← Chapters

ဓားပျံ၏ အစိတ်အပိုင်း

Vol. 60 Ch. 837

ဓားပျံ၏ အစိတ်အပိုင်း

Vol. 60 Ch. 837

ယဲ့ချန်သည် မြို့ဟောင်းအတွင်းသို့ ရောက်လျှင်ရော​က်ချင်း ဘက်ပေါင်းစုံမှ တိုးဝင်လာနေသော ဖိအားတစ်ခုကို ခံစားလိုက်ရပြီး ခြင်္သေ့ကြီးသည်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ မြို့၏လမ်းများမှာ ကြက်ခြေခတ်သဏ္ဍာန် ဖောက်လုပ်ထားကာ ဘေးဘယ်ညာ၌ ထူးခြားသော အဆောက်အအုံပုံစံမျိုးစုံကို ဆောက်လုပ်ထားသော်လည်း လူသူလေးပါးကင်းရှင်းနေကာ သရဲများပင် မရှိချေ။ မြို့ဟောင်းအတွင်း ဆန်းကျယ်သော အရှိန်အဝါတစ်ခု တည်ရှိနေကာ မျက်လုံးတစ်စုံမှ စိုက်ကြည့်နေသည်ဟု ယဲ့ချန်က မြို့တွင်းသို့ ရောက်ရောက်ချင်း ခံစားခဲ့ရသည်။ ဝိညာဥ်ကျောက်အများစုကို ဝူကန်တို့ ယူဆောင်သွားသဖြင့် သူတို့က လမ်းကြားအတွင်းမှ နှစ်တုံးကိုသာ ရယူနိုင်ခဲ့သည်။ ၎င်းက သွေးရောင်တောက်နေပြီး ပတ္တမြားကဲ့သို့ ကြည်လင်နေကာ အပူဓာတ်တစ်မျိုး ထုတ်လွှတ်ပေးနေသဖြင့် ကိုင်ထားလိုက်လျှင် နွေးထွေးသော စီးကြောင်းတစ်ခု ဖြစ်ပေါ်လာ၏။

ဝိညာဥ်နယ်မြေရှိ အရာရာတိုင်းကို ဝိညာဥ်နတ်ဘုရားက ဖန်တီးထားပြီး ဝိညာဥ်ကျောက်အတွင်း ပါဝင်သည့် စွမ်းအင်များကို ခံစားမိသောအခါ ထိုနတ်ဘုရား၏ ခွန်အားကို ယဲ့ချန်က အံ့သြနေသည်။ ထိုအချိန်၌ သူ၏မြင်ကွင်းအတွင်း ကောင်းကင်ထက်မှ ပုံရိပ်နှင့် တစ်ထပ်တည်းတူညီသော ပုံရိပ်တစ်ခု ဝေဝါးစွာ ဝင်ရောက်လာပြီး ဝိညာဥ်ကို ဆက်သွယ်နေသည်။

"ကောင်းကင်ဖျက်ဆီးရေးနတ်ခန္ဓာ ကြယ်ဝိညာဥ်ပေါင်းစပ်နှုန်း သုညနဲ့ လူတစ်ယောက် စိတ်ဝင်စားစရာပဲ"

ဝိညာဥ်နတ်ဘုရား၏ စကားသံက ယဲ့ချန်၏ဝိညာဥ်ကို ရိုက်ခတ်လာပြီး တစ်ချက်ကြည့်ရုံဖြင့် အရာရာကို သိသွားသောကြောင့် သူက တုန်လှုပ်သွားရ၏။

"ဒီနယ်မြေမှာ လျှို့ဝှက်နယ်မြေတွေ အများကြီးရှိပြီး ဝိညာဥ်ကျောက်တွေ မရေမတွက်နိုင်အောင် ရှိတယ်။ မင်းသာ ဝိညာဥ်ကျောက်တွေ လုံလောက်ရင် ငါ့ဆီက ရတနာပေါင်းစုံ လဲယူနိုင်တယ်"

