← Chapters

ငါက မန်ဟို

Vol. 84 Ch. 1171

ငါက မန်ဟို

Vol. 84 Ch. 1171

အဘိုးအိုက ချက်ချင်း လက်ကို ဝှေ့ယမ်းလိုက်ပြီး တုံ့ပြန်သည့်အနေဖြင့် သူ့နောက်လိုက်ဒါဇင်များစွာသည် လူစုခွဲ၍ ကျွန်းကို ရှာဖွေတော့သည်။ သူသည် နတ်ဘုရားအာရုံကိုလည်း ဖြန့်ကျက်ကြည့်သည့်တိုင် မည်သည့်အရာမှ မတွေ့ရပေ။ သို့နှင့် သတင်းပို့ခဲ့သော ကျင့်ကြံသူသုံးယောက်ဘက် လှည့်၍ မေးမြန်းတော့သည်။

ကျူးကျော်သူမှာ ဘိုးဘေးကြီးနှင့် ချွတ်စွပ်တူကြောင်း သူတို့ပြောသောအခါ အဘိုးအို၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ ထို့နောက် ကျူးကျော်သူသည် ဤနေရာက သူ့အိမ်ဖြစ်ကြောင်း ပြောခဲ့သည်ကို သူ ကြားလျှင် ပင့်သက်ရှိုက်မိသွားတော့သည်။

ဤအခိုက်အတန့်တွင် မှိတ်တုတ်မှိတ်တုတ် လက်နေသော ကျောက်စိမ်းပြားတစ်ပြားသည် သူ၏သိုလှောင်အိတ်ထဲမှ ပျံထွက်လာ၏။ သူက ၎င်းကို ဖမ်း၍ နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်သည့်အခါ မှင်သက်သွားတော့အမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ သူက အံတင်းတင်းကြိတ်ရင်း ပြောလိုက်၏။ "သူ့ကို ငါတို့ တွေ့ပြီ။ သူက .... ကျွန်းအလယ်ခေါင်က အထွတ်မြတ်ဗိမာန်တော်မှာ”

အဘိုးအိုမှာ နောက်လိုက်များကို အမိန့်များပို့ရင်း ကျွန်းလယ်သို့ လှစ်ခနဲ ထွက်သွားတော့သည်။ မကြာမီ ကျွန်းအနှံ့ ဖြန့်ကျက်ထားခဲ့သော ကျင့်ကြံသူအားလုံး အလယ်ဗဟိုရှိ အဆောက်အဦဆီသို့ ဦးတည်နေကြလေပြီ။

ကျင့်ကြံသူသုံးယောက်လည်း ရင်တမမဖြင့် လိုက်ပါလာသည်။ သူတို့ထိတ်လန့်နေသည်မှာ ကျွန်းသို့ လူတစ်ယောက် ရောက်လာခဲ့၍မဟုတ်ဘဲ ထိုပုဂ္ဂိုလ်က မည်သူမည်ဝါလဲ ဆိုသောအချက်ကြောင့်ပင်။

အဘိုးအို ကျွန်းလယ်သို့ ရောက်ရန် သိပ်မကြာလိုက်ပေ။ ထိုနေရာတွင် မန်ဟို၏ရောက်ရှိလာမှုနှင့်ပတ်သက်၍ သူ့ကို သတင်းပို့ခဲ့သော ဂိုဏ်းသားအား သူ မြင်လိုက်ရသည်။ ထိုဂိုဏ်းသားသည် အထွတ်မြတ်ဗိမာန်တော်၏အရှေ့တွင် ကတုန်ကယင်ဖြင့် ဒူးထောက်နေလေသည်။

