← Chapters

ကုရန်းကို ထုတ်ပယ်ခြင်း

Vol. 60 Ch. 843

ကုရန်းကို ထုတ်ပယ်ခြင်း

Vol. 60 Ch. 843

ယဲ့ချန်ကို မျက်စိဒေါက်ထောက် စောင့်ကြည့်နေသော ကုရန်းသည် တစ်ဖက်လူထံမှ အရှိန်အဝါက လူတိုင်းကို ဖိနှိပ်ထားနိုင်သည်ထက် မြင့်တက်လာကြောင်း ခံစားလိုက်ရ၏။

"ဒီကောင်က ဘာတွေနားလည်သွားတာလဲ။ ငါသာ မမှားရင် သူက ဝိညာဥ်နယ်မြေရဲ့ စွမ်းအင်တွေကို စုပ်ယူနေတာ မဟုတ်လား။ ဒီအတိုင်း ဆက်ဖြစ်နေလို့ကတော့ သူသာ အစီအရင်ကို ချိုးဖျက်နိုင်တဲ့အထိ အစွမ်းထက်သွားရင် ဝိညာဥ်ကျောက်တစ်တုံးမှကိုရမှာ မဟုတ်ဘူး"

ကုရန်း၏ မျက်လုံးများ အေးစက်စက်ဖြစ်လာပြီး ယဲ့ချန်ထံမှ ဝိညာဥ်နယ်မြေ၏ လျှို့ဝှက်ချက်များကို ရအောင် ယူမည်ဟု ဆုံးဖြတ်လိုက်သည်။ သို့ဖြစ်လျှင် သူက အနာဂတ်တွင် ဤနေရာ၌ ပြိုင်ဘက်ကင်း ဖြစ်လာပေလိမ့်မည်။ အဆင့်တစ်ဆယ် နတ်အစေခံတစ်ယောက်က ဤနေရာ၌ အလယ်အဆင့် ကြယ်သခင်တစ်ယောက်၏ ခွန်အားမျိုး ပိုင်ဆိုင်နေသည်က ထူးခြားလွန်း၏။ ထိုအချိန်၌ ယဲ့ချန်၏မျက်လုံးများ ရုတ်တရက် ပွင့်လာသောအခါ အစီအရင်ကို ချိုးဖျက်နိုင်သည့် မျှော်လင့်ချက် ဖြစ်နေသောကြောင့် လူတိုင်းက ဝိုင်းကြည့်နေကြသည်။ ယဲ့ချန် မတ်တပ်ထရပ်လာသည်ကို မြင်သောအခါ နည်းလမ်း ရှာတွေ့ခြင်း ဖြစ်နိုင်သောကြောင့် သူတို့က စိတ်လှုပ်ရှားနေကြ၏။

ယဲ့ချန်သည် ကုရန်းထံ တည့်တည့်မတ်မတ် လျှောက်လှမ်းလာသောအခါ တစ်ဖက်လူက ရန်လိုသော အမူအရာဖြင့် ထရပ်လာသည်။ သူ၏နောက်တွင် မီးတောက်နီနန်းတော်မှ တပည့်များသည် ရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်​နေရသကဲ့သို့ စိုးရိမ်စွာ အသင့်ပြင်ထားကြ၏။

"မင်း ဘာလုပ်ချင်တာလဲ"

ကုရန်းသည် ယဲ့ချန်ထံမှ မောက်မာသော အရှိန်အဝါကို မယှဥ်နိုင်သောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

"ရိုးရိုးလေးပါ။ မီးတောက်နီနန်းတော်က လူတွေ ထွက်သွားစမ်း"

ယဲ့ချန်က အေးစက်စက် ပြောလိုက်၏။

"မင်း သိပ်လွန်သွားပြီ"

ကုရန်းက ဤသို့အပြောအဆို မခံရဖူးသောကြောင့် တုန်ရီစွာဖြင့် လက်ညှိုးငေါက်ငေါက်ထိုး၍ အော်ဟစ်လိုက်သည်။ သူက မီးတောက်နီနန်းတော်၌ စွမ်းအားရှင်တစ်ယောက် ဖြစ်လာရန် အလားအလာအရှိဆုံးများအနက် တစ်ယောက်ဖြစ်သောကြောင့် တိုက်ခိုက်လိုစိတ် ဖြစ်ပေါ်လာသည်။

