“ဘေးဖယ်မနေရင် မင်းပါသေမယ်”
Vol. 4 Ch. 60
စစ်သည်မှာ အလွန်တရာကြောက်လန့်နေသည်။ သူ၏ ခေါင်းများထူပူနေပြီး ဘာမှမတွေးနိုင် မတုန့်ပြန်နိုင်ချေ။ ဖှေးပြောလိုက်သည့် စကားလုံးတိုင်းသည် သူ၏ခေါင်းတွင်မိုးထားသည့် ဓားများကဲ့သို့ပင် အချိန်မရွေးကိုယ်ပေါ်ပြုတ်ကျလာပြီး တစစီဖြစ်သွားနိုင်သည်။ သူ၏အပေါင်းအပါများ ဓားဒဏ်ရာဖြင့်မြေပေါ်တွင် လူးလိမ့်နေပြီး သေပါရစေဟုပင် အော်ဟစ်နေသံများမှာ သူ့နားထဲမှမထွက်သေးပေ။ မြင်းစစ်သည်မှာ တွန့်ဆုတ်မနေတော့ပဲ ဒူးထောက်ပြီး ဖှေးထံသို့ လေးဘက်ကုန်းသွားကာ ဖှေး၏ ဖိနပ်အား နမ်းလိုက်တော့သည်။
ဖှေး သူ၏ခေါင်းကို ခါရမ်းပြီး နှိမ်လိုက်သည်။ “မင်းလိုမာနထောင်လွှားပြီး၊ သေရမှာတော့ကြောက်တဲ့ကောင်ကို ဘယ်လိုလုပ်သူရဲကောင်းလို့ခေါ်နိုင်မှာလဲကွ.....”
“ကျွန်တော်နဲ့ မထိုက်တန်ပါဘူး
..ကျွန်တော်က သူရဲကောင်းဆိုတဲ့ ဂုဏ်နဲ့မထိုက်တန်ပါဘူးအရှင်မင်းကြီး၊ ကျွန်တော်ကသာမန် မြင်းစစ်သည်တစ်ယောက်ပါ....အသက်ချမ်းသာပေးပါအရှင်မင်းကြီး.....”စစ်သည်မှာ ဒူးထောက်ပြီး အသဲအသန်ဖြင့် အရိုသေပေး၊ ခယနေ၏။ ယခင်က မာနထောင်လွှားနေခဲ့သောအသွင်များမရှိတော့ပေ။ ယခုအခါတွင် အသက်သာရှင်လိုသည့် တောခွေးတစ်ကောင်ကဲ့သို့ပင်။
“ငါမင်းကို မသတ်ဘူး” ဖှေးပြောလိုက်သည်။
“ကျေးဇူးပါ အရှင်မင်းကြီး၊ အရှင်မင်းကြီးနဲ့ ကြီးမြတ်မှု ကြင်နာပေးမှုတို့အတွက်ကျေးဇူးပါ။ ကျွန်တော်....”စစ်သည်မှာ အံ့သြဝမ်းသာသွားပြီး ဖှေးအား တက်နိုင်သမျှမြှောက်ပင့်တော့သည်။
ဖှေးသူ၏စကားကို စိတ်မရှည်စွာဖြင့် ဖြတ်ပြောလိုက်သည်။ “မင်းကိုငါကိုယ်တိုင်မသတ်ဘူး....တစ်ယောက်ယောက်က သတ်လိမ့်မယ်.....” ဖှေးထိုကဲ့သို့ပြောပြီးသောအခါ လည်ပင်းအားဓားဖြင့်ပိုင်းခံခဲ့ရသော ကောင်လေးအား လက်ယက်ခေါ်လိုက်သည်။ ကောင်လေးမှာ [သွေးပုလင်း အလတ်စား]အစွမ်းကြောင့် အပြည့်အဝ ပြန်လည်သက်သာနေပြီဖြစ်ပြီး အနည်းငယ်မောပန်းနေမှုသာ ကျန်ရှိတော့သည်။ သူသည် လူအုပ်ကြီး၏ အရှေ့တွင် သူ့သူငယ်ချင်းများ၏ အကူအညီဖြင့် ရပ်နေခဲ့ခြင်းဖြစ်သည်။ ဘုရင်အလတ်ဇန္ဒားမှ သူ့အား လက်ယက်ခေါ်သည်ကိုတွေ့သော်အခါ စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ဘုရင်ထံသို့အပြေးသွားပြီး အရိုအသေပေး၊ အလေးပြုလိုက်သည်။
