← Chapters

မက်ဒါနာရိုမန့်တစ်

Vol. 10 Ch. 29

မက်ဒါနာရိုမန့်တစ်

Vol. 10 Ch. 29

“ပင်ပန်းလိုက်တာ...” မက်ဒါနာက ကြမ်းတိုက်တံမြက်စည်းကိုမှီရပ်ရင်း နဖူးက ချွေးတွေကို လက်နဲ့ဖယ်ရှားလိုက်တယ်။

အစကတော့ ထိန်းသိမ်းသူမရှိဘဲ ပစ်ထားတာကြာပြီဖြစ်တဲ့ ကောင်စုတ်လေးရဲ့အိမ်ကိုရှင်းဖို့အတွက် သူ့လိုဉာဏ်ကြီးရှင်မလေးမှာ ဘာပြဿနာမှာမရှိလောက်ဘူးလို့ ထင်နေခဲ့တာ။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ အိမ်ရာသန့်ရှင်းရေးဆိုတာ​က ကာယအင်အား အတော်စိုက်ထုတ်ရတဲ့အလုပ်ပါ။ နေ့တိုင်းလေ့ကျင့်ခန်းလုပ်နေခဲ့တဲ့ ဟီးရိုးဟောင်း မက်ဒါနာအတွက်တောင်မှ လွယ်ကူတာမျိုးမဟုတ်ဘူး။

“ဆက်တိုက်သန့်ရှင်းရေးလုပ်နေတာ သုံးရက်ရှိပြီ။ ဒါကိုတောင်မှ အိမ်နံရံအပြင်မှာ တွယ်ကပ်နေတဲ့ ညောင်ပင်တွေကို မဖယ်ရသေးဘူး။ အောင်မလေးလေ...”

မက်ဒါနာက ​ညည်းညူလိုက်ပေမဲ့ ရေမွန်ရဲ့ပြုံးပျော်နေတဲ့ မျက်နှာကိုတွေးမိတော့ ပင်ပန်းမှုတွေပျောက်သွားတယ်။

“ချစ်မိတဲ့ ခံစားချက်ဆိုတာ ဒါမျိုးလား။” သူက သူ့နှလုံးသားပေါ်ကိုသူ လက်တင်ပြီးတော့ မေးကြည့်ခဲ့တယ်။ အဲဒီခံစားချက်က တစ်မျိုးပဲ။ သူ့နှလုံးသားထဲမှာ မကုန်ခမ်းနိုင်တဲ့ လောင်စာတစ်မျိုးစီးဆင်းနေပြီး ဘာမဆိုလုပ်နိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်တည်နေတာ။

“ငါအရင်က ဒီလိုခံစားချက်မျိုး မခံစားဖူးဘူး။” မက်ဒါနာက သူ့ဘာသာရေရွတ်လိုက်တယ်။ ဖရာလီတာတို့အုပ်စု သူ့အနားမှာတွယ်ကပ်နေတုန်းကတောင် ဒီလိုခံစားချက်မျိုး သူ့ဆီမှာမပေါက်ဖွားလာခဲ့ဘူး။ ဒါကြောင့် သူတို့အားလုံးထဲကတစ်ယောက်ကို သူရွေးချယ်ဖို့ ခက်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

“အာ... ငါးနာရီထိုးတော့မယ်။ သခင်လေး ကျောင်းကနေပြန်မလာခင် ညစာအသင့်ပြင်မှ။”

...