"လွန်တယ် ဟုတ်လား။ ငါတို့အားလုံးက ဉာဏ်ကောင်းပါတယ်။ မင်းက ငါ့ထက် သန်မာနေရင် ထိပ်တန်းမဟာမိတ်ကို မောင်းထုတ်မယ်။ မီးတောက်နီနန်းတော်က အနိုင်ကျင့်ခွင့်ရှိပြီး ထိပ်တန်းမဟာမိတ်က မရှိရဘူးလား။ မင်းတို့ မီးတောက်နီနန်းတော်က တော်တော်သန်မာနေတယ် ထင်တာလား"

ယဲ့ချန်က နှာခေါင်းရှုံ့၍ ပြောလိုက်ချိန်တွင် ထိပ်တန်းမဟာမိတ်၏ တပည့်များက သူ့နောက်တွင် ဂုဏ်ယူစွာဖြင့် နေရာယူထားကြသည်။

"မှန်တယ်။ ကုရန်း ဒီကိစ္စက မင်းတို့စတာပဲ"

ချန်ဟူနှင့် အခြားလူများက ပြိုင်တူအော်ဟစ်လိုက်ကြ၏။

"ကုရန်း မင်းအကြံကို ငါ မသိဘူး ထင်နေတာလား။ ငါက အစီအရင်ကို ချိုးဖျက်ပြီးရင်း မင်းက ဝိညာဥ်ကျောက်တွေကို အလစ်သုတ်ဖို့ ကြံနေတာမလား။ ဒီလိုဆိုမှတော့ အစီအရင်ကို မချိုးဖျက်ခင် မင်းတို့ကို အရင်ရှင်းလိုက်ရအောင်"

ယဲ့ချန်က လှောင်ပြုံးတစ်ချက်ဖြင့် ပြောလိုက်သည်။ မီးတောက်နီနန်းတော်ဘက်တွင် လူအရေအတွက် များသောကြောင့် ယဲ့ချန်က မတိုက်ခိုက်ရဲဟု ထင်ထားသော်လည်း ကုရန်းက သူထင်ထားသည်ထက် ပို၍ပြတ်သားရက်စက်နေသည်။

"ချန်ရဲ မောက်မာလှချည်လား။ မင်းမှာ ဒီလိုအစွမ်းမျိုး ရှိလို့လား။ ငါတို့ကို မင်းတို့အရေအတွက် နည်းနည်းလေးနဲ့ မောင်းထုတ်နိုင်မယ် ထင်နေတာလား။ သေတဲ့အထိ တိုက်ခိုက်ကြတာပေါ့"

ကုရန်းက စိန်ခေါ်လိုက်သည်။

"သေတဲ့အထိ ဟုတ်လား ရယ်ရတယ်"

ယဲ့ချန်က ယာရှာအသွင်ပြောင်းကာ ကုရန်းကို လက်သီးဖြင့် ချက်ချင်းထိုးချလိုက်သည်။ ကုရန်းက မျက်နှာပျက်သွားကာ လက်သီးချက်ပေါင်းထောင်ချီ ပြိုင်တူဝင်ရောက်လာသကဲ့သို့ ထင်မှတ်လိုက်ရ၏။ သူ၏ခန္ဓာကိုယ်ထက်တွင် မီးလျှံများသည် အနီရောင်ချပ်ဝတ်တစ်ခု ဖြစ်တည်လာကာ မီးတောက်များ တဟုန်းဟုန်း တောက်လောင်နေသဖြင့် မီးလူသားတစ်ယောက်နှင့် ဆင်တူနေသည်။ အနီ၊ လိမ္မော်၊ အဝါ၊ အပြာနှင့် ခရမ်းရောင်ဟူသော အချိန်လေဟာနယ် ချီငါးမျိုးက သူ၏ဝိညာဥ်ပတ်လည်၌ ထွက်ပေါ်လာသည်။

"ဘုန်း"

