ယဲ့ချန်ခွန်အား တိုးတက်လာခြင်း
Vol. 60 Ch. 840
ကုရန်း၏စကားကို ကြားသောအခါ လူတိုင်း ဆူညံဆူညံဖြစ်လာပြီး ထိပ်တန်းမဟာမိတ်မှ ကြယ်သခင်များကို မကျေမနပ်ဖြစ်စေခဲ့သည်။
"ထိပ်တန်းမဟာမိတ်ရဲ့ အဖွဲ့ဝင်တွေ ဒီမှာ ရှိနေပြီ။ မီးတောက်နီနန်းတော်က ဘာမို့လို့လဲ"
ထိပ်တန်းမဟာမိတ်၏ ကြယ်သခင်တစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။ ကုရန်းက ချက်ချင်းရှေ့တက်လာပြီး လက်သီးဖြင့် ထိုးလိုက်သောအခါ ဘန်းခနဲမြည်သံနှင့်အတူ မီးတောက်များက ထိုလူကို ဖုံးလွှမ်းသွားသည်။ ထိပ်တန်းမဟာမိတ်ကို ကုရန်းက စော်ကားရဲမည်ဟု ထင်မထားသောကြောင့် သူက ပြာများအဖြစ် ပျောက်ကွယ်သွားခဲ့၏။
"ဘယ်သူ စောဒကတက်ချင်သေးလဲ။ သိုင်းပညာပြိုင်ပွဲမှာ မီးတောက်နီနန်းတော်က ထိပ်တန်းမဟာမိတ်ကို စိန်ခေါ်ပြီး အနိုင်ယူပြမယ်"
ကုရန်းက မောက်မာစွာ စိန်ခေါ်လိုက်သောကြောင့် ထိပ်တန်းမဟာမိတ်၏ ကြယ်သခင်များမှာ ဒေါသထွက်နေသော်လည်း အရေအတွက်က နည်းပါးနေသည်။ အကယ်၍ ကုရန်းနှင့် ယှဥ်နိုင်သော ပါရမီရှင်များ လိုက်ပါလာလျှင် သူတို့အတွက် စိုးရိမ်စရာ မရှိချေ။ တစ်ယောက်ချင်းစီက ဒေါသထွက်နေပြီး ရှေ့ထွက်တိုက်ခိုက်ရန် စဥ်းစားနေစဥ် ယဲ့ချန်သည်လည်း ဖြစ်ပျက်သမျှကို မြင်နေရ၏။ သူက ထိပ်တန်းမဟာမိတ်၏ အဖွဲ့ဝင်အသစ်ဖြစ်သော်လည်း ရှန်မူ၊ မီတောက်၊ မီကွမ်နှင့် ခန်းမသခင်တို့ကြောင့် ထိပ်တန်းမဟာမိတ်၏ ဂိုဏ်းသား ဖြစ်လာခဲ့သည်။ ကုရန်းက အလွန်မောက်မာပြနေသောအခါ ဒေါသထွက်သွားပြီး ဝိညာဥ်နတ်ဘုရား၏ လက်ဝါးအတွင်း ကျင့်ကြံနေရာမှ ဖြတ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
"ထိပ်တန်းမဟာမိတ်ရဲ့ ကြယ်သခင်တွေ ရှိနေတယ်။ ဒီနေရာက မင်း မောက်မာရမယ့် နေရာမျိုး မဟုတ်ဘူး"
ယဲ့ချန်မှ အသွင်ပြောင်းထားသော ယာရှာက ကုရန်းရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာ၏။ ၎င်းကိုမြင်သောအခါ ချန်းယွမ်က ဒေါသထွက်သွားပြီး ပြေးဝင်တိုက်ခိုက်ချင်သော်လည်း တစ်ဖက်လူက ယခင်ထက် ပို၍သန်မာနေသောကြောင့် ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ ယဲ့ချန်က အဆင့်တစ်ဆယ် နတ်အစေခံသာဖြစ်သော်လည်း သူ၏ဝိညာဥ်က အလွန်အစွမ်းထက်နေရသော အကြောင်းအရင်းကို ချန်းယွမ်က သံသယဝင်နေခဲ့သည်။ ယာရှာ၏ အရှိန်အဝါက သူ့အောက် မနိမ့်ကြောင်း ခံစားနေရသဖြင့် ကုရန်းက