“စားလို့ကောင်းခဲ့ပါတယ်။” ရေမွန်က သူ့ရှေ့မှာရှိနေတဲ့ ရွှေဝါရောင်သန်းနေတဲ့ ကြက်ဥဂေါ်ဖီကြော်ကို ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်တယ်။

“ဘာဖြစ်လို့ပါလဲ သခင်လေး။ စားလို့မကောင်းလို့လား။”

သခင်လေးမျက်နှာမကောင်းတာမြင်တော့ မက်ဒါနာက နောက်ကနေ ခါးကိုကိုင်းပြီးတော့ မေးလိုက်တယ်။ သူ့နဖူးပေါ်က ဆံစတချို့လည်း ရှေ့ကိုညွှတ်ကျလာပြီး ချစ်စဖွယ်လှုပ်ရှားသွားတာပေါ့။ ရေမွန်လည်း ရင်ခုန်မြန်လာပြီးတော့ မျက်နှာရဲတက်လာတယ်။

“စား... စားလို့မကောင်းတာတော့ မဟုတ်ပါဘူး။ နေ့.. နေ့တိုင်းဂေါ်ဖီကြော်တွေချည်း ဖြစ်နေတော့ နည်းနည်းထူးဆန်းတယ်ထင်လို့ပါ။”

မက်ဒါနာရဲ့မျက်နှာပေါ်က အပြုံးလည်း ဒီစကားနဲ့အတူ အေးခဲသွားတယ်။ ရေမွန်ကတော့ ဆိုက်ဘေးရီးယားဆောင်းတွင်းကို ဖြတ်သန်းနေရသလို မက်ဒါနာရဲ့ပုံစံကြောင့် လန့်လာပြီ။ ဒါပေမဲ့ နည်းနည်းကြာတော့ တောင့်တောင့်ကြီးရပ်နေခဲ့တဲ့မက်ဒါနာက ပြန်လှုပ်ရှားလာပြီး ပြောလိုက်ပါတယ်။

“သခင်လေးပြောတာ အမှန်ပါပဲ။ သခင်လေးတို့ကြီးထွားဆဲအရွယ်ဆိုတာက အာဟာရအများကြီးလိုအပ်တယ်။ နောက်နေ့မနက်အတွက် တခြားဟင်းတစ်မျိုး စီစဥ်ပေးပါ့မယ်။”

ဒီလိုကြားမှပဲ ရေမွန်လည်း ဟင်းချနိုင်တော့တယ်။ ပြီးတော့ ထိုင်ခုံကနေထပြီး ကိုယ့်အခန်းကိုယ်ပြန်ခါနီးမှာပဲ မက်ဒါနာက ကောင်လေးကို ဖမ်းဆွဲထားပါလေရော။

“သခင်လေး၊ ရေမချိုးသေးဘဲနဲ့ ဒါဘယ်သွားမလို့လဲ။”

“အ... အခန်းပြန်ပြီး စာလုပ်တော့မလို့လေ....” ရေမွန်က မက်ဒါနာကို ကြောက်ကြောက်နဲ့လှည့်ကြည့်ပြီး ပြန်ဖြေတယ်။ မက်ဒါနာကတော့ မျက်နှာသေကြီးနဲ့။

“တစ်နေကုန် ကျောင်းမှာကမြင်းလာပြီး ရေမချိုးရင် ညစ်ပတ်နေမှာပေါ့။ သခင်လေးဖို့ ရေချိုးဖို့အသင့်ပြင်ပြီးပါပြီ၊ ရှေ့ကနေသွားပါ။”

“ဒါ... ဒါပေမဲ့... အစ်မကြီးရေ၊ ထမင်းစားပြီးရေချိုးရင် မြန်မြန်ပြန်ဗိုက်ဆာတယ်လို့ အင်တာနက်မှာတွေ့ထားတာကို။”

“သခင်လေးစာလုပ်နေတုန်း အဆာပြေမုန့်ပို့ပေးမှာမလို့ စိတ်မပူပါနဲ့။” မက်ဒါနာက သွားကြားထဲကနေ ထွက်လာတဲ့လေသံနဲ့ ပြောလိုက်တော့ ရေမွန်ဆက်မငြင်းရဲတော့ဘူး။ ခဏနေတော့ နှစ်ယောက်အတူတူ ရေချိုးခန်းထဲရောက်နေပြီ။

