ခန်းမအတွင်းမှ အစီအရင်
Vol. 60 Ch. 841
သရဲကြီးက ယာရှာလက်ချက်ကြောင့် အပြင်းအထန် ဒဏ်ရာရသွားသောအခါ အလယ်အဆင့် ကြယ်သခင်များ ချက်ချင်းရှေ့တက်လာကာ ဖိနှိပ်လိုက်ကြ၏။ ထို့နောက် ယာရှာက ရှေ့သို့ ခုန်ထွက်ကာ ၎င်း၏ခေါင်းကို မြေကြီးအတွင်း နစ်ဝင်သွားစေရန် ထိုးချလိုက်သဖြင့် ကျောက်တုံးများ လွင့်ထွက်ကုန်၏။ သူက ထပ်ကာထပ်ကာ ထိုးနှက်နေသောကြောင့် နောက်ဆုံး၌ ၎င်း၏ဦးခေါင်းကြီး ပေါက်ကွဲသွားကာ အနက်ရောင်မီးခိုးများအဖြစ် လွင့်ပါးပျောက်ကွယ်သွားသည်။ ဤမြင်ကွင်းကြောင့် ကုရန်းမှာ ကြောက်စိတ်များဖြစ်ပေါ်လာပြီး ဤလက်သီးချက်သာ ထိမှန်ခံလိုက်ရလျှင် သူကိုယ်တိုင်လည်း ဝိညာဥ်နယ်မြေအတွင်းမှ ထုတ်ပယ်ခံရပေလိမ့်မည်။
"ဒီကောင်က ဘယ်လိုလျှို့ဝှက်ချက်တွေကို သိထားလို့ နတ်အစေခံတစ်ယောက် ဖြစ်ရဲ့သားနဲ့ ဝိညာဥ်နယ်မြေမှာ ဒီလောက်အစွမ်းထက်နေရတာလဲ"
ကုရန်းသည် ဤလျှို့ဝှက်ချက်ကိုသာ သိထားလျှင် ဝိညာဥ်နယ်မြေတစ်ခုလုံးကို အုပ်စိုးနိုင်မည်ဖြစ်ရာ အလွန်မနာလို ဖြစ်နေသည်။ ချန်းယွမ်သည်လည်း အလွန်စိတ်ဓာတ်ကျနေကာ သွားကျွတ်အောင် ရိုက်နှက်ခံရလျှင်ပင် သည်းခံနေရုံမှတစ်ပါး ရွေးစရာ မရှိပေ။
"အပြင်ကို ပြန်ရောက်ရင် မင်းကို သေချာပေါက်ဆုံးမမယ်"
သူက ယဲ့ချန်ကို စိုက်ကြည့်ရင်း စိတ်ထဲမှ အေးစက်စက် ကျိန်ဆိုလိုက်၏။
"သွားကြမယ်"
ယာရှာသည် သရဲကြီးကို အဆုံးသတ်ပြီးနောက် ခန်းမအတွင်း ဦးဆောင်ဝင်ရောက်လိုက်သောအခါ တစ်ယောက်ပြီးတစ်ယောက် လိုက်ပါလာခဲ့၏။ ခန်းမအတွင်း၌ အလွန်ကျယ်ဝန်းပြီး မီတာထောင်ချီရှိကာ မီတာရာချီမြင့်သော တိုင်ကြီးများဖြင့် ထောက်ကန်ထားသည်။ ခန်းမ၏ ကြမ်းပြင်၊ နံရံနှင့် တိုင်ကြီးများကို အစီအရင်ရုန်းများဖြင့် ဖုံးအုပ်ထားကာ ဆန်းကျယ်သော အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး ဆယ်မီတာကျော်မြင့်သော ရွှေရုပ်တုကြီးခြောက်ခုသည်လည်း အစီအရင်တစ်ခုကို ခင်းကျင်းလျက်ရှိနေသည်။ ၎င်းတို့၏အလယ်တွင် ဝိညာဥ်ကျောက်များစွာက တောင်ပုံရာပုံရှိနေပြီး မရေမတွက်နိုင်အောင် များပြားနေသည်။ ၎င်းအရေအတွက်က သူတို့မြင်ဖူးသမျှထက် ကျော်လွန်နေပြီး ယဲ့ချန်သာ ရယူနိုင်လျှင် ဓားပျံအစိတ်အပိုင်းကို ရယူရန်အတွက် ပိုမိုနီးကပ်လာပေလိမ့်မည်။ ထို့ကြောင့် သူက ဆွဲဆောင်ခံလိုက်ရပြီး ဓားပျံအစိတ်အပိုင်းအတွက် မလုံလောက်လျှင်ပင် အခြားရတနာများကို