“မင်းနာမည်ဘယ်လိုခေါ်လဲ စစ်သား” ဖှေး ပြုံးပြီးမေးလိုက်သည်။
“တိုးရီစ်၊ ကျွန်တော့နာမည်က ဖာနမ်ဒို တိုးရီစ်ပါ အရှင်မင်းကြီး” ကောင်လေးမှာ အလွန်ပျော်ရွင်စိတ်လှုပ်ရှားနေ၏။ ပြီးခဲ့သည့် ချမ်းဘော့ဒ်ခုခံမှုတိုက်ပွဲတွင်ကောင်လေးမှာ ကူညီလိုသဖြင့် စစ်သည်စုဆောင်းရာတွင် ပါဝင်ခဲ့ပြီး ခံတပ်နံရံအား စောင့်ကြပ်ရမည့် တာဝန်တစ်ခုရခဲ့သည်။ တကယ့်တိုက်ပွဲတွင်တော့မပါဝင်ခဲ့ရချေ။ သို့သော် ယနေ့တွင် ဘုရင်အလတ်ဇန္ဒား၏ သူရဲကောင်းဆန်သည့် လုပ်ရပ်များကို ခံတပ်နံရံပေါ်မှ မြင်တွေ့ခွင့်ရခဲ့သည်။ ထိုအခိုက်တန့်တွင် ဘုရင်အလတ်ဇန္ဒားသည် တိုးရီစ်၏ အားကျရသည့် ရှေ့ဆောင်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ သူရဲကောင်းတစ်ယောက်ဖြစ်ရန်မှာ ငယ်ရွယ်သည့်ကောင်လေးတိုင်း၏ အိမ်မက်ပင်။ တိုးရီစ်မှာ တစ်နေ့နေ့တွင် ဘုရင်အလတ်ဇန္ဒားကဲ့သို့ ကြီးမြတ်သည့် သူရဲကောင်းစစ်သည်တစ်ယောက်ဖြစ်လာရမည်ဟု မိမိကိုယ်မိမိပြောခဲ့သည်။ရက်စက်သောရန်သူများနှင့် အေးစက်သော သေခြင်းတရားတို့မှာ သူ့အားတားဆီးနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် တော်ဝင်မြင်းစစ်သည်နှင့် သူရဲကောင်းများ မိဘုရားလောင်းအား ရိုင်းပြနေသည့်အချိန်တွင် ရှေ့ဆုံးမှနေ၍ဝင်ကာ မားမားမက်မက်ကာကွယ် ပြန်လည်တုန့်ပြန်ပြောဆိုခဲ့ခြင်းပင်။
ဖှေး တိုးရီစ်၏ ပုခုံးအား ညင်သာစွာပုတ်လိုက်သည်။ ထို့နောက်တွင် မြေပေါ်ရှိမြင်းစစ်သည်တစ်ယောက်၏ ဓားကို ကောက်ယူလိုက်ပြီး တိုးရီစ်ကို ပေးကာ “တိုးရီစ်မင်းတစ်ယောက်ယောက်ကို သတ်ရဲမလား”
