← Chapters

ဘိုးဘေးကြီးမှ တာအိုတရားဟောကြားခြင်း

Vol. 84 Ch. 1172

ဘိုးဘေးကြီးမှ တာအိုတရားဟောကြားခြင်း

Vol. 84 Ch. 1172

မိုးသောက်အာရုံ၏ ဖျိုးဖျဖျအလင်းရောင်က အရှေ့မိုးကုပ်စက်ဝန်းမှ ထွက်ပြူလာသည်။ တံခါးသည် ပွင့်လာပြီး ခေါင်းဆောင်ကြီးစုန့် လမ်းလျှောက်ထွက်လာ၏။ သူကား လူအိုကြီးနှင့် မတူတော့ဘဲ ပို၍ငယ်သွားပြီး မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှုတို့ဖြင့် တဖိတ်ဖိတ် လက်နေတော့သည်။ စစ်ပွဲတုန်းက ရရှိခဲ့သော ဒဏ်ရာများမှာ ယခုတွင် ပျောက်ကင်းသွားခဲ့၍ သူသည် ယခင်နှင့်စာလျှင် အဆများစွာ တက်ကြွလန်းဆန်းနေလေ၏။

သူ့လက်က သိုလှောင်အိတ်ကို အလိုလို ပွတ်သပ်မိလိုက်သည်။ အထဲတွင် ... အင်မော်တယ်အဆင့်တက်လှမ်းနိုင်မည့် မျှော်လင့်ချက်ပေးနေသော မန်ဟို့ထံမှ လက်ဆောင် ... အင်မော်တယ်လမ်းပြနွယ်တစ်ပင် ရှိနေသည်။

သစ်လုံးအိမ်အပြင်သို့ ခြေလှမ်းအနည်းငယ် လျှောက်ပြီးသော် ခေါင်းဆောင်ကြီးစုန့်သည် လှည့်၍ ခါးကိုင်းအရိုအသေပေးလိုက်၏။ ထို့နောက် သူက ထွက်မသွားခင် တခဏ ငေးကြည့်နေခဲ့သည်။ စုန့်မျိုးနွယ်များမှာ သူတို့ခေါင်းဆောင်ကြီး၏ပုံပန်းသွင်ပြင်ကြောင့် အံ့အားသင့်နေကြသည်။ မိုးပြိုမြေပြိုစေနိုင်သော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပွားခဲ့ပြီဟု သူတို့အားလုံး လျင်မြန်စွာ ရိပ်စားမိလိုက်ကြလေသည်။

စုန်မျိုးနွယ်ကျင့်ကြံသူများ သူတို့ခေါင်းဆောင်ကြီးနှင့်အတူ ထွက်သွားတော့မည့်အချိန်မှာပင် သစ်လုံးအိမ်ထဲမှ အလင်းတန်းတစ်တန်းက ရုတ်တရက် စုန့်ကျားဆီ ဦးတည်လာသည်။

မန်ဟို့အသံအား နောက်တစ်ကြိမ် ကြားလိုက်ရ၏။ “အခုလိုပြန်တွေ့ရတာ ဝမ်းသာမိပါတယ် စုန့်ကျား။ ဒီနှုတ်ဆက်လက်ဆောင်ကို ကျေးဇူးပြုပြီး လက်ခံပေးပါ။ စိတ်ဝိညာဉ်ကို အားဖြည့်ဖို့ ဒါကို သုံးရင် ကျင့်ကြံအဆင့်တက်တဲ့အခါ ပိုပြီးအဆင်ပြေချောမွေ့ပါလိမ့်မယ်”

စုန့်ကျားသည် သူမအရှေ့တွင် လွင့်မျောနေသော အလင်းရောင်ကို ကြည့်လိုက်သည်။ ၎င်းက မြစိမ်းရောင်မှော်ကျောက်စိမ်းတစ်တုံးပင်။ အင်မော်တယ်ချီထုတ်လွှတ်နေ၍ သာမန်ပစ္စည်းမဟုတ်ကြောင်း ထင်ရှားသည်။