“အစ်မကြီးကး ဘာလို့လိုက်လာတာလဲ။ လူပျိုလေးတစ်ယောက် ရေချိုးမှာနော်။”

“သခင်လေးအတွက် ရေချိုးဇလုံထဲမှာ ရေအပူချိန်အသင့်ဖြစ်အောင် ချိန်ညှိပေးမလို့ပါ။”

မက်ဒါနာက ခပ်တည်တည်နဲ့ ရေပူရေအေးစနစ်ကိုထိန်းညှိရင်း ရေချိုးဇလုံထဲ ရေဖြည့်ပေးလိုက်ရော။ ပြီးတဲ့နောက်တော့ နံပိုင်းငယ်လေးနဲ့ဖြစ်နေတဲ့ ရေမွန်ကို ပြုံးပြလိုက်တယ်။

‘သူ့အကြည့်က ကြော​က်စရာကြီး’ ကောင်လေးက လန့်သွားပြီး သူ့ကိုယ်သူဖက်ထားလိုက်ပေမဲ့ မက်ဒါနာကတော့ ကောင်စုတ်လေးခေါင်းကို ဖမ်းချုပ်လိုက်ပြီး

“ရေချိုးဇလုံထဲမဝင်ခင် ခန္ဓာကိုယ်ကိုအရင်သန့်စင်ပြီး ကျောကုန်းကို ချေးတွန်းရပါမယ်။ အကုန်လုံးကို ဒီအစေခံက ကူညီပေးမှာမလို့ သခင်လေးမစိုးရိမ်ပါနဲ့။”

“အကုန်လုံးလုပ်ပေးရအောင် ကျွန်တော်က ကလေးပိစိလေးမှမဟုတ်တာဗျ။”

ကြာတော့ သခင်လေးရေမွန်တစ်ယောက် စိတ်အချဥ်ပေါက်လာပြီး မက်ဒါနာကို ရေချိုးကန်ထဲကနေ တွန်းထုတ်လိုက်ပါလေရော။ မက်ဒါနာကတော့ အပြင်ရောက်တဲ့အထိ ပြုံးနေဆဲဖြစ်ပြီး သူ့ပါးပြင်ကို လက်ဖဝါးနဲ့ထောက်ထားလိုက်တယ်။

“ဒီသခင်လေးကတော့... တကယ့်ကို အပြစ်ကင်းစင်နေတော့တာပဲ။”

...

“သခင်လေး၊ အဆာပြေစားဖို့အတွက် မုန့်ရပါပြီ။” မက်ဒါနာက ကွက်ကီးတချို့နဲ့နွားနို့ခွက်ကိုကိုင်ပြီး ရေမွန်ရဲ့အခန်းထဲကို ဝင်လာတယ်။ ရေမွန်က စာအုပ်တွေကို စားပွဲပေါ်မှာတင်ထားပေမဲ့ စာမလုပ်ဘဲ ပြတင်းပေါက်အပြင်ကို ငေးကြည့်နေခဲ့တာပါ။

“သခင်လေးကြည့်ရတာ မျက်နှာမကောင်းသလိုပဲ။ ဘာဖြစ်လို့လဲ... စာနားမလည်လို့လား။”

မက်ဒါနာက စာအုပ်ကိုကြည့်လိုက်တော့ သင်္ချာဖြစ်နေတာနဲ့ ဝမ်းသာသွားတယ်။ ဒါက သူအကျွမ်းကျင်ဆုံး ဘာသာရပ်တွေထဲကတစ်ခုလေ။ ဒါပေမဲ့ရေမွန်က ရုတ်တရက် သူ့ကိုပြေးဖက်ပြီး ရင်ခွင်ထဲခေါင်းတိုးဝင်လာချိန်မှာတော့ မက်ဒါနာထိတ်လန့်သွားလေရဲ့။

“ဘာမှမဟုတ်ပါဘူး... ကျွန်တော်က တစ်ခုခုကိုစိုးရိမ်နေခဲ့ရုံပါ။”

မက်ဒါနာက သခင်လေးရဲ့စိုးရိမ်မှုတွေကို နားမလည်ပေမဲ့ ခေါင်းကိုသာသာလေး ပွတ်ပေးလိုက်တယ်။ ဒါပေမဲ့ ရေမွန်ကတော့ တီးတိုးဆက်ပြောနေတုန်း...