တိုးရီစ် တွံ့ဆုတ်သွားသည်။ မသတ်ရဲဘူးဟု ပြန်လည်ပြောဆိုရန်ပြင်လိုက်သည်။ သို့သော် ယနေ့နေ့လည်တွင် ဖြစ်ပျက်ခဲ့သော တံတားပေါ်မှ သွေးထွက်သံယိုမြင်ကွင်းများမှာ ပြန်လည်သတိရသွားသည်။ ထို့ကြောင့်ပင် တိုးရီစ် အံကြိတ်ပြီး ပြတ်ပြတ်သားသားပြန်ဖြေလိုက်သည်။ “သတ်ရဲပါတယ် အရှင်မင်းကြီး”
“ဟုတ်ပြီလေ။ ဒါဆိုရင် ချမ်းဘော့ဒ်ကို စော်ကားတဲ့ဒီခွေးသားကို သတ်ဖို့ ငါ့ကိုကူညီပေးပါ....””ဖှေး မြေပြင်ပေါ်တွင် ဒူးထောက်တောင်းပန်နေသော မြင်းစစ်သည်အား ညွှန်ပြပြီးပြောလိုက်သည်။ ထိုသနားစရာကောင်းသောလူမှာ ခုခံနိုင်ရန် သတ္တိမရှိတော့ပေ။ တိုးရီစ်ဓားကိုင်ပြီး လာသည်ကို တွေ့သော်လည်း ထွက်မပြေးရဲချေ။ ဒူးထောက်လျှက်သာရှိ၏။
ဤသည်မှာ တိုးရီစ်တစ်စုံတစ်ယောက်အား သတ်မည့် ပထမဆုံးအကြိမ်ဖြစ်သည်။
ရိုးသားစွာပင် ဓားကိုင်ပြီး မြင်းစစ်သည်ထံသို့ လျှောက်သွားသည့်အချိန်တွင် အင်မတန်ကြောက်လန့်နေခဲ့သည်။ သို့သော် ဓားအားခုတ်ပိုင်းချလိုက်ပြီး သွေးများသူ၏မျက်နှာသို့ လာစင်သည့်အချိန်အခိုက်တံ့တွင်မူ သူ၏ ဝိညင်ထဲတွင် တစ်စုံတစ်ခုတောက်လောင်သွားသည်ကို ခံစားလိုက်ရသည်။ သူ မည်သည့်အရာကိုမျှ မကြောက်ရွံ့တော့ချေ။
“ကောင်းတယ် ဖာနမ်ဒို တိုးရီစ်။ ဒီနေ့ကစပြီး မင်းကို ငါ့ရဲ့ကိုယ်ရံတော်အဖြစ် ခန့်အပ်တယ်.....”ဖှေး တိုးရီစ်၏ ဆောင်ရွက်ချက်အား သဘောကျသွားသည်။
သူ၏အရှေ့တွင်ရှိနေသော ဆယ်ကျော်သက်အရွယ်ကောင်လေးမှာ မြင်းစစ်သည်များ၏ ချွတ်ထက်နေသည့် ဓားများကို ကြောက်လန့်ခြင်းမရှိပဲ အန်ဂျယ်လာ နှင့် ချမ်းဘော့ဒ်၏ ဂုဏ်ကျက်သရေအား ကာကွယ်ရန်အတွက် ရှေ့မှမားမားမက်မက်ရပ်နေခဲ့ခြင်းကို ဖှေးအလွန်အထင်ကြီးသဘောကျမိသည်။ လက်နက်နှင့် ချပ်ဝတ်အပြည့်စုံဝတ်ထားပြီး အားသာနေသည့်နေရာမှ လူ၏ရဲရင့်မှုမှာ မယုံရပေ။ တိုးရီစ်ကဲ့သို့ အားနည်းသည့်အခြေအနေတွင်ရှိနေပြီး အားကိုးစရာတစ်စုံတစ်ခုမှမရှိသည့်အချိန်၌ပင် ရင်ဆိုင်ရဲသည့်ရဲရင့်မှုမှာ နှလုံးသားထဲက လာသည့် ရဲရင့်မှုပင်။ တိုးရီစ်၏ ဓားကိုင်ထားသောလက်များမှာ ပထမဆုံအကြိမ်လူသတ်ခြင်းဖြစ်၍ တုန်ခါနေသော်လည်း တစ်နေ့တွင် ရဲရင့်သည့်စစ်သည်တစ်ယောက်ဖြစ်လာမည်ဖြစ်ကြောင်းမှာ ထင်ရှားသည်။
