ဝိညာဥ်နတ်ဘုရား ကုန်းမြေ
Vol. 60 Ch. 834
ခြင်္သေ့ကြီးသည် မျက်လုံးများမှိတ်၍ ကျင့်ကြံနေပြီး လက်ထဲ၌ အရိုးကို ကိုင်ထားသောအခါ အချိန်လေဟာနယ်ချီများက ၎င်း၏အရှိန်အဝါဖြင့် ပဲ့တင်ထပ်နေသည်။ ၎င်း၏ပိုင်ရှင်က အသက်ရှင်စဥ်၌ ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာကို ပိုင်ဆိုင်ထားသည်ဟု သူက သိလိုက်ရသဖြင့် အံ့သြသွားခဲ့သည်။ ဤနတ်ခန္ဓာ၏အစွမ်းကို သူက ကောင်းစွာနားလည်ထားပြီး ပိုမိုသန်မာလာသည်နှင့်အမျှ ပျက်စီးရန် ပို၍ခက်ခဲလာသည်။ အရိုးပိုင်ရှင်၏ ကျင့်ကြံဆင့်က သေချာပေါက် မြင့်မားနေမည်ဖြစ်သော်လည်း အသတ်ခံခဲ့ရသဖြင့် နတ်ခန္ဓာကို မည်သည့်လက်နက်ဖြင့် ဖျက်ဆီးခဲ့ကြောင်း သူက စဥ်းစားမရပေ။ ပိုင်ရှင်က သေဆုံးသွားသည်မှာ ကြာမြင့်နေသော်လည်း အရိုးက အစွမ်းထက်နေဆဲဖြစ်ကာ ကိုင်ထားရုံဖြင့် သူ့အတွက် တိုးတက်မှုများ ဖြစ်ပေါ်လာ၍ ခရမ်းရောင် အချိန်လေဟာနယ်ချီများ ပတ်ဝန်းကျင်၌ ထွက်ပေါ်လာသည်။ ယဲ့ချန်က အနီရောင်ချီကို ပထမဆုံး နားလည်ဆင်ခြင်နိုင်ခဲ့သော်လည်း သူက ခရမ်းရောင်ချီကို ထုတ်ဖော်နိုင်ခဲ့၏။ ဤအဆင့်ကို နားလည်သွားခြင်းက နတ်အစေခံတစ်ယောက်အတွက် ကျင့်ကြံဆင့်၌ အတားအဆီးကို ချိုးဖြတ်နိုင်ခြင်း ဖြစ်သည်။
ယဲ့ချန်သည်လည်း ကျင့်ကြံခြင်း၌ စျာန်ဝင်နေချိန်တွင် ပုံရိပ်ယောင်ပုလဲက အနက်ရောင်အလင်းများ တောက်ပလာခဲ့သည်။ သူ စုစည်းထားသော အချိန်လေဟာနယ်ချီများက ၎င်းအတွင်း ဖြည်းဖြည်းချင်း စီးဝင်သွားပြီးနောက် ပြန်လည်တည်ငြိမ်သွားကာ တိတ်ဆိတ်သွားခဲ့သည်။ ဤဖြစ်ရပ်ကို ယဲ့ချန်ရော ခြင်္သေ့ကြီးပါ သတိမထားမိခဲ့ပေ။
အချိန်သုံးရက်သည် ခဏအတွင်း ကုန်ဆုံးသွားကာ ယဲ့ချန်သည် အချိန်လေဟာနယ်အဆင့်သုံးကို ရာနှုန်းပြည့် ထိန်းချုပ်နိုင်ခဲ့သည်။ ခန်းမအတွင်း ရှန်မူ ပြန်ရောက်လာသောအခါ တပည့်နှစ်ယောက်၏ အစွမ်းကြောင့် အံ့အားသင့်သွားခဲ့၏။ ခြင်္သေ့ကြီး၏ပတ်လည်ရှိ ခရမ်းရောင်ချီများကြောင့် အချိန်လေဟာနယ်အဆင့်တစ်ကို အောင်မြင်သွားကြောင်း သိသာသည်။ အချိန်သုံးရက်အတွင်း အဆင့်တစ်ခုကို နားလည်နိုင်သည့်အတွက် ထူးချွန်သူတစ်ယောက်ဖြစ်သည်ဟု သူက သိထားသော်လည်း ယဲ့ချန်ကြောင့် အံ့သြနေခဲ့သည်။ သူက ယဲ့ချန်၏ကိုယ်တွင်းမှ ချီများကို မမြင်နိုင်သော်လည်း ကြီးကြီးမားမား တိုးတက်သွားကြောင်း အာရုံခံနိုင်ခဲ့သည်။ ထို့အပြင် သူ၏ခွန်အားက ခြင်္သေ့ကြီးထက် ပို၍သန်မာနေသောအခါ ရုပ်ခန္ဓာချင်းအတူတူဖြစ်၍ ခွန်အားချင်း ဤမျှမကွာခြားသင့်ပေ။ ယေဘူယျသဘောပြောရလျှင် ခြင်္သေ့ကြီးက အချိန်လေဟာနယ်အဆင့်တစ်ကို နားလည်ထားသဖြင့် ပို၍သန်မာရမည်ဖြစ်သော်လည်း ယဲ့ချန်က များစွာပို၍ ကြောက်စရာကောင်းနေသည်။
သက်တမ်းရှည်စွာ နေထိုင်လာခဲ့သော ရှန်မူသည် ကိစ္စများကို မြင်တွေ့ဖူးသော်လည်း ယဲ့ချန်ကို ဖောက်မမြင်ရသောကြောင့် စိတ်ရှုပ်သွားသော်လည်း ပို၍သဘောကျလာခဲ့သည်။ ရှန်မူ ရောက်ရှိလာသဖြင့် ကျင့်ကြံနေသူနှစ်ယောက်လုံးက မျက်လုံးများ ပြိုင်တူပွင့်လာကြ၏။
"ဆရာ"
"ဒါက သစ်သားစိမ်းနန်းတော်ရဲ့ ထုတ်ကုန်ဖြစ်တဲ့ ရွှင်ပျော်ပျော်နတ်သစ်သီးဖြစ်ပြီး တစ်နေ့ တစ်လုံးစားရင် ကျင့်ကြံခြင်းအတွက် အထောက်အကူဖြစ်တယ်။ ဒီအိတ်တစ်လုံးစီမှာ အလုံးနှစ်ထောင်ကျော်ရှိပြီး ကုန်သွားရင်လည်း ထပ်ပေးမယ်"
ရှန်မူက တစ်ချက်ပြုံးလိုက်ပြီး သိုလှောင်အိတ်နှစ်လုံးကို ကမ်းပေးလာသည်။
"ကျေးဇူးတင်ပါတယ် ဆရာ"
သူတို့က အိတ်များကို လက်ခံ၍ အတွင်းသို့ ကြည့်လိုက်သောအခါ သစ်တောကြီးအတွင်းမှ တောက်ပကြည်လင်သော သစ်သီးများကို တွေ့လိုက်ရသည်။
"အခု မင်းတို့ကို နေရာတစ်ခုဆီ ခေါ်သွားပေးမယ်။ ဘယ်လောက် အခွင့်အရေးရမယ်ဆိုတာကတော့ မင်းတို့အပေါ် မူတည်တယ်"
ရှန်မူက ဆန်းကျယ်စွာ ပြုံးလိုက်ပြီး နန်းတော်အထက် ကောင်းကင်သို့ မိုးတိမ်နတ်လှေတစ်စီးကို ဆင့်ခေါ်လိုက်၏။ ၎င်းက အလွန်ခမ်းနားစွာ ဆင်ယင်ထားကာ မီတာထောင်ချီရှည်လျား၍ ကောင်းကင်နတ်လှေထက် ပို၍အဆင့်မြင့်ပြီး နတ်ဆိုးတိုက်လှေအောက် အနည်းငယ်သာ နိမ့်ကျသည်။ သို့သော်လည်း ၎င်းက သာမန်ကျင့်ကြံသူများ မတတ်နိုင်သော အရာဖြစ်သည့်အပြင် သာမန်မိုးတိမ်နတ်လှေများထက် ပို၍ကြီးမားသောကြောင့် သီးသန့်သွန်းလုပ်ထားခြင်းဖြစ်ကြောင်း သိသာသည်။ ထိပ်တန်းမဟာမိတ်တွင် နတ်ဆိုးတိုက်လှေတစ်စီးသာရှိ၍ ခေါင်းဆောင်လင်လုံ ပိုင်ဆိုင်ထားသည်။ ၎င်းက ငွေဖြင့် ဝယ်ယူနိုင်သော အရာမျိုး မဟုတ်သဖြင့် ကြယ်အဖွဲ့အစည်းတစ်ခုလုံး၌ သွေးပြည်ထောင်မှ လုယူထားသော အရေအတွက်က လက်ချောင်းများဖြင့်ပင် ရေတွက်နိုင်သည်။