စိတ်တိုင်းကျ လဲလှယ်နိုင်သည်။ သို့သော် ရွှေရုပ်ကြီးများထံမှ အရှိန်အဝါကို မခံစားရသော်လည်း ခန်းမ၏အစောင့်များ ဖြစ်နိုင်သောကြောင့် သူက သတိထားနေသည်။ ၎င်းတို့အောက်ရှိ ကြမ်းပြင်တွင် အစီအရင်ရုန်းများ ပြည့်နှက်နေသကဲ့သို့ ကိုယ်ထည်ပေါ်တွင်လည်း စီရင်ထားခြင်းခံရသဖြင့် ရှုပ်ထွေးနက်နဲသော အစီအရင်တစ်ခုဖြစ်ကြောင်း သိနိုင်သည်။
အလယ်အဆင့် ကြယ်သခင်တစ်ယောက်သည် များပြားလှသော ဝိညာဥ်ကျောက်များကြောင့် လောဘတက်လာပြီး ချက်ချင်းပြေးထွက်သွားရာ ယဲ့ချန်လည်း မတားဆီးလိုက်နိုင်ပေ။
"ဝုန်း"
ကောင်းကင်ထက်မှ ရွှေရောင်အလင်းတစ်ခု ကျဆင်းလာကာ ထိုကျင့်ကြံသူကို အပိုင်းပိုင်းအစစ ဖောက်ခွဲပစ်လိုက်သည်။ လူတိုင်းက ကြောက်စိတ်ကြောင့် တုန်ရီသွားကာ အလယ်အဆင့် ကြယ်သခင်တစ်ယောက်ပင် ဝိညာဥ်ကျောက်များထံ မရောက်ခင် ရှင်းပစ်ခံလိုက်ရသောကြောင့် မလှုပ်ရှားရဲတော့ပေ။ ဤခန်းမအတွင်း အန္တရာယ်ပြည့်နှက်နေပြီး အားလုံးက ယဲ့ချန်ထံ လှည့်ကြည့်လာကြသည်။
"အစ်ကိုချန် မင်းမှာ ဘာအကြံရှိလဲ"
ဝိညာဥ်ကျောက်များ၏ အရေအတွက်ကြောင့် လောဘစိတ်များ ဖြစ်ပေါ်လာသော်လည်း လက်တစ်ကမ်းအလိုသို့ ရောက်နေသည့်တိုင်အောင် အလွယ်တကူရနိုင်မည် မဟုတ်သဖြင့် ချန်ဟူက အကြံတောင်းလိုက်၏။ အခြားကျင့်ကြံသူများသည်လည်း အချင်းချင်း ဆွေးနွေးနေကြပြီး ဤခန်းမ၌ သူတို့၏ခရီးက ရပ်တန့်သွားပုံပေါ်နေသည်။
"မင်းက ခေါင်းဆောင်ဆိုတော့ ဘာဆက်လုပ်ရမယ်ဆိုတာကို ပြောစမ်း"
ကုရန်းက မောက်မာစွာ ပြောလိုက်သည်။
"အစွမ်းအစမရှိရင်လည်း ခေါင်းဆောင်လုပ်မနေနဲ့"
ချန်းယွမ်က မီးလောင်ရာ လေပင့်လိုက်သည်။ မီးတောက်နီနန်းတော်မှ တပည့်များ၏ အပြောအဆိုကြောင့် ထိပ်တန်းမဟာမိတ်၏ ကျင့်ကြံသူများ ဒေါသထွက်သွားခဲ့သည်။
"အစီအရင်ကို ချိုးဖျက်ဖို့ နည်းလမ်းရှာချင်တယ်ဆိုရင် မင်းတို့နှစ်ယောက်က ကူညီပေးရမယ်။ အစီအရင် ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို စမ်းသပ်ပေး"
ယဲ့ချန်က တစ်ချက်ပြုံး၍ စေခိုင်းလိုက်သောအခါ ကုရန်း၏မျက်လုံးတွင် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်လာသော်လည်း ချက်ချင်းဖုံးကွယ်လိုက်၏။
"မင်းက ငါတို့ကို သေစေချင်တာလား။ စိတ်တောင်မကူးနဲ့"
ချန်းယွမ်က နှာခေါင်းရှုံ့လိုက်သည်။
