← Chapters

ဝိညာဥ်မြို့ဟောင်းနှင့် နတ်ဆိုးစစ်တပ်

Vol. 60 Ch. 836

ဝိညာဥ်မြို့ဟောင်းနှင့် နတ်ဆိုးစစ်တပ်

Vol. 60 Ch. 836

ကြီးမားကျယ်ပြန့်သော လွင်ပြင်တစ်ခုအတွင်း မြို့ဟောင်းကြီးတစ်ခု ဖြည်းဖြည်းချင်း မြင့်တက်လာနေသောကြောင့် မြေပြင်သည် တုန်ခါနေကာ ကျောက်တုံးများ၊ မြေဆီလွှာများ လွင့်ပျံကုန်သည်။ ဤနေရာက တစ်စုံတစ်ယောက်ကြောင့် အသက်ဝင်လာသော လျှို့ဝှက်နယ်မြေတစ်ခုဖြစ်ကာ အနီရောင်အလင်းတစ်ခု လွှမ်းနေပြီး တစ်ချိန်တည်းမှာပင် အနက်ရောင်ချီများက ဘက်ပေါင်းစုံမှ တစ်မြို့လုံးသို့ ပြန့်ထွက်လာသည်။ ကျင့်ကြံသူနှစ်ယောက်က မြို့အနီးသို့ တဟုန်ထိုး ပြေးဝင်သွားကြသော်လည်း အနက်ရောင်ချီများနှင့်အတွေ့၌ လောင်ကျွမ်းခံလိုက်ရပြီး မီးခိုးများအဖြစ် ပျောက်ကွယ်သွားရသည်။ သူတို့၏ဝိညာဥ်များက အပြင်းအထန် ထိခိုက်သွားသောကြောင့် ဝိညာဥ်နယ်မြေအပြင်ဘက်သို့ ပြန်ပို့ခံလိုက်ရခြင်းဖြစ်သည်။ ဤမြင်ကွင်းကြောင့် ကျန်ကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်သွားကာ အလျင်စလို ရှေ့မတက်ရဲတော့သဖြင့် ခပ်ဝေးဝေးမှသာ စောင့်ကြည့်ခဲ့ကြသည်။

ထိုအချိန်၌ အနက်ရောင်ချီများက စစ်သည်များအဖြစ် ပြောင်းလဲသွားကာ အချို့က မြင်းများစီးလျက်၊ အချို့က ချပ်ဝတ်ကိုယ်စီနှင့် အချို့က စစ်ရထားများ မောင်းနှင်လျက်သား ဖြစ်တည်လာကြသည်။ ခန္ဓာကိုယ်က အနက်ရောင်ဖြစ်ပြီး မျက်လုံးများက သွေးရောင်တောက်ပနေကာ စတုရန်းသဏ္ဍာန် စစ်ချီပုံနှင့်အတူ မြို့ဟောင်းကြီးကို ကာကွယ်နေကြသည်။ လူတိုင်းက စစ်မြေပြင်တစ်ခုသို့ ရောက်သွားသယောင် ခံစားလိုက်ရပြီး ပြင်ပကျင့်ကြံသူများမှာ ရှေ့တိုးရန် တွန့်ဆုတ်နေကြသည်။

ထိုအချိန်၌ အဝေးမှ ခရမ်းရောင်အလင်းတစ်ခု ပျံသန်းရောက်ရှိလာပြီး ခြင်္သေ့ကြီး ဖြစ်နေခဲ့သည်။ သူက အခြားကျင့်ကြံသူတစ်ယောက်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်း နောက်ဆုတ်ပေးနေရသဖြင့် တဘန်းဘန်းမြည်သံများ ထွက်ပေါ်လာ၏။ တစ်ဖက်ရန်သူက မည်သူဖြစ်ကြောင်း မသိရသော်လည်း ခြင်္သေ့ကြီးက အောက်စည်းသို့ ရောက်နေသောကြောင့် ယဲ့ချန်က အမြန်ဆုံးပြေးထွက်ကာ ကူညီပေးလိုက်သည်။ ရန်သူက လူငယ်တစ်ယောက်ဖြစ်ပြီး မျက်နှာက သွေးဆုတ်နေဟန်ဖြင့် ဖြူဖပ်ဖြူရော်ဖြစ်နေကာ တစ်ကြိမ်မှ မမြင်ဖူးသော်လည်း ယဲ့ချန်အတွက် ရင်းနှီးသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။