“ကျွန်တော်ချစ်တဲ့သူတွေက ကျွန်တော့်ကိုထားခဲ့တာများတယ်။ တစ်နေ့ကျ ခင်ဗျားလည်း ကျွန်တော့်ကို ထားသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။”

“ဒီအစေခံက ဖြစ်နိုင်သမျှ သခင်လေးနဲ့ပဲနေမှာမလို့ သခင်လေးစိုးရိမ်စရာမလိုပါဘူး။ ခုတော့ စာအတူလုပ်ရအောင်...”

မက်ဒါနာက လေသံအေးအေးနဲ့ ရေမွန်ကိုဖျောင်းဖျပြီး ရေမွန်နားမလည်တဲ့ ပုစ္ဆာတွေကို ရှင်းပြပေးခဲ့ပါတယ်။ ရေမွန်အိမ်စာတွေပြီးပြီး အိပ်ရာဝင်ချိန်ချိန်မှ မက်ဒါနာက အခန်းထဲကနေ ပြန်ထွက်လာခဲ့တယ်။ ဒါပေမဲ့ သူကိုယ်တိုင်က မအိပ်သေးဘဲ မီးဖိုခန်းဘက်ထွက်လာခဲ့တယ်။

“ဆယ့်တစ်နာရီထိုးတော့မှဆိုပေမဲ့ သခင်လေးဖို့ တခြားဟင်းတစ်မျိုးမျိုးချက်ပေးဖို့ လေ့ကျင့်နိုင်ဦးမှာပါ။”

အဲဒီနောက်တော့ မက်ဒါနာက ဖုန်းကိုဖွင့်သတင်းကို တိုးတိုးနားထောင်ရင်း ရေခဲသေတ္တာထဲက ကြက်ဥတွေကို ထုတ်လိုက်တယ်။

[ယနေ့အတွက် ပိုးကောင်စစ်တပ်က အမေရိကကုန်းမြေတိုက်ခံစစ် ၆ နေရာကို တစ်နေ့တည်းသိမ်းပိုက်နိုင်ခဲ့တဲ့သတင်း၊ Silver Knightအစား Junior Guardian အဖွဲ့က ရှေ့တန်းစစ်မြေပြင်ကို တာဝန်ယူတော့မယ့်သတင်းနဲ့ အခြားထူးခြားဖြစ်စဥ်တွေကို တင်ဆက်သွားမှာပါ။]

မက်ဒါနာက ဖုန်းကိုတစ်ချက်ကြည့်လိုက်တယ်။ သတင်းဌာနက တင်ဆက်နေတဲ့ ပုံရိပ်တွေထဲမှာဖျက်ဆီးခံထားရတဲ့ စစ်စခန်းတွေရှေ့မှာရပ်နေတဲ့ ကာတာနာနဲ့မိန်းကလေးရဲ့ပုံရိပ်ကို မြင်နိုင်ပါတယ်။ ရုပ်သေးမဟုတ်တော့တဲ့ ဘုရင်မဥစာကီက နဂိုက ကတိအတိုင်း စိန်ခေါ်ပွဲကိုစောင့်နေခဲ့ပေမဲ့ ခုတော့ သူမရှိတော့တာကြောင့် ကိုယ်တိုင်ထိုးစစ်ဆင်နေပြီ။