“ဟမ်”
တိုးရီစ်အံ့သြသွားသည်။ ဤသည်မှာ သူ့အတွက် ကောင်းကင်မှ ပြုတ်ကျလာသော လက်ဆောင်တစ်ခုကဲ့သို့ပင်။ မယုံကြည်နိုင်ဖြစ်ပြီး ဆွံအကာ ကြက်သေသေသွား၏။ နောက်ဆုံးတွင် သူ၏သူငယ်ချင်းများ သတိပေးသောအခါမှ ဒူးထောက်ပြီး ဘုရင်၏ဆုလာဘ်အတွက် ကပျာကယာကျေးဇူးတင်လိုက်သည်။ သူပြန်ထပြီး ဖှေးအနောက်တွင် မက်တပ်ရပ်နေသည့်အချိန်၌ ပင်မယုံနိုင်သေးချေ။ အိမ်မက်များမက်နေတာလားဟု ကိုယ့်ကိုယ်ကို ဆွဲစိတ်ကြည့်နေ၏။ နာကြင်မှုမှာ အိမ်မက်မဟုတ်မှန်း သက်သေထူနေ၏။ သူလေးစားအားကျရသည့် ပုဂ္ဂိုလ် ဘုရင်အလတ်ဇန္ဒား၏ ကိုယ်ရံတော်ဖြစ်လာသည်မှာ အမှန်အကန်ပင်ဖြစ်သည်။ တိုးရီစ် ခါးမက်လိုက်ပြီး ဖှေး၏ အနောက်တွင် ဂုဏ်ယူဝင့်ကြွားစွာရပ်နေ၏။ သူ့သူငယ်ချင်းများ၏ အားကျသည့်အကြည့်များအောက်တွင် တိုးရီစ်မှာ အရပ်ပိုရှည်လာပြီး စစ်သည်ကြီးတစ်ယောက်ဟုပင်ထင်ရသည်။
တစ်ဖက်ရှိ ကြီးမားသော နတ်ဘုရားရုပ်တုကြီး၏ အောက်တွင် ကပ္ပတိန် စီးမက်ခ်မှာ အရာအားလုံးက်ိုနားလည်ရန် သူ့ခေါင်းမကောင်းတော့ဟုပင်ထင်မှတ်လိုက်ရသည်။
“အဆင့်၆ လက်အောက်ခံနိုင်ငံ ရဲ့ဘုရင်က ဘာလို့ ဇီးနစ်အင်ပါယာကတော်ဝင်စစ်သည်တွေကိုလူမြင်ကွင်းမှာ သတ်ရဲတာလဲ....”စီးမက်ခ် ဖှေးကို လက်ညိုးထိုးကာ တုန်ယဥ်နေသည်။ သူ၏နှုတ်ခမ်းများမှာ တုန်ယဥ်နေသဖြင့် စကားတစ်ခွန်းမှမပြောနိုင်ချေ။ လွန်ခဲ့သည့်တိုက်ခိုက်မှုတွင် ရန်သူဖြစ်သူမှာ သူ၏ အဝါရောင်စွမ်းအင်အကာအရံတို့ကိုသာ ချေမွပစ်လိုက်သည် မဟုတ်ပေ။ သူ၏ ယုံကြည်ချက်များကိုလည်း နင်းချေပစ်လိုက်သည်။ မာနထောင်လွှားနေခဲ့သော စီးမက်ခ်မှာ သူ၏အရှေ့တွင်ရှိသော ငယ်ရွယ်သည့်ဘုရင်သည် သူ့ထက်အစွမ်းများစွာပိုကြီးကြောင်း သိရှိသွား၏။
ဖှေး မြင်းစစ်သည်၈ယောက်အား ရှင်းပြီးနောက်တွင် စီးမက်ခ်ထံသို့ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် တဖြည်းဖြည်းချည်းကပ်လာသည်။ သူ အရင်မေးခွန်းကိုပဲ ပြန်မေးလိုက်သည်။ “ခွေးသား မင်းကရောဘယ်လ်ိုပုံနဲ့ သေချင်လဲ....”
