ဝိညာဥ်နတ်ဘုရား
Vol. 60 Ch. 835
ယဲ့ချန်သည် အခေါင်းများထံမှ ပုန်းအောင်းနေသော အရှိန်အဝါတစ်ခုကို အာရုံခံနိုင်ခဲ့သည်။
"ယဲ့ချန် ဒီအခေါင်းတွေက နည်းနည်းတော့ ကျောချမ်းစရာကောင်းတယ်"
ခြင်္သေ့ကြီးက လည်ဆံမွေးများကို ခါယမ်းရင်း ပြောလိုက်သည်။
"လူတိုင်းသွားနေမှတော့ ဒီလောက်စိုးရိမ်စရာ မလိုပါဘူး"
"မှန်တယ်။ ဝိညာဥ်နယ်မြေက ဘယ်လိုနေရာလဲဆိုတာ ငါ အရင်ဆုံး သွားကြည့်လိုက်မယ်"
ခြင်္သေ့ကြီးက ယဲ့ချန်၏စကားကြောင့် သွေးများဆူပွက်လာကာ အခေါင်းတစ်ခုအတွင်း ခုန်ဝင်လိုက်သောအခါ အဖုံးက အလိုအလျောက် ပိတ်သွားခဲ့သည်။ အဖုံးပိတ်သွားသောအခါ သူ၏အရှိန်အဝါက လုံးဝပျောက်ကွယ်သွားပြီး အာရုံခံမရတော့ချေ။ ဖြစ်နိုင်သည်မှာ အခေါင်းမှတဆင့် အခြားနေရာလပ်နယ်မြေတစ်ခုသို့ ရောက်သွားခြင်း ဖြစ်ပေလိမ့်မည်။ ယဲ့ချန်သည်လည်း ခဏတာစဥ်းစား၍ အတွင်းသို့ဝင်ရန် အခေါင်းတစ်ခုကို ရွေးချယ်လိုက်ချိန်တွင် ဆန်းကျယ်သော ခေါ်သံတစ်ခုကို ရုတ်တရက် ကြားလိုက်ရ၏။ ထို့ကြောင့် သူက ခေါ်သံထွက်ပေါ်လာရာသို့ ပျံသန်းသွားသောအခါ ရှန်မူက မျက်မှောင်ကြုတ်လိုက်၏။ ကျင့်ကြံသူအများစုက အနီးရှိ ကျပန်းအခေါင်းတစ်ခုကိုသာ ရွေးချယ်တတ်ကြသော်လည်း ယဲ့ချန်က မည်သည့်အတွက်ကြောင့် ပျံသန်းသွားရသနည်း။ သူက အံ့သြသွားပြီး တပည့်ဖြစ်သူ ပျံသန်းသွားသော နေရာသို့ စောင့်ကြည့်နေခဲ့သည်။
"ခေါင်းဆောင်ရှန်ရဲ့ တပည့်နှစ်ယောက်က ပါရမီထူးချွန်မယ် ထင်တယ်။ သူတို့က သိုင်းပညာပြိုင်ပွဲမှာ ထွန်းတောက်လာလိမ့်မယ်"
ရှယ်ကျင်းရန်က စိန်ခေါ်လိုသော လေသံမျိုးနှင့်ချီး ကျူးလိုက်သည်။
"မင်းက မြှောက်ပင့်လွန်းနေပါပြီ"
ရှန်မူက တစ်ချက်ပြုံး၍ ခေါင်းယမ်းလိုက်၏။
"ငါ့မှာလည်း ပါရမီထူးချွန်တဲ့ တပည့်တစ်ယောက်ရှိပြီး ကြေးခွံနက်မြွေမျိုးနွယ်ဝင် တစ်ယောက်ဖြစ်တယ်။ အခွင့်အရေးရင် သူတို့ကို လက်ရည်စမ်းစေချင်မိတယ်"
