← Chapters

အဆင့်မြင့် ကြယ်သခင်ခွန်အား

Vol. 60 Ch. 842

အဆင့်မြင့် ကြယ်သခင်ခွန်အား

Vol. 60 Ch. 842

ယဲ့ချန်သည် အချိန်မည်မျှကြာမှန်း မသိရအောင် ကျင့်ကြံနေခဲ့ပြီးနောက် အချိန်လေဟာနယ် အဆင့်ငါးကို စိတ်ရှိတိုင်း ထိန်းချုပ်အသုံးပြုနိုင်စွမ်းရှိလာကာ နားလည်မှုက အဆင့်သစ်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။ သူ့အတွက် အဆင့်ခုနစ်ခုလုံး နားလည်ရန်က ဖြစ်နိုင်သည်ဟူသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။ ကြယ်တာရာဘုံကိုးလွှာကျင့်စဥ်ကြောင့် အခြားလူများ စိတ်ပင်မကူးဝံ့သော အရာများက သူ့အတွက် ဖြစ်နိုင်နေသည်။ စိတ်အတွင်းမှ ဓားပျံသည်လည်း အချိန်လေဟာနယ်ချီများကို သိပ်သည်းစွာ ထုတ်လုပ်ပေးနိုင်သည့်အပြင် အသန့်စင်ဆုံး ဖြစ်နေသည်။ ထို့အပြင် သူ၏ကျင့်စဥ်ကလည်း အခြားကျင့်စဥ်များထက် သာလွန်သောကြောင့် သူ၏ကျင့်ကြံနှုန်းက သာမန်ကျင့်ကြံသူများထက် အလွန်မြန်ဆန်နေကာ လက်ရှိအဆင့်သို့ နှစ်အနည်းငယ်အတွင်း ရောက်လာခဲ့၏။ သူ၏စမှတ်က အခြားလူများထက် များစွာပို၍ အဆင့်မြင့်ပြီး ပါရမီအရာတွင်လည်း အဆင့်တစ်မျိုးနွယ်နီးပါး ထူးချွန်သောကြောင့် အဆင့်သုံးမျိုးနွယ်များကို ငုံ့ကြည်နိုင်စွမ်းရှိသည်။ သူ၏အတွေးတွင် ကျောက်စိမ်းနန်းတော်၏ ပိုင်ရှင် အကြီးအကဲကျိုးလီ ဝင်ရောက်လာပြီး ထိုအဆင့်မျိုး သို့မဟုတ် ပို၍မြင့်မားသော အဆင့်မျိုးသို့ ရောက်ရန် ရည်မှန်းချက်ထားလိုက်သည်။ ထိုအချိန်၌ သူက ဝိညာဥ်နတ်ဘုရား၏ လက်ဝါးအတွင်း နောက်တစ်ကြိမ် ရောက်ရှိသွားသယောင် ထင်မှတ်ရပြီး ကျင့်ကြံခြင်း၌ အာရုံစိုက်ထားသည်။

ယဲ့ချန်က တည်ငြိမ်စွာ ကျင့်ကြံနေသော်လည်း မရေမတွက်နိုင်သော ဝိညာဥ်ကျောက်များကို မြင်တွေ့နေရသဖြင့် ကျန်လူများက စိတ်မရှည်ဖြစ်လာ၏။ သူတို့က မြင်သာမြင် မကြင်ရဖြစ်နေသောကြောင့် စိတ်ကသိကအောက်ဖြစ်နေကာ စိုးရိမ်စိတ်နှင့် ဒေါသစိတ်များ ဖြစ်ပေါ်လာသည်။ ခေါင်းဆောင်ဖြစ်သော ယဲ့ချန်က အချိန်ကြာမြင့်စွာ ထိုင်နေသောကြောင့် သူတို့က အစီအရင်ကို ချိုးဖျက်ရန် နည်းလမ်းများ ကိုယ်တိုင်ရှာဖွေလိုက်ကြသည်။