ဗိမာန်တော်သည် တကယ်တော့ သစ်လုံးအိမ်လေးတစ်လုံးသာ ဖြစ်၏။ မည်သည့်ရှုထောင့်ကကြည့်ကြည့် ထူးထူးခြားခြားမရှိလှပေ။ အမှန်တွင် နှစ်ပေါင်းများစွာတစ်လျှောက် ဤနေရာသို့ အလည်အပတ်ရောက်လာခဲ့သော ကျင့်ကြံသူများစွာသည် ဤသာမန်သစ်လုံးအိမ်လေးက မည်သည့်အတွက် အထွတ်မြတ်ဗိမာန်တော်ဟူ၍ ခေါ်ဆိုခံရသည်လဲ စူးစမ်းလေ့ရှိခဲ့ကြ၏။

မန်ဟိုက လောလောဆယ်တွင် အပြင်ရှိလူများကို ကျောပေး၍ သစ်လုံးအိမ်အတွင်းကို လေ့လာရင်း တံခါးဝ၌ ရပ်နေသည်။ အတွင်း၌ တစ်ယောက်ကို တစ်ယောက် ထိုင်လျက် ကြည့်နေကြသော ရုပ်တုနှစ်ရုပ်အား မြင်ရနိုင်သည်။

၎င်းတို့သည် နီရဲနေသည့် မင်္ဂလာသတို့သားသတို့သမီးဝတ်စုံရှည်များကို ဝတ်ထားကြပြီး တစ်ယောက်လက်တစ်ယောက်ကိုင်ကာ ပြုံးနေကြသည်။ ရုပ်တုများအား အံ့ဩချီးကျူးဖွယ်လက်ရာဖြင့် ထုဆစ်ထားခဲ့ရာ အတိုင်းထက်အလွန် အသက်ဝင်လျက်ရှိ၏။

တစ်ရုပ်ကား ... မန်ဟိုဖြစ်သည်။ နောက်တစ်ရုပ်ကတော့ .... ရှုချင်။

မန်ဟိုသည် ရုပ်တုများကို ရပ်ကြည့်ရင်း ငေးငိုင်နေ၏။ ရင်၌ စူးအောင့်စေသော အမှတ်တရများက ဒီရေများသဖွယ် သူ့စိတ်ထဲ စီးဆင်းလာသည်။

အထွတ်မြတ်ဗိမာန်တော်၏အပြင်တွင် အဘိုးအိုသည် မန်ဟို့ကို ကြည့်၍ မန်ဟို့ထဲ၌ တည်ရှိနေသော ပြောမပြတတ်အောင် ကြောက်စရာကောင်းသည့်ဖိအားကို ခံစားလိုက်ရ၏။ သို့သော် ထိုဖိအားက ဖြာထွက်မနေပေ။ ဖြာသာထွက်လာခဲ့လျှင် ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြာကျသွားရလိမ့်မည်။

သူက အသက်ပြင်းပြင်းရှူလိုက်သော်လည်း ဘာမှမပြောရဲဘဲ ရိုရိုသေသေသာ ရုပ်နေသည်။ ဤအခိုက်အတန့်တွင် ဤကျူးကျော်သူ မည်သူဖြစ်ဖြစ် အရေးမကြီးတော့၊ ထိုသူ၏ကျင့်ကြံအဆင့်အရ သူ့ကို တားဖို့ မဖြစ်နိုင်သည်သာ။ သို့သော် အဘိုးအိုသည် သူ့ဂိုဏ်းရှိ အစွမ်းထက်ပညာရှင်များအား မြန်မြန်လာဖို့ လှမ်းသတိပေးရန် ကျောက်စိမ်းပြားတစ်ပြားကို တိတ်တဆိတ် ချိုးလိုက်၏။

ကျွန်းတွင် ရှာဖွေနေခဲ့သော ဂိုဏ်းသားများလည်း ရောက်ရှိလာခဲ့ကြပြီး အသံပင်မထွက်ရဲဘဲ အထွတ်မြတ်ဗိမာန်တော်၏အပြင်တွင် ရင်တထိတ်ထိတ်ဖြင့် ရပ်နေကြသည်။