နောက်ပုံရိပ်တစ်ခုကတော့ မိရိုင်၊ လီဆာ၊ ယုတိုနဲ့တာလီယာတို့ ဒဏ္ဍာရီလာဓားကို လေးယောက်အတူကိုင်ပြီး ရပ်နေတဲ့ပုံရိပ်။ Junior Guardianဖြစ်ပြီးတော့ မစ်ရှင်အဖွဲ့အတွက် Silver Knightကိုယ်စား တာဝန်ထမ်းဆောင်နေပြီ။ ပြီးတော့ မိရိုင်က ဥစာကီကို ဘာပဲဖြစ်ဖြစ် စီးချင်းထိုးယှဥ်ပြိုင်ဖို့ ဆုံးဖြတ်ပြီးသွားပြီလေ။

“ကြည့်ရတာ ငါက ဘာခေတ်မှမရှိတော့တဲ့ အဖွားကြီး​ဖြစ်သွားပြီနဲ့ တူပါတယ်လေ။”

...

“ဝိုး... တကယ်ပဲ ဟင်းအသစ်ပါလား။” နောက်တစ်နေ့မနက် ထမင်းဝိုင်းကတော့ တက်ကြွစရာပါပဲ။ ရေမွန်က ရွှေရောင်တောက်ပနေတဲ့ အာလူး၊ ကြက်သွန်နီနဲ့ငရုတ်သီးတွေပါတဲ့ ကြက်ဥလမ်းသရဲကြော်ကို ကြည့်ပြီးအံ့ဩနေတယ်။

မက်ဒါနာကတော့ မျက်တွင်းတွေချောင်ကျနေပြီး မီးဖိုချောင်ထဲက မအောင်မြင်တဲ့ ကြက်ဥကြော်မည်းမည်းတူးတူးတွေနဲ့ ကြက်ဥခွံငါးဆယ်လောက်ကို ရေမွန် မတွေ့ပါစေနဲ့လို့ ဆုတောင်းနေတယ်။

“ဒါပေမဲ့ အစ်မကြီးကိုကြည့်ရတာ ပင်ပန်းနေသလိုပါလား။” ရေမွန်က ကြက်ဥကြော်နဲ့ထမင်းကို ပါးစပ်ထဲ လုံးထွေးထည့်ပြီး စားသောက်နေရင်းကနေ မေးလိုက်တယ်။ မက်ဒါနာကတော့ တဟီးဟီးနဲ့ပြုံးပြရင်းနဲ့ပေါ့။

“ကျောင်းကားနောက်ကျတော့မှာမလို့ သွားပါတော့မယ်။” ရေမွန်က စားပြီးတာနဲ့ လွယ်အိတ်ကိုကိုင်ပြီး အိမ်ထဲကနေထွက် ကားလမ်းပေါ်ပြေးတက်သွားပါလေရော။ မက်ဒါနာကတော့ သူ့ကိုပြုံးပြီးလက်ပြနေရင်း ကျန်ခဲ့တာပေါ့။

“သခင်လေးကတော့ တက်ကြွနေတော့တာပဲ။ ငါလည်း ဒီထက်ပိုပြီးကြိုးစားရမယ်။”

မက်ဒါနာက သူ့ကိုယ်သူပြောလိုက်တယ်။ အရင်က သူ့ကိုယ်သူအတွက်ပဲ ချက်ပြုတ်ခဲ့ဖူးတာမလို့ ဟင်းပွဲအများကြီးမသိခဲ့ဘူး။ ဒါပေမဲ့ ရေမွန်လေးဖို့ဆိုရင်တော့ ကောင်းမွန်တဲ့ဟင်းပွဲတွေအများကြီး သူသိဖို့လိုလာပြီ။

“ဒီနေ့ညလည်း လွယ်ကူတဲ့ ဟင်းပွဲအသစ်တစ်ပွဲ စမ်းလုပ်ကြည့်တာပေါ့။” ချစ်ရသူအတွက် ဟင်းချက်ပေးရတာဟာ အလွန်မွန်မြတ်ပြီး ပျော်စရာကောင်းမှန်း မက်ဒါနာနားလည်သွားပြီလေ။