အာမေဋိတ်သံများသည် စီးမက်ခ်၏ ခေါင်းထဲတွင်ပြည့်နှက်နေသည်။
မူလက သူသည် ဘုရင်က ကမူးရှူးထိုးလုပ်တတ်သော်လည်း သာမန်စစ်သည်များကိုသာ သတ်မည်ဖြစ်ပြီး သူ့ကိုတော့ သတ်ရဲလိမ့်မယ်မဟုတ်ဟု ထင်ထားခဲ့သည်။ ထိုစစ်သည်များမှာသာမန်စစ်သည်များသာဖြစ်သည်။ စီးမက်ခ်မှာမူ တော်ဝင်စစ်ဘက်ဆိုင်ရာအရာရှိတစ်ဦးဖြစ်ပြီး၊ ဇီးနစ်အင်ပါယာအရှင်သခင် ယရှင်း၏ ထီးနန်းကို လွှဲအပ်ယူရန် ဖြစ်နိုင်ချေအများဆုံးဖြစ်သည့်ဒုတိယမင်းသား ဇစ်ဂေါ့ဖ်၏ လူယုံတစ်ဦးလဲဖြစ်သည်။ သို့သော် သူမှားသွားပြီဖြစ်သည်။ သူ၏အရှေ့တွင်ရှိသော ကမူးရှူးထိုးဘုရင်မှာ သူ့အားထွက်သွားခွင့်ပြုမည်မဟုတ်ချေ။
ထိုအခိုက်တန့်တွင် စီးမက်ခ်မှာ ကြောက်လန့်နေပြီဖြစ်သည်။
ဇီးနစ်အင်ပါယာ၏ စစ်ဘက်ဆိုင်ရာအရာရှိဆိုသော ရာထူးမှာလဲ သူ့အားကာကွယ်ပေးနိုင်ခြင်းမရှိတော့ပေ။ သူ၏ ကြယ်နှစ်လုံးအဆင့် မြေစွမ်းအင်များကလည်း သူ့အားကယ်တင်နိုင်မည်မဟုတ်တော့ချေ။ တစ်ခြားလက်အောက်ခံနိုင်ငံများအား ခြိမ်းခြောက်ဖိအားပေးရာတွင် အသုံးပြုခဲ့သော အရာနှစ်ခုမှာ ယခုအခါတွင် အသုံးမဝင်တော့ချေ။ နောက်ဆုံးတွင် စီးမက်ခ်မိမိကိုယ်မိမိ မည်မျှအသုံးမဝင်ကြောင်းသိရှိလာပြီး ထိတ်လန့်တုန်ယင်လာတော့သည်။
စီးမက်နောက်ကိုသာ ဆုတ်နေ၏။ သူ့ထံတွင် မာနထောင်လွှားမှုများ တစ်စက်မှမကျန်ရှိတော့ချေ။ မျက်နှာတွင် ထိတ်လန့်နေသောအမူအရာတစ်ခုနှင့် အသက်ရှင်နိုင်မည့်နည်းလမ်းကိုသာ ကြံနေ၏။
ထိုအချိန်တွင်---
“အတင့်ရဲလှချည်လား အလတ်ဇန္ဒား မောင်မင်းရဲ့အပြုမူတွေကို ရပ်လိုက်စမ်း....”
လူအုပ်ထဲမှ အသံတစ်ခုထွက်ပေါ်လာသည်။ စီးမက်ခ်၏ မျက်လုံးများ အရောင်တောက်ပသွား၏။မင်းသားငယ် ထရိုပင်စကီမှာ လူအုပ်ကြားထဲမှ တိုးဝှေ့ကာ စက်ဝိုင်းအတွင်းသို့ရောက်ရှိလာသည်ကိုတွေ့ သူတွေ့လိုက်ရသည်။
“အရှင့်သား..ကျွန်တော့ကို ကယ်ပါဦး အရှင့်သား...ချမ်းဘော့ဒ်က အင်ပါယာကို သစ္စာဖောက်လိုက်ပြီ။ ဇီးနစ်ကို စိန်ခေါ်ဖို့ကြံနေကြတယ်....”စီးမက်ခ်မှာ လေးဘက်ထောက်လျှက် မင်းသား၏ ဘေးသို့အပြေးကပ်သွားသည်။ ထို့နောက်တွင် ဒူးထောက်လိုက်ပြီး “တော်တော်ဆိုးပါတယ်အရှင့်သား...ဒီဘုရင်က ပါတီပွဲမှာရှိတဲ့ တော်ဝင်မြင်းစစ်သည်ရှစ်ယောက်ကို ရက်ရက်စက်စက်သတ်ပစ်လိုက်ပြီးပါပြီ....သံတမန်အဖွဲ့တစ်ဖွဲ့လုံးကို သတ်ပစ်ဖို့လည်း သူ့စစ်သားတွေကို အမိန့်ပေးနေပါတယ်.....”
အပစ်အားလုံးကို စီးမက်ခ် ဖှေးကိုသာ အကုန်လွှဲချလိုက်သည်။
မင်းသားငယ်ထရိုပင်စကီမြေပြင်ပေါ်ရှိ ဒဏ်ရာအပြင်းအထန်ရကာ သေခါနီးဖြစ်နေသော မြင်းစစ်သည်များနှင့် ထိတ်လန့်နေသော စီးမက်ခ်ကိုကြည့်ပြီးနောက် ဖှေးအားစိတ်ဆိုးစွာမေးလိုက်သည်။ “ဘုရင်အလတ်ဇန္ဒား ဒါဘာသဘောလဲ...မောင်မင်းမှာ ဖြေရှင်းချက်ကောင်းကောင်းရှိရင် ကောင်းမယ်နော်....”
