သွား၏။ “ချွင်”ဓားမှာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး ဒူးများပင်တုန်ခါလာသည်။
“ဒီကိုလာခဲ့...ဒူးထောက်ပြီး ငါ့ဖိနပ်ကို လာနမ်းစမ်း.....”
ဖှေးပြောလိုက်၏။