အဲဒီနောက်တော့ မနေ့က ပွစာကြဲအောင် ရှုပ်ထားမိတဲ့ မီးဖိုချောင်ကို ပြန်ရှင်းဖို့ဝင်ခဲ့ပေမဲ့ လက်ကိုင်ပုဝါနဲ့ထုပ်ထားတဲ့ ထမင်းဘူးလေးကိုမြင်တော့ နဖူးက သွေးကြောထဲကို သွေးတွေဆောင့်ပြီး စီးဝင်လာပါလေရော။

“ဟယ်၊ သခင်လေးကို ထမင်းဘူးထည့်ပေးဖို့ မေ့သွားပြီ။”

မက်ဒါနာက ကောင်စုတ်လေးဖို့ ထမင်းဘူးပါ ကြိုပြင်ထားခဲ့တာ။ ပုံမှန်ဆိုရင် ကောင်စုတ်လေးက ကျောင်းကကျွေးတဲ့ နေ့လယ်စာကိုစားနေကျဆိုပေမဲ့ အခုခေတ်မှာ ဘယ်ကျောင်းကမှ အာဟာရပြည့်ဝပြီး စားလို့ကောင်းတဲ့စားစရာတွေ ကျွေးတော့တာမဟုတ်ဘူး။

“ကျောင်းကကျွေးတဲ့ ဟမ်ဘာဂါအေးစက်စက်ကြီးနဲ့ ဟင်းရွက်အနွမ်းသုပ်ကို သခင်လေးဘယ်လိုစားပါ့မလဲ ဒုက္ခပါပဲ။”

မက်ဒါနာက ထမင်းဘူးကိုကိုင်ပြီး ကားဂိတ်ရောက်တဲ့အထိ ပြေးသွားပေမဲ့ ကျောင်းကားက ထွက်သွားနှင့်ပြီ။

“ကျောင်းအထိလိုက်ရတော့မှာပဲ။” မက်ဒါနာက သက်ပြင်းချပြီးတဲ့နောက် အိမ်ကိုပြန်ပြေးတယ်။ ပြီးတာနဲ့ အိမ်တံခါးကိုသော့ခတ်ပြီး ခြံရှေ့မှာရပ်ထားတဲ့ စက်ဘီအဟောင်းလေးပေါ် အိမ်ဖော်ဂါဝန်နဲ့ လွှားခနဲတက် ကျောင်းရှိရာဘက်ကို စနင်းတယ်။

...

“ရို့၊ ရေမွန်။ ဒီနေ့ကျတော့ အောက်သိုးသိုးအနံနံတဲ့ အဝတ်အစားတွေ ဝတ်မလာတော့ပါလား။”

“မီးပူတိုက်ထားတာ ပြန့်နေတာပဲ။ ဘယ်ပင်မင်းဆိုင်မှာ သွားအပ်လိုက်တာလဲ။”

ကျောင်းရောက်တော့ အတန်းဖော်တော်တော်များများက ရေမွန်ကို မေးခွန်းထုတ်လာကြပြီ။ ရေမွန်ကတော့ ရယ်ရခက်ငိုကခက်နဲ့ပဲ။ တကယ်က သူ့အစေခံတွေကိုနှင်ချတဲ့သတင်းက လျှို့ဝှက်ချက်မဟုတ်ဘူး။ တစ်ကျောင်းလုံးသိကြတယ်။ အဲဒီလိုဖြစ်ရတဲ့အကြောင်းက သူတစ်ယောက်တည်းနေဖို့ ကြိုးစားခဲ့စဥ် အဆင်မပြေခဲ့တာတွေကြောင့်ပါ။

ဥပမာအနေနဲ့ အဝတ်လျှော်ပြီးနောက် အခြောက်ခံစက်ကို သေချာမသုံးတတ်လို့ အဝတ်တွေစိုထိုင်းနေတာမျိုးလေ။