"မင်းက အစီအရင်ကို ချိုးဖျက်ချင်တယ်ဆိုပြီး စမ်းသပ်ဖို့ကျ ကြောက်နေတယ်။ မင်းတို့က ဘာကောင်မှ မဟုတ်ဘူးဆိုရင် ပါးစပ်ပိတ်ထားစမ်း။ ဒီလောကမှာ ဘယ်အရာမှ အလကားမရဘူး"
ချန်ဟူက လှောင်ရယ်လိုက်သည်။ ယဲ့ချန်က စကားတစ်ခွန်းတည်းဖြင့် မီးတောက်နီနန်းတော်ကို ဖိနှိပ်လိုက်သောကြောင့် သူက အလွန်ကျေနပ်နေသည်။ ယဲ့ချန်မှ အသွင်ပြောင်းထားသော ယာရှာက ခန်းမအတွင်း တင်ပျဥ်ခွေထိုင်၍ ဝိညာဥ်နယ်မြေမှ ချီစီးဆင်းမှုများကို အာရုံခံလိုက်သည်။ သူက ခြင်္သေ့ကြီးအနားတွင် ကျင့်ကြံနေစဥ် ရွှေခန်းမ၏ဝင်ပေါက်သို့ ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ဤနယ်မြေတွင် သူ နားမလည်သေးသော ဆန်းကျယ်မှုများ ရှိရပေလိမ့်မည်။ ထိုအချိန်၌ ခရမ်းရောင်ပုံရိပ်တစ်ခု ရောက်ရှိလာပြီး ခြင်္သေ့ကြီးဖြစ်နေကာ မူလတွင် ယဲ့ချန်ကို ကာကွယ်ပေးနေခဲ့သော်လည်း ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် နေရာတိုင်း လိုက်လံရှာဖွေနေခဲ့၏။
"နောက်ဆုံးတော့ မင်းကို တွေ့ပြီ"
မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားသော ယဲ့ချန်ကြောင့် စိုးရိမ်နေသည့် ခြင်္သေ့ကြီးက သက်ပြင်းချလိုက်သည်။ ပတ်ဝန်းကျင်က အနည်းငယ် ထူးဆန်းနေသောကြောင့် သူက စူးစမ်းလိုက်သောအခါ ဝိညာဥ်ကျောက်အပုံလိုက် တွေ့လိုက်ရသဖြင့် မျက်လုံးများ အရောင်တောက်လာ၏။ ချမ်းသာပြီဟူသော အတွေးကြောင့် သူက ဝမ်းမြောက်ဝမ်းသာဖြစ်နေသော်လည်း ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ မလှုပ်ရှားသည်ကို မြင်သောကြောင့် တစ်ခုခု ထူးဆန်းသည်ဟု ခံစားရသောကြောင့် အလျင်စလို မလှုပ်ရှားခဲ့ပေ။ တိတ်တဆိတ် ကျင့်ကြံနေသော ယဲ့ချန်သည် စိတ်များကြည်လင်နေကာ ဝိညာဥ်နတ်ဘုရား၏အကြည့်ကို နောက်တစ်ကြိမ် အာရုံခံမိလိုက်သည်။ ရွှေခန်းမအတွင်း ချီစီးကြောင်းများက သွေးကြောများပမာ ယှက်သန်းနေပြီး ရုပ်တုကြီးများအပေါ်၌ပင် ရှိနေသည်။
"ဒီကောင်က ဘာလုပ်နေတာလဲ"
"သူက နည်းလမ်းတစ်ခုခု မရှာနိုင်ဘူး ထင်တယ်"
ယဲ့ချန်က အချိန်ကြာမြင့်စွာ တင်ပျဥ်ခွေထိုင်နေသောကြောင့် မီးတောက်နီနန်းတော်မှ ကျင့်ကြံသူများ စိတ်မရှည်နိုင်တော့ပေ။
"ဒီကောင်က ဝိညာဥ်နယ်မြေအကြောင်း ငါတို့ထက် ပိုသိထားတယ်။ သူက အထဲကိုဝင်ဖို့ နည်းလမ်းတစ်ခုခု သိနေမှာ သေချာတယ်။ ဒါပေမယ့် ငါတို့ကိုမပြောဘဲ တစ်ယောက်တည်း အပိုင်သိမ်းဖို့ ကြံနေတာ ဖြစ်ရမယ်"