"ရှေးမှတ်တမ်းတစ်ခုမှာ ဒီအစီအရင်က ကောင်းကင်ဟန်ချက်ခြောက်ပါး အစီအရင်ဆိုတာကို ဖတ်ဖူးထားတယ်။ ဒါကို ဘယ်လိုချိုးဖျက်ရမယ်ဆိုတာကို ငါ သိတယ်။ ဒီရုပ်တုကြီးတွေက အစီအရင်ဆုံချက်ဖြစ်ပြီး သုံးခုက အတုဖြစ်တယ်။ တကယ်လို့ ငါတို့သာ အစစ်သုံးခုကို တပြိုင်နက် ဖျက်ဆီးပစ်နိုင်ရင် အစီအရင်ကိုလည်း ချိုးဖျက်နိုင်ပြီ။ မင်းတို့သာ ငါ့ဦးဆောင်မှုနောက်လိုက်မယ်ဆိုရင် အစီအရင်က တိုက်ခိုက်မှာ မဟုတ်ဘူး"

ဝူကန်၏ စကားသံက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

"ဒါ အမှန်ပဲလား"

"ငါနဲ့အတူ ဘယ်သူတွေ လိုက်ကြမလဲ"

ဝူကန်က လူစုကို တစ်ချက်ဝေ့ကြည့်လိုက်၏။

"ငါတို့လိုက်ချင်တယ်"

အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသောကြောင့် အစီအရင်ကို ချိုးဖျက်နိုင်မည်ဟု ကြားလိုက်ရသောအခါ အယောက်တစ်ရာနီးပါး ချက်ချင်းထရပ်လိုက်သည်။ သို့သော်လည်း ဆက်လက်ကျင့်ကြံနေပြီး ဘေးထွက်ရပ်ကာ စောင့်ကြည့်ရန် ရွေးချယ်သူများလည်း ရှိနေသည်။

"ယဲ့ချန် ငါတို့ဘာလုပ်ကြမလဲ"

ခြင်္သေ့ကြီးက အသံချင်းဆက်သွယ်၍ မေးလာခဲ့သည်။

"ဆက်ပြီး စောင့်ကြည့်နေတာ ကောင်းမယ်။ သူပြောသလို အမှန်ဆိုရင်တောင် ဒီအရုပ်ကြီးတွေနဲ့ တိုက်ခိုက်ရင် အသတ်ခံရမှာ သေချာတယ်။ ပြီးတော့ ဘယ်အရုပ်က အစီအရင်ဆုံချက်ဆိုတာကိုလည်း မသိနိုင်ဘူး"

ယဲ့ချန်က အရုပ်ကြီးခြောက်ခုကို တစ်ချက်ဝေ့ကြည့်ကာ ခေါင်းယမ်းပြလိုက်သည်။

"တစ်ခုတော့ ရှင်းအောင် ပြောထားလိုက်မယ်။ အစီအရင်ထဲကို ငါ့နောက်ကနေ အခုမလိုက်ဘူးဆိုရင် ဝိညာဥ်ကျောက်တွေရမှာ မဟုတ်ဘူး"

ဝူကန်က ကျင့်ကြံသူများကို စိုက်ကြည့်၍ သတိပေးလိုက်သောအခါ တင်ပျဥ်ခွေထိုင်နေသူများအနက် အချို့က ထရပ်လိုက်သောကြောင့် အစီအရင်ချိုးဖျက်မည့် အရေအတွက်က တစ်ရာကျော်သွားခဲ့သည်။

"အစ်ကိုကု ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ"

ချန်းယွမ်က ကုရန်းထံ အသံချင်း ဆက်သွယ်လိုက်၏။

"ချန်ရဲက ဝိညာဥ်နယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို သိထားပေမယ့် တော်တော်ကောက်ကျစ်တယ်။ သူက အထဲကို မလိုက်ဘူးဆိုမှတော့ အကြောင်းအရင်း ရှိရမယ်။ ဒါပေမယ့် ဖြစ်နိုင်ချေကိုလည်း စမ်းသပ်ကြည့်သင်တယ်ဆိုတော့ မင်းက လူနည်းနည်းခေါ်ပြီး ဝူကန်နဲ့ လိုက်သွားစမ်း။ သူက အစီအရင်ကို ချိုးဖျက်နိုင်ရင် ဝိညာဥ်ကျောက်တွေ ရသလောက် လုယူခဲ့"

