ဝိညာဥ်ပေါင်းစပ်မြက်
Vol. 60 Ch. 839
"ငါ ဒီနေရာကိုရောက်ကာစတော့ ဝိညာဥ်ကျောက်ကို အပြင်မှာ ရောင်းတယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် အရမ်းစျေးကြီးပြီး တစ်တုံးကို မနောငွေသိန်းချီ ပေါက်စျေး ရှိနေတယ်"
ယဲ့ချန်၏အကြံကို နားလည်လိုက်သော ခြင်္သေ့ကြီးက ခေါင်းတစ်ချက်ယမ်း၍ သက်ပြင်းချလိုက်၏။ ဤစျေးနှုန်းကို ကြားလိုက်ရသောအခါ ယဲ့ချန်ပင် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ဝိညာဥ်ကျောက်သန်းနှစ်ဆယ်ကို ဝယ်ယူရန် လုံလောက်သော ပမာဏက နည်းနည်းနောနောမဟုတ်ရာ ထိပ်တန်းမဟာမိတ်တစ်ခုလုံး စုပေါင်းလျှင်ပင် တတ်နိုင်မည် မဟုတ်ပေ။ သို့သော် ဝိညာဥ်နယ်မြေမှ ရတနာတိုင်းက အဖိုးအနဂ္ဃထိုက်တန်ပြီး ပြင်ပလောက၌ ဝယ်ယူနိုင်သော အရာများ မဟုတ်သောကြောင့် လက်ခံနိုင်ပေသည်။
"ကြည့်ရတာ ဝိညာဥ်ကျောက်သန်းနှစ်ဆယ်ကို အပြင်လောကမှာ ဝယ်ဖို့လည်း မဖြစ်နိုင်ဘူး။ နောက်ထပ် နည်းလမ်းရှာရမယ်။ မဟုတ်လို့ကတော့ ပိုက်ဆံကို ဖြည်းဖြည်းချင်း စုနေရလိမ့်မယ်"
ယဲ့ချန်က ရေရွတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ၊ ဤခရီးက အလဟဿမဖြစ်ခဲ့ဘဲ ဓားပျံအစိတ်အပိုင်းအကြောင်း သိရလိုက်သဖြင့် ရယူရန်အတွက် နည်းလမ်းတစ်ခု အမြဲတမ်း ရှိနေပေလိမ့်မည်။
"ငါတို့ရဲ့လက်ရှိခွန်အားက နည်းနည်း အားနည်းနေတယ်။ ငါတို့သာ ဒီကောင်တွေကို ဖိနှိပ်နိုင်ရင် ဝိညာဥ်ကျောက်ရနှုန်းက သေချာပေါက် မြင့်တက်လာလိမ့်မယ်"
ခြင်္သေ့ကြီးက ခေါင်းကို လက်ဝါးကြီးဖြင့် တဗြင်းဗြင်းကုတ်၍ အကြံအိုက်နေပုံရသည်။ သူတို့က ဝိညာဥ်ကျောက်ရှာဖွေရာ၌ အခြားကျင့်ကြံသူများကို ရှောင်ရှားခဲ့ရပြီး တိုက်ရိုက်တိုက်ခိုက်မရခြင်းအပေါ် သူက စိတ်ပျက်နေခဲ့သည်။
"ခွန်အားကို မြှင့်တင်ရမယ်။ ခြင်္သေ့ကြီး လာဗျာ ရတနာတွေ သွားလဲကြရအောင်"
ယဲ့ချန်၏မျက်လုံးများ တောက်ပသွားကာ ပြုံးယောင်သန်းလာ၏။
"ဓားပျံကိုရော ဘယ်လိုလုပ်ကြမလဲ"
ခြင်္သေ့ကြီးက နားမလည်နိုင် ဖြစ်နေခဲ့သည်။