အတော်လေးကြာသော် မန်ဟိုက မေးလိုက်သည်။ “ဘယ်သူ ဒီရုပ်တုနှစ်ရုပ်ကို ထုဆစ်ခဲ့တာလဲ”

အဘိုးအိုမှာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အလိုလို ပြန်ဖြေမိလိုက်သည်။ “အဲ့ အဲ့ဒါက ... ဘိုးဘေးကြီးကို သိတဲ့ တောင်ပိုင်းဒေသက စီနီယာမျိုးဆက်တွေအားလုံး ထုဆစ်ခဲ့ကြတာပါ”

မန်ဟိုက အဘိုးအိုကို လှည့်ကြည့်သည်။

“မင်းတို့ကရော သွေးမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းသားတွေလား” သူက မေးသည်။

အဘိုးအိုက ခေါင်းညိတ်၍ တစ်ခုခုပြောတော့မည့်အချိန် မန်ဟို့မျက်နှာကို မြင်လိုက်လေသည်။ သူ့မှာ နွေခေါင်ခေါင် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကျောက်ရုပ်ကြီးလို ရပ်နေတော့သည်။ သူသာ မဟုတ်။ သူ့ပတ်ဝန်းကျင်ရှိ ဂိုဏ်းသားအားလုံးလည်း ကြက်သေသေသွားကြ၏။

သူတို့အားလုံး မန်ဟိုထံမှ အကြည့်လွှဲ၍ သူ့အနောက်ရှိ ရုပ်တုဆီ အကြည့်ပို့လိုက်မိကြသည်။

နှစ်ယောက်ကား .... တစ်ထေရာတည်းပင်။

မတူသည့်အရာဆို၍ .... သူတို့အရှေ့တွင် ရပ်နေသောလူတွင် ရှေးဆန်သောအငွေ့အသက်ရှိနေပုံရပြီး ရုပ်တုကဲ့သို့ လူငယ်ကောင်လေးသဖွယ် မဟုတ်ခြင်းဖြစ်သည်။

အဘိုးအိုက အသက်မနည်းရှူရင်း နှုတ်မှ ထွက်သွားသည်။ “လူကြီးမင်း... သင်က .....”

“ငါက မန်ဟိုပဲ” တည်ငြိမ်သောအဖြေ ဖြစ်သည်။

“ဘိုးဘေးကြီး”

“ဘိုးဘေးကြီးလား.... ယုံတောင် မယုံနိုင်ဘူး။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

အဘိုးအိုနှင့် နောက်လိုက်များ၏ အာမေဍိတ်သံများကြားတွင် အဝေးမှ ဒေါသတကြီးဟိန်းဟောက်သံကြီးတစ်သံ ပဲ့တင်ထပ်လာသည်။ သက်လတ်ပိုင်းလူတစ်ယောက် ရှေ့ဆုံးမှ ဦးဆောင်နေသည့် အလင်းတန်းရာပေါင်းများစွာက လေကိုခွင်းလာသည်။ စစချင်း သူ့မျက်နှာသည် ဒေါသကြောင့် သုန်မှုန်နေသော်လည်း မန်ဟို့ကို မြင်လိုက်သည်နှင့် ... အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်သွားတော့၏။

“ဘိုးဘေးကြီး”

လူတိုင်း ပွက်လောရိုက်နေသည့်အတွက် မန်ဟိုက စကားမပြောခင် တိတ်ဆိတ်ငြိမ်ကျသွားသည်အထိ စောင့်လိုက်သည်။ “ငါ ဒီနေရာမှာ တစ်ယောက်တည်း ညကို ကုန်ဆုံးချင်တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး ဒီနေရာကို ပကတိအတိုင်း ထိန်းသိမ်းထားပေးလို့ မင်းတို့အားလုံးကို ကျေးဇူးတင်ပါတယ်”

ထို့နောက် သူက လက်ကို ဝှေ့ယမ်းကာ ဆေးပုလင်းရာပေါင်းများစွာအား ရှိသမျှလူတိုင်းဆီသို့ စေလွှတ်လိုက်သည်။