“မ... မဟုတ်ပါဘူးကွ၊ ငါက အိမ်စေတစ်ယောက် ပြန်ငှားလိုက်ရုံပါ။” ရေမွန်က လိမ်ဖို့အစီအစဥ်မရှိသေးတဲ့အတွက် ခုလိုပြန်ဖြေလိုက်တယ်။

“အိမ်စေတဲ့... အိမ်စေအစ်မကြီးက ချောလား၊ ပြီးတော့ ဒဏ္ဍာရီလာ ဗစ်တိုးရီးယားအိမ်စေဝတ်စုံနဲ့လား။”

“ပေါက်တတ်ကရတွေ၊ ငါငှားထားတာ သက်လတ်ပိုင်းအဒေါ်ကြီးကွ။ ပြီးတော့ ခုခေတ်မှာ ဘယ်သူက ရှေးခေတ်အိမ်စေဝတ်စုံကြီးတကားကားနဲ့ အလုပ်လုပ်မှာလဲ။”

ကောင်မလေးချောချောလေးနဲ့ အတူနေနေရတယ်ဆိုတာသိရင် သူ့အတန်းဖော်တွေ ဝိုင်းမနာလိုဖြစ်နေမှာစိုးလို့ ရေမွန်က ခုလိုပြောလိုက်တာပါ။

“မိန်းကလေး၊ ကျောင်းစင်္ကြံလမ်းထဲမှာ စက်ဘီးစီးလို့မရဘူးလေ။ ပြီးတော့ ကျောင်းသားလဲမဟုတ်ဘူး။”

“တောင်းပန်ပါတယ်၊ အလျင်လိုနေလို့ပါ။”

ဒါပေမဲ့ ရေမွန်စကားကောင်းနေချိန်မှာပဲ သူတိုအခန်းကိုဝင်တော့မလို့လုပ်နေတဲ့ အတန်းပိုင်ဆရာရဲ့ရှေ့ကို စက်ဘီးတစ်စီးထိုးစိုက်လာပြီး စက်ဘီးပေါ်မှာတော့ ဗစ်တိုးရီးယားအိမ်စေဝတ်စုံဝတ်ထားတဲ့ ငွေရောင်ဆံပင်နဲ့ကောင်မလေးတစ်ယောက်။

“ဟမ်....”

“အိမ်စေဝတ်စုံနဲ့ နတ်သမီးလေးဟ။”

“သူ့သခင်လေးဖြစ်ချင်လိုက်တာ။” အတန်းထဲက ကျောင်းသားတွေအကုန်လုံး ပြောင်းဆန်ကုန်ပါတယ်။ မက်ဒါနာက အားလုံးကိုလစ်လျူရှုပြီး ရေမွန်ဆီကို တန်းသွားလေရဲ့။

“သခင်လေး၊ ထမင်းဘူးမေ့ကျန်ခဲ့လို့ လာပေးတာ။”

ရေမွန်ကတော့ သူ့ရှေ့က အိမ်စေမလေးကိုကြည့်နေရင်းကနေ ခက်ခက်ခဲခဲပြုံးပြလိုက်တယ်။ လက်ရှိအခြေအနေက သူ့အကြိုက်မဟုတ်ပေမဲ့ သူ့အတွက် တကူးတက ထမင်းဘူးလာပို့ပေးတဲ့ မက်ဒါနာကိုဘယ်လိုအပြစ်တင်မှာလဲ။

“ဟေ့ကောင်ရေမွန်၊ မင်းပြောတော့ သက်လတ်ပိုင်း ဘွားတော်ကြီးပါဆို။ အခုကျတော့ အိမ်က ငါ့အစ်မထက်တောင် လန်းနေသေးတယ်။”

“ခုခေတ်ကြီး ဘယ်သူမှ ဗစ်တိုးရီးယားအိမ်စေဝတ်စုံ မဝတ်တော့ဘူးဆို။”