မျက်မှောင်ကြုတ်လိုက်ပြီး သတိထားကာ စတင်မတိုက်ခိုက်ခဲ့ပေ။ အကယ်၍ တိုက်ခိုက်ကြမည်ဆိုလျှင် သူက အနိုင်ရရန်အတွက် မသေချာပေ။ ထိပ်တန်းမဟာမိတ်၌ ဤသို့အစွမ်းထက်ဂိုဏ်းသားတစ်ဦး ရှိကြောင်း သူက တစ်ခါမှမကြားဖူးသဖြင့် စိုးရိမ်နေခဲ့သည်။ ယာရှာ၏အရှိန်အဝါက ကြီးမားသောကြောင့် မီးတောက်နီနန်းတော်၏ အဖွဲ့ဝင်များသည် တုန်လှုပ်နေစဥ် ထိပ်တန်းမဟာမိတ်၏ ကြယ်သခင်များက ၎င်းနောက်တွင် နေရာယူလိုက်ကြသည်။ စုစုပေါင်း ငါးယောက်ဖြစ်ပြီး နှစ်ယောက်က အလယ်အဆင့် ကြယ်သခင်များဖြစ်ကာ သုံးယောက်က အဆင့်နိမ့်ဖြစ်သည်။
"မင်းကို ဘယ်လိုခေါ်ရမလဲ။ ငါက ချန်ဟူပါ"
ကြယ်သခင်ငါးယောက်တွင် ခေါင်းဆောင်ဖြစ်ဟန်တူသူက လက်နှစ်ဖက်ဆုပ်၍ မေးလိုက်သည်။
"ချန်ရဲပါ ခေါင်းဆောင်ရှန်ရဲ့ တပည့်"
ယဲ့ချန်က တစ်လုံးချင်း ဖြေလိုက်သည်။
"ခေါင်းဆောင်ရှန်ရဲ့ တပည့် ဖြစ်နေတာကိုး။ ဒါကြောင့် ဒီလောက်အစွမ်းထက်နေတာ ဖြစ်ရမယ်"
"တွေ့ရတာ ဝမ်းသာပါတယ်"
သူ၏အဖြေကြောင့် ထိုငါးယောက်က ပျော်ရွှင်သွားပုံရကာ ယာရှာကို ရိုသေလေးစားမှုဖြင့် ကြည့်နေကြသည်။
"အစ်ကိုချန်ရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာ အကူအညီလိုရင် ကျုပ်တို့ငါးယောက်ကို ပြောပါ"
ချန်ဟူတို့ငါးယောက်က ကတိပေးလိုက်ကြသည်။ ဤနေရာ၌ ယာရှာနှင့် ကုရန်း၏ စွမ်းအားက အခြားကြယ်သခင်များကို ဖိနှိပ်ထားနိုင်သောကြောင့် ပတ်ဝန်းကျင်က တည်ငြိမ်နေသည်။ ချန်းယွမ်သည် ယဲ့ချန်က ယာရှာအသွင်ပြောင်းလိုက်လျှင် ခွန်အားများ ရုတ်တရက် တိုးလာသော အကြောင်းအရင်းကို အဖြေမရှာနိုင်သေးပေ။ ယာရှာက ကုရန်းထက် ပို၍အစွမ်းထက်နေပုံရပြီး ကုရန်းမှာ အချိန်လေဟာနယ် အဆင့်ငါးအထိ နားလည်ထားသူဖြစ်သည်။ အခြားအင်အားစုများမှ ကျင့်ကြံသူများသည် ယာရှာနှင့် ကုရန်းကို တစ်လှည့်စီကြည့်လိုက်ပြီး မည်သည့်ဘက်တွင် နေရမည်ဖြစ်ကြောင်း မသိသောကြောင့် ဘေးထွက်ရပ်နေလိုက်ကြသည်။
"ဒီအတိုင်း ရပ်နေရုံနဲ့တော့ ဝိညာဥ်ကျောက်တွေ ရလာမှာ မဟုတ်ဘူး"
အချိန်ခဏအကြာတွင် ကုရန်း၏စကားက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"မင်း တိုက်ခိုက်မယ်ဆိုရင်တောင် ဝိညာဥ်ကျောက်တွေကို ညီတူညီမျှ ခွဲယူရမယ်။ မီးတောက်နီနန်းတော်က ဘာမို့လို့ တစ်ဝက်ယူရမှာလဲ။ မင်းတို့က လောဘမကြီးလွန်းဘူးလား"
