← Chapters

ဖြစ်ကြောင်းကုန်စင်

Vol. 10 Ch. 30

ဖြစ်ကြောင်းကုန်စင်

Vol. 10 Ch. 30

ပထမဆုံး စတွေ့တဲ့အချိန်ကနေ ရေတွက်မယ်ဆိုရင် တစ်လပြည့်သွားပြီ။ မက်ဒါနာက တစ်နေ့တာ အိမ်သန့်ရှင်းရေးအလုပ်တွေကို လုပ်ပြီးတဲ့နောက် ကိုယ့်အခန်းကိုယ်ပြန်လာခဲ့တယ်။

“ဘာလိုလိုနဲ့ တစ်လပြည့်သွားပြီပဲ။” သူပြုံးလိုက်တယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့မျက်နှာပေါ်က အပြုံးက ပျောက်ကွယ်သွားတယ်။ ပြီးတဲ့နောက်မှာတော့ သူက မှတ်စုလေးတစ်အုပ်ကို စားပွဲခုံအံ့ဆွဲအောက်ကနေထုတ်ပြီး စာတချို့ကိုစရေးတယ်။

[သခင်လေးရေမွန်... ဒီနေ့က ကျွန်မတို့တွေ့တာ တစ်လပြည့်တဲ့နေ့ပဲ။ အမှတ်တရတွေများလွန်းလို့ ဒီအချိန်တွေကို ထာဝရမကုန်ဆုံးစေချင်လောင်အောင်ပါပဲ။ ဒါပေမဲ့ ကျွန်မမှာ အချိန်အကန့်အသတ်ဆိုတာကြီးက ရှိနေတယ်။]

မက်ဒါနာက ဒီဒိုင်ယာရီယာကို ပထမအပတ်ကတည်းက စရေးဖြစ်ခဲ့တာ။ သူကိုယ်တိုင် ရေမွန်ကို ရှင်းပြချင်ခဲ့ပေမဲ့ ရေမွန်ပျော်နေတာကိုကြည့်ပြီး လုံးဝပါးစပ်ကနေ ပြောမထွက်ခဲ့ဘူး။ ကောင်လေး သူ့ကိုသံယောဇဥ်မတွယ်မိခင် ထွက်သွားဖို့ကြိုးစားခဲ့ဖူးပေမဲ့ တစ်ယောက်တည်း ဘယ်လိုစားသောက်နေထိုင်ပါ့မလဲလို့တွေးမိတိုင်း စိုးရိမ်လွန်းလို့ အိမ်ဆီကို ပြန်ခြေဦးလှည့်မိတဲ့အထိပဲ။

ကျန်နေသေးတဲ့ နေ့ရက်တွေကို ရေတွက်မိတိုင်း သူ့ရင်တွေ ပူလောင်လာသလိုပဲ။

“ငါသေရမှာ ကြောက်နေပြီလား၊ ဟုတ်တယ်။ အဲဒီလိုပဲ ထင်ပါတယ်။” မက်ဒါနာက နောက်ထပ်စာလုံးရေတချို့ကို ချရေးလိုက်တယ်။ ဒီမှတ်စုကို သူအသက်ရှင်နေတုန်း လူကိုယ်တိုင်ရေမွန်ကို ပေးဖို့စဥ်းစားမထားဘူး။ အဲဒီအစား သူမရှိတော့တဲ့နောက်ရေမွန်ကိုဖတ်စေချင်ခဲ့တာ။ အနည်းဆုံးတော့ သူ့ရင်ထဲက ခံစားချက်တွေကို ရေမွန်ကိုပြောပြခွင့်ရချင်မိတယ်လေ။

“ဒါက အချစ်ပဲနေမယ်...” မက်ဒါနာက စာရေးတာကို ရပ်လိုက်ပြီးတဲ့နောက် ခေါင်မိုးကိုမော့ကြည့်ပါတယ်။ သူ့ရဲ့ဟီးရိုးဘဝတစ်လျှောက်လုံး သေရမှာ သူမကြောက်ခဲ့ဘူး။ ဖရာလီတာရဲ့ကတိကို သူချိုးဖောက်ပစ်ခဲ့တဲ့အထိ မိုက်မဲခဲ့တာ။