ထို့နောက် သူမမှာ အမျိုးအမည်မဖော်နိုင်သော ခံစားချက်များဖြင့် သစ်လုံးအိမ်ကို ပြန်ကြည့်ပြီးနောက်ဆုံး ကျောက်စိမ်းတုံးကို ယူ၍ စုန့်မျိုးနွယ်စုနှင့်အတူ ထွက်ခွာသွားတော့သည်။

စုန့်မျိုးနွယ်စု ထွက်သွားသော်လည်း ကျန်တောင်ပိုင်းဒေသကျင့်ကြံသူများ တသဲသဲ ရောက်လာနေကြဆဲပင်။ နေ့လည်ရောက်သည့်အခါ နေရာလပ်ပင် မကျန်တော့။ ကျင့်ကြံသူအုပ်ကြီးကား ဝေဟင်ကိုပင် စိုးမိုးထားပြီး မျက်စိတစ်ဆုံး ပြွတ်သိပ်နေသည်။

မန်ဟိုမှာ အတိတ်ကိုပြန်ပြောင်းလွမ်းမောခြင်း ပြီးဆုံးသွားသည်။ သူက သက်ပြင်းချရင်း သစ်လုံးအိမ်ထဲမှ လမ်းလျှောက်ထွက်လာ၏။ သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူများက စိတ်လှုပ်တရှား လက်ယှက်၍ ဂါဝရပြုကြသည်။

“ဂါဝရပြုပါတယ် ဘိုးဘေးကြီး”

“ဂါဝရပြုပါတယ် ဘိုးဘေးကြီး” သူတို့အသံများသည် ခြိမ့်ခြိမ့်သဲ ပဲ့တင်ထပ်လာကာ မန်ဟို့ကို မြင်ပင် မမြင်ဖူးသော ကျင့်ကြံသူများ၏ နားထဲသို့ ဝင်ရောက်လာခဲ့၍ သူတို့လည်း လက်ယှက်ဦးညွတ်၍ ထိုနည်းတူ ကြွေးကြော်လိုက်ကြသည်။ အသံများပေါင်းစုလျက် မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားသည်။

ဂိုဏ်းအသီးသီး၏ အစွမ်းထက်ဆုံးပညာရှင်တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကြပြီး စိတ်လှုပ်ရှားစွာ ဂါဝရပြုကြသည်။

“ဇီယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဘိုးဘေးကြီးကို ဂါဝရပြုပါတယ်”

“သွေးမိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဘိုးဘေးကြီးကို ဂါဝရပြုပါတယ်”

မန်ဟိုသည် ကျင့်ကြံသူအားလုံးကို မျက်လုံးဝေ့ကြည့်ရင်း အတော်များများကို သူ မှတ်မိလိုက်၏။ သူက ပြုံးရင်း သစ်လုံးအိမ်သို့ ဦးတည်နေသော ကျောက်လှေထားထစ်များအပေါ် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

“ဂုဏ်သရေရှိ လူကြီးမင်းများနဲ့ အမျိုးသမီးတို့။ တာအိုရောင်ရင်းတို့၊ ကျုပ်အိမ်ကနေ ကြိုဆိုပါတယ်။ ခင်ဗျားတို့အားလုံး အခုလို လာတွေ့ပေးတဲ့အတွက် စိတ်ကျေနပ်မိပါတယ်။ ကျုပ် ပြန်မလာခဲ့တာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ တာအိုရောင်ရင်းတို့အားလုံးရဲ့ ဂရုစိုက်မှုတွေ၊ စိုးရိမ်ပေးမှုတွေအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ချင်ပါတယ်။ ခင်ဗျားတို့က ဒီနေရာကို ကျုပ်မှတ်ထားတဲ့အတိုင်း ထိန်းသိမ်းပေးခဲ့ကြတာပဲ