ယာရှာက အေးစက်စက် ပြောလိုက်သည်။ သူ၏စကားကို ကြားသောအခါ အခြားကျင့်ကြံသူများလည်း သဘောတူသွားကြပြီး မီးတောက်နီနန်းတော်၏ လောဘကြီးသော တောင်းဆိုချက်ကို နှာခေါင်းရှုံ့လိုက်ကြ၏။
"အစ်ကိုချန်ရဲ့ စကားကို နားထောင်ပါမယ်"
"ထိပ်တန်းမဟာမိတ်ရဲ့ ဂုဏ်သတင်းအရ ငါတို့ကို လိမ်မှာ မဟုတ်ဘူး"
မကြာမီ အခြားအင်အားစုများမှ ကြယ်သခင်များက ယဲ့ချန်ဘက်တွင် ပြတ်သားစွာ ရပ်တည်သောကြောင့် ကုရန်း၏မျက်နှာမှာ မည်းနက်သွားခဲ့သည်။ အကယ်၍ ယဲ့ချန်သာ ထွက်ပေါ်လာခြင်းမရှိလျှင် သူက ဝိညာဥ်ကျောက်တစ်ဝက်ကို ရယူလိုက်လျှင်ပင် မည်သူမှ အထွန့်တက်ရဲမည် မဟုတ်ချေ။ သို့သော် လက်ရှိတွင် ယဲ့ချန် ထွက်ပေါ်လာသောအခါ သူ၏စကားများကို မည်သူမှလက်မခံကြတော့ဘဲ အလယ်အဆင့် ကြယ်သခင်သုံးဆယ်ကျော်နှင့် အဆင့်နိမ့် ကြယ်သခင်ငါးဆယ်ကျော်သည် ယဲ့ချန်ဘက်တွင် ရပ်တည်နေကြသည်။ ထိပ်တန်းမဟာမိတ်ကို ထောက်ခံသူ ရုတ်တရက် များပြားလာသကဲ့သို့ မီးတောက်နီနန်းတော်ဘက်တွင် အားနည်းသွားခဲ့၏။
"မင်းတို့ ဘာလုပ်မှာလဲ။ ငါ့အမိန့်ကို နားထောင်ပြီး ဝိညာဥ်ကျောက်တွေကို အညီအမျှ ခွဲယူကြမှာလား"
ယာရှာက အေးစက်စက် မေးလိုက်၏။
"မီးတောက်နီနန်းတော်က ဒီကိစ္စမှာ မပါဝင်ဘူး"
ယဲ့ချန်၏အမိန့်ကို နားထောင်ရန် မဖြစ်နိုင်သောကြောင့် ကုရန်းက ချက်ချင်းငြင်းဆန်လိုက်သည်။
"ဒါဆိုရင် ဒီနေရာက ထွက်သွားစမ်း။ ငါတို့က သရဲကြီးကို တိုက်ခိုက်နေတဲ့အချိန်မှာ လုပ်ကြံခံရမယ့် အဖြစ်မျိုး မလိုချင်ဘူး"
ယာရှာက လက်နှစ်ဖက်နောက်ပစ်၍ မောင်းထုတ်လိုက်သည်။ သူ၏စကားက မှန်ကန်နေသောကြောင့် ကြယ်သခင်အားလုံးသည် ကုရန်းကို စိုးရိမ်စွာ စိုက်ကြည့်လိုက်ကြသည်။ ကုရန်း၏ခွန်အားကို ယဲ့ချန်တစ်ယောက်တည်းသာ ယှဥ်နိုင်သောကြောင့် သရဲကြီးကို ရင်ဆိုင်နေစဥ် လုပ်ကြံခံရလျှင် သူတို့၏အကြံ ကျရှုံးသွားနိုင်သည်။ ကုရန်းမှာ ဒေါသထွက်နေသော်လည်း ကြယ်သခင်များ၏ အကြည့်ကြောင့် စိတ်လျှော့လိုက်ရသည်။ သူက အစွမ်းထက်သော်လည်း တစ်ယောက်တည်းဖြင့် ဤမျှများပြားသော ကြယ်သခင်များစွာကို တိုက်ခိုက်နိုင်စွမ်း မရှိပေ။
"ကောင်းပြီ။ မင်းအမိန့်ကို နားထောင်မယ်။ ဒါပေမယ့် ငါ့လူတွေတော့ တစ်ယောက်မှ စတေးမခံနိုင်ဘူး"
အချိန်ကြာမြင့်စွာ စဥ်းစားပြီးနောက် သူက အံကြိတ်ပြီး သဘောတူလိုက်ရသည်။