ရှယ်ကျင်းရန်က အပြုံးတုတစ်ခုဖြင့် စိန်ခေါ်လာသော်လည်း ရှန်မူက လုံးဝလျစ်လျူရှုထားသည်။ သူ၏အပြုအမူကြောင့် ရှယ်ကျင်းရန်သည် ဒေါသထွက်သွားခဲ့သည်။ စွမ်းအားရှင်စာရင်း၌ သူက အဆင့်ခုနစ်ဖြစ်ပြီး ရှန်မူအောက် တစ်ဆင့်သာနိမ့်သော်လည်း စိန်ခေါ်တိုက်ခိုက်တိုင်း ရှုံးနိမ့်ရသည်။ ဤကိစ္စက သူ၏စိတ်ထဲတွင် အဖုအထစ်တစ်ခု ဖြစ်လာပြီး မေ့ဖျောက်မရတော့သဖြင့် နေရာတိုင်း၌ လိုက်လံယှဥ်ပြိုင်ချင်ခဲ့သည်။ သို့သော်လည်း ရှန်မူက လျစ်လျူရှုထားသဖြင့် ပို၍ဒေါသထွက်လာခဲ့၏။ ရှန်မူကမူ ရှယ်ကျင်းရန်ကို လုံးဝလျစ်လျူရှုထားကာ ယဲ့ချန်ကို အချိန်တိုင်း အာရုံစိုက်နေပြီး မည်သည့်နေရာသို့ ဦးတည်နေကြောင်း သိချင်နေခဲ့သည်။
ခေါ်သံနောက်သို့ လိုက်ပါလာသော ယဲ့ချန်သည် ဆယ်မိုင်အကျော်၌ ရပ်တန့်လိုက်သောအခါ လျှိုတစ်ခုအတွင်းမှ အဖုံးပိတ်ထားသော အခေါင်းတစ်ခုကို မြင်လိုက်ရ၏။ ၎င်းက သာမန်အခေါင်းများထက် လေးဆခန့် ပို၍ကြီးမားပြီး ရှုပ်ထွေးသော ရုန်းများက မျက်နှာပြင်ထက်တွင် စီးဆင်းနေကာ တောက်ပနေသောကြောင့် ဆန်းကျယ်မှုတစ်ခု ထွက်ပေါ်နေသည်။ သူက အခေါင်းရှေ့သို့ ဆင်းသက်လိုက်သောအခါ ခေါ်သံက ပို၍ကျယ်လောင်လာသောကြောင့် ၎င်းထံမှ ထွက်ပေါ်လာကြောင်း သိလိုက်ရသည်။ ထို့နောက် သူက ခဏတာစဥ်းစား၍ အခေါင်းအနီးသို့ ချဥ်းကပ်လိုက်သောအခါ အဖုံးပွင့်လာ၍ အတွင်းသို့ စုပ်ယူခံလိုက်ရသဖြင့် ရှန်မူသည် အလွန်ထိတ်လန့်သွားခဲ့ပြီး တားမြစ်ချင်သော်လည်း နောက်ကျသွားခဲ့သည်။
ထိပ်တန်းမဟာမိတ်၏ ခေါင်းဆောင်များက ချိတ်ပိတ်ထားသော အခေါင်းကြီးများကို စစ်ဆေးခဲ့ပြီး ယဲ့ချန်ဝင်ရောက်သွားသော အခေါင်းအပါအဝင် အားလုံးက အမြဲတစေ ပိတ်နေတတ်သည်။ ယဲ့ချန်၏အခေါင်းက အားလုံးထဲတွင် အကြီးဆုံးဖြစ်ပြီး တစ်ချိန်တွင် ထိပ်ဆုံးကြယ်သခင်များ စုပေါင်း၍ ဖွင့်ရန် ကြိုးပမ်းခဲ့သော်လည်း မည်သည့်နည်းလမ်းဖြစ်ပါစေ ကျရှုံးခဲ့ရသဖြင့် နောက်ဆုံး၌ လက်လျှော့ခဲ့ရသည်။ လက်ရှိတွင် ၎င်းက ရုတ်တရက် ပွင့်လာသော်လည်း ပြန်ပွင့်မလာမည်ကို ရှန်မူက စိုးရိမ်နေခဲ့သည်။ ယဲ့ချန်က မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသည့်အပြင် အခေါင်းအတွင်းသို့လည်း ဝိညာဥ်အသိစိတ်ဖြင့် ထိုးဖောက်မမြင်ရပေ။ စွမ်းအားရှင်စာရင်းမှ ကျင့်ကြံသူများပင် ၎င်းကို မဖွင့်နိုင်သောကြောင့် အကယ်၍ သူ၏တပည့်သာ ပြန်ထွက်မလာနိုင်လျှင်ဆိုသော အတွေးက သူ့ကို နှိပ်စက်နေခဲ့သည်။ ထို့အပြင် လုံးဝဖွင့်မရသော အခေါင်းက ယဲ့ချန်အတွက် ပွင့်လာသည့် အကြောင်းအရင်းကိုလည်း သိချင်နေသည်။ နောက်ဆုံးတွင် သူက စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေရန်သာ တတ်နိုင်ခဲ့သည်။