“အဟွက်... အဟွက်...” ရုတ်တရက် ရင်ဘတ်ထဲ တင်းကျပ်လာတဲ့အတွက် မက်ဒါနာက ချောင်းဆိုးလိုက်တယ်။ သူ့ချောင်းဆိုသံနဲ့အတူ လည်ပင်းထဲကို သွေးတချို့ပျို့တက်လာတယ်။

‘ငါ့ကိုယ်ခံအားနည်းလာလို့ ဒဏ်ရာဟောင်းတွေက ပြန်နာလာတာလား။’ သူ့ခန္ဓာကိုယ်ရဲ့အနေအထားကို တွေးမိတော့ သူ့တစ်ကိုယ်လုံးတုန်ယင်လာပြီး နေမကောင်းတော့သလို ခံစားရတယ်။ နောက်တော့ ကြောက်ရွံစွာနဲ့ သူ့ခန္ဓာကိုယ်ကိုသူ ပွေ့ဖက်ထားလိုက်ပြီး

“ကျေးဇူးပြုပြီး နောက်ထပ်နည်းနည်းလောက်ပါပဲ။” လို့ရေရွတ်လိုက်တယ်။

....

နှစ်လမြောက်။

သတင်းတွေကတော့ အစုံပါပဲ။ လူသားစစ်တပ်က ရှုံးမြဲရှုံးနေဆဲပဲ။ အရှေ့ဘက်ကမ်းရိုးတန်းခံစစ်က မရှိသလောက်ဖြစ်နေပြီဖြစ်ပြီး မစ်ရှင်အဖွဲ့နဲ့ ဂျူနီယာဂါးဒီးယန်းတွေကလည်း အိုမီဂါဖြစ်လုဆဲဆဲ ဥစာကီကို အနိုင်မယူနိုင်ကြသေးဘူး။

တက္ကဆက်ပြည်နယ်က တိုက်ပွဲတစ်ခုမှာ မိရိုင်နဲ့ဥစာကီတို့ မျက်နှာချင်းဆိုင်တွေ့ပြီး တိုက်ခိုက်ဖြစ်ကြသေးတယ်။

“အစ်မကြီးကို ရအောင်တားမယ်။” မိရိုင်နဲ့ကျန်သုံးယောက်က ဓားကိုအတူကိုင်ဆွဲပြီး ဥစာကီကိုရင်ဆိုင်ခဲ့ပေမဲ့ တစ်နာရီကြာအပြင်းအထန်တိုက်ခိုက်ခဲ့ကြပြီးနောက်မှာတော့ အရေးမလှဘဲ ပြန်ဆုတ်လာခဲ့ကြရတယ်။ တက္ကဆက်ပြည်နယ်တိုက်ပွဲမှာ လူနှစ်သန်းကျော်လောက်သေဆုံးသွားပြီး စစ်ဘက်သေဆုံးမှုတင် တစ်သိန်းကျော်ပါတယ်။

မက်ဒါနာရှိနေတဲ့မြို့လေးက စစ်ပွဲနဲ့ဝေးသေးပေမဲ့ လူထုကြားမှာ စိုးရိမ်ပူပန်မှုတွေတော့ ရှိလာနေပါပြီ။

“သခင်လေး၊ ကျောင်းမှာစာကောင်းကောင်းလုပ်နော်။”

မက်ဒါနာက ကျောင်းထဲပြေးဝင်သွားတဲ့ ရေမွန်ကို စက်ဘီးပေါ်ကနေ လက်ပြရင်းနဲ့ ရေမွန်ကိုမမြင်ရတော့တဲ့အထိ ဆက်နှုတ်ဆက်ရင်းကျန်နေရစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျောင်းရဲ့နံရံကိုမှီပြီးရပ်နေတဲ့ ဂေါ့သစ်ဂါဝန်နဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်ကောင်မလေးကိုမြင်တော့ သူ့အပြုံးတွေက အေးခဲသွားတယ်။

“ဖရာလီတာ၊ နင်ဘယ်လိုလုပ်ပြီး ဒီရောက်လာပြန်တာလဲ။” မက်ဒါနာက မကျေမနပ်လေသံနဲ့ပြောလိုက်တော့ ဖရာလီတာက လေပူတွေကိုမှုတ်ထုတ်လိုက်တယ်။

“ငါချစ်တဲ့လူတစ်ယောက်ကလုံးက သေလုဆဲဆဲဖြစ်နေတာကို လာမတွေ့ဘဲနေရမှာလား။” ဖရာလီတာက စိတ်ဆိုးဆိုးနဲ့ပြောလိုက်တာ။ သူ့လက်တစ်ဖက်လုံး ပက်တီးတွေနဲ့ပြည့်နေတာကို မေ့ပြီး မက်ဒါနာရဲ့ရင်ဘတ်ကို ထုချလိုက်သေးတယ်။