ဝိညာဥ်နတ်ဘုရားက ပြောပြောဆိုဆိုနှင့် လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သောအခါ များစွာသော ရတနာများမှာ လေထဲတွင် မျောလွင့်လျက်သား ထွက်ပေါ်လာ၏။ ရတနာတစ်ခုချင်းစီတွင် ရှေးဟောင်းဘာသာစကားဖြင့် အမည်များတပ်ထားကာ အစွမ်းထက်အရှိန်အဝါကိုယ်စီ ပိုင်ဆိုင်နေကြသည်။ ရတနာတစ်ခုချင်းစီက အဖိုးတန်လွန်းသောကြောင့် ယဲ့ချန်က မင်သက်သွားရသည်။ ဝိညာဥ်လက်နက်များ၊ ဝိညာဥ်ကျင့်စဥ်များ၊ ဝိညာဥ်ချပ်ဝတ်များ၊ ရှားပါးဆေးပင်များ၊ ဝိညာဥ်ကျောက်စိမ်း အမြုတေများ၊ ကာကွယ်ရေးဝိညာဥ်သားရဲများ စသည်ဖြင့် အရေအတွက်က သောင်းချီနေသည်။ သူက အားလုံးကို အလျင်အမြန် စစ်ဆေးလိုက်ပြီး တစ်ခုချင်းစီက သူ၏ခွန်အားကို များစွာတိုးတက်စေနိုင်ကြောင်း သေချာသွားခဲ့သည်။ သို့သော်လည်း စျေးအနည်းဆုံး ရတနာပင် ဝိညာဥ်ကျောက်ထောင်ချီ ပေးရမည်ဖြစ်ကာ အလွန်စျေးကြီးသော ရတနာများလည်း ရှိသည်။ အဆင့်မြင့် ဝိညာဥ်လက်နက်ဖြစ်သော ဝိညာဥ်စားဓားဆိုလျှင် ဝိညာဥ်ကျောက်သိန်းချီ အဖိုးတန်ပြီး သန်းချီတန်သည့် ရတနာများလည်း ရှိနေသည်။ စျေးအကြီးဆုံးရတနာက အပိုင်းအစတစ်ခုဖြစ်ကာ ဝိညာဥ်ကျောက်သန်းနှစ်ဆယ် အဖိုးတန်ပြီး အခြားရတနာများနှင့် ကွဲပြားပြီး စကြဝဠာ၌ တစ်ခုတည်းသော ရတနာဖြစ်သည်ဟု အာရုံခံနိုင်သည်။ ဝိညာဥ်စားဓားကဲ့သို့ လက်နက်မျိုးပင် ၎င်း၏စွမ်းအားကို လုံးဝမယှဥ်နိုင်ပေ။

ဤအစိတ်အပိုင်းက မည်သည့်လက်နက်မှဖြစ်ကြောင်း မသိရသော်လည်း လက်မအရွယ်သာရှိ၍ ငွေရောင်တောက်ပနေသည်။ ပထမတစ်ကြိမ် ကြည့်လိုက်လျှင် ၎င်းက နေအငယ်စားလေးပမာ တောက်ပလင်းလက်နေကာ နောက်တစ်ကြိမ် ပြန်ကြည့်လိုက်လျှင် အေးစက်စက်အလင်းရောင်များ ထွက်ပေါ်နေ၏။ ၎င်း၏ပုံစံအရ ဓားပျံတစ်ခု၏ အစိတ်အပိုင်းနှင့် တူညီနေသောကြောင့် ယဲ့ချန်၏စိတ်ထဲတွင် တုန်ခါသွားလေသည်။ ၎င်းက လက်မအရွယ်သာရှိ၍ လက်နက်တစ်ခုလုံး ပြန်လည်ပြည့်စုံရန်အတွက် အစိတ်အပိုင်းထောင်ချီ လိုအပ်သော်လည်း ထူးခြားသော အရှိန်အဝါက မမှားယွင်းပေ။ ဤအစိတ်အပိုင်းက သူ၏စိတ်အတွင်းရှိ ဓားပျံမှ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း လုံးဝသေချာနေသည်။ သူထုတ်ဖော်နိုင်သော ဓားပျံက ကောင်းကင်ချီဖြင့် ဖန်တီးထားသော သဏ္ဍာန်တစ်ခုသာ ဖြစ်သော်လည်း အလွန်ထက်ရှပြီး ပြိုင်ဘက်ကင်းနေသည်။ ဓားပျံ၏ အစစ်အမှန်ကိုယ်ထည်က အလွန်တရာ အစွမ်းထက်နေပေလိမ့်မည်။

