ယဲ့ချန်၏ အသက်အမှတ်အသား
Vol. 60 Ch. 832
ယဲ့ချန်နဲ့ ခြင်္သေ့ကြီးက ဆရာအဖြစ် အသိအမှတ်ပြုလိုက်ကြပြီးသောအခါ လက်နှစ်ဖက်ဆုပ်၍ ဆရာဟု ခေါ်လိုက်ကြသည်။ သူတို့က ရှန်မူနှင့် များစွာမပတ်သက်ဖူးသော်လည်း အလွန်ကြင်နာသူတစ်ဦးဖြစ်ကြောင်း မသိစိတ်မှ ပြောနေခဲ့သည်။ လင်ချိုးသည် သူတို့ကို မနာလိုသော မျက်လုံးများဖြင့် ကြည့်နေပြီး စိတ်ထဲတွင် အလွန်မကျေမနပ်ဖြစ်ကာ ဘာကြောင့်ဟု ရှန်မူကို မေးခွန်းထုတ်ချင်နေသည်။ သူမက ကြယ်အလင်းနယ်မြေသို့ ရောက်ရှိသည်မှာ အလွန်ကြာမြင့်နေပြီး ကြိုးကြိုးစားစား ကျင့်ကြံခဲ့သောကြောင့် အချိန်လေဟာနယ်အဆင့်သုံးမှ လေးကို နားလည်သည်အထိ တိုးတက်လာနိုင်ခဲ့သည်။ သူမက ပါရမီကို သက်သေပြခဲ့သော်လည်း တစ်ဖက်လူက တရားဝင်တပည့်အဖြစ် လက်မခံခဲ့ပေ။ သို့သော် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ကြယ်အလင်းနယ်မြေသို့ ရောက်ပြီး ရက်ပိုင်းအတွင်း ရှန်မူ၏တပည့်များ ဖြစ်လာကြသည်။ သူတို့က သူမထက် မည်သည့်နေရာ၌ ပို၍ထူးချွန်ကြောင်း နားမလည်သော်လည်း ရုန်ယွမ်ကို တစ်ချက်တည်းဖြင့် ဒဏ်ရာရအောင် စွမ်းဆောင်လိုက်ခြင်းက အဖြေဖြစ်နိုင်သည်။ နှစ်ယောက်လုံး၏ပါရမီက သူမထက် ပို၍မြင့်မားနေသောကြောင့် မေးခွန်းထုတ်ချင်သော်လည်း ခေါင်းဆောင်တစ်ယောက်ရှေ့တွင် ကလန်ကဆန်လုပ်နိုင်သော အခွင့်အရေးမျိုး သူမ၌ မပိုင်ဆိုင်ပေ။ သူမက မည်မျှမကျေနပ်၍ ဒေါသထွက်နေပါစေ၊ ရှန်မူ၏ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်ဝံ့ပေ။
လီရိနှင့် အခြားပါရမီရှင်များသည်လည်း အလွန်မနာလိုဖြစ်နေကြပြီး ရှန်မူ၏တပည့်များဖြစ်လာလျှင် ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ အဆင့်အတန်းနှင့် အရင်းအမြစ်များကို လုံးဝယှဥ်နိုင်တော့မည် မဟုတ်ပေ။ သူတို့က အဆင့်အတန်းတူချင်လျှင် ပါရမီကို သက်သေပြပြီး ခေါင်းဆောင်ခြောက်ယောက်၏ အာရုံကို ဆွဲဆောင်နိုင်ရပေလိမ့်မည်။
ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ အရိုအသေပေးမှုကြောင့် သူတို့၏ပါရမီကို အလွန်ကျေနပ်နေသော ရှန်မူက လူရွေးမမှားကြောင်း ယုံကြည်နေသည်။ သူ၏အကျင့်စရိုက်အရ ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ ပွင့်လင်းဖြောင့်မတ်သော မဟုတ်မခံစိတ်ကို သဘောကျနေခဲ့သည်။ ဤတပည့်နှစ်ယောက်က ပါရမီရှိသကဲ့သို့ စိတ်ထားဖြောင့်မှန်သူများ ဖြစ်သောကြောင့် ကျင့်ကြံရေးခရီးတွင် သေချာပေါက် အောင်မြင်ပေလိမ့်မည်။ ကံကောင်းသည်မှာ ယနေ့တွင် သင်ခန်းစာပို့ချရန် ရောက်လာသူမှာ သူကိုယ်တိုင် ဖြစ်နေခဲ့၏။ မဟုတ်လျှင် ဤမျှထူးချွန်ထက်မြက်သော တပည့်များကို အခြားခေါင်းဆောင်များ ရယူသွားနိုင်ပြီး နောက်ထပ်ရှာဖွေရန် အလွန်ခက်ခဲနိုင်သည်။
"မဆိုးဘူး။ သင်ခန်းစာပို့ချပြီးရင် မင်းတို့နှစ်ယောက်ကို ပေးစရာရှိတယ်။ ဆရာရဲ့ ပထမဆုံး လက်ဆောင်ပေါ့"
ရှန်မူက တစ်ချက်ပြုံး၍ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ကျေးဇူးတင်ကြောင်း ဖော်ပြလိုက်ပြီးနောက် လူတိုင်းက ရင်ပြင်ထက်တွင် တင်ပျဥ်ခွေထိုင်ကာ ရှန်မူ၏သင်ခန်းစာကို တိတ်တဆိတ် သင်ယူခဲ့ကြသည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်သော ရှန်မူက တာအိုအကြောင်း များစွာနားလည်ထားပြီး စကားတစ်ခွန်းစီက အဖိုးထိုက်တန်သော ပုလဲလုံးများကဲ့သို့ဖြစ်ရာ လူတိုင်းက အနည်းနှင့်အများ သင်ယူနိုင်ခဲ့ကြသည်။ သူက လက်တစ်ဖက်ယမ်းလိုက်သောအခါ ရင်ပြင်ထက်ရှိ ကောင်းကင်၌ ရှုပ်ထွေးသော ကြယ်မြေပုံတစ်ခုသည် တောက်ပစွာ ထွက်ပေါ်လာ၏။ သူတို့အားလုံးက ကြယ်ပင်လယ်တစ်ခုအတွင်း ရောက်နေသကဲ့သို့ ထင်မှတ်ရပြီး အလင်းစက်ကွင်းများအနီးသို့ ရောက်ရှိနေသယောင် ခံစားရသောကြောင့် စိတ်ခံစားချက်များ မြင့်တက်လာ၏။ ကြယ်များ လှည့်ပတ်သွားလာနေသည်ကို မြင်သောအခါ ယဲ့ချန်သည်လည်း စိတ်လှုပ်ရှားနေခဲ့သည်။
"ကောင်းကင်နဲ့ မြေပြင်ကြားမှာ အရာရာတိုင်းက ပြောင်းလဲနေပြီး ကောင်းကင်တာအိုသာ တည်ငြိမ်မှုရှိတယ်။ ဒါက စကြဝဠာတစ်ခွင် တည်ရှိနေပြီး မင်းတို့မြင်နေရတဲ့ ကြယ်တွေဟာ အဝေးမှာရှိပေမယ့် စကြဝဠာရဲ့ အစိတ်အပိုင်းတစ်ခုသာ ဖြစ်တယ်။ စကြဝဠာကြီးနဲ့ယှဥ်ရင် ငါတို့က ပင်လယ်ထဲက ရေစက်တစ်စက်ပမာ သေးငယ်လှတယ်။ ငါတို့က သေးငယ်ပေမယ့် သက်ရှိတိုင်းမှာ ကိုယ်ပိုင်တာအိုရှိပြီး ဒီတာအိုကို အခြားတာအိုများစွာနဲ့ ဆက်သွယ်ခြင်းက ကောင်းကင်တာအိုဖြစ်တယ်။ ကျင့်ကြံသူတစ်ယောက်က ကောင်းကင်တာအိုကို ဖမ်းဆုပ်နိုင်ရင် ထာဝရရှင်သန်နိုင်မှာဖြစ်ပြီး နောက်ထပ်အဆင့်သစ်တစ်ခုကို လုံးဝရောက်ရှိသွားမယ်"