သူ့မျက်လုံးထဲမှာတော့ မခံချင်မှုတွေအပြင် ရှုံးနိမ့်​သွားသူတစ်​ယောက်ရဲ့အရိပ်အယောင်ကိုပါ သူမြင်နေရတယ်။

“ဟဲ့... ဖရာလီတာ၊ နင်တကယ်ပဲ နင့်ရဲ့နောက်ဆုံးအချိန်တွေကို ဒီကောင်လေးနဲ့ဖြတ်သန်းဖို့ ဆုံးဖြတ်ပြီးပြီလား။” သူ့မျက်လုံးတွေထဲ စိတ်ပျက်အားငယ်မှုတွေရှိနေမှန်း မက်ဒါနာသတိထားမိတယ်။

“နင်က ငါတို့ရှိနေရဲ့နဲ့ တခြားတစ်ယောက်ကိုရွေးသွားခဲ့တာ လုံးဝမတရားဘူး။” ဖရာလီတာက သူ့ရင်ဘတ်ကို နောက်တစ်ကြိမ်ထုလိုက်ပြန်တယ်။ ဖရာလီတာရဲ့ရိုက်ချက်က အားမပါပေမဲ့ မက်ဒါနာက ရင်ထဲအသည်းထဲကနေ နာကျင်မှုကို ခံစားမိတယ်။

“ဒါနဲ့နင့်ခန္ဓာကိုယ်က ပိုပိုပြီးအားနည်းလာနေပြီမဟုတ်လား။” ဖရာလီတာက မက်ဒါနာရဲ့ပုံမှန်ထက် ဖြူဖျော့နေတဲ့အသားအရေနဲ့မျက်ကွင်းညိုတွေကို သတိထားမိတော့ မေးလာတယ်။

“အင်း... အဲဒါအမှန်ပဲ။”

“ဒီကောင်လေးအတွက် နင်က ဘယ်အချိန်အထိ အလုပ်လုပ်ပေးနိုင်တော့မှာမလို့လဲ။ အခုလိုပုံစံနဲ့နင်က ဆေးရုံမှာ အေးအေးဆေးဆေးနားနေရတော့မှာလေ။”

“ငါအဲဒီလိုမလုပ်နိုင်ဘူးလေ... သူ့အနားမှာ နေလို့ရသမျှနေချင်သေးတယ်။”

“ဒါပေမဲ့ နင်ဘယ်လောက်ကြာကြာနေနိုင်မှာလဲ။ တစ်လလား... နှစ်လလား... နင်က ကိုယ့်ကိုယ်ကိုယ်သတ်နေတာပဲ။”

ဖရာလီတာရဲ့စကားအဆုံးမှာ မက်ဒါနာက ဖရာလီတာကို နာကျင်စွာပြုံးပြလိုက်တယ်။ ဖရာလီတာရဲ့မျက်လုံးထဲကနေ မျက်ရည်တွေစီးကျလာပြီး မက်ဒါနာက သူ့ကိုပွေ့ဖက်ထားလိုက်လေရဲ့။

“ဆေးရုံမှာနေနေရင်လည်း ငါ့ရဲ့ကျန်းမာရေးက ပိုကောင်းလာမှာမှမဟုတ်တော့တာ။ ငါ့ကိုလုပ်ချင်တာ လုပ်ခွင့်ပေးပါတော့၊ ဖရာလီတာ။”

...

တတိယမြောက်လ။

“အစ်မကြီး၊ ကျောင်းမှာ ယဥ်ကျေးမှုပွဲတော်လုပ်မယ်တဲ့။ အားကစားပွဲတစ်ခုမှာဝင်ပါဖို့ ကျွန်တော်စာရင်းပေးလိုက်တယ်။”

အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ ကောင်စုတ်လေးက ခြံရှေ့တံမြက်စည်းလှည်းဖို့အသင့်ပြင်နေတဲ့ မက်ဒါနာကို စကားလာပြောတယ်။ မိတ်ကပ်ကို မျက်နှာပေါ်မှာ ပါးပါးလေးလိမ်းထားတဲ့ မက်ဒါနာကတော့ ရေမွန်ကို အားအင်ချိနဲ့စွာနဲ့ ပြုံးပြလိုက်ပါတယ်။

“ဟုတ်လား၊ သခင်လေးက ဘယ်ပွဲတော်မှာ ဝင်ပါဖို့စာရင်းပေးလိုက်တာလဲ။ ဒါနဲ့ ဒီနေ့ကျောင်းသွားရတာရော အဆင်ပြေရဲ့လား...”