ကုရန်း၏ အမိန့်ကြောင့် ချန်းယွမ်မှာ စိတ်ဓာတ်ကျသွားပြီး သူကလည်း ဘေးထွက်စောင့်ကြည့်ချင်ခဲ့သည်။ သူက ခေါင်းဆောင်ရှယ်၏ တပည့်ဖြစ်သော်လည်း အဆင့်အတန်းအရာတွင် အနာဂတ်၌ စွမ်းအားရှင်ဖြစ်လာနိုင်သော ကုရန်းအောက် နိမ့်ကျသဖြင့် အမိန့်ကို မငြင်းဆန်ရဲပေ။ သူက ရွေးချယ်စရာမရှိဘဲ ထရပ်လိုက်ရပြီး မီးတောက်နီနန်းတော်၏ တပည့် ခုနစ်ယောက်ကို ဦးဆောင်ကာ ဝူကန်နှင့် ပူးပေါင်းခဲ့ရသည်။

ဝူကန်ဦးဆောင်သော ကျင့်ကြံသူများသည် အစီအရင်အတွင်း သတိကြီးကြီးနှင့် ဝင်ရောက်လိုက်ကြသော်လည်း ယခင်လူများကဲ့သို့ ရွှေရောင်အလင်းနှင့် တိုက်ခိုက်ခြင်းမခံရသောကြောင့် မှန်ကန်သော လမ်းဖြစ်ကြောင်း သိသာနေသည်။ သူတို့က စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ဝိညာဥ်ကျောက်များကို လောဘတကြီး ကြည့်နေကြသည်။ အစီအရင်ကို ချိုးဖျက်နိုင်လျှင် ဝိညာဥ်ကျောက်များစွာ ရယူနိုင်မည်ဖြစ်ရာ ကုရန်း၏မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။ သူက လိုက်သွားရန်သင့်မသင့် စဥ်းစားနေပြီး နောက်ဆုံးတွင် နည်းလမ်းကို မှတ်သားထားပြီး လိုက်မသွားရန်သာ ဆုံးဖြတ်လိုက်၏။ သို့သော် အခြားလူများက သူကဲ့သို့ တည်ငြိမ်စွာ မစဥ်းစားနိုင်သောကြောင့် ချက်ချင်းထရပ်ကာ အစီအရင်အတွင်း လိုက်ပါသွားကြ၏။

"ယဲ့ချန် သူတို့က အစီအရင်ကို တကယ်ချိုးဖျက်နိုင်တော့မယ်"

အစီအရင်၏ အလယ်၌ ဝိညာဥ်ကျောက်များစွာကို မြင်နေရသောကြောင့် ခြင်္သေ့ကြီးက စိုးရိမ်နေခဲ့သည်။

"စိတ်မပူပါနဲ့၊ ဆက်ပြီး စောင့်ကြည့်ပါဦး"

ယဲ့ချန်က တည်ငြိမ်စွာ ဖြောင်းဖျလိုက်၏။ သူက ဝိညာဥ်နယ်မြေ၏ လျှို့ဝှက်များအကြောင်း မသိသော်လည်း ယဲ့ချန်၏ တည်ငြိမ်မှုနှင့် ယုံကြည်မှုကို မြင်ရသောကြောင့် နှုတ်ဆိတ်သွားကာ ဘေး၌ ထိုင်ချလိုက်သည်။

အစီအရင်က ရုတ်တရက် လှုပ်ရှားသွားကာ ဝူကန်နှင့် ကျင့်ကြံသူများကို အတွင်း၌ ပိတ်ထားလိုက်သည်။ အရုပ်ကြီးများက အသက်ဝင်လာပုံရပြီး မျက်လုံးများဖွင့်လိုက်သောအခါ သွေးနီရောင်မျက်ဆံများ ထွက်ပေါ်လာ၍ အစီအရင်အတွင်း ရောက်နေသူများကို စိုက်ကြည့်နေခဲ့သည်။

"သတ်ကြ"