အခေါင်းအတွင်းသို့ ရောက်သွားသော ယဲ့ချန်သည် ထိုနေရာ၌ ပိန်းပိတ်အောင် မှောင်နေသော်လည်း ဝိညာဥ်အသိစိတ်က အရာရာကို မြင်နိုင်နေသည်။ ၎င်းအတွင်း၌ အခန်းကျယ်တစ်ခုပမာ ထင်မှတ်ရပြီး နံရံများတွင် ပန်းချီပန်းပုလက်ရာများ ပြည့်နှက်နေကာ အားလုံးသည် လက်ရာမြောက်လှသဖြင့် ကြောက်မက်ဖွယ်ကောင်းသော သရဲပုံများ ဖြစ်နေသည်။ သူက ထိုပုံရိပ်များကြောင့် သတိထားနေစဥ် အလွန်အမင်း အိပ်ငိုက်လာပြီး မည်မျှစိတ်တင်းထားပါစေ၊ ဖြည်းဖြည်းချင်း အိပ်မောကျသွားခဲ့လေသည်။
အမှောင်ထဲတွင် ယဲ့ချန်၏ဝိညာဥ်က ဖြတ်သန်းသွားလာနေရပြီး ကမ္ဘာခြားသို့ ရောက်သွားသယောင် ထင်မှတ်ရ၏။ ၎င်းက ကြီးမားကျယ်ဝန်းသော ကမ္ဘာကြီးတစ်ခုဖြစ်ကာ ကောင်းကင်ထက်တွင် တိမ်များ ကင်းစင်နေသော်လည်း နေကို တစ်ခုခုမှကွယ်ထားသကဲ့သို့ ကောင်းကင်က ညိုညစ်ညစ်အရောင်ဖြစ်နေကာ မထွန်းလင်းနိုင်ပေ။ မြေပြင်ထက်တွင် ပုံစံမျိုးစုံနှင့် မကောင်းဆိုးဝါးများ လှည့်ပတ်သွားလာနေပြီး ကောင်းကင်၌ မီတာသောင်းချီမြင့်သော ပုံရိပ်ကြီးတစ်ခုက ငုံ့ကြည့်နေခဲ့သည်။
"ငါက ဝိညာဥ်နတ်ဘုရားဖြစ်ပြီး အားလုံးကို ငါ့နယ်မြေက ကြိုဆိုပါတယ်။ မင်းတို့ရဲ့ရုပ်ခန္ဓာက အခေါင်းထဲမှာ ကျန်ရစ်ခဲ့ပေမယ့် ဝိညာဥ်ကတော့ ငါဖန်တီးထားတဲ့ ကမ္ဘာကို ရောက်နေကြပြီ။ အပြင်းအထန်ဒဏ်ရာရသွားတဲ့ ဝိညာဥ်မှန်သမျှ အပြင်ကို ပြန်ရောက်သွားလိမ့်မယ်။ ဒါပေမယ့် မင်းတို့သာ ဆန္ဒရှိရင် ဒီနယ်မြေမှာ ထာဝရ ရှင်သန်နိုင်တယ်"
ပုံရိပ်ကြီးက တဟားဟား ရယ်မော၍ ကြိုဆိုလိုက်ခြင်းဖြစ်သည်။
"ထာဝရ ဟုတ်လား"
ယဲ့ချန်က ကိုယ့်ကိုကိုယ် ငုံ့ကြည့်လိုက်သောအခါ ရုပ်ခန္ဓာအစား အလင်းရောင်ဖျော့ဖျော့ ထွက်နေသည့် ဝိညာဥ်ကို မြင်လိုက်ရ၏။
"ဒီနေရာမှာ အချိန်လည်း တည်ရှိတယ်။ ဝိညာဥ်ကျောက်လို့ခေါ်တဲ့ အရာတွေကို လျှို့ဝှက်နယ်မြေတွေမှာ ငါ ထားခဲ့တယ်။ ဒါတွေကို ရှာဖွေပြီး ဝိညာဥ်လက်နက်၊ ဝိညာဥ်ကျင့်စဥ်နဲ့ မင်းတို့စိတ်ကူးဖူးမှာတောင် မဟုတ်တဲ့ ရတနာတွေကို လဲလှယ်နိုင်မယ်"