အဟွက်... အဟွက်...

မက်ဒါနာက ချောင်းဆိုးလိုက်ရင်းနဲ့ မေးလိုက်တာ။ ရေမွန်ကတော့ ပြုံးလိုက်ပြီး “သူငယ်ချင်းတွေနဲ့ အတူပြန်လာခွင့်ရလို့ ပျော်ဖို့ကောင်းပေမဲ့ အစ်မကြီးနဲ့လောက်တော့ ပျော်ဖို့မကောင်းသလိုပဲ။ ဒါကြောင့် မြန်မြန်နေပြန်ကောင်းလာအောင်လုပ်နော်။”

“ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။”

နောက်တော့ ကောင်လေးက သူစာရင်းသွင်းလာတဲ့စာရွက်ကို မက်ဒါနာရှေ့မှာ လာထောင်ပြတယ်။ ၂၄ ကြိမ်မြောက် အတားအဆီးဖြတ်ကျော်ပြေးပွဲအတွက် လျှောက်လွှာဖောင်ပါ။

“ကျွန်တော်က အစ်မကြီးအတွက် ရွှေတံဆိပ်ဆုယူပြမယ်။ ဒါကြောင့် လာကြည့်ရမယ်နော်။”

“ကျွန်မက ပြိုင်ပွဲဝင်မယ့်သခင်လေးကို ကျောင်းအထိလိုက်ပို့ပေးမှာမလို့ အဆုံးအထိကြည့်မှာပါ။ စိတ်မပူပါနဲ့။”

...

“သေစမ်း၊ ဘယ်လိုလုပ်ပြီး နေမကောင်းတဲ့လူတစ်ယောက်ရဲ့စကားကို ငါနားထောင်မိတာပါလိမ့်။”

မနက်ခင်းနေရောင်အောက်မှာ ရေမွန်က စက်ဘီးပေါ်မှာရှိနေပြီး မောဟိုက်နေတဲ့ မက်ဒါနာကိုနောက်မှာထားကာ ရှေ့ကနေ နင်းနေရတယ်။ ပထမတော့ မက်ဒါနာက ပြိုင်ပွဲနေ့အတွက် ရေမွန်ကိုကျောင်းခေါ်သွားမလို့ပဲ။ ဒါပေမဲ့ လမ်းတစ်ဝက်လည်းရောက်ရော အမောဖောက်လာရောလေ။

“ဒီအစေခံက နေကောင်းကောင်းမပြန်မကောင်းသေးတဲ့အတွက် စိတ်မရှိပါနဲ့သခင်လေး။”

“ကျွန်တော်က အစ်မကြီးကို အပြစ်တင်နေတာ မဟုတ်ပါဘူးဗျ။” ရေမွန်က ပြောလိုက်တော့ မက်ဒါနာကလည်း ရေမွန်ရဲ့ကျောပေါ်မှာ မျက်နှာအပ်ပြီးတော့ ခါးကိုလက်တစ်ဖက်နဲ့ နောက်ကနေဖက်ထားလိုက်တယ်။

“ကျွန်မရဲ့သခင်လေးက သဘောကောင်းမှန်း ကျွန်မသိတာပေါ့။”

ရေမွန်လည်း မက်ဒါနာရဲ့စကားကြောင့် ပြုံးလိုက်မိတယ်။ တကယ်တော့ သူက သူ့စက်ဘီးနောက်မှာရှိတဲ့ မက်ဒါနာရဲ့ကိုယ်အလေးချိန်ကြောင့် သက်သောင့်သက်သာဖြစ်မှုကို ခံစားနေရတာပါ။

“တကယ်တော့လေ... အစ်မနဲ့တွေ့လို့ ကျွန်တော်သိပ်ဝမ်းသာမိတာပဲ။ အနည်းဆုံးတော့ နောက်ထပ် တစ်ယောက်တည်း အထီးမကျန်တော့ဘူးလေ။”

ရေမွန်က ပျော်ရွှင်မှုအပြည့်နဲ့ပြောလိုက်တာဆိုပေမဲ့ မက်ဒါနာရဲ့မျက်လုံးတွေက အပြစ်မကင်းမှုဆိုတဲ့ ခံစားချက်ကြောင့် အရောင်မေးမှိန်သွားတယ်။

“အဲဒီအတွက် တောင်းပန်ပါတယ်နော်...”