"ဓားပျံက ဒီလောက်အစွမ်းထက်တယ်ဆိုရင် ဘယ်လိုလုပ် အပိုင်းပိုင်းအစစ ဖြစ်သွားတာလဲ။ နေဦး။ ဒီအစိတ်အပိုင်းက လက်နက်တစ်ခုခုကြောင့် ပြတ်တောက်ခဲ့တာ မဟုတ်ဘူး။ အလိုအလျောက် ပြိုကွဲသွားတာဖြစ်လို့ ရွမ်းဗတ်ပုံ အတိအကျ ဖြစ်နေတာပဲ။ တစ်ခုခုနဲ့ ပိုင်းဖြတ်ခံရတာဆိုရင် ဖြတ်ရာ ရှိနေရလိမ့်မယ်။ ဓားပျံက ဘာကြောင့် အလိုလိုဖြိုခွဲပစ်လိုက်ရတာလဲ။ ဒီအစိတ်အပိုင်းအပြင် ကျန်တာတွေကလည်း စကြဝဠာထဲမှာ ရှိနေလောက်လား။ ဘယ်နေရာမှာလဲ"

ယဲ့ချန်သည် စိတ်အတွင်းမှ ဓားပျံအကြောင်း အတွေးနက်နေခဲ့သည်။ ဤအချက်အလက်များအရ ဖြစ်နိုင်သည်မှာ သူ၏စိတ်အတွင်းရှိ ဓားပျံက ပုံရိပ်ယောင်ဖြစ်ပြီး အစစ်အမှန်ဓားပျံ၏ လက်နက်ဝိညာဥ် ဖြစ်ပေလိမ့်မည်။ ဓားပျံ၏ကိုယ်ထည်က စကြဝဠာတစ်ခွင် အစိတ်အပိုင်းများအဖြစ် ပြန့်ကြဲနေခြင်း ဖြစ်နိုင်သည်။

"ဝိညာဥ်နတ်ဘုရားက ဒီအစိတ်အပိုင်းကို ဘယ်လိုရထားတာလဲ။ သူ့မှာ နောက်ထပ်အစိတ်အပိုင်းတွေအကြောင်း သတင်းတွေ ရှိနေမလား။ ငါ ဒီအစိတ်အပိုင်းတွေကို သေချာပေါက် စုစည်းရမယ်။ ဘာဖြစ်ဖြစ် ဓားပျံရဲ့ ဆန်းကျယ်မှုတွေကို ငါ ဖြေရှင်းရလိမ့်မယ်"

ဤသတင်းက တုန်လှုပ်စရာကောင်းသောကြောင့် ယဲ့ချန်၏စိတ်သည် အချိန်ကြာမြင့်စွာ တုန်လှုပ်နေသော်လည်း နောက်ဆုံး၌ အခိုင်အမာ ဆုံးဖြတ်လိုက်သည်။ ကံဆိုးသည်မှာ ၎င်းကို ရယူရန်အတွက် ဝိညာဥ်ကျောက်သန်းနှစ်ဆယ် လိုအပ်နေခြင်းဖြစ်ကာ ခြင်္သေ့ကြီးထံ တစ်ချက်ကြည့်လိုက်၏။