"ရင်းနှီးမြုပ်နှံတာမရှိရင် ဘယ်လိုလုပ် အကျိုးအမြတ်ထွက်မှာလဲ။ အရင်ဆုံး ခွန်အားကို မြှင့်တင်ပြီး ဝိညာဥ်ကျောက်တွေကို သေချာပေါက် လုယူကြမယ်။ ဒီအရေအတွက် သန်းနှစ်ဆယ်ကို ရှာကိုရှာမယ်"
ယဲ့ချန်က လေးနက်စွာ ပြောလိုက်သည်။ မြို့ဟောင်းအတွင်း ဝင်ရောက်နိုင်သူများ အားလုံးက အမြတ်ထွက်ခဲ့ပြီး အများစုက ဝိညာဥ်ကျောက်ထောင်ချီ ရယူနိုင်ခဲ့ကာ အချို့ဆိုလျှင် သောင်းချီအထိ ရှာဖွေနိုင်ခဲ့သည်။ သူတို့က ဝိညာဥ်နတ်ဘုရားထံမှ ရတနာများကို လဲလှယ်ခဲ့ကြပြီး အများစုမှာ ကျင့်ကြံခြင်းကို အထောက်အကူဖြစ်စေသော ဝိညာဥ်ဆေးပင်များကို ရွေးချယ်ခဲ့ကြ၏။ ၎င်းတို့က အချိန်လေဟာနယ်ချီကို ဆင်ခြင်ရန် ဝိညာဥ်မသန်မာသူများအား တိုးတက်လာအောင် လုပ်ပေးနိုင်စွမ်းရှိသည်။ ပြင်ပလက်နက်များက ကျင့်ကြံသူတစ်ယောက်အတွက် ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့်ယှဥ်လျှင် အရေးမပါတော့ပေ။
သနားစရာအကောင်းဆုံးမှာ ယဲ့ချန်နှင့် ခြင်္သေ့ကြီးနောက်သို့ ဆက်တိုက်လိုက်ဖမ်းခဲ့သော ချန်းယွမ် ဖြစ်သည်။ နောက်ဆုံးတွင် အခြားလူများက ဝိညာဥ်ကျောက်ကိုယ်စီ ရသွားချိန်တွင် သူက ယဲ့ချန်၏ ရိုက်နှက်ခြင်းခံခဲ့ရကာ ထုတ်ပယ်ခြင်း မခံရစေရန်အတွက် ကျင့်ကြံနေခဲ့ရသည်။ ဤအချိန်အတွင်း ဝိညာဥ်ကျောက်များကို အခြားလူများက စိတ်တိုင်းကျ ယူငင်သွားပြီဖြစ်သည်။ သူတို့က ရတနာများကို ပျော်ရွှင်စွာ လဲလှယ်နေကြသည်ကို မြင်သောအခါ သူက ငိုချင်စိတ်ပေါက်နေပြီး ယဲ့ချန်နှင့် ခြင်္သေ့ကြီးကို ပိုမိုမုန်းတီးလာ၏။
ယဲ့ချန်သည် လဲလှယ်နိုင်သည်များကို တစ်ချက်စစ်ဆေးလိုက်သည်။ အဆင့်မြင့် ဝိညာဥ်လက်နက်များက သူ၏သံကြိုးထက် ပိုမိုအစွမ်းထက်သော်လည်း အစစ်အမှန်ခွန်အားကို မတိုးတက်လာစေနိုင်ပေ။ ဝိညာဥ်ကျင့်စဥ်များကိုလည်း သူက စိတ်မဝင်စားသောကြောင့် နောက်ဆုံးတွင် ဝိညာဥ်ဆေးပင်တစ်မျိုးဖြစ်သည့် ဝိညာဥ်ပေါင်းစပ်မြက်ကို မျက်စိကျသွားခဲ့သည်။ ၎င်း၏တန်ဖိုးက ဝိညာဥ်ကျောက်ကိုးသောင်းဖြစ်ကာ ၎င်းကို သန့်စင်သုံးစွဲလိုက်လျှင် အချိန်လေဟာနယ်အပေါ် နားလည်မှုများ တိုးလာပေလိမ့်မည်။ ၎င်းက အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်အတွက် အကောင်းဆုံးသော အထောက်အကူ ဖြစ်နေသည်။ သာမန်နတ်အစေခံများက ကြယ်သခင်များနှင့် ယှဥ်ပြိုင်နိုင်စွမ်းမရှိသော်လည်း သူနှင့် ခြင်္သေ့ကြီးက ချွင်းချက်ဖြစ်ကာ အဆင့်နိမ့်ကြယ်သခင်များကို ယှဥ်နိုင်သောကြောင့် ဝိညာဥ်ကျောက်များစွာ လုယူနိုင်ခဲ့သည်။ ဝိညာဥ်ပေါင်းစပ်မြက်ကို မြင်သောအခါ ယဲ့ချန်သည် ဤနေရာသို့ ခေါ်ဆောင်လာပေးသော ဆရာဖြစ်သူကို စိတ်ထဲမှ ကျေးဇူးတင်လိုက်မိသည်။ ဤရတနာမျိုးကို အပြင်လောက၌ မဝယ်နိုင်သောကြောင့် နှစ်ပင် ဝယ်ယူလိုက်သည်။
"ခြင်္သေ့ကြီး ဝိညာဥ်ပေါင်းစပ်မြက်နှစ်ပင် ဝယ်လိုက်"
ယဲ့ချန်က ချက်ချင်းဆုံးဖြတ်၍ ခြင်္သေ့ကြီးကို တိုက်တွန်းလိုက်၏။ ခြင်္သေ့ကြီးကလည်း ဝိညာဥ်ကျောက်တစ်သိန်းရှစ်သောင်း အသုံးပြုကာ ဝိညာဥ်ပေါင်းစပ်မြက်နှစ်ပင် ဝယ်ယူပြီး လက်ကျန်ဝိညာဥ်ကျောက်များကို သူနှင့်လိုက်ဖက်သည့် ဝိညာဥ်ကျင့်စဥ်တစ်ခု ဝယ်ယူခဲ့သည်။ မြေအောက်နန်းတော်အတွင်း အခြားကျင့်ကြံသူများသည် နေရာတိုင်း လိုက်လံရှာဖွေနေသည့်တိုင်အောင် အချင်းဝက် ကီလိုမီတာထောင်ချီသော ပတ်ဝန်းကျင်က အလွန်ကျယ်ဝန်းနေသည်။ အစီအရင်များက ဖိနှိပ်ထားသောကြောင့် ကြယ်သခင်များက ခွန်အားအလုံးစုံကို မထုတ်ဖော်နိုင်သည့်အပြင် အနက်ရောင်စစ်သည်များလည်း ထွက်ပေါ်လာတတ်သဖြင့် နေရာတိုင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေ၏။
"ခြင်္သေ့ကြီး ကျုပ်ကို ကာကွယ်ပေးပါဦး"
ယဲ့ချန်နှင့် ခြင်္သေ့ကြီးက သီးသန့်ခန်းမတစ်ခုကို ရှာတွေ့သွားသောအခါ တောင်းဆိုလိုက်သည်။ သူက ချန်းယွမ်ကို တိုက်ခိုက်ရန်အတွက် ယာရှာအသွင်ပြောင်းလိုက်သောအခါ ဝိညာဥ်နယ်မြေထံမှ ထူးဆန်းသည့် ခံစားချက်တစ်ခု ရခဲ့သည်။ ထို့ကြောင့် ဤနေရာ၌ ကျင့်ကြံလျှင် အပြင်လောကထက် ပို၍အကျိုးထူးမည်ဖြစ်ကြောင်း သေချာနေခဲ့သည်။ ခြင်္သေ့ကြီးက ခေါင်းညိတ်၍ သူ၏ဘေးတွင် ထိုင်ချကာ ဝိညာဥ်ကျင့်စဥ်ကို လေ့လာရင်း ဘေးဘီကို အမြဲမပြတ် စောင့်ကြည့်ပေးခဲ့၏။ သူက