"ယဲ့ချန် ဒီကောင်က ချန်းယွမ်ပဲ"

ခြင်္သေ့ကြီးက ယဲ့ချန်ထံ အသံချင်းဆက်သွယ်၍ သတိပေးလိုက်၏။ ယဲ့ချန်သည် ရန်သူက မည်သူမည်ဝါဖြစ်ကြောင်း သိလိုက်ရသောအခါ သံကြိုးဖြင့် ချက်ချင်းပစ်ခတ်လိုက်၏။

"ဘန်း"

သံကြိုးရိုက်ချက်ကြောင့် ရန်သူက နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားရသဖြင့် ခြင်္သေ့ကြီးအတွက် အသက်ရှူချောင်သွားသည်။ သူက ဒဏ်ရာအနည်းငယ် ရထားခဲ့သော်လည်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်နေသည်။

"ဒီကောင်က ဘယ်လိုနည်းလမ်းတွေ အသုံးပြုထားလဲ မသိပေမယ့် အဆင့်နိမ့်ကြယ်သခင် ဖြစ်နေတယ်။ သူ့ဝိညာဥ်အသိစိတ်ကလည်း တော်တော်သန်မာလာတယ်"

သူက အမောဖြေ၍ ယဲ့ချန်ကို သတိပေးလိုက်သည်။

"မင်းတို့ကို ပြန်တွေ့ရမယ်လို့ မထင်ထားဘူး။ မင်းတို့ရဲ့ခွန်အားက နည်းနည်းတော့ တိုးတက်လာသားပဲ"

ချန်းယွမ်က ဒေါင်လိုက်မျက်လုံးများဖြင့် သူတို့ကို စိုက်ကြည့်ရင်း အကဲခတ်နေသည်။

"မင်းက ဘယ်လိုနည်းလမ်းမျိုးနဲ့ ကောင်းကင်မူလကြယ်ကနေ ထွက်ပြေးသွားတာလဲ"

ယဲ့ချန်က အေးစက်စက်ရေရွတ်၍ အကြည့်ချင်းဆုံလိုက်သည်။ ၎င်းမြွေက ကြယ်သခင်တစ်ယောက်၏ ခန္ဓာကိုယ်ကို အပိုင်စီးထားခြင်း ဖြစ်ရပေလိမ့်မည်။

"ဟား ဟား ငါ ဘယ်လိုအသက်ရှင်နေတယ်ဆိုတာကို သိချင်တာလား။ ငါ ဒီနေရာအထိ ရောက်လာနိုင်မယ်လို့ မင်းတို့ မထင်ထားဘူးမလား။ ငါ့ကို နတ်သခင်က လမ်းပြပြီး ကောင်းကင်မူလကြယ်ကနေ ကယ်တင်ပေးခဲ့တယ်"

ချန်းယွမ်က မောက်မာစွာခေါင်းမော့၍ လှောင်ရယ်လိုက်သည်။ ထို့ကြောင့် ယဲ့ချန်က ကြယ်တစ်ခုလုံး လိုက်လံရှာဖွေခဲ့သော်လည်း ဤရန်သူကို ရှာမတွေ့ခဲ့ပေ။ သူက ချန်းယွမ် အသတ်ခံလိုက်ရပြီဟု တွေးထားသော်လည်း တစ်ဖက်လူက ထွက်ပြေးသွားနိုင်ခဲ့သည်။

"နတ်သခင်"

ဤနာမည်ကြောင့် ယဲ့ချန်သည် ယုလု၏စကားများကိုလည်း ပြန်လည်အမှတ်ရလိုက်၏။ ယုလုက အနှေးနှင့်အမြန် ပြန်တွေ့မည်ဟု စိန်ခေါ်သွားခဲ့သည်။ သူက နတ်အစေခံအဆင့်အထိ တက်လှမ်းနိုင်ခဲ့သောအခါ ထိုစကားများကို လျစ်လျူရှုထားခဲ့သော်လည်း နောက်ကွယ်မှ ကြိုးကိုင်သူက ထင်ထားသည်ထက် အစွမ်းထက်နေပုံရသည်။

"အခု ငါက ခေါင်းဆောင်ရှယ်ရဲ့ တပည့်ဖြစ်နေပြီး အချိန်လေဟာနယ်အဆင့်သုံးကို နားလည်ထားတဲ့ အဆင့်နိမ့် ကြယ်သခင်တစ်ယောက် ဖြစ်နေပြီ။ မင်းတို့တွေ အညံ့ခံမယ်ဆိုရင် အသက်ချမ်းသာပေးမယ်"