"ဓားပျံအစိတ်အပိုင်း ဟုတ်လား"

ခြင်္သေ့ကြီးက တအံ့တသြ ရေရွတ်လိုက်သော်လည်း စကားကို ချက်ချင်းရပ်ပစ်လိုက်၏။ ဤနယ်မြေက ဝိညာဥ်နတ်ဘုရား၏ ဖန်တီးမှုဖြစ်သောကြောင့် စကားတိုင်းကို သူက ကြားနေမည်ဖြစ်ရာ လျှို့ဝှက်ချက်များ ထွက်ပေါ်သွားနိုင်သည်။ ယဲ့ချန်က ခေါင်းတစ်ချက်ညိတ်ပြပြီး စိတ်ချင်းဆက်သွယ်ကာ အကြောင်းစုံရှင်းပြလိုက်ပြီး ဓားပျံအစိတ်အပိုင်းကို ရယူရန်အတွက် ခက်ခဲသော်လည်း လက်လျှော့မည့်သူများ မဟုတ်ပေ။ သူတို့က မြို့တွင်းသို့ ထပ်မံလှည့်ပတ်လိုက်ပြီးနောက် ဝိညာဥ်ကျောက်၁၁လုံး ရှာတွေ့ခဲ့သည်။

"ဝူကန် ဒီမှာ နှစ်ယောက်ရှိနေတယ်။ သူတို့က ငါတို့နောက်ကနေပုန်းပြီး မြို့ဟောင်းထဲကို လိုက်လာတာ ဖြစ်ရမယ်။ သူတို့ကို သတ်လိုက်သင့်လား"

ထိုအချိန်၌ ဝူကန်တို့အဖွဲ့က သူတို့ကို သတိထားမိသွားကာ တစ်ယောက်က အကြံပေးလိုက်ခြင်းဖြစ်သည်။

"ထားလိုက်ပါ။ သူတို့နှစ်ယောက်က နတ်အစေခံအဆင့်တစ်ဆယ် ကျင့်ကြံသူတွေဖြစ်ပြီး ပါရမီရှိတယ်ဆိုတော့ အစွမ်းထက်ကျင့်ကြံသူရဲ့ တပည့်တွေ ဖြစ်ရမယ်။ ဟင်းလင်းပြင်ကျောက်စိမ်းနန်းတော်အတွက် ရန်သူတွေ ထပ်မတိုးလာစေနဲ့"

ဝူကန်က တစ်ချက်စိုက်ကြည့်၍ ခဏတာစဥ်းစားပြီး ခေါင်းယမ်းလိုက်သည်။ ဝူကန်က ယဲ့ချန်တို့ကို ဂရုမစိုက်ဘဲ ဝိညာဥ်ကျောက်တုံးများအား ရှာဖွေလိုသောကြောင့်ဖြစ်သည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်၍ သက်ပြင်းချကာ ဝိညာဥ်ကျောက်များရှာဖွေရန်အတွက် မြို့ဟောင်းအနက်ပိုင်းသို့ ဆက်လက်ထွက်ခွာလာသည်။ အချိန်တစ်ခုအကြာတွင် အခြားကျင့်ကြံသူများလည်း မြို့ဟောင်းအတွင်း ဝင်ရောက်လာကြပြီး ဝိညာဥ်ကျောက်အနည်းငယ်ကိုသာ တွေ့ရသောကြောင့် ခြေတစ်လှမ်း နောက်ကျသွားပြီဖြစ်ရာ ဒေါသထွက်ကုန်ကြသည်။ ချန်းယွမ်သည် ရင်းနှီးသော အရှိန်အဝါနှစ်ခုကို အာရုံခံမိလိုက်ပြီး သူ့ရှေ့မှ ရောက်နေသောကြောင့် မကျေမနပ်ဖြစ်သွားသည်။ ထို့နောက် ကျင့်ကြံသူများက မြို့ဟောင်းအတွင်းပိုင်းသို့ တစ်ယောက်ပြီး တစ်ယောက် ဝင်ရောက်လာကြ၏။