ကုရန်းသည် စိတ်ထဲမှ ဤသို့တွေးမိလိုက်သောကြောင့် နောက်လိုက်များနှင့်အတူ တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံရင်း စောင့်ဆိုင်းနေလိုက်သည်။
"ဘယ်သူက ကြာကြာ ပိုစောင့်နိုင်မယ်ဆိုတာ ကြည့်ရအောင်"
ယဲ့ချန် သိထားသော အရာကို စောင့်ကြည့်လိုသည့် ချန်းယွမ်ကလည်း တင်ပျဥ်ခွေထိုင်ချ၍ ကျင့်ကြံနေသည်။ မီးတောက်နီနန်းတော်၏ လုပ်ရပ်ကြောင့် အစီအရင်အတွင်း ဝင်ရောက်ရန် နည်းလမ်းမရှာနိုင်သော အခြားကျင့်ကြံသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိသည်။ သူတို့က အလျင်စလို ရှေ့တက်သွားလျှင် ချက်ချင်းသုတ်သင်ခံရမည် ဖြစ်သော်လည်း များပြားလှသော ဝိညာဥ်ကျောက်များကြောင့် ထွက်မသွားလိုပေ။ ထို့ကြောင့် ရွှေခန်းမ၏ဝင်ပေါက်တွင် လူတိုင်းက တင်ပျဥ်ခွေထိုင်ချ၍ ကျင့်ကြံလိုက်သောကြောင့် ထူးဆန်းလှသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ အချိန်ကြာလာသောအခါ နောက်ထပ်ကျင့်ကြံသူများ ရောက်ရှိလာပြီး အစီအရင်အတွင်း ဝင်ရောက်ရန် ကြိုးပမ်းသူအချို့မှာ ထုတ်ပယ်ခံလိုက်ရသည်။ အချို့က ယဲ့ချန်တို့နည်းတူ တင်ပျဥ်ခွေထိုင်ချ၍ ကျင့်ကြံရင်း စောင့်ဆိုင်းခဲ့သောကြောင့် အရေအတွက် ရာချီသည်အထိ များပြားလာသည်။ လူတိုင်းက ဝိညာဥ်ကျောက်များကို လောဘတက်နေသော်လည်း တစ်ယောက်မှ အကြံကောင်းထုတ်မရပေ။
ပတ်ဝန်းကျင်၌ ဖြစ်ပျက်နေသည်များကို ယဲ့ချန်က လျစ်လျူရှုထားပြီး ရွှေခန်းမအတွင်း ပိုက်ကွန်ပမာ ယှက်သန်းနေသော ချီများကို တိတ်တဆိတ် အာရုံခံနေသည်။ ၎င်းတို့က ခုနစ်ရောင်တောက်ပနေကာ အပ်ချည်များပမာ သေးမျှင်သော်လည်း ရွှေရုပ်တုကြီးခြောက်ခုအထက်၌ လွန်စွာသိပ်သည်းနေသည်။ ထိုချီစီးကြောင်းများ၏အဆုံးကို မည်သူမှ သိနိုင်မည် မဟုတ်သည့်အပြင် သူက ယခင်အတိုင်း တည်နေရာပြောင်းရန် ကြိုးစားလိုက်သော်လည်း အစီအရင်က ပိတ်ပင်ထားသည်။ ထို့ကြောင့် သူက အစီအရင်ကို ချိုးဖျက်ရန် အခြားနည်းလမ်းများ စဥ်းစားနေရပြီး အစီအရင်၏ ဖွဲ့စည်းပုံတစ်ခုလုံးအား စိတ်အတွင်း၌ မှတ်သားနေသည်။
"ငါတို့က စကြဝဠာထဲမှာ အဆင့်အမြင့်ဆုံး မျိုးနွယ် ဖြစ်တယ်။ ငါတို့လက်ထဲမှာ ဒီစကြဝဠာကို အုပ်စိုးမယ်။ ထာဝရနတ်ဘုရားဖြစ်တဲ့ ငါတို့က ဘာကြောင့် ဖိနှိပ်ခံရမှာလဲ"