ချန်းယွမ်က မောက်မာစွာပြောနေသော်လည်း ခြင်္သေ့ကြီးကို အချိန်တိုင်းအကဲခတ်နေပြီး သူ၏လက်ချက်ကြောင့် ရထားသော ဒဏ်ရာများ ပြင်းထန်သော်လည်း ချက်ချင်းကောင်းမွန်သွားခဲ့သည်။ ဤအချက်က သူထင်ထားသည်ထက် ကျော်လွန်နေ၏။ သူ၏ခန္ဓာကိုယ်ပတ်လည်၌ အနက်ရောင်ချီများ ရစ်သိုင်းနေကာ အကြေးခွံများ ထွက်ပေါ်နေပြီး ဝိညာဥ်သာဖြစ်သော်လည်း အစစ်အမှန်ရုပ်ခန္ဓာ၏ ခွန်အားမျိုး ပိုင်ဆိုင်နေသည်။ သူ၏ဒေါင်လိုက်မျက်လုံးများက ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို ရန်လိုစွာ စိုက်ကြည့်နေခဲ့၏။

"ယဲ့ချန် ဒီကောင့်ကို ဒီနေရာမှာ သတ်လို့ရမလား"

ဝိညာဥ်နယ်မြေတွင် လူတိုင်းက ဝိညာဥ်အသွင်နှင့် ရောက်ရှိနေသောကြောင့် ဝိညာဥ်အသိစိတ်ခွန်အား၌ အဆင့်နိမ့် ကြယ်သခင်တစ်ယောက်ကို ယှဥ်ပြိုင်ရန် ယဲ့ချန်နှင့် ခြင်္သေ့ကြီးအတွက် မလွယ်ကူပေ။

"ဒီကောင့်ကို အခုတော့ မောက်မာခွင့် ပေးထားလိုက်ရအောင်။ သူ့ကို ခြောက်လှန့်လိုက်ရင် တကယ်သတ်နိုင်မယ့် အချိန်ကျရင် ထွက်ပြေးသွားနိုင်တယ်"

ယဲ့ချန်က တစ်ချက်ပြုံးလိုက်၏။ အပြင်ကမ္ဘာ၌သာဆိုလျှင် ချန်းယွမ်က အဆင့်နိမ့်ကြယ်သခင် ဖြစ်နေပါစေ၊ သူတို့က ကြောက်စရာအကြောင်း မရှိပေ။ သူသာ နတ်ဆိုးတိုက်လှေကို ဆင့်ခေါ်လိုက်လျှင် တစ်ဖက်လူက ခြေထောက်ဆယ်စုံ ပိုင်ဆိုင်ထားသည့်တိုင်အောင် ထွက်ပြေးနိုင်မည် မဟုတ်ပေ။ ဤနေရာ၌ သူ့ကို သတ်ဖြတ်လိုက်လျှင်လည်း အဓိပ္ပါယ်မရှိသောကြောင့် ခွန်အားကို သိုဝှက်ထားရန် ဆုံးဖြတ်လိုက်၏။ ချန်းယွမ်သည် ကောင်းကင်မူလကြယ်မှ ထွက်ခွာသွားသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သောကြောင့် နတ်ဆိုးတိုက်လှေအကြောင်း သိထားမည် မဟုတ်ပေ။ ချန်းယွမ်က သူ့ကိုယ်သူအထင်ကြီး၍ ကျေနပ်နေပြီး ယဲ့ချန်တို့ကို သားကောင်အဖြစ် ရှုမြင်နေသော်လည်း အမှန်တကယ် သားကောင်က သူ ဖြစ်နေခဲ့သည်။

"ဒီနေ့ မင်းတို့ကို သင်ခန်းစာပေးရမယ်။ အပြင်ကိုရောက်တာနဲ့ နှစ်ယောက်လုံးကို သတ်ပစ်မယ်"

ချန်းယွမ်က အေးစက်စက်ရယ်မောလိုက်ပြီး တိုက်ခိုက်ရန် အနက်ရောင် ပုံရိပ်တစ်ခုအသွင်နှင့် ပြေးဝင်လာခဲ့သည်။

"သွားကြစို့"