ထိုအချိန်၌ ယဲ့ချန်နှင့် ခြင်္သေ့ကြီးသည် မြို့ဟောင်းအတွင်းပိုင်းသို့ ရောက်နေပြီး လေထဲမှ သွေးနံ့ကို ရလိုက်သောကြောင့် သတိကြီးကြီးထားမိလိုက်ကြသည်။ ဝူကန်နှင့် အခြားကျင့်ကြံသူများက ဝိညာဥ်ကျောက်များကို သည်းကြီးမည်းကြီး ရှာဖွေနေသော်လည်း သူတို့က သတိကြီးနေပြီး အရှိန်အဝါကို ဖုံးကွယ်ထားသည်။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်က ကွဲထွက်သွားကာ မရေမတွက်နိုင်သော ဝိညာဥ်ကျောက်များသည် အနီရောင်အလင်းများနှင့်အတူ ကောင်းကင်သို့ ပျံတက်လာကြသည်။ ၎င်းတို့ကို မြင်သောအခါ လူတိုင်းက ရူးသွပ်သွားကြပြီး ကောင်းကင်သို့ ခုန်တက်သွား၍ ချက်ချင်းတိုက်ခိုက် လုယူနေကြသည်။ ကြယ်သခင်များ၏ တိုက်ပွဲက ပြင်းထန်လွန်းသောကြောင့် အစွမ်းထက်တန်ပြန်အားများ ထွက်ပေါ်လာကာ မြို့ဟောင်း၏ တစ်ဝက်ခန့်က ချက်ချင်းဖျက်ဆီးခံလိုက်ရသည်။ ယဲ့ချန်ကမူ မြို့ဟောင်းသည် အလွန်ထူးခြားနေသည်ဟု ခံစားမိသောကြောင့် ၎င်းတို့ကို လုယူရန်အတွက် အလျင်မလိုပေ။ ထိုအစား သူက မြေပြင်၌ တင်ပျဥ်ခွေထိုင်ပြီး ဝိညာဥ်ကျောက်များ ထွက်ပေါ်လာသော နေရာကို လိုက်လံရှာဖွေလိုက်သောအခါ မြေအောက်မှ ဖြစ်ကြောင်း သိလိုက်ရ၏။

လူတိုင်းက ဝိညာဥ်ကျောက်များအတွက် တိုက်ခိုက်နေစဥ် နတ်ဆိုးစစ်သည်များက မြို့ပြင်မှ မြို့တွင်းသို့ ရုတ်တရက် ချီတက်လာကာ အားလုံးကို ဝိုင်းထားလိုက်ကြသည်။ မူလတွင် ၎င်းတို့သည် မြို့ပြင်၌သာ လှုပ်ရှားနေကြသော်လည်း မြို့တွင်းသို့ ဝင်ရောက်လာသောအခါ ကျင့်ကြံသူများ အငိုက်မိကုန်သည်။

"သတ်"

နှစ်ဖက်လုံးမှ သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာကာ ဝိညာဥ်ကျောက်လုနေရာမှ မြို့ဟောင်းအတွင်း စစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။

"ခြင်္သေ့ကြီး ကျုပ်နောက်က လိုက်ခဲ့"