“အဲ့ဒါက တောင်ပိုင်းဒေသကျင့်ကြံသူအားလုံး ကျုပ်အပေါ် ပြသလိုက်တဲ့ ကြီးမားတဲ့ကြင်နာမှုတစ်ခုပါ။ ဒါကြောင့် ကျုပ် တာအိုတရား ခုနစ်ရက်တိုင်တိုင် ဟောပြောပေးမယ်။ အဲဒီခုနစ်ရက်အတွင်း တောင်ပိုင်းဒေသကျင့်ကြံသူအားလုံး လာရောက်နားထောင်လို့ ရပါတယ်

“ကျုပ်ရဲ့ ကျင့်ကြံခြင်းအပေါ် နားလည်ထားတဲ့ အသိအမြင်ဟာ အဆင့်အမျိုးမျိုးကို ဖြတ်ပြီး ဘယ်လိုမြင့်မားလာခဲ့သလဲ ရှင်းပြပေးမယ်။ ကျုပ် ဘယ်လိုဉာဏ်အလင်းရခဲ့သလဲ ရှင်းပြပေးမယ်” ထို့နောက် သူက အင်္ကျီလက်စကို ခါလိုက်ရာ တိမ်များကွဲသွားပြီး နေရောင်ခြည်တို့ ဖြာကျလာကာ အင်မော်တယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလို တစ်နေရာလုံးသည် နတ်နိဗ္ဗာန်ပမာ ဖြစ်သွားတော့၏။

“ဂရုစိုက်လေ့လာပြီးတဲ့နောက်မှာ” သူက နူးညံ့ပျော့ပျောင်းစွာ စတင်သည်။ “မိုးနဲ့မြေရဲ့တာအို နဲ့ လူတစ်ယောက်ရဲ့တာအိုဟာ အဲဒီလူရဲ့ ပင်ကိုယ်သဘာဝကို ပြန်လည်ထင်ဟပ်မှုတစ်ခုပဲလို့ ကျုပ် သိခဲ့ရတယ်....” သူသည် သူ၏အိမ်ဟောင်းကို စောင့်ရှောက်ထိန်းသိမ်းပေးထားသည့်အတွက် ကျေးဇူးပြန်ဆပ်သောအားဖြင့် လည်းကောင်း၊ ဤနေရာက သူ့အိမ်ဟု ခံစားရသည့်အတွက်ကြောင့် လည်းကောင်း တောင်ပိုင်းဒေသ၏ကျင့်ကြံသူများကို ကံကြမ္မာကောင်းတချို့ ချီးမြှင့်နေလေသည်။ တောင်ပိုင်းဒေသက အရှေ့အောင်ပွဲဂြိုဟ်နှင့်မတူပေ။

“ဒါကြောင့် ကျင့်ကြံခြင်းဟာ ‘အမှန်တရားကို ကျင့်ကြံခြင်း’ လို့လည်း အသိများကြတယ်။ အမှန်တရားကို ကျင့်ကြံခြင်း 修真 ဆိုတဲ့စာလုံးနှစ်လုံးအနက် ပထမစာလုံးက နည်းလမ်းကို ညွှန်းဆိုပြီး ပထမစာလုံးကတော့ စိတ်နေစိတ်ထားကို ဆိုလိုတယ်...” သူ့အသံက ကျင့်ကြံသူပရိသတ်ထုကြီးကို ကျင့်ကြံအဆင့်မည်မျှဖြစ်စေကာမူ .... မိန်းမောနစ်မြောသွားသော အခြေအနေထဲ သက်ဆင်းသွားစေသည့် ထူးဆန်းစွမ်းအားတို့ ပြည့်နှက်နေသယောင်ပင်။

“ရှင်းရှင်းလင်းလင်းပြောရရင်တော့ အဲဒါက ဘဝရဲ့အဆင့်တွေနဲ့ ပတ်သက်ပြီး ကျုပ် လူတစ်ယောက်ကို ရှင်းပြခဲ့ဖူးတာနဲ့ သဘောတရားသိပ်တူတယ်