"ဒါက မိုးတိမ်နတ်လှေဖြစ်ပြီး ကောင်းကင်နတ်လှေထက် ပိုမြန်တဲ့အတွက် အချိန်ခုနစ်ရက်အတွင်း ပြန်လာနိုင်တယ်။ သိုင်းပြိုင်ပွဲကို မင်းတို့ မလွဲချော်စေရဘူး"
ရှန်မူသည် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက မိုးတိမ်လှေအကြောင်း မသိဟု ထင်ထားသောကြောင့် မိတ်ဆက်ပေးလိုက်သည်။ အကယ်၍ ယဲ့ချန်၌ နတ်ဆိုးတိုက်လှေတစ်စီး ပိုင်ဆိုင်ထားကြောင်းသိလျှင် သူက ပါးစပ်အဟောင်းသား ဖြစ်သွားပေလိမ့်မည်။ ရှန်မူ၏ ဆန်းကျယ်သော အမူအရာကြောင့် တပည့်နှစ်ယောက်က မည်သည့်နေရာသို့ သွားရမည်ဖြစ်ကြောင်း သိချင်လာခဲ့သည်။ သူတို့က မိုးတိမ်နတ်လှေပေါ်သို့ တက်ရောက်၍ ဖြည်းဖြည်းချင်း မြင့်တက်လာကာ ၎င်းက စကြဝဠာအတွင်း လှစ်ခနဲ ပြေးထွက်သွား၏။
အချိန်တစ်ခုအကြာတွင် လှေက ဧရာမအနက်ရောင် ကြယ်သေတစ်လုံးပေါ်သို့ ဆင်းသက်လိုက်ကာ ရာချီသော လှေကြီးများ ဆိုက်ကပ်ထားသည်ကို မြင်လိုက်ရ၏။ အများစုသည် ကောင်းကင်နတ်လှေများဖြစ်သော်လည်း မိုးတိမ်နတ်လှေများကိုလည်း တွေ့မြင်နိုင်သည်။ ယဲ့ချန်သည် ဝိညာဥ်အသိစိတ်မှတဆင့် ဤကြယ်ထက်တွင် အစွမ်းထက်အရှိန်အဝါထောင်ချီကို တွေ့ခဲ့ရပြီး အနိမ့်ဆုံးက ကြယ်သခင်အဆင့်ဖြစ်သည်။
"ဆရာ ဒါက ဘယ်နေရာလဲ"
ယဲ့ချန်သည် ခြင်္သေ့ကြီးနှင့်အတူ ရှန်မူ၏ဦးဆောင်မှုဖြင့် လှေအတွင်းမှ ထွက်ခွာလာသောအခါ သိချင်စိတ်ကြောင့် စပ်စုလိုက်သည်။
"ဒါက ဝိညာဥ်နတ်ဘုရား နယ်မြေဖြစ်ပြီး အလွန်ဆန်းကျယ်တယ်။ ငါတောင်မှ ဒီနယ်မြေရဲ့ဇစ်မြစ်ကို မသိဘူး။ ထိပ်တန်းမဟာမိတ်အတွက် ခွဲတမ်းနေရာ ခြောက်ရာရထားပြီး တပည့်တစ်ယောက်ချင်းစီက တစ်နှစ်ကို တစ်ကြိမ် ကျင့်ကြံနိုင်တယ်။ ဒါက ခွန်အား ယှဥ်ပြိုင်ရတာမဟုတ်ဘဲ ဝိညာဥ်အသိစိတ်နဲ့ စိတ်ခွန်အားကို ပြိုင်ရတာ ဖြစ်တယ်"
ရှန်မူက လေးနက်စွာ ရှင်းပြလိုက်သည်။
"ဝိညာဥ်အသိစိတ်"
ယဲ့ချန်သည် သူ၏ဝိညာဥ်အသိစိတ်က သာမန်လူများထက် ပို၍ထူးခြားသောကြောင့် မည်သို့ဖြစ်ပျက်မည်ကို သိချင်နေခဲ့သည်။