ဝူကန်သည် သူ့နောက်တွင် ကြယ်သခင်နှစ်ရာကျော်ရှိနေသဖြင့် ယုံကြည်မှုအပြည့်ရှိနေပြီး မည်သည့်အရုပ်က အစီအရင်ဆုံချက်ဖြစ်ကြောင်း မသိသော်လည်း သတ်ဖြတ်နိုင်မည်ဟု ထင်ထားသည်။ ရုပ်တုကြီးများက အသက်ဝင်လာသော်လည်း လက်များသာ လှုပ်ရှားနိုင်ပြီး နေရာမှ ရွေ့လျားနိုင်ပုံမရပေ။ ကြယ်သခင်နှစ်ရာကျော်က အုပ်စုခြောက်ခုခွဲ၍ အရုပ်ကြီးများကို တိုက်ခိုက်လိုက်သောကြောင့် အစီအရင်အတွင်း၌ အချိန်လေဟာနယ်ချီများ ဗြောင်းဆန်နေသည်။ ရုပ်တုကြီးများက အစွမ်းထက်လှသော ရွှေလက်သီးကြီးများဖြင့် ထိုးနှက်လိုက်သောကြောင့် ထိမှန်ခံရလိုက်သူများမှာ နာကျင်စွာ အော်ဟစ်ရင်း တိုက်ရိုက်ပေါက်ကွဲ၍ ဝိညာဥ်နယ်မြေအပြင်သို့ ထုတ်ပယ်ခံလိုက်ရ၏။

"သူတို့က အစွမ်းထက်လွန်းတယ်"

"ငါတို့က ဘယ်လိုမှမယှဥ်နိုင်ဘူး"

"မဖြစ်နိုင်ဘူး။ သူတို့က ရုပ်တုသက်သက်ပါပဲ။ အချိန်လေဟာနယ်ချီ ထွက်ပေါ်နေတာလည်း မရှိဘူး"

ဝူကန်သည် ရုပ်တုကြီးများက မရိုးရှင်းကြောင်း နားလည်ထားသော်လည်း ဤမျှအစွမ်းထက်နေမည်ဟု မျှော်လင့်မထားခဲ့ပေ။

"မြန်မြန်နောက်ဆုတ်ကြ"

အကျအဆုံးများနေသောကြောင့် သူက လူတိုင်းကို အစီအရင်အတွင်းမှ ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်။

"မကောင်းတော့ဘူး။ အစီအရင်က ပိတ်သွားပြီ"

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက ကောင်းကင်ဟန်ချက်ခြောက်ပါး အစီအရင် မဟုတ်ဘူးလား"

ဝူကန်က ခေါင်းပေါက်မတတ် စဥ်းစားနေသော်လည်း ထွက်လမ်းကို မရှာနိုင်ပေ။ ထိုအချိန်၌ ရွှေရောင်အလင်းများ တဘန်းဘန်းကျဆင်းလာကာ တစ်ယောက်ပြီးတစ်ယောက် ရှင်းလင်းလိုက်သောကြောင့် သူပင် မလွတ်မြောက်နိုင်ခဲ့ပေ။ ဝိညာဥ်နယ်မြေသို့ ပထမဆုံးအကြိမ် လာရောက်ရာတွင် ရတနာများ ရယူနိုင်မည်ဟု ထင်ထားသော ချန်းယွမ်မှာ အလွန်စိတ်ဓာတ်ကျနေသည်။ ယဲ့ချန်၏လက်ချက်ဖြင့် နှိပ်စက်ခံရပြီးနောက် အစီအရင်အတွင်း ပိတ်မိသွားကာ နောက်ဆုံးတွင် ရွှေရောင်အလင်းတစ်ချက်ကြောင့် ဝိညာဥ်က ဖောက်ခွဲခံလိုက်ရသည်။ ကျင့်ကြံသူများက အော်ဟစ်ရင်း တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲသွားကာ အစီအရင်အတွင်း ရောက်နေသူအားလုံး ထွက်မပြေးနိုင်ခဲ့ပေ။

ဤမြင်ကွင်းကြောင့် စောင့်ကြည့်ရန် ရွေးချယ်ခဲ့သူများမှာ လေအေးကိုယ်စီ ရှူသွင်းလိုက်မိကြသည်။ ကံကောင်းစွာဖြင့် သူတို့က အပြင်၌ ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။ ကုရန်းသည် တည်ငြိမ်စွာ ကျင့်ကြံနေသော ယဲ့ချန်ကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်မိသည်။ တစ်ဖက်လူသည် အစီအရင်အတွင်း ဝင်ရောက်သူအားလုံး အသတ်ခံရမည်ဟု သိထားသောကြောင့် တည်ငြိမ်လွန်းနေခြင်း ဖြစ်ရမည်။