“အတိတ်တုန်းက ကျုပ်ကို ‘တာအိုက ဘာလဲ’ လို့ လူမျိုးစုံ မေးခဲ့ကြတယ် .... ကျုပ်အဖြေက အခြေအနေ၊ အချိန်အခါနဲ့ ကျုပ်ရဲ့ ကျင့်ကြံအဆင့်ပေါ် မူတည်ပြီး အမျိုးမျိုး ဖြစ်ခဲ့တယ်။ တကယ်တော့ မေးခံရတိုင်း ကျုပ် အဖြေက မတူခဲ့ဘူး။ နောက်တစ်ခါ မေးခံရရင် ကျုပ်အဖြေက ဘာဖြစ်မလဲတောင် ကျုပ် အခုထိ မသေချာသေးဘူး

“ဒါပေမဲ့ ဘယ်တော့မှ မပြောင်းလဲမယ့် တစ်ခုတော့ ရှိတယ်။ အဲဒါက ... ကျုပ် ‘တာအိုက ဘာလဲ’ မသိတာပဲ။ မေးခွန်းအတွက် အဖြေက များလွန်းတယ်မဟုတ်လား။ ကျုပ် သိတာဆိုလို့ ... ကျုပ် လိုက်ရှာနေတဲ့အရာက လွတ်လပ်မှုနဲ့ အမှီအခိုကင်းမှုဖြစ်တယ်ဆိုတာပဲ ရှိတယ်။ လွတ်လပ်နေဖို့ ၊ အချုပ်အနှောင်တွေ ကင်းမဲ့နေဖို့ ... အဲဒါက ကျုပ်ရဲ့ အမှန်တရား၊ ကျုပ်ရဲ့ တာအိုပဲ

“အမှန်တရားကို ကျင့်ကြံအားထုတ်ရာမှာ .... ကျုပ်တို့ ကျင့်ကြံနေတဲ့အရာက ... နှလုံးသားပဲ” မန်ဟို တာအိုနှင့်ပတ်သက်၍ သူ၏နားလည်မှုများနှင့် ကျင့်ကြံခြင်းမှ ရရှိခဲ့သော ဉာဏ်အလင်းများအကြောင်း ရှင်းပြနေစဉ် သူ့အသံသည် ပဲ့တင်ထပ်ရိုက်ခတ်လျက်ရှိ၏။ သူ ပြောလိုက်သော စကားလုံးများက ကျင့်ကြံသူအမျိုးမျိုး၏နှလုံးသားထဲတွင် မြှုပ်နှံခံလိုက်ရသော သစ်စေ့များ ဖြစ်လာသည်။

အများစုသည် … သူတို့၏ဘဝတစ်လျှောက်လုံး ထိုသစ်စေ့ကို ဘယ်တော့မှ ခံစားရလောက်မည်မဟုတ်ပေ။ တချို့ကတော့ .... ကျင့်ကြံအဆင့်တစ်ဆင့်သို့ ရောက်လျှင် သို့မဟုတ် ရုတ်တရက် ကံကောင်းခဲ့လျှင် .... မန်ဟို သူတို့နှလုံးသားထဲ၌ စိုက်ပျိုးခဲ့သော သစ်စေ့အတွင်းတွင် ပါဝင်နေသည့် ကံကြမ္မာကောင်းကို ရယူနိုင်ကောင်း ရယူနိုင်လိမ့်မည်။

မန်ဟိုက သူတို့ကို ဉာဏ်အလင်းပွင့်စေမည့် အခွင့်အရေးကိုသာ မဟုတ်ဘဲ .... အင်မော်တယ်အဖြစ်တက်လှမ်းနိုင်မည့် လမ်းကို ပေးအပ်နေသည်ဟု ပြောနိုင်သည်။ အခွင့်အရေးများသာ ရရှိပါက သူတို့အတွက် မန်ဟိုနှင့်တူညီသော လမ်းကို လျှောက်၍ အစစ်အမှန်အင်မော်တယ်အဆင့်တက်ဖိုကား မဖြစ်နိုင်ခြင်းမဟုတ်ပေ။