ယဲ့ချန်က ခြင်္သေ့ကြီးကို သတိပေး၍ ရှုပ်ထွေးနေသော တိုက်ပွဲအကြားမှ သူ ရှာတွေ့ထားသည့် ဝင်ပေါက်ထံ ဦးဆောင်သွားလိုက်သည်။ သူတို့က ခန်းမကျယ်တစ်ခုအတွင်းရှိ ကျဥ်းမြောင်းရှည်လျားသော ဥမင်အတိုင်း မြေအောက်သို့ ဆင်းလာခဲ့၏။ အချိန်တစ်ခုကြာသောအခါ သူတို့၏မြင်ကွင်းအတွင်း ဧရာမ မြေအောက်နန်းတော်ကြီးတစ်ခု ဝင်ရောက်လာသည်။ နန်းတော်အတွင်း တင်းကြပ်စွာ ပိတ်ထားသော ကျောက်တုံးတံခါးများနှင့် ကာကွယ်ထားသည့် အခန်းများ ရှိနေသည်။

"အထဲမှာ ဘာတွေရှိမလဲ ကြည့်ရအောင်"

ခြင်္သေ့ကြီးက ရှေ့တက်၍ အခန်းတံခါးတစ်ခုကို အားကုန်သုံးကာ တွန်းဖွင့်လိုက်၏။ သူတို့၏မြင်ကွင်းသို့ အနီရောင် အလင်းတစ်ခုနှင့်အတူ ထောင်ချီသော ဝိညာဥ်ကျောက်များ ဝင်ရောက်လာသည်။

"ဟား ဟား ငါတို့တော့ ချမ်းသာပြီ"

"သတိထားဦး။ ထောင်ချောက်ရှိနိုင်တယ်"

ထောင်ချီသော အရေအတွက်က ဓားပျံအစိတ်အပိုင်းကို မလဲလှယ်နိုင်သော်လည်း ဝိညာဥ်လက်နက်တစ်ခု ဝယ်ယူနိုင်သဖြင့် ခြင်္သေ့ကြီးက ကျေနပ်နေသည်။ ဝိညာဥ်ကျောက်များစွာကို မြင်နေရသော်လည်း အန္တရာယ်ဟူသော ခံစားချက်ကြောင့် ယဲ့ချန်က အလွန်တည်ငြိမ်နေသည်။

"ငါ သိပြီ"

ခြင်္သေ့ကြီးသည် ခေါင်းညိတ်၍ အခန်းတစ်ခုလုံးကို စစ်ဆေးလိုက်ပြီး လုံခြုံစိတ်ချရကြောင်း သေချာသောအခါတွင်မှ ဝိညာဥ်ကျောက်များကို သိမ်းယူလိုက်၏။ သိုလှောင်အိတ်ကဲ့သို့ အရာများကို ဤနယ်မြေသို့ ယူဆောင်လာနိုင်စွမ်း မရှိသော်လည်း သေဆုံးသွားခြင်း မဟုတ်သောကြောင့် ရုပ်ခန္ဓာရှိ သိုလှောင်အိတ်များအတွင်း သိမ်းယူနိုင်၏။ သူတို့က အခန်းများကို ဆက်တိုက်ဖွင့်လှစ်ပြီး ဝိညာဥ်ကျောက်သိန်းချီကို ရယူနိုင်ခဲ့သည်။

"ရှေ့ဆက်ကြမယ်။ နောက်ထပ်ဝိညာဥ်ကျောက်တွေ ရှိလိမ့်မယ်"

မြေအောက်နန်းတော်၏ အတွင်းပိုင်းမှ အနီရောင် အလင်းတစ်ခုနှင့်အတူ လေပူများ အရှိန်ပြင်းပြင်း ထွက်ပေါ်လာနေသဖြင့် သူတို့က ရှေ့ဆက်လိုက်ကြ၏။

"မြန်မြန်သွားရမယ်။ အခြားလူတွေက ဒီနေရာကို သိပ်မကြာခင် ရှာတွေ့သွားနိုင်တယ်"

အပြင်ဘက်မှ ကျင့်ကြံသူများ ဝင်ရောက်လာလျှင် ဝိညာဥ်ကျောက်များကို လက်လွှတ်ရမည်ဖြစ်သောကြောင့် ယဲ့ချန်က သတိပေးလိုက်လေသည်။

All Chapters