ထို့နောက် သူသည် လှည့်၍ သစ်လုံးအိမ်ထဲ လျှောက်ဝင်သွားပြီးနောက် သူ့အနောက်ရှိ တံခါးကို ဖြေးဖြေးချင်း ပိတ်လိုက်၏။ မကြာမီ မီးအိမ်အလင်းရောင်အား ပြတင်းစက္ကူထက်၌ မြင်ရနိုင်သည်။

သစ်လုံးအိမ်၏အပြင်မှာတော့ သုသာန်တစပြင်ပမာ တိတ်ဆိတ်လျက် ကျန်ခဲ့၏။ သက်လတ်ပိုင်းလူ ဦးဆောင်လာခဲ့သည့် ကျင့်ကြံသူရာပေါင်းများစွာမှာ ဖြစ်ပျက်နေသောအရာကို မယုံနိုင်ဘဲ ရပ်နေကြလေသည်။ သူတို့က စကားမပြောရဲသဖြင့် အကြည့်ချင်းဖလှယ်၍ တစ်ယောက်နှင့် တစ်ယောက် စာများပေးပို့လိုက်ကြသည်။ ထို့နောက် သူတို့အားလုံး နောက်သို့ဆုတ်၍ ထိုင်ချကာ ကျောက်စိမ်းပြားများမှတစ်ဆင့် သွေးမိစ္ဆာတောင်သို့ သတင်းပို့ကြတော့သည်။ ထိုမှစ၍ သတင်းကား ကျန်တောင်ပိုင်းဒေသများသို့ လျင်မြန်စွာ ပျံ့နှံ့လာတော့၏။

မန်ဟို့အတွက် ဤသည်မှာ သူ တောင်ပိုင်းဒေသမှ ထွက်လာခဲဲ့ပြီးနောက်ပိုင်း ခံစားချက်များ ပြင်းထန်မိသော .... ရှားမှရှားသည့်အခိုက်အတန့် ဖြစ်သည်။ သူ ညကို အေးအေးချမ်းချမ်းဖြတ်သန်းနိုင်သည့် ... ရှားမှရှားသည့် ညများထဲက တစ်ညလည်း ဖြစ်သည်။ သူသည် သစ်လုံးအိမ်ထဲတွင် ထိုင်ကာ ရှုချင်၏ ရုပ်တုကို ကြည့်ရင်း မကြာမီ အချိန်ကို သတိမရတော့ပေ။

ဆန့်ကျင်ဘက်တွင် ထိုညသည် တောင်ပိုင်းဒေသတစ်ခုလုံးအတွက် အိပ်မရသော ညတစ်ညဖြစ်၏။ မန်ဟို့ကို အထွတ်မြတ်ကျွန်းပေါ်တွင် မြင်ခဲ့ရသည်ဆိုသော သတင်းက ဂိုဏ်းအားလုံးနှင့် မျိုးနွယ်စုအားလုံးထံသို့ ပျံ့နှံ့လာခဲ့သည်။ မကြာမီ မရေမတွက်နိုင်သော စီနီယာမျိုးဆက်ကျင့်ကြံသူများ၊ အတိတ်တုန်းက စစ်ပွဲတွင် မန်ဟိုနှင့်အတူ ရင်ဘောင်တန်းတိုက်ခိုက်ခဲ့သော တပ်သားဟောင်းများမှာ အံ့ဩမဆုံး ဖြစ်ကုန်ကြသည်။

မန်ဟို ထွက်သွားခဲ့သည်မှာ ဆယ်စုနှစ်နှင့်ချီခဲ့ပြီဖြစ်ပြီး မန်ဟို၏ သည်းထိတ်ရင်ဖို စွန့်စားခန်းများကို မှန်သားပြင်များမှတစ်ဆင့် မြင်ခဲ့ဖူးသော်လည်း ယခုအခြေအနေကား မတူညီပေ။ သွေးမိစ္ဆာဂိုဏ်းမှ သတင်းက ဤပုဂ္ဂိုလ်သည် မန်ဟိုအစစ်ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံက မှန်းဆမရလောက်အောင် မြင့်မားသည်ဟု ပြောနေသည်။