တင်ပျဥ်ခွေထိုင်ချပြီး ဝိညာဥ်ပေါင်းစပ်မြက်တစ်ပင်ကို ပါးစပ်အတွင်း ငုံလိုက်၏။ ၎င်းက လက်တစ်ချောင်းအရွယ်အစားသာရှိ၍ ဖောက်ထွင်းမြင်ရလောက်အောင် ကြည်လင်နေပြီး သန့်စင်သော စွမ်းအင်များ ပါဝင်နေသည်။ ၎င်းက ဖြည်းဖြည်းချင်း အရည်ပျော်သွားကာ အချိန်လေဟာနယ်ချီကို ဆင်ခြင်နေသော သူ၏ဝိညာဥ်အတွင်း ပေါင်းစပ်သွားသောအခါ သလင်းကျောက်ပမာ ကြည်လင်လာသည်။
ထို့နောက် ယဲ့ချန်သည် သူ၏ဝိညာဥ်က ဖြည်းညှင်းစွာ မြင့်တက်သွားကာ ကောင်းကင်ထက်ရှိ ဝိညာဥ်နယ်မြေ၏ ဖန်တီးရှင် နတ်ဘုရားထံ ရောက်ရှိသွားခဲ့သည်။ သူက ၎င်း၏လက်ဖဝါးအတွင်း တင်ပျဥ်ခွေထိုင်ချကာ လောကကြီး၏တာအိုကို ဆင်ခြင်နေစဥ် ဘက်ပေါင်းစုံမှ သက်တန့်ရောင်အလင်းများ စုဝေးလာ၏။ ထိုအချိန်၌ အခေါင်းအတွင်းရှိနေသော ရုပ်ခန္ဓာကလည်း သက်တန့်ရောင်အလင်းများ စုပ်ယူကာ နှလုံးသားထဲတွင် ဉာဏ်အလင်းတစ်ခု ဖြတ်ခနဲ ဖြစ်ပေါ်လာသည်။ အဝေးသို့ကြည့်လိုက်လျှင် အိပ်မက်ဘုံတစ်ခုနှင့်တူညီသော သုခဘုံတစ်ခုကို ဝေဝေဝါးဝါး မြင်တွေ့နေရသည်။ အရာရာတိုင်းက လှပနေကာ ရွေ့လျားနေပြီး သက်တန့်တံတားတစ်ခုမှာ ကောင်းကင်နှင့် မြေပြင်ကို ဆက်သွယ်ပေးထားသည်။ ဤနေရာက မည်သည့်နေရာဖြစ်ကြောင်း မသိရသော်လည်း သူ၏စိတ်အတွင်း ထိုပုံရိပ်က ထွင်းထုထားသည့်ပမာ စွဲထင်သွား၏။
ထိုအချိန်တွင် ယဲ့ချန်၏ကိုယ်တွင်း၌ အဆင့်လေး အချိန်လေဟာနယ်ချီများဖြစ်သော အစိမ်းရောင်ချီ ဖြစ်တည်လာသည်။ ထိပ်တန်းမဟာမိတ်၏ လူငယ်မျိုးဆက်တွင် ဤသို့နားလည်နိုင်သူများက ထိပ်တန်းပါရမီရှင်များ ဖြစ်သည်။ ကောင်းကင်မြစ်ကြယ်အဖွဲ့အစည်းတစ်ခုလုံးတွင် အဆင့်ငါးကို နားလည်နိုင်သူမှာ အဆင့်တစ်ဆယ် နတ်အစေခံများကြားတွင် တစ်ယောက်တည်းသာ ရှိသည်။ အကယ်၍ သူသာ ကြယ်သခင်အဆင့် မတက်နိုင်ခင် အချိန်လေဟာနယ်အဆင့်ငါးကို နားလည်နိုင်လျှင် အနာဂတ်၌ စွမ်းအားရှင်တစ်ယောက် သေချာပေါက် ဖြစ်လာပေလိမ့်မည်။
"ဘန်း"