မလျှောက်လှမ်းနိုင်လျှင်တောင်မှ သူတို့သည် ထိုသစ်စေ့မှ ဉာဏ်အလင်းရ၍ စိတ်ဝိညာဉ်နယ်ပယ်မှ အဆင့်တက်ကာ ... အတုအယောင်အင်မော်တယ်များ ဖြစ်လာနိုင်သေးသည်။

မန်ဟို တောင်ပိုင်းဒေသ၏ကျင့်ကြံသူများကို ကောင်းချီးပေးနေသော ဤအင်မော်တယ်သစ်စေ့က သူ့မျိုးနွယ်သွေးထဲ၌ တည်ရှိနေသည့် သစ်စေ့ကဲ့သို့ မဟုတ်သော်လည်း .... မည်သို့ဆိုစေ ၎င်းသည် သူ၏ကျေးဇူးသိတတ်မှု ဖြစ်နေသေး၏။ သူက သူ့အိမ်မှ ကျင့်ကြံဿူများ ပို၍အစွမ်းထက်လာဖို့ မျှော်လင့်နေခြင်းသာ ဖြစ်ပေသည်။

“ခင်ဗျားတို့နှလုံးသားတွေက ခိုင်မာရင် မိုးနဲ့မြေရဲ့ နင်းချေခြင်းခံရမှာမဟုတ်သလို၊ ဘယ်သက်ရှိအရာရဲ့ ဖျက်စီးခြင်းကိုလည်း ခံရမှာမဟုတ်ဘူး။ ခင်ဗျားတို့ဟာ ဘယ်တော့မှ ခေါင်းငုံ့စရာမလိုဘဲ တွန့်ဆုတ်မှုမရှိ ဆက်သွားနိုင်တယ်၊ ရှေ့ဆက်သွားနေတာကို ဘယ်တော့မှ ရပ်စရာမလိုဘူး။ ဒါက နှလုံးသားကို ကျင့်ကြံခြင်း၊ အမှန်တရားကို ကျင့်ကြံခြင်းဆိုတာရဲ့ အဓိပ္ပါယ်ပဲ။ ကျင့်ကြံခြင်းလမ်းတစ်လျှောက် လျှောက်လှမ်းနေတာလည်း ဖြစ်တယ်

“ကျုပ်ဘဝဟာ ကျင့်ကြံအားထုတ်ရင်းပဲ ကုန်ဆုံးခဲ့တာ။ ကျုပ်က စဦးချီစုစည်းမှုအဆင့်ကနေ စခဲ့ပြီး အခု ဒီနေရာ ရောက်နေပြီ။ မရေမတွက်နိုင်တဲ့ အလှည့်အပြောင်း ၊ အချိုးအကွေ့တွေကိုလည်း ကြုံတွေ့ခဲ့ရတာပေါ့လေ။ ကျုပ်က ကျုပ်ရဲ့ခန္ဓာကိုယ်၊ ဝိညာဉ်နဲ့ စိတ်ကို ခင်ဗျားတို့နှလုံးသားထဲက စိတ်ဝိညာဉ်လို ပုံရိပ်ဖြစ်လာအောင် ပေါင်းစည်းပေးမယ်။ အဲဒါ့ကို လေ့လာပါ။ ဆင်ခြင်သုံးသပ်ပါ။ အဲဒါက ခင်ဗျားတို့ ကျင့်ကြံနေတဲ့ အမှန်တရား၊ လမ်းစဉ်နဲ့ နှလုံးသား ဖြစ်လာနိုင်တယ်” မန်ဟို့အသံသည် နက်နဲသိမ်မွေ့၍ ရှေးဆန်နေ၏။ ကျွန်းပေါ်တွင်ဖြစ်စေ၊ တခြားနေရာများတွင် ဖြစ်စေ၊ မည်သည့်နေရာမဆိုရှိ ကျင့်ကြံသူအားလုံး တုန်လှုပ်သွားကြပြီး ချက်ချင်း ဉာဏ်အလင်းပွင့်ကုန်ကြသည်။