မင်းသားငယ် ထရိုပင်စကီမှာ ယနေ့ညတွင် အလွန်ပျော်ရွင်နေခဲ့၏။ ဤကဲ့သို့ဝေးလံခေါင်ဖျားပြီး ဆင်းရဲသောတိုင်းပြည်ငယ်လေးတွင် မင်းသားမကြုံဖူးသည့် လွတ်လပ်ပျော်ရွှင်မှုများကို ခံစားနေရသည့်အတွက်ကြောင့်ပင်။ မြို့တော်မှာကဲ့သို့ သူ့အနောက်မှလိုက်ပြီး တချိန်လုံး ဘာလုပ်ရမယ် ဘာမလုပ်ရဘူး လိုက်ပြောနေသည့် တော်ဝင်ဆရာဆရာမများလည်း မရှိပေ။ သူ၏ ခမည်းတော် အင်ပါယာအရှင်သခင် ယရှင်း၏ စိတ်အခြေအနေကို သေချာသတိထားနေရပြီး အလိုက်သင့်ပြောင်းလဲပြုမူနေထိုင်နေစရာလဲမလိုပေ။ သူ၏နောင်တော်နှစ်ဦးဖြစ်သည့် အာရှာဗင်နှင့် ဇစ်ဂေါ့ဖ်တို့၏ နှိမ်ချသည့်စကားလုံးများကြောင့် ဒေါသစိတ်ကို မြိုသိပ်နေရန်လဲမလိုပေ။ ဤနေရာတွင် မြို့သူမြို့သားများ၏ နွေးထွေးမှုကို သူခံစားရသည်။ မီးပုံ၌ လွပ်လပ်စွာပြေးကာ ပျော်ရွှင်ကခုန်နိုင်၏။ ဤကဲ့သို့ ပျော်ရွှင်မှုများကို မြို့တော် စိန့်ပီတာစ်ဘာ့ချ်တွင် မကြုံတွေ့နိုင်ချေ။
ဤကဲ့သို့ ပျော်ရွှင်စရာကောင်းသော ပါတီမှာ သူ၏ ဘုရင်အလတ်ဇန္ဒားပေါ်တွင်ရှိနေသည့် မကျေနပ်မှုများကို ကွယ်ပျောက်စေခဲ့သည်။ သူ၏ဘေးတွင်ရှိနေခဲ့သော ချမ်းဘော့ဒ်မြို့သားများပြောနေသည့် ဘုရင်အလတ်ဇန္ဒား ၏ ရဲရင့်ပုံ စစ်ပွဲတွင်းဇာတ်လမ်းများကို ကြားရသောကြောင့် ထရိုပင်စကီမှာ အလတ်ဇန္ဒား နှင့် ခင်မင်ရင်းနှီးလိုစိတ်ပင် ပေါ်ပေါက်နေခဲ့သည်။
သို့သော်သူ၏ ရှေ့တွင်မြင်နေရသောအရာမှာ သူအားဒေါသဖြစ်စိတ်ဆိုးစေသည်။ တိုးဝေ့လူအုံနေကြသော မြို့သားများကြောင့် ထရိုပင်စကီ ရောက်လာသောအချိန်တွင် အဖြစ်ပျက်တစ်ဝက်ခန့် ဖြစ်ပြီးနေပြီဖြစ်သည်။ ထို့ကြောင့် ဘယ်ကစပြီး ဤကဲ့သို့ပြသနာစဖြစ်ကို မင်းသားမသိလိုက်ရချေ။ သို့သော် စီးမက်ခ် ပြောသည်မှာ မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ အလတ်ဇန္ဒား၏ လုပ်ရပ်မှာဇီးနစ်အင်ပါယာအား စိန်ခေါ်နေသကဲ့သို့ဖြစ်နေသည်မှာ အမှန်ပင်ဖြစ်သည်။ ထို့ကြောင့် အင်ပါယာ၏ မင်းသားတစ်ပါးအနေဖြင့် ပြန်လည်တုန့်ပြန်ရင်ဆိုင်ရမည်ဖြစ်သည်။ အလတ်ဇန္ဒား တွင် ဖြေရှင်းချက်ကောင်းကောင်းမရှိပါက အကျိုးဆက်မှာ ဆိုးဝါးသွားနိုင်သည်။
သို့သော်......