"ထိပ်တန်းမဟာမိတ်က ဒီလောက်အောက်တန်းမကျဘူး။ အလယ်အဆင့် ကြယ်သခင်တွေက ရန်သူကို ဘေးဘက်က တိုက်ခိုက်မယ်။ ကုရန်းက အစွမ်းအထက်ဆုံးဆိုတော့ ရှေ့တန်းက တာဝန်ယူရမယ်"
ယဲ့ချန်က တိုက်ပွဲအစီအစဥ်ကို ချက်ချင်းညွှန်ကြားလိုက်သည်။
"ဒီကောင်က ဘယ်လိုလုပ် ဒီလောက်သန်မာလာတာလဲ။ ဝိညာဥ်နတ်ဘုရားနယ်မြေမှ သာမန်လူတွေ မရှာနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာများလား"
ချန်းယွမ်သည် ယဲ့ချန်ကို ဆက်တိုက်အကဲခတ်နေရင်း စိတ်ထဲ၌ မေးခွန်းများ ဖြစ်ပေါ်လာသည်။ ယာရှာက သူ့ကို တစ်ချက်ကြည့်လိုက်သော်လည်း တိုက်ခိုက်ရန် ပျင်းရိနေသဖြင့် လျစ်လျူရှုကာ အခြားကြယ်သခင်များကို အမိန့်ပေးနေခဲ့သည်။
"ငါတို့အားလုံးက တိုက်ခိုက်ရမယ်ဆိုရင် မင်းက ဘာလုပ်နေမှာလဲ။ မင်းက နောက်ကွယ်မှာပုန်းနေပြီး အားလုံးရဲ့ လုပ်အားကို ခေါင်းပုံဖြတ်ချင်နေတာလား"
ကုရန်း၏အမေးကြောင့် လူတိုင်းက ယာရှာကို ဝိုင်းကြည့်လာကြသည်။
"သိပ်မကြာခင် သိရလိမ့်မယ်။ ကောင်းပြီ၊ တိုက်ခိုက်ကြ"
ယဲ့ချန်က တည်ငြိမ်စွာ အမိန့်ပေးလိုက်ပြီး ခန်းမ၏ဝင်ပေါက်၌ အစောင့်အဖြစ် တာဝန်ယူထားသော သရဲကြီးထံ အလယ်အဆင့် ကြယ်သခင်များက အုပ်စုနှစ်ခုခွဲကာ ဘေးတစ်ဖက်စီမှ ချီတက်သွားကြသည်။ မြေအောက်နန်းတော်အတွင်း သူတို့၏ခွန်အားက ဖိနှိပ်ခံရပြီး အသုံးပြုစရာ လက်နက်မရှိသောကြောင့် လက်ဗလာနှင့် တိုက်ခိုက်ရန်မှတစ်ပါး ရွေးစရာမရှိပေ။ ကုရန်းသည် သရဲကြီးရှေ့သို့ ပြေးဝင်သွားကာ လက်ဝါးဖြင့် ထိထိမိမိ ရိုက်ချလိုက်သော်လည်း တစ်ဖက်က ထိခိုက်မှုမရှိသည့်အပြင် လှံဖြင့် ရိုက်ချလာ၏။
ဘုန်း
ကုရန်းက ခုန်ရှောင်လိုက်နိုင်သောကြောင့် မြေပြင်ထက်တွင် ဧရာမအပေါက်ကြီးတစ်ခု ဖြစ်သွားသည်။
"ဘန်း ဘန်း ဘန်း"
ကြယ်သခင်များသည် အချိန်လေဟာနယ်ချီများ ထုတ်ဖော်၍ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်လိုက်ကြသော်လည်း မည်မျှပြင်းထန်ပါစေ၊ သရဲကြီးကို မထိခိုက်စေခဲ့ပေ။ သူတို့က တစ်ဖက်လူ၏ခွန်အားကြောင့် ထိတ်လန့်သွားသည့်အပြင် ကြောက်စိတ်များ ဖြစ်ပေါ်လာသည်။ အလယ်အဆင့် ကြယ်သခင်တစ်ယောက်က ခန်းမအတွင်း ခိုးကြောင်ခိုးဝှက်ဝင်ရောက်ရန် ကြိုးစားလိုက်သော်လည်း လှံချက် ကျရောက်လာသောကြောင့် ဝုန်းခနဲမြည်သံနှင့်အတူ ဝိညာဥ်နယ်မြေမှ ထုတ်ပယ်ခံလိုက်ရသည်။
"အစ်ကိုချန် ဒီကောင်ကြီးကို ငါတို့ ဘာမှမလုပ်နိုင်ဘူး"
ချန်ဟူက အော်ဟစ် အကူအညီတောင်းလိုက်၏။