အချိန်များ ကုန်လွန်သွားခဲ့၏။ မန်ဟို သူ၏သစ်လုံးအိမ်အပြင်တွင် ထိုင်လျက် တာအိုတရားဟောနေစဉ် တောင်ပိုင်းဒေသကျင့်ကြံသူများ တဖွဲဖွဲ ရောက်လာကြသည်။ အနက်ရောင်နယ်မြေကျင့်ကြံသူများပင် လာကြ၏။ ခုနစ်ရက်လုံးလုံး ကျွန်းက တောင်ပိုင်းဒေသတစ်ခုလုံး၏ အာရုံစိုက်ရာ ဖြစ်နေသည်။

မန်ဟို ဟောပြောနေစဉ် သူ ရွတ်လိုက်သည့် စကားလုံးတိုင်း၊ စကားတိုင်းသည် မည်သည့်အရာထံမှ ကူးယူထားခြင်းမရှိသော မူလစကားလုံးများနှင့်တူပြီး မဟာတာအိုတစ်ပါး ပါရှိနေသယောင်ပင်။ ထူးချွန်သောပါရမီရှင်တချို့ဆိုလျှင် ချက်ချင်း အဆင့်တက်ကုန်ကြသည်။

ထို့ကြောင့် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များသည် ပိုမိုသိပ်သည်းလာပြီး အင်မော်တယ်ချီများ ပို၍စုဝေးလာသည်။ ဤနေရာတွင် တစ်ရက်ကျင့်ကြံခြင်းက တခြားနေရာတွင် တစ်နှစ်ကျင့်ကြံခြင်းနှင့် ညီမျှလာ၏။

ယခုတွင် ကျွန်းကား ... အထွတ်မြတ်မြေဟု အမှန်တကယ် ခေါ်ထိုက်နေလေပြီ။

သုံးရက်မြောက်နေ့တွင် အထွတ်မြတ်ကျွန်းပတ်ပတ်လည်၌ စုဝေးနေကြသည်မှာ ကျင့်ကြံသူများသာ မဟုတ်တော့။ များစွာသော သားရဲတိရိစ္ဆာန်များလည်း ပေါ်လာကြသည်။ ပုံမှန်ဆို ၎င်းတို့သည် ရက်စက်ကြမ်းတမ်းတတ်သော်လည်း ယခုမူ ထူးထူးဆန်းဆန်း ယဉ်ပါးသိမ်မွေ့နေကြ၏။ ၎င်းတို့မှာ မန်ဟို့တရားကို နားလည်၍ ဉာဏ်အလင်းပွင့်နေသည့်အလားပင်။

ကျင့်ကြံသူများ၊ သားရဲများ တစ်ပြိုင်တည်း တာအိုဉာဏ်အလင်းရရှိနေကြသည်။ အရာအားလုံး ဆိတ်ငြိမ်အေးချမ်းလျက်ရှိ၏။

ဘေးဘီဝဲယာကို ကြည့်လိုက်လျှင် ဉာဏ်အလင်းပွင့်နေသော မြွေကြီးတစ်ကောင်ကိုသော်လည်းကောင်း၊ ရှိခိုးဝပ်တွားနေသော ဧရာမခြင်္သေ့ကြီးကိုသော်လည်းကောင်း မြင်ရလိမ့်မည်။ အစွမ်းထက်သားရဲများမှာ မြင်ရခဲသော်လည်း ယခုတော့ ဤနေရာတွင် မန်ဟို့တာအိုတရားကို လိမ်လိမ်မာမာ နာယူနေကြလေသည်။