“ဖြေရှင်းချက်ဟုတ်လား...ဘာကိုဖြေရှင်းရမှာလဲ......”
ဖှေး ရယ်စရာတစ်ခုကြားလိုက်ရသည့်အတိုင်း မဲ့ပြုံးပြုံးလိုက်သည်။ ရှေ့သို့ ထက်မံ၍ တိုးကာ စီးမက်ခ် ထံဦးတည်လာသည်။ ဖှေး ထရိုပင်စကီအားစိုက်ကြည့်ပြီး အေးစက်စွာပြောလိုက်သည်။ “အရှင့်သား ရွေးချယ်မှုအမှားမလုပ်မိစေနဲ့။ ဘေးဖယ်မလား အသေခံမလား...”
“မင်း....”
မင်းသား ဒေါသဖြစ်သွားသည်။
ထိုအချိန်တွင် ရန်သူ၏ သတ်ဖြတ်ရန်ရည်ရွယ်ချက်အား သူကောင်းကောင်းသတိထားမိလိုက်သည်။ အကယ်၍ သူစီးမက်ခ်ရှေ့မှနေ၍ ဆက်လက်ကာကွယ်ပေးနေပါက ထိုလူမှာ မင်းသားဖြစ်နေစေကာမူ သူ့ပါသတ်လိမ့်မည်ဖြစ်သည်။ သို့သော် အင်ပါယာမင်းသားတစ်ပါးသည် ထိုကဲ့သို့ခြိမ်းခြောက်မှုအား ထိတ်လန့်ပြီး လိုက်လျှောပေးရန် မသင့်တော်ချေ။ ထရိုပင်စကီမှာ လူစွမ်းကောင်းတစ်ယောက်၊ စစ်သည်တစ်ယောက်မဟုတ်သော်လည်း ဤအခိုက်တန့်တွင် သူကာကွယ်နေသည်မှာ စီးမက်ခ်၏ အသက်မဟုတ်ပေ၊ အင်ပါယာ၏ ဂုဏ်ကျက်သရေဖြစ်ကြောင်းကို မင်းသားငယ်သိသည်။
ထို့ကြောင့်ပင် သူ၏ရှေ့တွင်ရှိသောရန်သူအား မယှဥ်ပြိုင်နိုင်သည်ကို သိသော်လည်း ထရိုပင်စကီသူ၏ ဓားအားဆွဲထုတ်လိုက်သည်။
“ဟမ်”
ဖှေး အံ့သြသွားသည်။ ဖှေး မင်းသားထရိုပင်စကီအား ထိုကဲ့သို့အခြေအနေမျိုးတွင် ရဲရင့်လိမ့်မည်ဟုထင်မထားပေ။ သို့သော် ဖှေး အံ့သြရုံသာရှိသည် ရှေ့သို့ဆက်လက် တိုးနေတုန်းပင်။ လူတိုင်းတွင် အထိမခံနိုင်သောအရာများဖြစ်သည်။ ထိုကဲ့သို့အရာမျိုးတွင် အင်ပါယာအရှင်သခင် ယရှင်းကိုယ်တိုင်ပင် လူ့လမ်းတွင်ဝင်ပိတ်ပါက သူ့ကိုပါခုတ်ရန် ဖှေး ဝန်လေးေနမည်မဟုတ်ချေ။
ထိုအခိုက်အတန့်တွင် နတ်ရုပ်တုကြီးတစ်ခုအောက်တွင် ရှိနေသော လူသုံးဦးအနက်တစ်ဦးမှာ စိတ်မရှည်ဖြစ်လာ၏။
“ဒီလူ တော်တော်အတင့်ရဲတာပဲ......” အမဲရောင်ဝတ်ရုံတစ်ခုခြုံကာ ရုပ်ဖြတ်ထားသော အမျိုးသမီးစစ်သည် ဆူဇန် ဒေါသဖြင့်ပြောလိုက်သည်။
“အရှင့်သမီး အဲ့လူကိုသွားသတ်ခွင့်ပြုပါ.....”