အားလုံးထက် အရေးကြီးဆုံးမှာတော့ ယခု သူကား အထွတ်မြတ်ကျွန်းပေါ်တွင် ဖြစ်သည်။ တကယ်ပဲ မန်ဟို ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်‌ဖြစ်စေ တောင်ပိုင်းဒေသ၏ အစွမ်းထက်ပညာရှင်အားလုံး တွ့န်ဆုတ်မနေဘဲ ထိုနေရာသို့ လာကြတော့သည်။ မန်ဟိုအစစ်သာဆိုလျှင် သူ့ကို ဂါ၀ရပြုကြမည်။ မဟုတ်လျှင်တော့ ဟန်ဆောင်သူသည် တောင်ပိုင်းဒေသတစ်ခုလုံး၏ အမျက်ဒေါသကို ရင်ဆိုင်ရလိမ့်မည်။

တောင်ပိုင်းဒေသ၏ မဟာစစ်ပွဲကြီးကြောင့် မန်ဟိုကား ဘိုးဘေးအဆင့်အထိ အလေးစားခံနေရခြင်းဖြစ်သည်။ တကယ်တမ်း သူသည် ဆေးလုံးမိစ္ဆာနှင့် ခေါင်းဆောင်ကြီးစုန့်တို့နှင့် တစ်ဂိုဏ်းတည်းကိုးကွယ်ခံရသော ဘိုးဘေးကြီးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်၏။

သူတို့သုံးယောက်က ထိုစစ်ပွဲပြီးနောက် အသက်ရှင်လျက် ကျန်ရစ်ခဲ့သည့် သုံး‌ယောက်တည်းသော အထွတ်အထိပ်ပညာရှင်များဖြစ်ကြသည်။ နောက်ပိုင်းတွင် ဆေးလုံးမိစ္ဆာသည် အင်မော်တယ်အဆင့်သို့ တက်လှမ်း၍ တောင်ကောင်းကင်ဂြိုဟ်မှ ထွက်သွားခဲ့ရာ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးအဖြစ်သာ ရှိခဲ့၏။ ခေါင်းဆောင်ကြီးစုန့်မှာတော့ စစ်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရခဲ့၍ တံခါးပိတ်ကျင့်ကြံရန် ၀င်ရောက်သွားခဲ့ပြီး တစ်ခါမှ ထွက်မလာခဲ့ပေ။

နောက်ပိုင်း မန်ဟိုလည်း ထွက်သွားခဲ့သည်။ သို့‌သော် သူက မြောက်ပိုင်းသဲကန္တာရ၏ပညာရှင်များကို ‘မြောက်ပိုင်း၏အပြစ်ကြွေး’ ဟုခေါ်သော တောင်တွင် ချိတ်ပိတ်ချုပ်နှောင်ပေးခဲ့သည့်အတွက် တောင်ပိုင်းဒေသ၏ စိတ်ဝိညာဉ်စွမ်းအင်များမှာ တစတစ ကြယ်ဝလာခဲ့သည်။ ထိုတောင်က ယနေ့ထိတိုင် တည်ရှိနေသေး၍ ၎င်းကြောင့် သူ့နာမည်သည် ထိုမျှ ထွန်းတောက်ကျော်ကြားလာခဲ့ခြင်း ဖြစ်၏။

စစ်ပွဲပြီးနောက် ဇီယွင်ဂိုဏ်းနှင့် စုန့်မျိုးနွယ်စုက အထွတ်မြတ်မြေများ ဖြစ်လာခဲ့ပြီး သွေးမိစ္ဆာဂိုဏ်းနှင့်အတူ တောင်ပိုင်းဒေသ၏ အကြီးမားဆုံးအင်အားစုများ ဖြစ်လာခဲ့သည်။ ကျွန်းကမူ ... တောင်ပိုင်းဒေသကျင့်ကြံသူများသည် မန်ဟိုနှင့် ရှုချင်ကို ဂုဏ်ပြုသောအားဖြင့် ၎င်း၏ အထွတ်မြတ်ကျွန်းအဖြစ် အလေးအမြတ် ထားခဲ့ကြလေသည်။