ရှန်မူ၏စကားသံ ထွက်ပေါ်လာသောအခါ ကြယ်များက ဆင့်ကဲပြောင်းလဲသွားပြီး လေထဲတွင် ပျံသန်းနေသော ပိုးစုန်းကြူးပမာ သေးငယ်သွားသကဲ့သို့ နေလများပမာ ကြီးမားလာသည်လည်း ရှိ၏။ လူတိုင်းက လှပသော မြင်ကွင်းကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကာ စကြဝဠာဖြစ်တည်လာမှုသည် မရေမတွက်နိုင်သော ကျင့်ကြံသူများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေနိုင်သည်။ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်ဖြင့် ကြယ်များကို ထောက်လှမ်းလိုက်သောအခါ ဒန်တန်အတွင်းရှိ ကြယ်ကိုးလုံးက စွမ်းအားတစ်ခု၏ ဆွဲဆောင်ခြင်းခံလိုက်ရသကဲ့သို့ ဆန်းကျယ်သော ပတ်လမ်းတစ်ခုအတိုင်း လှည့်ပတ်လာကြ၏။ ကောင်းကင်ထက်ရှိ ကြယ်များအတိုင်း ၎င်းတို့က လှည့်ပတ်နေကြပြီး ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်သည် ကြယ်များ၏ရွေ့လျားမှုကို အခြေခံ ဖန်တီးထားပုံပေါ်သည်။ အရာရာ ပြောင်းလဲနေသည့်တိုင်အောင် ကောင်းကင်တာအိုက မူလအတိုင်းတည်ရှိနေကာ ယဲ့ချန်သည် ကျင့်ကြံခြင်းအပေါ် ပို၍နက်ရှိုင်းစွာ နားလည်လာခဲ့သည်။ သူ၏စိတ်က ပိုမိုကြီးမားကျယ်ပြန့်လာကာ စကြဝဠာအတွင်း ရောက်ရှိသွားသယောင် ခံစားလိုက်ရသည်။
ဒန်တန်အတွင်းရှိ လောကသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး အနီရောင်နှင့် လိမ္မော်ရောင်ချီနှစ်မျိုးက ပမာဏ တိုးတက်လာသည်။ ဖြည်းဖြည်းချင်းဖြင့် ၎င်းတို့ကြားတွင် တတိယမြောက် အချိန်လေဟာနယ်ချီတစ်ခု မွေးဖွားလာ၏။ တစ်ဒါဇင်ကျော်သော ကြယ်များက အချင်းချင်းဆက်နွယ်နေ၍ လူသားလက်ချောင်းတစ်ခုပမာ ထင်မှတ်ရသည့် မြင်ကွင်းတစ်ခုက ယဲ့ချန်၏ ဝိညာဥ်အသိစိတ်သို့ ထင်ဟပ်လာသည်။ ရှန်မူ၏အဆိုအရ ဤကြယ်များက စကြဝဠာ၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သောကြောင့် ကြယ်များအားလုံးသာ ပေါင်းစည်းသွားပါက မည်သို့သော မြင်ကွင်းမျိုး ဖြစ်ပေါ်လာမည်နည်း။ ယဲ့ချန်အတွက် စကြဝဠာအတွင်း အဖြေရှာရန် မေးခွန်းများစွာ စောင့်ဆိုင်းနေကြောင်း ရုတ်တရက် နားလည်လိုက်၏။
ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်ချီများက နောက်တစ်ဖန် စုဝေးလာကာ သူ့ထံသို့ တိုးဝင်လာကြပြန်သည်။ သူက အားလုံးကို ခြောက်ကပ်အောင် စုပ်ယူလိုက်သောကြောင့် မူမမှန်သည်ဖြစ်ရာ ရှန်မူကိုပင် အံ့သြသွားစေခဲ့သည်။ သူ၏တပည့်အသစ်က နောက်တစ်ကြိမ် ဉာဏ်အလင်းပွင့်သွားခြင်း ဖြစ်ပေလိမ့်မည်။ ကျယ်ဝန်းလှသော