အသံတစ်ချက်နှင့်အတူ ယာရှာက ယဲ့ချန်၏ ဝိညာဥ်အထက်တွင် စွမ်းအားရှင်များ၏ ပုံရိပ်အတိုင်း ထွက်ပေါ်လာသည်။ အကြောင်းအရင်းတစ်ခုကြောင့် ဝိညာဥ်နတ်ဘုရားသည် ၎င်းနှင့် ရင်းနှီးကျွမ်းဝင်နေပုံရကာ ခေါင်းညွှတ်၍ လေးစားသော အမူအရာတစ်ခု ဖြစ်ပေါ်နေကြောင်း သူက မြင်လိုက်ရသည်။ သို့သော် စွမ်းအားရှင်များပင် အနိုင်မယူနိုင်သည့် လောကတစ်ခု၏ ဖန်တီးရှင်က ယာရှာကို အရိုအသေပေးစရာ အကြောင်းမရှိသဖြင့် အမြင်မှားခြင်းဟု သတ်မှတ်လိုက်သည်။ ထိုအချိန်၌ နှစ်ပေါင်းတစ်ရာ ခဏအတွင်း ကျော်ဖြတ်သွားသကဲ့သို့ ထာဝရရပ်တန့်သွားပုံပေါ်ပြီး သူ၏ဝိညာဥ်က ပိုမိုသန်မာလာ၏။ ယာရှာက ပိုမိုကြီးမားလာကာ မျက်နှာထက်ရှိ ကြမ်းကြုတ်ရက်စက်သော အမူအရာသည် တည်ကြည်လေးနက်၍ သန့်စင်ခြင်းအဖြစ် ပြောင်းလဲသွားသည်။
"ယာရှာက ဝိညာဥ်နတ်ဘုရားနဲ့ မျိုးနွယ်တူများ ဖြစ်နေမလား"
ယဲ့ချန်၏စိတ်အတွင်း ဤအတွေး ဖြစ်ပေါ်လာသော်လည်း သူက ရပ်တန့်လိုက်ပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ထားသည်။ ထိုအချိန်၌ ယာရှာ၏လှုပ်ရှားမှုတိုင်းသည် အလွန်အစွမ်းထက်နေပြီး ဝိညာဥ်နတ်ဘုရားနယ်မြေတွင် အဆင့်နိမ့်ကြယ်သခင် မဆိုထားနှင့်၊ အလယ်အဆင့် ကြယ်သခင်ကိုပင် အနိုင်ယူနိုင်မည်ဟု ခံစားနေရသည်။
ယဲ့ချန်က ဝိညာဥ်နတ်ဘုရား၏ လက်ဝါးအတွင်း တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံနေစဥ် မြေအောက်နန်းတော်၏ အနက်ပိုင်းသို့ ဝင်ရောက်ခဲ့ကြသော ကျင့်ကြံသူများက ရွှေရောင်ခန်းမတစ်ခုကို ရှာတွေ့ခဲ့ကြသည်။ အနီရောင်အလင်းတစ်ခုက ၎င်းအထက်တွင် မြင့်တက်နေကာ ဧရာမအနက်ရောင် စစ်သည်ကြီးတစ်ဦးသည် လှံကိုင်လျက်သား စောင့်ကြပ်နေသည်။
"ဝေါင်း"
၎င်းက အဆင့်မြင့်ကြယ်သခင် ခွန်အားရှိသောကြောင့် လှံတစ်ချက်ယမ်းလိုက်သောအခါ ကျူးကျော်လာသူများမှ အားနည်းသူများကို လွင့်ထွက်သွားစေသည်။
"သတ်ကြ"
အင်အားစုအသီးသီးမှ အလယ်အဆင့် ကြယ်သခင်အချို့က ပြေးဝင်တိုက်ခိုက်လိုက်ကြသော်လည်း ၎င်းက လှံကြီးတယမ်းယမ်းနှင့် တိုးဝင်လာသူများကို ရိုက်ထုတ်နေ၏။ ခန်းမအတွင်းရှိ တောင်ပုံရာပုံရှိနေသော ဝိညာဥ်ကျောက်များကို မြင်သောအခါ ကျင့်ကြံသူများက စိတ်လှုပ်ရှားနေပြီး ဤပမာဏက အခြားနေရာများထက် သာလွန်နေသောကြောင့်ဖြစ်သည်။ အကယ်၍ သူတို့သာ ၎င်းတို့ကို ရယူနိုင်လျှင် သေချာပေါက် ချမ်းသာပေလိမ့်မည်။