ယနေ့ညတွင် တောင်ပိုင်းဒေသရှိ အဖွဲ့အစည်းအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ စီနီယာမျိုးဆက်မှ စစ်သည်ဟောင်းများအပြင် ထို့နောက်ပိုင်း မွေးဖွားခဲ့သူများလည်း အထွတ်မြတ်ကျွန်းဆီသို့ ပျံသန်းလာခဲ့ကြသည်။

ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းသည်ကား .... စုန့်မျိုးနွယ်စုထဲတွင် နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့သော ခေါင်းဆောင်ကြီးစုန့်သည် ရုတ်တရက် သူ၏ မှုန်ဝါးနေသောမျက်လုံးများကို ဖွင့်လိုက်၏။ သတင်းကို ကြားလျှင် သူက တိတ်ဆိတ်စွာ တခဏ ထိုင်နေပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။ အိုမင်းမှု၊ ပင်ပန်းနွမ်းနယ်မှုတို့ ပြည့်နှက်နေလျက် သူသည် မျိုးနွယ်၀င်များကို သူနှင့်အတူ ခေါ်ကာ အထွတ်အမြတ်မြေသို့ ထွက်ခွာသွား၏။

ခေါင်းဆောင်ကြီးစုန့် ထွက်လာမှုက တောင်ပိုင်းဒေသတစ်ခုလုံးကို အုံးအုံးကျွက်ကျွက် ထသွားစေတော့သည်။ ထိုတစ်ညလုံး ကျင့်ကြံသူများမှာ အထွတ်မြတ်ကျွန်းကြောင်း တွေးလျှင်တွေး ၊ မတွေးလျှင် ပြောနေကြတော့သည်။

ခေါင်းဆောင်ကြီးစုန့်သည် ညသန်းခေါင်၀န်းကျင်၌ စုန့်မျိုးနွယ်များဖြင့် ခြံရံလျက် ကျွန်းသို့ ရောက်လာခဲ့၏။ စုန့်မျိုးနွယ်များအထဲတွင် သက်လတ်ပိုင်းအမျိုးသမီးတစ်ဦး ပါ၀င်သည်။ သူမမှာ လှပသော်လည်း အရွယ်ရနေ‌ချေပြီ။ သူမ၏ တင့်တယ်သော အလှတရားသည် ငယ်ရွယ်စဉ်အခါက သူမသည် အလှထိပ်ခေါင်တင်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရမည်ဖြစ်ကြောင်း သက်သေပြနေသည်။

သူမကား စုန့်ကျားမှတစ်ပါး အခြားမဟုတ်ပေ။

မန်ဟိုနှင့်ပက်သက်၍ ဖြစ်ပျက်ခဲ့သည့်အရာကြောင့် စုန့်ကျားသည် စုန့်မျိုးနွယ်စုတွင် အထူးအရေးပေးခံခဲ့ရ၏။ သူမက ဘယ်တော့မှ ဘဝလက်တွဲဖော် မရှာတော့သည့်အပြင် တစ်ယောက်တည်းနေ၍ ကျင့်ကြံခြင်းကိုသာ အားစိုက်ခဲ့သည်။

မန်ဟို့သတင်း ပျံ့နှံ့လာသည်နှင့်တစ်ပြိုင်နက် သူမလည်း တံခါးပိတ်ကျင့်ကြံနေရာမှ ထွက်လာကာ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့်အတူ အထွတ်မြတ်ကျွန်းသို့ ရောက်လာ‌ခဲ့လေသည်။