"မျှားခေါ်လိုက် အပြင်ဘက်ကို။ ဒီကောင်ကြီးက ခန်းမနဲ့ နီးကပ်လေလေ ပိုပြီးအစွမ်းထက်လေလေပဲ"
အခြေအနေကို အမြဲအကဲခတ်နေသည့် ယဲ့ချန်က ညွှန်ကြားလိုက်သည်။ သူ၏စကားအတိုင်း လူတိုင်းက တိုက်ခိုက်ရင်း နောက်ဆုတ်သွားကာ သရဲကြီးကို အပြင်သို့ ခေါ်ထုတ်လာကြသည်။ အကွာအဝေးတစ်ခုသို့ ရောက်သောအခါ ၎င်းက ကြယ်သခင်များကို တိုက်ခိုက်ရန် လက်လျှော့ပြီး ပြန်လှည့်သွားခဲ့သည်။ သို့သော် ယာရှာက ၎င်း၏အနောက်ဘက်၌ ရုတ်တရက် ထွက်ပေါ်လာကာ လက်သီးအတွင်း အချိန်လေဟာနယ်ချီများ စုစည်း၍ ထိုးချလိုက်သည်။
"ဘန်း"
ပေါက်ကွဲသံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာပြီး သရဲကြီးက လွင့်ထွက်သွားကာ မြေပြင်၌ လဲကျသွားသည်။ ၎င်းက နာကျင်စွာ အော်ဟစ်နေပြီး ကျောဘက်၌ လက်သီးရာကြီး ထင်ဟပ်နေသဖြင့် အပြင်းအထန် ဒဏ်ရာရသွားကြောင်း သိသာသည်။ အခြားကြယ်သခင်များက ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော်လည်း သရဲကြီးကို မထိခိုက်စေနိုင်ခဲ့သဖြင့် ယာရှာကို အံ့သြစွာ ကြည့်နေခဲ့ကြသည်။ ယာရှာက အစွမ်းထက်စွာဖြင့် လက်သီးတစ်ချက်တည်းနှင့် သရဲကြီးကို ဒဏ်ရာရသွားစေမည်ဟု မျှော်လင့်မထားကြပေ။ ကုရန်းသည်လည်း ကြောက်လန့်စွာ ကြည့်နေပြီး မူလတွင် ယဲ့ချန်၏ခွန်အားက သူနှင့် အတူတူဖြစ်မည်ဟု ထင်ထားသော်လည်း အမှန်တကယ်၌ လေးငါးဆမက ပို၍သန်မာနေသည်။ ထိုအချိန်၌ သူက ယဲ့ချန်ကို စိန်ခေါ်တိုက်ခိုက်ရန် အတွေးများ လုံးဝပျောက်ကွယ်သွားပြီဖြစ်သည်။
"အစ်ကိုကု ဒီကောင်က တကယ်တော့ အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက် ဖြစ်တယ်။ သူက ဝိညာဥ်နတ်ဘုရားနယ်မြေရဲ့ လျှို့ဝှက်ချက်တစ်ခုခုကို သိထားရမယ်။ ဒါကြောင့် အခုလို အစွမ်းထက်နေတာပဲ"
ချန်းယွမ်က ကုရန်းထံ အသံချင်း ဆက်သွယ်လိုက်သည်။
"ဘာ နတ်အစေခံ အဆင့်တစ်ဆယ်"
ကုရန်းက မယုံနိုင် ဖြစ်သွားခဲ့သည်။ အကယ်၍ ယဲ့ချန်၏ အစစ်အမှန်ကျင့်ကြံဆင့်က နတ်အစေခံဆိုလျှင် ဝိညာဥ်နယ်မြေတွင် အလယ်အဆင့် ကြယ်သခင်အစွမ်းမျိုး ရှိနေခြင်းက မေးခွန်းထုတ်စရာ ဖြစ်နေသည်။ အကယ်၍ အပြင်၌သာဆိုလျှင် သူ့ကို ရန်စလာသည့် နတ်အစေခံကို လက်ဝါးတစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်နိုင်သည်။ သို့သော် ဤနေရာ၌ နတ်အစေခံတစ်ယောက်က သူ့ကို အမှန်တကယ် ဖိနှိပ်ထားနိုင်လေသည်။