စကြဝဠာအတွင်း ပါရမီရှင်များစွာရှိသော်လည်း ယဲ့ချန်၏ပါရမီက သူ့ကို အံ့သြစေခဲ့သည်။ ဤသို့သော ပါရမီရှင်တစ်ယောက်ကို ကောင်းစွာမြေတောင်မြှောက်ပေးလိုက်လျှင် ထိပ်တန်းမဟာမိတ်၏ အနာဂတ်ထောက်တိုင်ကြီး ဖြစ်လာပေလိမ့်မည်။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာပြီး နာရီအနည်းငယ်အကြာတွင် သင်ခန်းစာက ပြီးဆုံးသွားခဲ့သည်။
"မင်းတို့နှစ်ယောက် တစ်ခုခုကို ဉာဏ်အလင်း ရလိုက်တာလား"
ရှန်မူက မေးလိုက်သည်။
"သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ဒီတပည့်က ကောင်းကောင်းသင်ယူလိုက်ရပါတယ်"
ရှန်မူသည် အစစ်အမှန် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ကောင်းကင်တာအိုအပေါ် နားလည်မှုက သာမန်ကျင့်ကြံသူများထက် သာလွန်နေသဖြင့် ယဲ့ချန်က လေးစားစွာ ဖြေလိုက်သည်။ သူ၏စကားများက ယဲ့ချန်ကို များစွာသင်ကြားပေးခဲ့ပြီး ကျင့်ကြံခြင်း၌ နားလည်မှုများ တိုးတက်လာသကဲ့သို့ စကြဝဠာ၏ဆန်းကျယ်မှုအပေါ် သိချင်စိတ်များလည်း တိုးလာခဲ့သည်။
"ကျုပ်လည်း တော်တော်သိလိုက်ရပါတယ်"
ခြင်္သေ့ကြီးပင် ဦးညွှတ်၍ ဖြေလာခဲ့သည်။ အခြားပါရမီရှင်များသည်လည်း သင်ခန်းစာကို နားလည်နိုင်ခဲ့သော်လည်း အနည်းငယ်သာဖြစ်သည်။ သူတို့က အများစုကို ချက်ချင်းနားမလည်သည့်တိုင်အောင် ရှန်မူကို မမေးရဲသဖြင့် အရာရာကို အလွတ်မှတ်သားထားခဲ့ကြ၏။ နောက်ပိုင်း၌ ဤသင်ခန်းစာအကြောင်း ကိုယ်တိုင်လေ့လာ သင်ယူကြရပေလိမ့်မည်။
"ဒီနေ့အတွက် သင်ခန်းစာ ပြီးဆုံးပြီ။ မင်းတို့နှစ်ယောက် လိုက်ခဲ့ကြပါ"
ရှန်မူက ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို တစ်ချက်ကြည့်၍ လက်တစ်ဖက်ယမ်းလိုက်သောအခါ နှစ်ယောက်လုံး နေရာမှ ချက်ချင်းပျောက်ကွယ်သွားကြသည်။ ကောင်းကင်ထက်ရှိသူ၏ ပုံရိပ်ကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
"အစ်မလင် ခေါင်းဆောင်ရှန်က မင်းကို တပည့်အဖြစ် ခေါ်ချင်နေတာ မဟုတ်ဘူးလား။ သူက ဘာကြောင့် စိတ်ပြောင်းသွားရတာလဲ"
ယုကျောင်က မျက်လုံးများတွင် လှောင်ပြောင်ရိပ်များ ထင်ဟပ်နေသော်လည်း ပေါ်တင်ထုတ်မပြရဲသဖြင့် မီးလောင်ရာလေပင့်လိုက်၏။
"ငါ ဘယ်လိုလုပ် သိမှာလဲ"
လင်ချိုးသည် ယုကျောင်၏ရည်ရွယ်ချက်ကို သိသဖြင့် နှာခေါင်းတစ်ချက်ရှုံ့ကာ လျစ်လျူရှုလိုက်သည်။ ရှန်မူ ထွက်ခွာသွားသည့်တိုင်အောင် ကွယ်ရာ၌ အပြစ်တင်ခြင်း မလုပ်ရဲပေ။