ခေါင်းဆောင်ကြီးစုန့်၏ ရောက်ရှိလာမှုက ကျွန်းပေါ်ရှိ ကျင့်ကြံသူအားလုံးကို လှုပ်လှုပ်ရွရွ ဖြစ်သွားစေသည်။ သူတို့က လေးလေးစားစား အရိုအသေပေးရင်း ခေါင်းဆောင်ကြီးစုန့်အတွက် သစ်လုံးအိမ်သို့ ဦးတည်နေသော လမ်းကို ရှင်းပေးလိုက်ကြသည်။

ခေါင်းဆောင်ကြီးစုန့်သည် မီးအိမ်အလင်း ဖျတ်ဖျတ်လှုပ်နေသော ပြတင်းစက္ကူများကို ကြည့်လိုက်ပြီး မှေးမှိန်သော သူ၏မျက်လုံးများက တစတစ လင်းလက်တောက်ပလာတော့သည်။ သူသည် ဓားအိမ်မှ မထုတ်ရသေးသော မှော်ဓားတစ်လက်သဖွယ် ကြီးမားသောစွမ်းအားတစ်ရပ်ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်စပြုလာ၏။

ပတ်ဝန်းကျင်ရှိ ကျန်ကျင့်ကြံသူများမှာ ခေါင်းဆောင်ကြီးစုန့်ကို စိတ်လှုပ်တရှား စိုက်ကြည့်နေကြလေသည်။

“မိတ်ဆွေဟောင်းလေး မန်ဟိုလား” ခေါင်းဆောင်ကြီးစုန့်၏အသံက မိုးခြိမ်းသံသဖွယ် ဟိန်းထွက်သွားသည်။ လေပြင်းတစ်ချက်က ဝေဟင်ထက်သို့ ရိုက်ခတ်၍ ငလျင်များ လှုပ်ခတ်သွားလေသည်။ ဧရာမလှိုင်းလုံးကြီးများက ရေပြင်တစ်လျှောက် လိမ့်ထွက်သွား၏။

တခဏကြာသော် လွမ်းမောမှုတို့ အတော်လေးစွက်ဖက်နေသော မန်ဟို့အသံအား သစ်လုံးအိမ်ထဲမှ ကြားလိုက်ရသည်။ “စီနီယာစုန့် ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ”

သစ်လုံးအိမ်တံခါးသည် ဖြေးဖြေးချင်း ပွင့်လာခဲ့ကာ ခေါင်းဆောင်ကြီးစုန့်ကို လှမ်းကြည့်နေသော မန်ဟို့ကို ဖော်ပြလိုက်သည်။ ကျူးကျော်စစ်ဆင်လာသော မြောက်ပိုင်းသဲကန္တာရတပ်ဖွဲ့ကို အတူတူတိုက်ခိုက်ခဲ့သည့်အချိန်များကို ပြန်တွေးမိနေသဖြင့် သူ့မျက်ဝန်းများတွင် အမှတ်တရများ ပြည့်သျှံနေသယောင်ပင်။

ခေါင်းဆောင်ကြီးစုန့်သည် မန်ဟို့ကို မြင်လျှင်ချင်း မျက်လုံးများ တောက်ပလာ၏။ သူ့မှာ အတန်ငယ်တုန်ရီသွားပြီးနောက် ခေါင်းနောက်လှန်၍ တဟားဟား အော်ရယ်တော့သည်။ ရယ်သံတွင် မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်ဆုံတွေ့ရသဖြင့် ဝမ်းသာကြည်နူးမှု၊ စိတ်လှုပ်ရှားနေမှုတို့ အတိုင်းသားပေါ်လွင်နေ၏။

သူက ရှေ့သို့လျှောက်သွားပြီး သစ်လုံးအိမ်ထဲ ဝင်သွားသည့်အခါ တံခါးလည်း တကျွီကျွီ ပြန်ပိတ်သွားသည်။