"ဒီကောင်က အစီအရင်ကို ဘယ်လိုချိုးဖျက်ရမယ်ဆိုတာ သိရမယ်။ ငါတို့အားလုံး ထွက်ခွာသွားရင် ဝိညာဥ်ကျောက်တွေကို တစ်ယောက်တည်း မောင်ပိုင်စီးမယ် ထင်တယ်"

ကုရန်းသည် ထွက်မသွားဘဲ ယဲ့ချန်ကို တစ်ချိန်လုံး စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ကြယ်သခင်ပေါင်းနှစ်ရာကျော်ကို အစီအရင်က ရှင်းပစ်လိုက်သောကြောင့် လက်ကျန်ကျင့်ကြံသူများမှာ နည်းလမ်းမရှိကြောင်း သဘောပေါက်သွားကြသည်။ ဝိညာဥ်ကျောက်များစွာ ရှိနေလျှင်ပင် မရယူနိုင်ပါက အချိန်ဖြုန်းနေခြင်းမှာ အဓိပ္ပါယ်မရှိပေ။ ထိုအစား အခြားနေရာများသို့ သွားရောက်၍ ဝိညာဥ်ကျောက်များရှာဖွေခြင်းက အကျိုးရှိသောကြောင့် ကျင့်ကြံသူအချို့က လက်လျှော့ထွက်ခွာသွားရာ ရွှေခန်းမ၏ ဝင်ပေါက်၌ အယောက်ခြောက်ဆယ်ကျော်သာ ကျန်ရစ်သည်။ ကျန်နေရစ်သူများတွင် မီးတောက်နီနန်းတော်မှ အယောက်နှစ်ဆယ်ကျော်နှင့် ထိပ်တန်းမဟာမိတ်မှ ရှစ်ယောက် ကျန်ရစ်သည်။

ဝူကန်နှင့် အခြားလူများ အစီအရင်အတွင်း ဝင်ရောက်သွားသောအခါ ချန်ဟူတို့က စိတ်လှုပ်ရှားသွားသော်လည်း ယဲ့ချန်က တည်တည်ငြိမ်ငြိမ် ကျင့်ကြံနေသောကြောင့် တုံ့ဆိုင်းခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့က ယဲ့ချန်ကို စောင့်ကြည့်ရန်သာ ဆုံးဖြတ်၍ အပြင်၌ နေရစ်ခဲ့ကြသည်။ ဝူကန်တို့အားလုံးကို အစီအရင်က ရှင်းလင်းလိုက်သောအခါ သူတို့အတွက် ထိတ်လန့်စရာဖြစ်နေခဲ့ပြီး လိုက်ပါသွားလျှင် အဖြစ်ဆိုးမည်မှာ သေချာပေါက်ပင်။

ဤအဖြစ်ကြောင့် ချန်ဟူတို့သည် ယဲ့ချန်၏စကားကို နားထောင်ရန် ဆုံးဖြတ်ချက် ပို၍ခိုင်မာလာသည်။ တစ်ဖက်လူက အစွမ်းထက်သော ခေါင်းဆောင်ရှန်၏ တပည့် မဟုတ်ပါလော။ လူတိုင်းက ယဲ့ချန်လှုပ်ရှားမည်ကို စောင့်ဆိုင်းနေသော်လည်း သူက တောင်ကြီးပမာ မလှုပ်မယှက် ထိုင်နေခဲ့သည်။ ထိုအချိန်၌ ဝိညာဥ်နယ်မြေ၏ ဘက်ပေါင်းစုံမှ စွမ်းအင်များ စုဝေးလာနေသောကြောင့် သူ၏ခွန်အားမှာ အဆင့်မြင့်ကြယ်သခင်တစ်ယောက် ဖြစ်လာကြောင်း ခံစားနေရသည်။ ဝိညာဥ်နယ်မြေသို့ ဝင်ရောက်လာသူများတွင် အသန်မာဆုံးမှာ အလယ်အဆင့်သာဖြစ်ပြီး အဆင့်မြင့်ကြယ်သခင်များ ဝင်ရောက်ခွင့် မရှိပေ။ ထို့ကြောင့် သူက ဤနေရာတွင် အသန်မာဆုံး ဝိညာဥ် ဖြစ်လာခဲ့လေသည်။

All Chapters