သို့သော် လက်သီးချက်နှင့် ထိမှန်ခံလိုက်ရသောအခါ ကုရန်း၏ခန္ဓာကိုယ်ထက်မှ ချပ်ဝတ်ကွဲကြေသွားကာ မီးလျှံများပါ ဖိနှိပ်ခံလိုက်ရသည်။ လက်သီး ထိမှန်သွားသော နေရာက ချိုင့်ဝင်သွားပြီး နာကျင်စွာ အော်ဟစ်ရင်း လွင့်ထွက်သွားခဲ့သည်။ လက်သီးအလင်းများ ဖြာထွက်လာသောကြောင့် မီးတောက်နီနန်းတော် တပည့်များပင် အော်ဟစ်ရင်း လဲကျကုန်သည်။ ယဲ့ချန်က လက်သီးတစ်ချက်တည်းဖြင့် ရန်သူများကို ဖိနှိပ်လိုက်သောကြောင့် အစွမ်းကုန်တိုက်ခိုက်ရန် ပြင်ဆင်ထားသော ထိပ်တန်းမဟာမိတ်မှ ကြယ်သခင်များ ကြောင်အသွားကာ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။ သူက သန်မာလွန်းသဖြင့် ရန်သူများက ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိသောကြောင့် အဆင့်မြင့် ကြယ်သခင်တစ်ယောက်၏ ခွန်အားမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း ဝိညာဥ်နယ်မြေသို့ ဤအဆင့်က ဝင်ရောက်ခွင့်မရှိသော​ကြောင့် မည်သို့ပိုင်ဆိုင်ထားကြောင်း တွေးမရကြပေ။ ခြင်္သေ့ကြီးပင် ဤအဖြေကို မသိသောကြောင့် မျက်လုံးများ ပြူးကျယ်၍ စိတ်ရှုပ်နေခဲ့သည်။ သူက အချိန်လေဟာနယ် အဆင့်ငါးအထိ အသုံးပြုနိုင်သည့်အပြင် ဝိညာဥ်နတ်ဘုရား၏ စွမ်းအားကိုလည်း ငှားရမ်းသုံးစွဲနိုင်သဖြင့် ဝိညာဥ်နယ်မြေ၌ ပြိုင်ဘက်ကင်း ဖြစ်လာခဲ့သည်။

"ဘာကြောင့်လဲ။ နတ်အစေခံတစ်ယောက်က ဒီလိုမျိုးအစွမ်းထက်တာ မဖြစ်နိုင်ဘူး။ သူက ဘယ်လိုလုပ် အဆင့်မြင့် ကြယ်သခင်တစ်ယောက်ရဲ့ ခွန်အား ရှိနေရတာလဲ"

ကုရန်းသည် ရင်ဘတ်ကို ဖိကိုင်ထားရင်း မြေပြင်မှ ကုန်းရုန်းထလာကာ ယဲ့ချန်ကို ကြောက်စိတ်ဖြင့် ကြည့်လိုက်သည်။ သူ၏ဝိညာဥ်က ပါးလွှာသွားကာ အခြေအနေကို ပြောင်းပြန်လှန်နိုင်စွမ်း မရှိသော်လည်း နတ်အစေခံတစ်ယောက်အား ရှုံးနိမ့်ခြင်းကို လက်မခံနိုင်ပေ။ သူက ကိုယ့်ကိုကိုယ် မီးတောက်နီနန်းတော်တွင် နံပတ်တစ်ပါရမီရှင်ဟု သတ်မှတ်ထားကာ အချိန်လေဟာနယ် အဆင့်ငါးကို နားလည်နိုင်ခဲ့သည်။ အကယ်၍ သူ့ကို နတ်အစေခံတစ်ယောက်ကသာ အနိုင်ယူသွားလျှင် ကျင့်ကြံသူတစ်ယောက်၏ စိတ်ထားမျိုး ပျောက်ကွယ်သွားကာ ကျင့်ကြံဆင့် မြင့်တက်ရန်အတွက် ခက်ခဲသွားပေလိမ့်မည်။ ဤအဖြစ်ကို လက်မခံနိုင်သောကြောင့် သူ၏မျက်လုံးများတွင် ရူးသွပ်သော အရိပ်အယောင်များ ဖြစ်လာသည်။

"မင်းကို သတ်ပစ်မယ်"

ကုရန်းက အရာရာကို လျစ်လျူရှုထားပြီး ယဲ့ချန်ထံ ရုတ်တရက် ပြေးဝင်လာကာ ဝိညာဥ်ကို လောင်ကျွမ်းရလျှင်ပင် သတ်ပစ်မည်ဟု ဆုံးဖြတ်ထားပုံရသည်။ ယဲ့ချန်က မျက်နှာတစ်ချက်ပင်မပျက်သွားဘဲ လက်သီးတစ်ချက် ထိုးလိုက်သောကြောင့် နောက်ထပ်လက်သီးအလင်းထောင်ချီသည် အရှိန်ပြင်းစွာ ထွက်ပေါ်လာကာ တစ်ဖက်လူ၏ ရင်ဘတ်ကို ထိမှန်သွားသည်။