ဝိညာဥ်နတ်ဘုရား၏ စကားသံ ထပ်မံထွက်ပေါ်လာသည်။ နောက်ဆုံးတွင် ယဲ့ချန်သည် သူနှင့် ခြင်္သေ့ကြီးကို ရှန်မူက ဤနယ်မြေသို့ခေါ်လာသော အကြောင်းအရင်းကို နားလည်လိုက်သည်။ အကယ်၍ သူသာ ဝိညာဥ်ကျောက်ဖြင့် ရတနာများကို လဲလှယ်နိုင်ခဲ့လျှင် ကျင့်ကြံခြင်း၌ များစွာအထောက်အကူရပေလိမ့်မည်။ သာမန်လူများက လက်နက်များကို ဝိညာဥ်ဖြင့် အပြင်ကမ္ဘာသို့ သယ်ဆောင်သွားရန် အစွမ်းမရှိသော်လည်း ပါရမီရှင်များက စွမ်းဆောင်နိုင်သည်။ သူက လေးမီတာကျော်ရှည်သော ငွေရောင်သံကြိုးတစ်ခုကို ထုတ်ယူလိုက်ပြီး ၎င်း၏အစွန်းနှစ်ဖက်တွင် ဆူးချွန်တစ်ခုစီ တပ်ဆင်ထားသည်။ ၎င်းက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး မြွေတစ်ကောင်ပမာ လူးလွန့်နေသော်လည်း တည်ရှိမှုကို ခံစားနိုင်သည်။ သူနှင့် နန်ရှင်းတစ်က ကျူကုန်းကုန်းကို လိုက်ရှာရင်း ၎င်းအား ရှာတွေ့ခဲ့ခြင်းဖြစ်ကာ ဝိညာဥ်လက်နက်တစ်ခုဖြစ်ကြောင်း ခြင်္သေ့ကြီးက ရှင်းပြခဲ့သည်။ ဝိညာဥ်နတ်ဘုရားထံမှ ဝိညာဥ်လက်နက်အကြောင်း ကြားလိုက်ရသောအခါ သူက ၎င်းကို ချက်ချင်းတွေးမိလိုက်ခြင်း ဖြစ်သည်။ ၎င်းက အလွန်အဆင့်မမြင့်သော်လည်း ဝိညာဥ်စွမ်းအားသာ လုံလောက်လျှင် ရန်သူ၏ ဝိညာဥ်ကို တိုက်ရိုက်ထိခိုက်နိုင်စွမ်း ရှိနေသည်။
"ဝိညာဥ်ကျောက်က ဘယ်လိုအရာမျိုးလဲ"
ယဲ့ချန်က ရေရွတ်လိုက်ပြီး သံကြိုးကို ဆွဲကိုင်ထားရင်း ခြင်္သေ့ကြီးကို ရှာဖွေရန် ပျံသန်းလိုက်သည်။ သို့သော် ဤနယ်မြေက ကျယ်ဝန်းလွန်းသောကြောင့် အချိန်ခဏအတွင်း ရှာဖွေနိုင်မည် မဟုတ်ကြောင်း နားလည်လိုက်၏။ အဝေးတွင်လည်း ပါရမီရှင်များ၏ ဝိညာဥ်များ လှည့်ပတ်သွားလာနေကာ သရဲများနှင့် တိုက်ခိုက်နေကြသည်။ အားလုံးက အင်အားစုအသီးသီးမှ အစွမ်းထက်ပါရမီရှင်များဖြစ်ကာ အဆင့်နိမ့်နှင့် အလယ်အဆင့် ကြယ်သခင်များဖြစ်ပြီး အဆင့်မြင့်ကြယ်သခင်များကိုမူ မတွေ့ရပေ။ သူက အလဟဿ အချိန်မဖြုန်းလိုသောကြောင့် တိုက်ပွဲများကို ရှောင်ရှားလာသော်လည်း တရွှီးရွှီးမြည်သံနှင့်အတူ အနက်ရောင်အရာတစ်ခုက တိုက်ခိုက်လာခဲ့သည်။ ၎င်းကို မြင်သောအခါ သူက နှာခေါင်းရှုံ့လိုက်ပြီး သံကြိုးဖြင့် ပစ်ခတ်လိုက်ကာ ဆူးချွန်ဖြင့် ထိုးဖောက်စေလိုက်သည်။
"ဘန်း"