"ဟူး အစ်မလင်ကို တပည့်အဖြစ် လိုချင်တဲ့ နောက်ထပ်ခေါင်းဆောင်တွေ ရှိဦးမှာပါ"
ယုကျောင်က လှောင်ပြုံးပြုံးလိုက်ပြီး သက်ပြင်းတစ်ချက်ချကာ ကရုဏာသက်နေဟန်ဖြင့် လှည့်ထွက်သွားခဲ့သည်။ ပါရမီရှင်အချင်းချင်းကြားတွင် မစည်းလုံးသောကြောင့် လူတိုင်းအပေါ် အထက်စီးမှ ဆက်ဆံပြီး အထင်သေးတတ်သော လင်ချိုးအား နိုင်ကွက်ရသောအခါ သူက ဖိနှိပ်လိုက်ခြင်းဖြစ်သည်။ ယုကျောင်၏အပြုအမူကြောင့် လင်ချိုးက ဒေါသအလွန်ထွက်နေပြီး အံကြိတ်ထားမိသည်။ အခြားပါရမီရှင်များကလည်း သူမကို တစ်ချက်ကြည့်ကာ လှောင်ပြုံးများနှင့်အတူ သက်ဆိုင်ရာခြံဝန်းများသို့ အလျှိုလျှိုပြန်သွားခဲ့ကြသည်။
ရင်ပြင်၏ တစ်နေရာတွင် ရုန်ယွမ်က ကျင့်ကြံနေပြီး ရိုက်နှက်ခံခဲ့ရသောကြောင့် တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေကာ မီးလောင်ရာများလည်း အပြည့်ဖြစ်နေသည်။ တစ်ကိုယ်လုံးရှိ သွေးကြောများက ပြန်လည်ကောင်းမွန်ခြင်း မရှိသေးပေ။ ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို ရှန်မူက တပည့်အဖြစ် ခေါ်ဆောင်သွားသောအခါ သူက မကျေမနပ် ဖြစ်သွားခဲ့သည်။ လောင်ရင်က ရှန်မူထက် ပို၍သန်မာသော်လည်း သူတို့ကို ပြဿနာရှာရန်အတွက် ခက်ခဲသွားပြီဖြစ်သည်။ တပည့်များ၏ပြဿနာကြောင့် ထိပ်တန်းမဟာမိတ်၏ ခေါင်းဆောင်များအကြား ရန်ကြွေးတစ်ခု ဖြစ်ပေါ်မလာနိုင်ပေ။ သူက အရှက်ခွဲခံရမှုအကြောင်း စဥ်းစားမိသောအခါ အမုန်းတရားများဖြစ်ပေါ်လာပြီး လုံးဝပျောက်ကွယ်သွားတော့မည် မဟုတ်ပေ။
ရှန်မူ၏နေထိုင်ရာက ထိပ်တန်းမဟာမိတ်၏ ဗဟိုကြယ်ထက်ရှိ နက်ရှိုင်းသော သစ်တောကြီးတစ်ခုအတွင်း တည်ရှိသည်။ ထိုနေရာ၌ မိုးထိုးမတတ်မြင့်မားသော သစ်ပင်များ ပြည့်နှက်နေကာ တစ်ပင်ချင်းစီက ကောင်းကင်ကိုပင့်ထားသော ထောက်တိုင်ကြီးများပမာ ထင်မှတ်ရပြီး ကြီးကျယ်ခမ်းနားနေသည်။ သစ်ပင်ထိပ်ပိုင်းက ထီးတစ်ချောင်းပမာ အုံ့ဆိုင်းနေပြီး အစိမ်းရောင် တလက်လက်တောက်ပနေသည်။ သစ်ရွက်များက သလင်းကျောက်ပမာ ကြည်လင်နေ၍ နေရောင်အောက်၌ သက်တန့်ရောင်များ ထွန်းလင်းနေ၏။ သစ်ပင်များထက်တွင် တောက်ပသော သစ်သီးများသီးနေကာ မွှေးပျံ့လန်းဆန်းသော ရနံ့များက သစ်တောတစ်ခုလုံးကို လွှမ်းခြုံနေသည်။ သစ်ပင်ကြီးများထက်၌ နန်းတော်များဖြင့် အလှဆင်ထားပြီး နတ်ဘုံနတ်နန်းပမာ ထင်မှတ်ရသည်။