"အား"

ကုရန်းက အသည်းခိုက်အောင် နာကျင်သွားသဖြင့် အော်ဟစ်လိုက်ရင်း ဝိညာဥ်က ပြိုကွဲသွားကာ ဝိညာဥ်နယ်မြေမှ ထုတ်ပယ်ခံလိုက်ရသည်။ ဤမြင်ကွင်းကြောင့် မီးတောက်နီနန်းတော်မှ တပည့်များ​ကြောက်လန့်သွားသော်လည်း မျက်စိရှေ့မှ ဝိညာဥ်ကျောက်များကို မစွန့်လွှတ်နိုင်ကြပေ။

"ချန်ရဲ မင်းကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့။ အပြင်လောကကို ပြန်ရောက်ရင် မင်းနဲ့ စာရင်းရှင်းမယ်။ မင်းကို သတ်ပစ်မယ်"

သူတို့က အော်ဟစ်ခြိမ်း​ခြောက်လိုက်သော်လည်း ယဲ့ချန်၏အဖြေက လက်သီးတစ်ချက်သာဖြစ်ပြီး ဝိညာဥ်များ တဘန်းဘန်းပေါက်ကွဲကာ ချက်ချင်းထုတ်ပယ်ခံလိုက်ရ၏။ သူက အခြားကျင့်ကြံသူများကို ဝေ့ကြည့်လိုက်သောအခါ ထိပ်တန်းမဟာမိတ်၏ တပည့်များမှအပ လူတိုင်း တုန်လှုပ်သွားကာ ရွှေခန်းမမှ တိတ်တဆိတ် ထွက်ခွာသွားကြသည်။ အကယ်၍ သူတို့က အစီအရင်ကို ချိုးဖျက်နိုင်လျှင် သူက အကောက်ကြံမည် မဟုတ်သော်လည်း သူ၏လုပ်အားကို ခေါင်းပုံဖြတ်မည့်အပေါ် လက်ခံရန်အတွက် မဟာကရုဏာရှင်ကြီး မဟုတ်ပေ။ သူ၏စွမ်းဆောင်ရည်က ထပ်ကာထပ်ကာ တုန်လှုပ်စေခဲ့သောကြောင့် ချန်ဟူတို့မှာ လေးစားရိုသေနေကြသည်။ ခေါင်းဆောင်တစ်ယောက်၏ တပည့်ဖြစ်သူက သေချာပေါက် အစွမ်းထက်နေပေလိမ့်မည်။

"အစ်ကိုချန် ကျုပ်တို့လည်း ထွက်သွားပေးပါမယ်။ ဒီနေ့ အစ်ကိုနဲ့ သိခွင့်ရလိုက်တာက ကံကောင်းမှုကြီး ဖြစ်နေပါပြီ"

ယဲ့ချန်သည် ဝိညာဥ်ကျောက်များကို သေချာပေါက် ရယူနိုင်သောကြောင့် ချန်ဟူက အလိုက်သိစွာ ပြောလိုက်သည်။ သူတို့က များစွာမကူညီနိုင်သောကြောင့် ဝိညာဥ်ကျောက်များကို တပ်မက်သော်လည်း စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

"မင်းတို့ရဲ့ အကူအညီကို လိုအပ်တယ်။ ဒါပေမယ့် ငါ့ကို ကူညီမယ်ဆိုရင် ဝိညာဥ်ကျောက်တွေအစား ကောင်းကင်နတ်လှေ တစ်ယောက် တစ်စီး ပေးမယ်"

ယဲ့ချန်က ခေါင်းယမ်း၍ ကတိပေးလိုက်၏။ သူက ဝိညာဥ်ကျောက်များကို အရေးတကြီး လိုအပ်နေသောကြောင့် မခွဲပေးနိုင်သဖြင့် ကောင်းကင်နတ်လှေကိုသာ အစားထိုးလိုက်ရသည်။ ချန်ဟူတို့အတွက် ဤရတနာကပင် အဖိုးထိုက်တန်လွန်းနေပြီဖြစ်ပြီး ကောင်းကင်လှေထက် တစ်ဆင့်ပိုမြင့်သော ကောင်းကင်နတ်လှေက အပျော်လုံးဆို့စရာ ဖြစ်နေခဲ့သည်။