"ဒီနယ်မြေကိုရောက်ရင် မင်းတို့ သိပါလိမ့်မယ်။ နှစ်စဥ် ပါရမီရှင်တွေ ဝင်ရောက်နေပေမယ့် မင်းတို့ရဲ့အရည်အချင်းကြောင့် အခွင့်အရေးတွေ ရပါလိမ့်မယ်။ ပုံမှန်ဆိုရင် အဆင့်နိမ့်ကြယ်သခင်တွေသာ လာနိုင်စွမ်းရှိပေမယ့် မင်းတို့ရဲ့ဝိညာဥ်အသိစိတ်က အားမနည်းဘူး။ ပိုပြီးအစွမ်းထက်လာရင် သိုင်းပညာဖလှယ်ပွဲမှာ ကောင်းကောင်းစွမ်းဆောင်နိုင်လိမ့်မယ်"
ရှန်မူက ရှေ့သို့ ဆက်လက်ပျံသန်းရင်း ရှင်းပြနေခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်း သူတို့က မီတာထောင်ချီရောက်သွားပြီး ရပ်တန့်သွားသောအခါ လေထဲတွင် ကျင့်ကြံသူများ ရှိနေခဲ့သည်။ အားလုံးက ထိပ်တန်းအဆင့် ကြယ်သခင်များဖြစ်ကာ ရှန်မူ၏ရှင်းပြချက်အရ အင်အားစုအသီးသီးမှ ခေါင်းဆောင်များဖြစ်၍ တပည့်များကို လာရောက်ပို့ဆောင်ခြင်းဖြစ်သည်။
အရှေ့မှ မြင်ကွင်းကြောင့် ယဲ့ချန်ရော ခြင်္သေ့ကြီးပါ အံ့အားသင့်နေကြသည်။ ကျယ်ဝန်းလှသော လွင်ပြင်ကြီး၏ စိုစွတ်သော အနက်ရောင်မြေထက်၌ မရေမတွက်နိုင်သော အနက်ရောင်အခေါင်းများရှိနေကာ များပြားလွန်းသဖြင့် မိုးကုပ်စက်ဝိုင်းနှင့် ထိစပ်နေသယောင် ထင်မှတ်ရ၏။ အချို့ကို အဖုံးဖြင့်ပိတ်ထားပြီး ပွင့်နေသည့် အရာများကလည်း ဗလာဖြစ်နေခဲ့သည်။ အခေါင်းများမှ ထွက်ပေါ်နေသော အနက်ရောင်အရှိန်အဝါက သရဲတစ္ဆေများ ပျော်မြူးနေသကဲ့သို့ ထင်မှတ်ရသည်။ တစ်ခုချင်းစီက နှစ်မီတာခန့်ရှည်လျားပြီး အဖုံးနှင့် နံရံများတွင် ထူးဆန်းကာ အသက်ဝင်လှသော မကောင်းဆိုးဝါးပုံများ ရေးထွင်းထားသည်။
"ဒီနေရာမှာ ဘယ်လိုလုပ် အခေါင်းတွေ အများကြီး ရှိနေရတာလဲ။ ဒီအခေါင်းတွေက ဘာကြောင့် အလွတ်ဖြစ်နေရတာလဲ။ ဘာအတွက် အသုံးပြုခဲ့တာလဲ"
ယဲ့ချန်က ဝိညာဥ်အသိစိတ်ဖြင့် အခေါင်းများကို စစ်ဆေးလိုက်သောအခါ အေးစက်စက်အရှိန်အဝါတစ်ခု တိုးဝင်လာ၏။
"မတွေ့ရတာကြာပြီ ခေါင်းဆောင်ရှန်"
ထိုအချိန်၌ မိန်းမဆန်ကာ နားဝင်ဆိုးသော အသံတစ်ခုက ယဲ့ချန်၏အတွေးများကို ဖြတ်တောက်လိုက်သည်။ တစ်ဖက်လူက ဖြူဖပ်ဖြူရော်မျက်နှာနှင့် လူငယ်တစ်ယောက်ဖြစ်ကာ အနက်ရောင်ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး မျက်လုံးများက ကျဥ်းမြောင်း၍ ဒေါင်လိုက်ဖြစ်ပြီး အခြားလူများကို မြွေတစ်ကောင်မှ စိုက်ကြည့်နေသကဲ့သို့ ထင်မှတ်ရသည်။ သူက လူငယ်တစ်ယောက်အသွင် ယူထားသော်လည်း အမှန်တကယ်၌ အလွန်အသက်ကြီးနေပြီဖြစ်သည်။ ထိုလူ ရောက်လာသောအခါ ယဲ့ချန်နှင့် ခြင်္သေ့ကြီးအထက်သို့ ဖိအားကြီးတစ်ရပ် ကျဆင်းလာသဖြင့် ရှန်မူအောက် အားမနည်းကြောင်း သိလိုက်ရသည်။