“နင့်သူ့ကို မယှဥ်နိုင်ဘူး” မင်းသမီးသည် အသာအယာ ငြင်းဆန်လိုက်သည်။
“မဖြစ်နိုင်ပါဘူး မင်းသမီး။ ကျွန်တော်မျိူးမ လေးစားစွာဖြင့် သဘောထားကွဲလွဲပါတယ်။ ကျွန်မက ကြယ်သုံးလုံးအဆင့်စစ်သည်ပါ။ အဲ့လူက ဒုတိယမင်းသားရဲ့ လက်ပါးစေ မြေခွေး စီးမက်ခ်ကို အနိုင်ယူနိုင်ရင်တောင်မှ ကျွန်မကိုတော့ယှဥ်နိုင်မှာမဟုတ်ပါဘူး....” ဆူဇန် မင်းသမီး၏ ဆုံးဖြတ်ချက်ကို မယုံကြည်သည်မှာ ထင်ရှားသည်။
မင်းသမီးခေါင်းရမ်းပြီး ဆူဇန်ကို လှစ်လျှူရှုလိုက်သည်။ ထို့နောက်တွင် တစ်ဖက်သို့လှည့်ပြီး တစ်ခြားလူတစ်ယောက်ကိုပြောလိုက်သည်။ “သူရဲကောင်း ကပ္ပတိန်ရိုမန် ဒီတစ်ခါတော့ ရှင်ကိုယ်တိုင်ပြုမူလှုပ်ရှားမှ ရတော့မယ်....”
“အမိန့်အတိုင်းပါ အရှင့်သမီး...”ဝတ်ရုံခြုံထားသော လူမှာ သူ၏ ရုပ်ဖြတ်ရန်ခြုံထားသည့် ခေါင်းဆောင်းဝတ်ရုံအား ချလိုက်ပြီး မင်းသမီးအား အရိုအသေပေးလိုက်သည်။ ထိုသူမှာ ယနေ့နေ့လည်ခင်းက လမ်းများပေါ်တွင် မင်းသမီးနှင့် ဆူဇန်တို့၏ အနောက်မှ လိုက်ပါလျှက်ရှိသော ဆံပင်ရွှေရောင်နှင့် အရပ်ရှည်ရှည်၊ ခန္ဓာကိုယ် တောင့်တောင့် စစ်သည်ပင်ဖြစ်သည်။
“ပြီးတော့ အလတ်ဇန္ဒားလို့ခေါ်တဲ့လူက စိတ်ဝင်စားစရာပဲ၊ သူ့ကိုသတ်စရာမလိုပါဘူး ဂျင်မီကိုပဲ လုံလုံခြုံခြုံနဲ့ပြန်ခေါ်လာခဲ့ပေးပါ။”
“ဟမ်”ဆံပင်ရွှေရောင်နှင့် စစ်သည်မှာ အံ့သြသွားသည်။ “ဒါဆိုအရှင့်သမီး လက်ထောက်ကပ္ပတိန် စီးမက်ခ်ကိုရော....”
“ဟီးဟီး အဲ့လက်ပါးစေ မြေခွေးကို ဒီမာပဲသေခိုင်းလိုက်လဲ ပြသနာမရှိပါဘူး။ အဲ့လူက ငါတို့အင်ပါယာကို အရှက်ရစေမယ့်ကိစ္စတော်တော်များများ လုပ်ခဲ့တာပဲလေ။ အခုချိန်က သူ့တရားသူစီရင်ဖို့အချိန်ပဲလေ...”
ရွှေရောင်ဆံပင်နှင့် စစ်သည်မှာခနတာတိတ်ဆိတ်ပြီး တွေးနေ၏။ ထို့နောက်တွင် “နားလည်ပါပြီ အရှင့်သမီး....”ထို့နောက်တွင် သူ၏ခန္ဓာကိုယ်အား ယိမ်းယိုင်လိုက်ပြီး မင်းသမီး၏ ဘေးမှပျောက်ကွယ်သွား၏။
“အရှင့်သမီး စီးမက်ခ်က သေသင့်တယ့်လူဆိုပေမယ့် သူက ဒုတိယမင်းသား ဇစ်ဂေါ့ဖ်ရဲ့လူယုံနော်။ သူဇစ်ဂေါ့ဖ်အတွက်တော်တော်များများ တာဝန်ထမ်းဆောင်ပေးခဲ့တယ်။သူဒီနေရာမှာ သေသွားရင် ဒုတိယမင်းသားက လွယ်လွယ်နဲ့တော့ ကြေအေးပေးမှာမဟုတ်လောက်ဘူး...”အမျိုးသမီးစစ်သည် ဆူဇန်မှာ သတိပေးလိုက်သည်။