"ဒါဆိုရင် အစ်ကိုချန်ကို ကူညီပေးပါမယ်။ ကျေးဇူးအများကြီးတင်ပါတယ်"

ချန်ဟူတို့က ချက်ချင်းခေါင်းညိတ်၍ သဘောတူလိုက်ကြ၏။ တစ်ဖက်လူက ခေါင်းဆောင်ရှန်၏ တပည့်ဖြစ်နေသောကြောင့် ကတိဖျက်မည်ကို မစိုးရိမ်ကြပေ။ ယဲ့ချန်က မျက်လုံးမှိတ်၍ အစီအရင်ကို လေ့လာလိုက်ပြီး အခြားကျင့်ကြံသူများကို ညွှန်ကြားလိုက်သည်။ သူ၏ညွှန်ကြားချက်အတိုင်း ခြင်္သေ့ကြီးနှင့် ချန်ဟူတို့က စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်ဝင်ရောက်သွားသောအခါ တိုက်ခိုက်ခြင်းမခံရသကဲ့သို့ ရုပ်တုကြီးများလည်း အသက်ဝင်မလာခဲ့ပေ။ သူတို့က ရှေ့ဆက်တိုးရင်းဖြင့် အရုပ်ကြီးများ၏ ကျောဘက်သို့ ဖြည်းဖြည်းချင်း ရောက်သွားခဲ့သည်။

"ခြင်္သေ့ကြီး အရှေ့က အရုပ်ရဲ့ ကျောဘက်မှာ ခရမ်းရောင်မီးတောက်ကို ထားလိုက်"

ယဲ့ချန်က အသံချင်း ဆက်သွယ်လာသောအခါ ခြင်္သေ့ကြီးက လက်ချောင်းထိပ်တွင် မီးလျှံတစ်ခု ဖန်တီး၍ အရုပ်တစ်ခု၏ကျောတွင် ကပ်ထားလိုက်သည်။ ချန်ဟူတို့ကိုလည်း အစီအရင်၏ အားနည်းချက်များတွင် နေရာယူစေပြီးနောက် သူက အလည်တည့်တည့်သို့ တစ်လှမ်းချင်း လျှောက်ဝင်သွားခဲ့သည်။

"ဝှစ် ဝှစ် ဝှစ်"

နောက်ဆုံးတွင် မီးတောက်များဖြင့် ကပ်တွယ်ခံထားရသော ရွှေရုပ်တုကြီးခြောက်ခုက ယဲ့ချန်နှင့် ခြင်္သေ့ကြီး၏ အိတ်ကပ်များသို့ သုံးခုစီ ဝင်ရောက်သွားကြ၏။ ယဲ့ချန်က အစီအရင်ဖြိုခွဲနည်းကို အမှန်တကယ်သိနေပြီး ချန်ဟူတို့က စပ်စုချင်နေသော်လည်း တစ်ဖက်လူ၏ လျှို့ဝှက်ချက်ဖြစ်နေသောကြောင့် မမေးခဲ့ပေ။ သူတို့ကို ပို၍ထိတ်လန့်စေသည်မှာ ရွှေအရုပ်ကြီးခြောက်ခုကို ယဲ့ချန်နှင့် ခြင်္သေ့ကြီးက သိမ်းယူသွားခြင်း ဖြစ်သည်။ ၎င်းတို့က အစွမ်းထက်လွန်းပြီး သာမန်အလယ်အဆင့် ကြယ်သခင်များထက် ပို၍သန်မာသော်လည်း အပြင်ကမ္ဘာ၌ သုံးရ မသုံးရက စိတ်ဝင်စားစရာ ဖြစ်နေ၏။

ယဲ့ချန်သည် အစီအရင်၏ ချီစီးဆင်းမှုအတိုင်း လိုက်ပါသွားရင်းဖြင့် အလယ်တည့်တည့်အထိ ရောက်သွားသောအခါ ဝိညာဥ်ကျောက်ပုံကြီးက ဘွားခနဲ ထွက်ပေါ်လာလေသည်။

All Chapters