“အား... လောကကြီးက အမြင်မရှိဘူးပဲ။ မနာလိုစရာကောင်းလိုက်တာ။”

အတန်းထဲက ကျောင်းသားတွေခင်ဗျာတော့ အော်ငိုတဲ့သူကငို၊ ရေမွန်ကို ကျိန်ဆဲတဲ့သူက ကျိန်ဆဲနဲ့ဖြစ်နေပြီ။ ဆရာကတော့ လက်ရှိဖြစ်နေတဲ့ ကိစ္စတွေကို ဦးနောက်က လိုက်မမီတော့တဲ့အတွက် ပါးစပ်အဟောင်းသားနဲ့ ကြည့်နေလေရဲ့။

...

အဲဒီနေ့က သူတို့အိမ်ကိုအတူပြန်ဖြစ်ခဲ့ကြတယ်။ မက်ဒါနာက ရေမွန်ကို စက်ဘီးနောက်မှာ တင်ပြီးတော့ပေါ့။ ရေမွန်က မက်ဒါနာရဲ့ခါးကိုဖက်ထားပြီး မျက်နှာကို ကျောကုန်းပေါ်အပ်ထားခဲ့တယ်။

“ဒီနေ့ ထမင်းဘူးလာပို့ပေးတဲ့အတွက် ကျေးဇူးပါ။”

“ကျေးဇူးတင်စရာမလိုပါဘူး၊ ဒါက ကျွန်မရဲ့တာဝန်ပါ။”

“ဒါပေမဲ့ နောက်တစ်ခါ ကျောင်းကိုလိုက်မလာနဲ့တော့နော်။” ရေမွန်က မက်ဒါနာကို တောင်းဆိုလိုက်တယ်။ ဒါပေမဲ့ မက်ဒါနာကတော့ ခေါင်းခါပြတယ်။

“ဟင့်အင်း၊ ဒီနေ့ကစပြီးတော့ ကျွန်မက သခင်လေးကို နေ့တိုင်းကျောင်းအသွားအပြန် အကြိုအပို့လုပ်ပေးတော့မှာ။”

“ဘာလို့လဲ၊ ကျောင်းကားရှိနေတာပဲကို။”

“ကျောင်းက နီးနီးလေးပဲလေ၊ ကျွန်မက သခင်လေးနဲ့... သခင်လေးကို မနက်ခင်းရဲ့လက်ဆတ်တဲ့ လေညှင်းခံစေချင်လို့။”

မက်ဒါနာက သခင်လေးနဲ့အတူလို့ ပြောဖို့လုပ်နေတာကို ရပ်လိုက်ပြီး ပြင်ပြောလိုက်တယ်။ ပြီးတဲ့နောက် စက်ဘီးလက်ကိုင်ကို မသိမသာတင်းတင်းညှစ်လိုက်ရင်း ခေါင်းကိုအောက်စိုက်ထားလိုက်တယ်။ အတွေးထဲမှာတော့...

‘ပြီးတော့ သခင်လေးနဲ့အတူ ဖြစ်နိုင်သမျှအတူတူရှိချင်လို့။’

[စာရေးသူ၏မှတ်စု။ ။ မင်္ဂလာပါခင်ဗျ။ ကျွန်တော်က သော်လွင်ကိုကိုပါ။ လက်ရှိနိုင်ငံရပ်ခြားရောက်နေပါတယ်။ အလုပ်ချိန်က တအားများတာမလို့ စားဖို့နဲ့အိပ်ဖို့အတွက်ပဲ အချိန်ရှိပါတယ်။ ဒါပေမဲ့ မက်ဒါနာကိုတော့ မေ့သွားမှာမဟုတ်ဘဲ ပိတ်ရက်ရတိုင်း အခုလိုရေးတင်မှာမလို့ စောင့်မျှော်ကြပါဦးနော်။]

All Chapters