"ခေါင်းဆောင်ရှယ် မင်း ရောက်နေပြီလား"
ရှန်မူက လက်တစ်ဖက်ယမ်း၍ တပည့်များအပေါ်မှ ဖိအားကို ဖယ်ရှားပေးလိုက်သည်။
"ဟား ဟား မင်းက အလေးအနက်ထားနေပါလား၊ ကြည့်ရတာ ပါရမီရှင်တပည့်နှစ်ယောက် တွေ့လာတာ ထင်တယ်။ ဒါပေမယ့် ဒီနှစ်မှာ မီးတောက်နီနန်းတော်က အစွမ်းထက်ပါရမီရှင်တွေ ရှိနေတဲ့အတွက် ထိပ်တန်းမဟာမိတ်က နံပတ်တစ်နေရာကို လက်လွှဲပေးရလိမ့်မယ်"
ရှယ်ကျင်းရန်က ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို တစ်ချက်ကြည့်၍ အေးစက်စက် ပြုံးလိုက်သည်။
"ဒီအကြောင်း ငါလည်း ကြားထားပေမယ့် ပြောဖို့စောပါသေးတယ်။ တကယ်တမ်းတိုက်ခိုက်ရင် ဘယ်သူက အနိုင်ရမယ်ဆိုတာကို အတပ်မပြောနိုင်ပါဘူး"
ရှန်မူက တည်တည်ငြိမ်ငြိမ် တုံ့ပြန်လိုက်၏။
"မင်းက ဒီနှစ်ယောက်ကို ဝိညာဥ်နတ်ဘုရားနယ်မြေကို ခေါ်ဆောင်လာတယ်ဆိုမှတော့ မျှော်လင့်ချက် ကြီးကြီးမားမားထားနေတာ သေချာတယ်။ ငါ့တပည့်တွေကလည်း ဒီနယ်မြေကို ရောက်နေတဲ့အတွက် တွေ့ချင်တွေ့နိုင်တယ်နော်"
ရှယ်ကျင်းရန်က ခပ်ညစ်ညစ်ပြုံး၍ သတိပေးလိုက်သည်။ ခြင်္သေ့ကြီးနှင့် ယဲ့ချန်သည် တစ်ဖက်လူထံမှ ရန်လိုစိတ်ကို ခံစားရသဖြင့် ထိပ်တန်းမဟာမိတ်နှင့် မီးတောက်နီနန်းတော်ကြား၌ အဖုအထစ်များရှိကြောင်း သိလိုက်ရ၏။
"မင်းတို့ သွားလို့ရပြီ"
ရှန်မူက ရှယ်ကျင်းရန်ကို လျစ်လျူရှုကာ တပည့်နှစ်ယောက်ကို ညွှန်ကြားလိုက်သောအခါ သူတို့က ကောင်းကင်မှ မြေပြင်သို့ ဆင်းသက်လိုက်ကြ၏။
"အခေါင်းတစ်ခုထဲကိုဝင်ပြီး အဖုံးပိတ်လိုက်ရင် ဝိညာဥ်နတ်ဘုရားနယ်မြေကို ရောက်သွားလိမ့်မယ်"
ယဲ့ချန်နှင့် ခြင်္သေ့ကြီးက ဤနယ်မြေသည် မည်သို့သောနေရာမျိုး ဖြစ်ကြောင်း အလွန်သိချင်နေသည်။ ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်ဖော်နေသော အခေါင်းများက အဆုံးမရှိ တန်းစီချထားသည်။ ယဲ့ချန်က ၎င်းတို့အနီး ချဥ်းကပ်သွားသော် စိတ်အတွင်းရှိ ဓားပျံက တစ်ခုခုကို အာရုံခံမိဟန်နှင့် ရုတ်တရက် တုန်ခါလာခဲ့လေသည်။