"ငါက လောကရဲ့ အစွမ်းအထက်ဆုံး ဘုရင် ဖြစ်တယ်။ မင်းတို့အားလုံး ငါ့စကားကို နားထောင်ရမယ်။ ကောင်းကင်တာအိုတောင် ငါ့ကို နာခံရမယ်"
"ငါ့အင်္ကျီ လက်တစ်ချက်ယမ်းလိုက်တာနဲ့ အရာအားလုံးကို ဖျက်ဆီးနိုင်တယ်။ ငါ့အာဏာကို ဘယ်သူ မေးခွန်းထုတ်ရဲသလဲ"
မှော်ဆန်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာကာ အစီအရင်အတွင်း၌ စကားသံများ ပဲ့တင်ထပ်လာသောကြောင့် ယဲ့ချန်က အာရုံစိုက်နားထောင်လိုက်သောအခါ လူအချို့ စကားများနေသည်ကို ကြားလိုက်ရ၏။ ပြောဆိုနေသူများက မည်သူဖြစ်ကြောင်း မသိသော်လည်း မြင်းဟီသံများနှင့် လက်နက်ချင်းထိခတ်သံများ ထပ်မံထွက်ပေါ်လာပြန်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ကြုံးဝါးသံများနှင့် နာကျင်စွာ အော်ဟစ်သံများကို ယဲ့ချန်က ကြားနေရသည်။ အသံများက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေပြီး မည်သည့်နေရာမှ ထွက်ပေါ်လာကြောင်း မသိရပေ။
"ဒါက ဝိညာဥ်နတ်ဘုရားရဲ့ မှတ်ဉာဏ်တွေလား။ ဘယ်လိုမျိုးနွယ်ကများ ကိုယ့်ကိုကိုယ် စကြဝဠာထဲမှာ အမြင့်ဆုံးလို့ ကြွေးကျော်ရဲတာလဲ။ ရှင်းဟွမ်မျိုးနွယ်လည်း မဖြစ်နိုင်ဘူး။ သူတို့နဲ့ အဆင့်ချင်းတူတဲ့ အဆင့်တစ်မျိုးနွယ်တွေလည်း ရှိတယ်"
ယဲ့ချန်၏စိတ်ထဲတွင် အတွေးပေါင်းစုံ ရှုပ်ထွေးနေကာ ရှည်လျားသော အချိန်စီးကြောင်းအတွင်း ရောက်ရှိသွားသယောင် ထင်မှတ်ရသည်။ အချိန်လေဟာနယ်အဆင့်ငါး၏ ချီများက သူ၏ခန္ဓာကိုယ်အတွင်း ဖြည်းညှင်းစွာ ဖြစ်ပေါ်လာကာ သူ့ကို အသံရှင်များ၏ ခံစားချက်က အကျိုးသက်ရောက်လာသည်။ သူက စိတ်ထဲတွင် အလွန်အမင်းမောက်မာနေပြီး လောကကြီးတစ်ခုလုံးကို ငုံ့ကြည့်ချင်လိုသော စိတ်မျိုး ဖြစ်ပေါ်လာသည်။
"မင်းတို့ကို မင်းတို့ ဘယ်သူထင်နေတာလဲ။ ဒီလောကကြီးမှာ ငါက အစွမ်းအထက်ဆုံးကွ။ အဆင့်အမြင့်ဆုံး ကျင့်ကြံသူဖြစ်တယ်"
ခဏအကြာတွင် သူက သတိပြန်ဝင်လာသောကြောင့် ခေါင်းတစ်ချက် ယမ်းလိုက်သည်။ ဝိညာဥ်နယ်မြေအတွင်းမှ အချိန်လေဟာနယ်ချီများ၏ သက်ရောက်မှုကြောင့်ဖြစ်ကာ ဤအတွေးများက သူ၏အကျင့်စရိုက် အစစ်အမှန် မဟုတ်ပေ။ အရာရာက ထူးဆန်းနေသောကြောင့် သူက မျက်မှောင်ကြုတ်လိုက်သော်လည်း အချိန်လေဟာနယ် အဆင့်ငါးကို နားလည်လိုက်သည့်အတွက် ဝမ်းသာနေခဲ့သည်။ အချိန်လေဟာနယ် အဆင့်ငါးကို နားလည်ခြင်းသည် အနာဂတ်၌ စွမ်းအားရှင်တစ်ယောက် ဖြစ်လာမည်ဟု အဓိပ္ပါယ်ရလေသည်။