သရဲက နာကျင်စွာ အော်ဟစ်ရင်း လက်သည်းကြီးများဖြင့် ယဲ့ချန်ကို ကုတ်ဆွဲရန် ကြိုးပမ်းလာသည်။ သူက ဝိညာဥ်အသိစိတ်မှ စွမ်းအားကို သံကြိုးအတွင်း ထည့်သွင်း၍ တစ်ချက်ယမ်းလိုက်သောအခါ ရန်သူက ချက်ချင်းပေါက်ကွဲသွားခဲ့သည်။ ဤသရဲက များစွာအစွမ်းထက်ခြင်းမရှိဘဲ အဆင့်တစ်ဆယ် နတ်အစေခံခွန်အားကိုသာ ပိုင်ဆိုင်ထားသည်။ ထို့နောက် သူက ဆက်လက်ပျံသန်းလာပြီး ဝိညာဥ်ကျောက်ကို ရှာဖွေရန်အတွက် တောတောင်ရေမြေများကို ထောက်လှမ်းနေခဲ့သည်။ ထိုအချိန်၌ အဝေးတစ်နေရာတွင် အနီရောင် အလင်းတန်းကြီးတစ်ခုက မြေပြင်မှ ကောင်းကင်သို့ ရုတ်တရက် ထိုးတက်လာသဖြင့် အာရုံစိုက်စရာ ဖြစ်နေခဲ့သည်။
"တစ်ယောက်ယောက်က လျှို့ဝှက်နယ်မြေကို ဖွင့်လိုက်နိုင်ပြီ"
"အလင်းတန်းက ဒီလောက်ကြီးတယ်ဆိုရင် ဝိညာဥ်ကျောက်တွေ အများကြီး ရှိလိမ့်မယ်"
ဝိညာဥ်များက အော်ဟစ်ကြုံးဝါးရင်း ထိုအလင်းတန်းထံ တဟုန်ထိုး ချီတက်သွားကြသည်။ ဝိညာဥ်ကျောက်များဖြင့် ရတနာများကို လဲလှယ်နိုင်သောကြောင့် မည်သူမှ နောက်မကျန်ရစ်လိုပေ။
ကောလဟာလများအရ ဝိညာဥ်နတ်ဘုရားသည် ဘီလီယံချီသော သေလွန်ဝိညာဥ်များ စုပေါင်းရာမှ ဖြစ်တည်လာကာ အဆင့်နှစ်မျိုးနွယ်တစ်ခု ဖြစ်သည်။ ၎င်း၏အစွမ်းကြောင့် ရှင်းဟွမ်များပင် အလွယ်တကူ ရန်မစဝံ့ပေ။ ထို့အပြင် ဝိညာဥ်နတ်ဘုရားသည် ကောင်းကင်နတ်လက်နက်၏ ဝိညာဥ်ဖြစ်သည်ဟုလည်း သတင်းများရှိသည်။ အားလုံးက ကောလဟာလများဖြစ်ကာ အတည်ပြုနိုင်သည်မှာ ဝိညာဥ်နတ်ဘုရားထံမှ ကျင့်ကြံခြင်းကို တိုးတက်စေနိုင်သည့် ရတနာများ ရရှိနိုင်ခြင်းဖြစ်သည်။ ထိပ်တန်းမဟာမိတ်၊ နန်းတော်သုံးခု၊ အိမ်တော်နှစ်ခုနှင့် ပျောက်ကွယ်ဓားစံအိမ်မှ ပါရမီရှင်များအပြင် လေ့လွင့်ကျင့်ကြံသူများလည်း ဝိညာဥ်နယ်မြေသို့ ရောက်နေသောကြောင့် အရေအတွက်က ရာချီပေသည်။ အားလုံးက အညှီနံ့ကို ရလိုက်သည့် ယင်ကောင်များပမာ အလင်းတန်းရှိရာသို့ စုပြုံတိုးဝင်နေကြသည်။
ခြင်္သေ့ကြီး၏ အကျင့်စရိုက်အရ တိုက်ပွဲများကို နှစ်သက်သောကြောင့် လူစုလူဝေးကို ရှောင်ရှားမည်မဟုတ်ရာ ဤအလင်းတန်းကို မြင်လျှင် သေချာပေါက် လာရောက်ပေလိမ့်မည်။ ဤအတွေးကြောင့် ယဲ့ချန်သည်လည်း အရှိန်မြှင့်လိုက်ပြီး အနီရောင် အလင်းရှိရာထံ ဦးတည်ပျံသန်းလိုက်လေသည်။