"ချီတက်ကြ"
ကြယ်သခင်အချို့သည် နည်းလမ်းများ အသုံးပြု၍ ရှောင်တိမ်းချင်သော်လည်း သရဲကြီး၏ လှံချက်၌ လျှပ်စီးများ ယှက်သန်းထွက်ပေါ်လာ၏။ ထိမှန်သွားသူများမှာ ဝိညာဥ်များ ဒဏ်ရာရကုန်ပြီး ဝိညာဥ်နတ်ဘုရားနယ်မြေမှ ချက်ချင်းထုတ်ပယ်ခံလိုက်ရသည်။
"ငါက မီးတောက်နီနန်းတော်ရဲ့ ရှေးမီးတောက်ကြယ်သခင် ကုရန်း ဖြစ်တယ်။ ဒီသရဲကြီးကိုသာ သတ်နိုင်ရင် အထဲက ဝိညာဥ်ကျောက်တွေ ရယူနိုင်လိမ့်မယ်"
သန်မာသော ခန္ဓာကိုယ်နှင့် သက်လတ်ပိုင်း ကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်သည်။ သူ၏ဝိညာဥ်က တောက်လောင်နေသော မီးလျှံတစ်ခုပမာ တဟုန်းဟုန်း တောက်နေသည်။ ချန်းယွမ်နှင့် မီးတောက်နီနန်းတော်၏ တပည့်ဆယ်ယောက်ကျော်သည် သူ၏ဘေးတွင် ရပ်နေပြီး သူ၏အမည်နာမကြောင့် လူတိုင်း မင်သက်သွားကြသည်။ အလယ်အဆင့် ကြယ်သခင်များကြားတွင် သူက အလွန်ကျော်ကြားပြီး လွန်ခဲ့သော နှစ်တစ်ရာ၌ နတ်အစေခံအဆင့်တစ်ဆယ်တွင် အချိန်လေဟာနယ်အဆင့်ငါးအထိ နားလည်နိုင်ခဲ့သူ ဖြစ်သည်။ သူက စွမ်းအားရှင်တစ်ယောက်ဖြစ်လာရန်အ လားအလာကောင်းသောကြောင့် လက်ရှိတွင် အလယ်အဆင့် ကြယ်သခင် ဖြစ်လာသောအခါ အဆင့်တူများကြားတွင် အလွန်အစွမ်းထက်နေသည်။
"ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ"
တစ်ယောက်ယောက်က မေးလိုက်ခြင်းဖြစ်သည်။
"မီးတောက်နီနန်းတော်က ဦးဆောင်ပြီး ဒီသရဲကို အတူတူသတ်ကြမယ်။ တစ်ယောက်ယောက်က လှည့်စားမယ်ဆိုရင် ငါ့အဆိုးမဆိုနဲ့"
ကုရန်းက အေးစက်စက် သတိပေးလိုက်သည်။
"ကောင်းပြီ။ ဒါပေမယ့် အထဲကို ဝင်နိုင်မယ်ဆိုရင် ဝိညာဥ်ကျောက်တွေကို ဘယ်လိုခွဲယူကြမလဲ"
အခြားအင်အားစုများမှ ကျင့်ကြံသူများက မေးခွန်းထုတ်လိုက်ကြသည်။
"မီးတောက်နီနန်းတော်က တစ်ဝက်ယူမယ်"
ကုရန်းက ကြီးစိုးမောက်မာသော အမူအရာကို ထုတ်ဖော်ကာ ပြန်လည်မေးခွန်းမထုတ်နှင့်ဟူသော လေသံမျိုးနှင့် ဖြေလိုက်လေသည်။