ကြီးမားလှသော နန်းတော်တစ်ခုအတွင်းသို့ ရှန်မူက ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို ခေါ်ဆောင်လာ၏။
"မင်းတို့က ငါ့ရဲ့သစ်သားစိမ်းနန်းတော်မှာ ကိုယ့်အိမ်ကိုယ့်ယာလိုမျိုး စိတ်ကြိုက်နေနိုင်တယ်။ ဘာမှသိပ်ပြီး အရေးစိုက်စရာ မလိုဘူး"
ရှန်မူက တစ်ချက်ပြုံး၍ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူ၏ ကြင်နာဖော်ရွေမှုကြောင့် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ဆရာတင်လိုခြင်းဖြစ်ကာ ကိုယ်ကျင့်တရားပျက်ယွင်းနေလျှင် မည်မျှအစွမ်းထက်ပါစေ၊ ငြင်းဆန်ကြပေလိမ့်မည်။
"မင်းတို့နှစ်ယောက်မှာ အဆင့်နှစ်မျိုးနွယ်ထက် သာလွန်တဲ့ ရုပ်ခန္ဓာမျိုး ပိုင်ဆိုင်ထားကြတယ်။ မင်းတို့နှစ်ယောက်က နတ်ဆေးပင်တစ်မျိုးမျိုး စားခဲ့ကြတယ်မလား။ ဒါပေမယ့် ငါကိုယ်တိုင်တောင် ရှုပ်ထွေးနေရတဲ့ ကိစ္စတစ်ခု ရှိနေတယ်"
ရှန်မူက လေးနက်စွာ ပြောလာခဲ့သည်။
"ဘာကိစ္စများလဲ ဆရာ"
"နတ်သစ်ပင်မျက်လုံးကို အသုံးပြုပြီး မင်းတို့ရဲ့အသက်ရုန်းတွေကို စစ်ဆေးခဲ့တယ်။ ဒါပေမယ့် မင်းရဲ့ရုန်းက ဝေဝါးနေပြီး ကြည်လင်မနေခဲ့ဘူး။ မင်းက အသက်နှစ်ဆယ်သာရှိပေမယ့် သက်တမ်းနှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သလို ဖြစ်နေတယ်။ ပုံမှန်ဆိုရင် မင်းရဲ့နတ်ခန္ဓာနဲ့ အဆင့်တစ်ဆယ် နတ်အစေခံအစွမ်းကြောင့် သက်တမ်းက နှစ်ထောင်ချီနေရလိမ့်မယ်။ ဒါပေမယ့် မင်းရဲ့အသက်ရုန်းက ဒီလောက်မရှည်ဘဲ သက်တမ်းက ဆယ်နှစ်တည်း ကျန်နေတယ်"
ရှန်မူက စိုးရိမ်သော မျက်ဝန်းများဖြင့် ယဲ့ချန်ကို စိုက်ကြည့်၍ သတိပေးလာခဲ့သည်။
"ဗျာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
ခြင်္သေ့ကြီးက အလန့်တကြား ရေရွတ်လိုက်သည်။
"ဆရာ တကယ်ပြောနေတာပါလားဗျာ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ မေးခွန်းထုတ်လိုက်၏။ သူ၏ရုပ်ခန္ဓာနှင့် ပတ်သက်၍ အမှားအယွင်းမရှိသော်လည်း သက်တမ်းက ဆယ်နှစ်သာ ကျန်ရစ်ကြောင်း ဆရာဖြစ်သူက ပြောလာခဲ့သည်။
"နတ်သစ်ပင်မျက်လုံးက ကျင့်ကြံသူတစ်ယောက်ကို ဖောက်ထွင်းမြင်နိုင်ပြီး အမှားဖြစ်ခဲတယ်။ ဒါပေမယ့် မင်းနဲ့ပတ်သက်ပြီး ဘာမှသေသေချာချာ မမြင်ရဘူး။ ငါ အမှားလုပ်မိတာ ဖြစ်နိုင်တယ်"
ရှန်မူက သက်ပြင်းတစ်ချက်ချ၍ ခေါင်းယမ်းလိုက်လေသည်။