“အစ်မကြီးက ကျွန်တော့်ကို ဘာတောင်းပန်စရာရှိလို့လဲ။ ကျေးဇူးပြုပြီးတော့ အဲဒီလိုမတောင်းပန်ပါနဲ့တော့။”

‘မဟုတ်ဘူး၊ ငါက မင်းကိုမကြာခင် အထီးကျန်အောင်လုပ်မိတော့မှာမလို့ ကြိုတောင်းပန်နေရတာပါ။’ မက်ဒါနာက ရေမွန်ရဲ့ခါးကို ပိုပြီးတင်းတင်းဖက်လိုက်ရင်း စိတ်ထဲကနေ ​ပြောလိုက်တယ်။

...

ကျောင်းကိုရောက်တော့ ရေမွန်က မက်ဒါနာကို ပွဲကြည့်စင်မှာ ထားခဲ့ပြီးတော့ ဝင်ပြိုင်ခဲ့တယ်။ သူက အတော်လေးကြိုးစားခဲ့ပေမဲ့ ပိုအတွေ့အကြုံရင့်တဲ့ ကျောင်းသားတွေနောက်မှာ ပြတ်ကျန်နေခဲ့ပြီး နံပါတ်ခြောက်နေရာကိုပဲ ရခဲ့ပါတယ်။

“အစ်မကြီး... ပြောခဲ့တဲ့အတိုင်း ဆုမယူပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်။”

ရေမွန်က ထိုင်ခုံနောက်မှီကိုမှီပြီးတော့ မျက်လုံးမှိတ်ထားတဲ့ မက်ဒါနာကို ပြောလိုက်တယ်။ ဒါပေမဲ့ တုံ့ပြန်သံ မကြားရတဲ့အတွက် ရေမွန်အံ့ဩသွားတယ်။

“အစ်မကြီး... ပွဲကိုဆုံးအောင်မကြည့်ဘဲနဲ့ အိပ်နေတာလား။” သူက လေသံမြင့်မြင့်နဲ့ပြောလိုက်ပေမဲ့ မက်ဒါနာနိုးမလာဘူး။ ဒါကြောင့် ရေမွန်စိုးရိမ်သွားပြီး မက်ဒါနာကိုလှုပ်နှိုးဖို့ ကြိုးစားတယ်။

“ဘုရားရေ... တစ်ကိုယ်လုံးအေးစက်နေတာပဲ။” သူ့လက်က မက်ဒါနာရဲ့ပခုံးကိုထိမိတာနဲ့ ရေမွန်ရဲ့မျက်နှာက ချက်ချင်းတောင့်တင်းသွားတယ်။ မက်ဒါနာရဲ့ခန္ဓာကိုယ်က ရေခဲတုံးလိုဖြစ်နေပြီး တစ်ကိုယ်လုံးချွေးစေးတွေနဲ့နစ်နေပြီ။

“အစ်မကြီး... အစ်မကြီး... သတိထားပါဦး။” ရေမွန်က မက်ဒါနာကို ခပ်ကြမ်းကြမ်းလှုပ်နှိုးတော့မှ သူပြန်ပြီးသတိဝင်လာတယ်။

“အာ့... ရေမွန်လား၊ ပြိုင်ပွဲကြည့်နေရင်းနဲ့ အိပ်ပျော်သွားလို့ တောင်းပန်ပါတယ်။”

“ဒါပေမဲ့ အဲဒါထက်အရေးကြီးတာ အစ်မကြီးလေ။ ဘာတွေဖြစ်နေတာလဲ...”

မက်ဒါနာက စိုးရိမ်နေတဲ့ ရေမွန်ရဲ့ခေါင်းကို ပုတ်ပေးလိုက်ရင်း ပြုံးပြလိုက်ပါတယ်။ “မင်းလိုကောင်လေးက ဘာမှစိုးရိမ်စရာမလိုပါဘူး။ စာကြိုးစားပြီးတော့ လိမ္မာအောင်သာနေပါ ဟုတ်ပြီလား။”

“.....”