“တကယ်ပဲ သူပါလား... “ စုန့်ကျားမှာ ခံစားချက်များရှုပ်ထွေးနေလျက် ရေရွတ်လိုက်သည်။

ညသည် နှေးကွေးစွာ ကုန်ဆုံးသွားခဲ့၏။ သစ်လုံးအိမ်၏အပြင်တွင် စုရုံးရောက်ရှိလာသောကျင့်ကြံသူများ တစတစ များပြားလာသည်။ ဇီယွင်ဂိုဏ်းနှင့် သွေးမိစ္ဆာဂိုဏ်းမှ ဂိုဏ်းသားများအပြင် သူနှင့်အတူ မြောက်ပိုင်းသဲကန္တာရကို တိုက်ထုတ်ခဲ့သူများလည်း ရောက်လာကြသည်။ ကမ်းစပ်ပတ်ပတ်လည်တွင်လည်း လေးစားကြည်ညိုမှုတို့ မျက်ဝန်းများတွင် ပြည့်သျှမ်းနေသည့် ကျင့်ကြံသူများ ကြိတ်ကြိတ်တိုးလျက်ရှိ၏။ သူတို့အတွက် ဤသည်ကား ဘုရားဖူးခရီးစဉ်အလားပင်။

ခေါင်းဆောင်ကြီးစုန့် သစ်လုံးအိမ်ထဲ ဝင်ရောက်သွားခဲ့သည့်အချက်က ... ဤလူသည် အမှန်စင်စစ် ဘိုးဘေးကြီးဖြစ်ကြောင်း သက်သေပြခဲ့လေပြီ။

သတင်းက လူတိုင်းလူတိုင်းကို စိတ်လှုပ်ရှားစေသည်၊ မျှော်လင့်မိစေသည်။ မန်ဟိုနှင့်အတူ တိုက်ပွဲဝင်ခဲ့သော တပ်သားဟောင်းများသည် သူတို့၏သွေးသောက်ရဲဘော်များကို အမှတ်ရလာကြ၏။ မန်ဟို့ကို တစ်ခါမှ မတွေ့ခဲ့ဖူးသူများအတွက်မူ ကြီးကျယ်မြင့်မြတ်သော ဘိုးဘေးကြီးကို ဖျတ်ခနဲ ဖူးမြော်နိုင်ဖို့ရန်လေးအတွက် ဆုတောင်းနေကြတော့သည်။

မည်သူမျှ စကားပြောခြင်းရှိ။ တံခါးပြန်ပွင့်လာမည်ကိုသာ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်နေကြ၏။

(သစ်လုံးအိမ် - မန်ဟိုက သွေးမိစ္ဆာဂိုဏ်းမှာ သစ်လုံးအိမ်တစ်လုံး ဆောက်ခဲ့ပါတယ် _ အပိုင်း ၇၀၅တွင် ပြန်ဖတ်နိုင်။ နောက်ပိုင်း သွေးမင်းသားလျှိုမြောင်ကို ပြောင်းတော့လည်း အသစ်ဆောက်လိုက်တာ၊ ဒါမှမဟုတ် ရှိပြီးသားအိမ်ကိုပဲ ရွှေ့လာခဲ့တာလို့ ထင်ရတဲ့ သစ်လုံးအိမ်တစ်လုံး ထဲမှာပဲ နေခဲ့ပါတယ်။ သူက အဲဒီမှာ ရှုချင်နဲ့အချိန်တွေ ကုန်ဆုံးခဲ့ပြီး သူမ သေခါနီးအချိန်မှာလည်း အဲဒီမှာ နေခဲ့ပါတယ်။ အခုသစ်လုံးအိမ်ကကျ သူတို့မင်္ဂလာဆောင်ခဲ့တဲ့ ကျွန်းပေါ်မှာဆိုတော့ ... မူလသစ်လုံးအိမ်ပဲ ရွေ့လာတာ ဒါမှမဟုတ် ပုံစံတူဆောက်ထားတာ ဖြစ်ပါလိမ့်မယ်)

All Chapters