အနက်ရောင်ချီများက မြွေများအသွင်ဖြင့် တိုးဝင်လာသောအခါ ယဲ့ချန်က ကြောက်လန့်ချင်ယောင်ဆောင်၍ အော်ဟစ်လိုက်သည်။

"မင်းတို့က ဘယ်ပြေးမလို့လဲ"

ယဲ့ချန်နှင့် ခြင်္သေ့ကြီးက အလင်းတန်းများအလား လှစ်ခနဲ ပြေးထွက်သွားသောအခါ ချန်းယွမ်က အေးစက်စက် နှာခေါင်းရှုံ့၍ လိုက်ပါလာခဲ့သည်။ ယဲ့ချန်က သံကြိုးကို ယမ်းလိုက်သောအခါ ထောင်ချီသော

မြွေများက တဘန်းဘန်း ပေါက်ကွဲသွားကြသည်။

"ဝိညာဥ်လက်နက်"

ချန်းယွမ်၏အမူအရာက လေးနက်သွားပြီး ဝိညာဥ်လက်နက်ဖြင့် ဝိညာဥ်သာ တိုက်ခိုက်ခံရလျှင် ပြန်လည်ကောင်းမွန်ရန် အလွန်ခက်ခဲနိုင်သည်။ ယဲ့ချန်၏လက်နက်က အဆင့်မမြင့်သော်လည်း ခုခံရန် ခက်ခဲပေသည်။ အလွန်ရှားပါးသော ဝိညာဥ်လက်နက်တစ်ခုကို ယဲ့ချန် ပိုင်ဆိုင်ထားသည့် အကြောင်းအရင်းကို သူက နားမလည်နိုင်ပေ။ ချန်းယွမ် တွန့်ဆုတ်နေစဥ် ယဲ့ချန်တို့က အဝေးတစ်နေရာသို့ ပျံသန်းပျောက်ကွယ်သွားပြီဖြစ်သည်။

"ဝူး ဝူး အား"

ထိုအချိန်တွင် ကောင်းကင်မှ နတ်ဆိုးစစ်သည်များက အမိန့်တစ်ခုရလိုက်သောကြောင့် ခံစစ်အနေအထားမှ ပြောင်းလဲကာ ရေစီးကြောင်းအလား ချီတက်လာကြသည်။ သူတို့က ကျင့်ကြံသူများထံ တဟုန်ထိုးပြေးဝင်လာကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ကြသည်။ ကြယ်သခင်အဆင့် စစ်သည်များစွာကလည်း ချန်းယွမ်ထံ ပြေးဝင်လာသောကြောင့် သူက ကျိန်ဆဲကာ ထိပ်တိုက်မရင်ဆိုင်ရဲသဖြင့် နောက်ဆုတ်လိုက်ရ၏။ သူက အလင်းတန်းတစ်ခု အသွင်ပြောင်းကာ မီးတောက်နီနန်းတော်မှ ကျင့်ကြံသူအချို့နှင့်အတူ စစ်မြေပြင်မှ ထွက်ခွာသွားခဲ့သည်။

စစ်ဗုံသံများပျံ့လွင့်နေကာ ကျယ်လောင်သော မြင်းဟီသံများအောက်တွင် နတ်ဆိုးစစ်သည်များက မြို့ဟောင်းထံမှ ချီတက်လာနေကြသည်။ ဝိညာဥ်နတ်ဘုရားနယ်မြေသို့ ဝင်ရောက်လာကြသူများမှာ ရက်စက်ကြမ်းတမ်းသော တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်လိုက်ရသည်။ စစ်သည်အများစုက အဆင့်နိမ့် ကြယ်သခင်များဖြစ်သောကြောင့် ခဏအတွင်း တစ်လောကလုံး ဗြောင်းဆန်သွားကာ ကောင်းကင်၌ အလင်းတန်းများစွာ ထွက်ပေါ်လာသည်။ ကြယ်သခင်များ၏တိုက်ပွဲက တစ်လောကလုံးကို တုန်ခါစေပြီး အချိန်လေဟာနယ်ချီများ ယှက်သန်းပေါက်ကွဲနေကြသည်။ တိုက်ပွဲက ဖြည်းဖြည်းချင်း ကြီးမားလာကာ မြေပြင်၌ပင် ဧရာမတွင်းကြီးများ ဖြစ်ပေါ်လာ၏။

ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် နတ်ဆိုးစစ်သည်များကို ရှောင်ရှားကာ မြို့ဟောင်းထံ ချဥ်းကပ်နေကြသည်။ စစ်သည်များက ကြောက်မက်ဖွယ်အမူအရာများ ပိုင်ဆိုင်ထားကာ အပြင်လူများကို ရက်စက်စွာ တိုက်ခိုက်နေခဲ့သည်။ မြို့ဟောင်းထံမှ အနီရောင်အလင်းများ တဖြတ်ဖြတ်ထွက်ပေါ်လာကာ အနီရောင်ကျောက်များ ကောင်းကင်၌ ထွက်ပေါ်လာသည်။ ၎င်းတို့က ဝိညာဥ်နတ်ဘုရားထံတွင် ရတနာဖြင့် လဲလှယ်နိုင်သော ဝိညာဥ်ကျောက်များဖြစ်ရာ လူတိုင်း၏မျက်လုံးများ တောက်ပလာကြသည်။ သို့သော်လည်း နတ်ဆိုးစစ်သည်များက အပြင်းအထန် တိုက်ခိုက်နေသဖြင့် မြို့ဟောင်းအတွင်း ဝင်ရောက်ရန် မလွယ်ကူပေ။

"မြို့ထဲကို ဘယ်လိုဝင်ကြမလဲ"

ဝိညာဥ်နတ်ဘုရားနယ်မြေတွင် ဝိညာဥ်လက်နက်များမှလွဲလျှင် အခြားရတနာများကို အသုံးမပြုနိုင်သောကြောင့် ယဲ့ချန်နှင့် ခြင်္သေ့ကြီးက အကြံအိုက်နေရသည်။ သူတို့က အကြံထုတ်နေစဥ် ကျင့်ကြံသူတစ်ဖွဲ့ ပေါ်ပေါက်လာပြီး နတ်ဆိုးစစ်သည်များကို ရှင်းလင်းကာ မြို့ဟောင်းထံ ချီတက်နေကြသည်။

"ဒါက ဟင်းလင်းပြင်ကျောက်စိမ်းနန်းတော်ရဲ့ ပါရမီရှင် ဝူကန်ဦးဆောင်တဲ့ အဖွဲ့ပဲ။ သူက အလယ်အဆင့် ကြယ်သခင်ဖြစ်ပြီး အဖွဲ့ထဲမှာ ကြယ်သခင်ဆယ်ယောက်ကျော် ပါဝင်တယ်"

ခြင်္သေ့ကြီးက ဤနယ်မြေသို့ ယဲ့ချန်ထက် အရင်ရောက်နေသောကြောင့် အချက်အလက်အချို့ ရယူထားနိုင်၏။

"ဒါဆို သူတို့နောက်က လိုက်သွားရအောင်"

သူတို့က ဆင်ဖြူတော်မှီ၍ ကြံစုပ်ရန်အကြံဖြင့် ဝူကန်နှင့် အဖွဲ့နောက်မှ တိတ်တဆိတ် လိုက်ပါသွားကြသည်။ သူက အနီးကပ်လာသော နတ်ဆိုးစစ်သည်များကို ဝိညာဥ်လက်နက်ဖြင့် သတ်ဖြတ်ရင်း မြို့ဟောင်းအနားသို့ နီးကပ်လာ၏။

"ဘန်း ဘန်း ဘန်း"

ဝူကန်နှင့်အဖွဲ့သည် နတ်ဆိုးစစ်သည်များကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ကာ မြို့ဟောင်းအတွင်း ဝင်ရောက်သွားကြသည်။ ထိုအချိန်၌ ဖိအားတစ်ရပ် ကျဆင်းလာကာ ခွန်အားများက ဆန်းကျယ်စွာ ဖိနှိပ်ခံလိုက်ရ၏။

"ယူကြ"

ဝူကန်၏အမိန့်အောက်တွင် လူတိုင်းက ဝိညာဥ်အသိစိတ်များ ဖြန့်ကျက်၍ ဝိညာဥ်ကျောက်များကို သိမ်းယူလိုက်ကြသည်။ ထောင်ချီသော အရေအတွက်တစ်ခုက ခဏအတွင်း သူတို့အိတ်ကပ်အတွင်း ရောက်သွားကြသည်။ အနီးကပ်လိုက်ပါလာသော ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည်လည်း မြို့ဟောင်းအတွင်း ရောက်လာပြီး ဝူကန်တို့နှင့် ပြဿနာမတက်စေရန် လမ်းကြားတစ်ခုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားလေသည်။

All Chapters