...

ကြာလာတာနဲ့အမျှ ရေမွန်က မက်ဒါနာကို ပိုပြီးသံသယဝင်လာလေလေပါပဲ။ အရင်ကလိုမျိုး မက်ဒါနာကို ရေမွန်က လွှတ်မထားတော့ဘဲ နောက်ကနေ ချောင်းကြည့်တာမျိုးလုပ်လာတယ်။ တဖြည်းဖြည်းနဲ့ သူသိလာရတာက...

“အစ်မကြီးက တစ်ခဏတာနေမကောင်းတာလို့ပြောနေပေမဲ့ အခုထိပြန်မကောင်းသေးဘူး။ တစ်ခုခုဖြစ်နေတာပဲနေမယ်။”

ရေမွန် မက်ဒါနာနေမကောင်းတာကို သတိထားမိနေတာ နှစ်ပတ်ကျော်ပြီ။ မကြာခင်တစ်လပြည့်တော့မယ်။ နေမကောင်းတာက သက်သာမလာဘဲ ပိုဆိုးလာနေတာကိုလည်း သူသတိထားမိတယ်။ မက်ဒါနာကို အကြိမ်ကြိမ်မေးခဲ့ပေမဲ့လည်း ဘာမှမသိရဘူး။

“ဒါပေမဲ့... ဒီတစ်ခေါက်တော့မရဘူး။” ရေချိုးပြီး အဝတ်အစားလဲဖို့ထွက်လာကာစ မက်ဒါနာကိုမြင်တော့ ရေမွန်က မရအရနောက်ကနေလိုက်သွားပြီး လက်ကိုဖမ်းဆွဲလိုက်တယ်။

“..... အမ်... ရေမွန်... ဘာဖြစ်လို့လဲ။”

မက်ဒါနာက ရေမွန်ကိုမေးလိုက်တယ်။ ရေမွန်ရဲ့မျက်နှာကတော့ သုန်မှုန်လို့ပေါ့။ သူက မက်ဒါနာရဲ့လက်ကို တင်းတင်းဆုပ်ကိုင်ထားပြီး မေးလာပါတယ်။

“တကယ်ပဲ ဘာတွေဖြစ်နေတာလဲ အစ်မကြီး။ ကိုယ့်မျက်နှာကိုယ်လည်း မှန်ထဲကြည့်ပါဦး။ မျက်နှာက သွေးမရှိသလိုဖြစ်နေပြီး လက်က သွေးကြောတွေကလည်း ပါးလွှာနေပြီ။ ခင်ဗျားရဲ့ကိုယ်အပူချိန်က ရှိတော့တယ်ဆိုတာလေးပဲ။ အခုတလော မိတ်ကပ်တွေလိမ်းနေတာ အဲဒါကြောင့်လား။ အရင်က ဘယ်တုန်းကမှ မိတ်ကပ်လိမ်းတာ မတွေ့ဖူးဘူး။”

မက်ဒါနာ​က လက်ရှိအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲ မသိတော့ဘူး။ ဒါကြောင့် သူက ကောင်လေးရဲ့ခေါင်းကို ပုတ်ပေးလိုက်ပြီး...

“တချို့ကိစ္စတွေက မင်းသိထားလို့မကောင်းဘူးလေ။”

“ဘယ်လိိုကိစ္စမျိုးမလို့ ကျွန်တော့်ကို မသိစေချင်တာလဲ။ ဧကန္တ၊ ခင်ဗျားလည်း ကျွန်တော့်နားကနေ ထွက်သွားတော့မှာလား။”

ဒီမေးခွန်းအတွက်အဖြေကို မက်ဒါနာက တိုက်ရိုက်မဖြေနိုင်ခဲ့ဘူး။ အဲဒီအစား စိုးရိမ်ပူပန်နေတဲ့ လူငယ်လေးရဲ့ခေါင်းကို ပွေ့ဖက်လိုက်ပြီး သူကိုယ်တိုင်လည်း ကြမ်းပြင်ပေါ်မှာထိုင်ချလိုက်တယ်။ ရေမွန်ကိုတော့ သူ့ပေါင်ပေါ်မှာ ခေါင်းအုံးစေခဲ့တာပေါ့။

“အစ်မကလေ... မင်းကိုမလိမ်ခဲ့ပါဘူး။ တစ်သက်လုံး ဖြစ်နိုင်သမျှ မင်းနားမှာအတူတူနေသွားမှာ။”

“ဒါပေမဲ့ အဲဒီဖြစ်နိုင်သမျှဆိုတာက အကြာကြီးမရတော့ဘူးမဟုတ်လား။”

ကောင်လေးက ခေါင်းမော့ကြည့်တယ်။ မက်ဒါနာက ကောင်လေးရဲ့မျက်လုံးကို လက်ဖဝါးနဲ့အုပ်ထားလိုက်တယ်။ ဖြစ်နိုင်ရင် လူမမာပုံပေါက်နေတဲ့ သူ့ရဲ့မိတ်ကပ်မပါတဲ့မျက်နှာကို ကောင်လေးကို ဆက်မကြည့်စေချင်ဘူး။

“ဟုတ်တယ်... အစ်မမှာ နှစ်ဝက်ကျော်ကျော်ပဲရှိတော့တာ။”

“မဖြစ်နိုင်တာ... ဘာဖြစ်လို့ အဲဒီလောက်ကာလတိုတိုလေးကို တစ်ဘဝတာလို့ပြောရတာလဲ။”

“မင်းအတွက်တော့ ကာလတိုလေးတစ်ခုဆိုပေမဲ့ ဒါက အစ်မမှာကျန်ရှိတဲ့ ဘဝအစိတ်အပိုင်းတစ်ခုလုံးပါပဲ။ သေခြင်းတရားကို ထိန်းချုပ်ဖို့ဆိုတာက မဖြစ်နိုင်တော့ဘူးလေ။”

နောက်တော့ ဖုံးကွယ်မရတော့မယ့်အတူတူ မက်ဒါနာက ရေမွန်ကို သူ့အကြောင်းစုံပြောပြခဲ့တယ်။ ဟီးရိုးဖြစ်လာခဲ့တဲ့အကြောင်းတွေ၊ ပိုးကောင်အင်ပါယာနဲ့တိုက်ပွဲတွေ။ သူ့ရဲ့သက်တမ်းကိုစတေးပြီး တိုက်ပွဲဝင်ခဲ့ရတဲ့အကြောင်းတွေ။ ဒါတွေအားလုံးက ၁၆နှစ်အရွယ် သာမန်လူငယ်လေးတစ်ယောက်အတွက် သိပ်ကိုအလှမ်းဝေးကွာတဲ့နေရာက ကိစ္စရပ်တွေပါ။ ဒါပေမဲ့ အနည်းဆုံးတော့ သူရေမွန်ကို ပြောပြချင်ခဲ့တယ်။ ပြောပြဖို့အတွက် သတ္တိတွေလည်း ရှိလာခဲ့ပြီလေ။

အဲဒီအချိန်မှာပဲ အပြင်ဘက်မှာထားတဲ့ မုန်တိုင်းသတိပေးချက် လော်စပီကာတွေက စတင်မြည်ဟီးလာခဲ့တယ်။

[တီ... တီ.... အထူးသတိပေးချက်၊ အထူးသတိပေးချက်။ လေ့ကျင့်နေခြင်းမဟုတ်ကြောင်း သတိပေးအပ်ပါသည်။ လေ့ကျင့်နေခြင်းမဟုတ်ကြောင်း သတိပေးအပ်ပါသည်။ ပိုးကောင်အင်ပါယာဟာ အရှေ့ကမ်းရိုးတန်းဒေသအားလုံးကို သိမ်းပိုက်ဖို့ ချီတက်လာနေပါပြီ။ မစ်ရှင်အဖွဲ့ထက်ဝက်ကျော်နဲ့ Junior Guardian တစ်ဖွဲ့လုံး အပြင်းအထန်ဒဏ်ရာရထားတဲ့အတွက် မဟာမိတ်ကနေ အရှေ့ကမ်းရိုးတန်းဒေသရှိ လူသားအားလုံးကို ဆုတ်ခွာဖို့အမိန့်ထုတ်ပြန်လိုက်ပါပြီ။ အားလုံး နီးစပ်ရာ မဟာမိတ်စစ်စခန်းတွေဆီကို ထွက်ခွာကြပါ။]

“လူသားတွေက မြောက်အမေရိကကုန်းမြေတိုက်ကြီးကို လုံးဝစွန့်ခွာရတော့မှာလား။” မက်ဒါနာက သတိပေးချက်ကို နားထောင်နေရင်း ပြောလိုက်မိပါတယ်။

All Chapters