ငှက်များသည် ခေါင်းထက်တွင် ပျံဝဲနေကြ၏။ ငါးများက ပို၍သဲသဲကွဲကွဲကြားရဖို့အရေးအတွက် ကန်ထဲမှ ခုန်ထွက်လာကြသည်။ မြက်များ၊ သစ်ပင်ပန်းမန်များပင်လျှင် တာအိုတရားကြောင့် အကျိုးအမြတ်ရနေ၍ ညင်သာစွာ ယိမ်းနွဲ့ရင်း စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်နေသည်။

တောင်ပိုင်းဒေသသည် မြေငလျင်လှိုင်းကြီး ရိုက်ခတ်လိုက်သကဲ့သို့ တုန်လှုပ်နေ၏။

မန်ဟို တာအိုတရားဟောနေစဉ် ဖန်မျိုးနွယ်ကျင့်ကြံသူများမှတော့ မျိုးနွယ်စုခေါင်းဆောင်တင်မြှောက်ခြင်းအခမ်းအနားအတွက် ပြင်ဆင်ရင်း ယောက်ယက်ခတ်နေကြသည်။ ပြင်ဆင်မှုများက ပလ္လင်များ၊ နန်းဆောင်များစွာ ဖန်ဆင်းထားသော အရှေ့ဘက်နယ်မြေတွင် ဦးစွာ ပြီးဆုံးသည်။ နေရာရွှေ့ပြောင်းခြင်းမုခ်ဝများကိုလည်း စီရင်ထားကြသည်။

အခမ်းအနားက သုံးလနေလျှင် ကျင်းပမည်ဖြစ်ပြီး နေရာရွှေ့ပြောင်းခြင်းမုခ်ဝများမှတစ်ဆင့် ဂိုဏ်းနှင့်မျိုးနွယ်စုအသီးသီးဆီသို့ ဖိတ်စာများလည်း ဖြန့်ထားခဲ့ပြီးလေပြီ။ နဝမတောင်ပင်လယ်တစ်ခုလုံးသည် ဖန်ရှုံ့ဖုန်း မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာမည့်သတင်းကြောင့် ဆူညံပွက်လောရိုက်နေ၏။

၎င်းက ဖန်မျိုးနွယ်စုအတွက်သာ အရေးကြီးသောကိစ္စတစ်ရပ်မဟုတ်၊ နဝမတောင်ပင်လယ်တစ်ခုလုံးအတွက် ကြီးမားသောကိစ္စကြီးဖြစ်သည်။ မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာမည့်သူ၏ ဆုံးဖြတ်ချက်က လူတိုင်းအပေါ် သက်ရောက်မှုရှိနိုင်သည်မဟုတ်လော။ ဥပမာ မျိုးနွယ်စုခေါင်းဆောင်က တိုက်ပွဲများနှင့် စစ်ရေးစစ်ရာများကို နှစ်သက်သူဖြစ်လျှင် မကြာမီ နဝမတောင်ပင်လယ်တွင် စစ်ဖြစ်တော့မည်ကို ခန့်မှန်းနိုင်သည်။ မျိုးနွယ်စုခေါင်းဆောင်က အားနည်း၍ ကျိုးနွံတတ်သူဖြစ်ပြန်လျှင်လည်း စက်ကွင်းမလွတ်နိုင်သောပြဿနာများ ဖြစ်လာနိုင်သေးသည်။

သို့သော် ဖန်ရှုံဖုန်းသည် တောင်ကောင်းကင်ဂြိုဟ်ကို စောင့်ရှောက်ဖို့ အလွှတ်မခံခဲ့ရခင်က နဝမတောင်ပင်လယ်တွင် ထင်ရှားကျော်ကြားခဲ့၏။ သူ့တွင် မိတ်ဆွေများစွာ ရှိသလို ရန်သူလည်း ပေါလှသည်။

အတိတ်တုန်းက ဂိုဏ်းတိုင်းလိုလို၊ မျိုးနွယ်စုတိုင်းလိုလို သူနှင့် ပတ်သက်ခဲ့ဖူး၍ သူ့အကြောင်း ကောင်းကောင်းသိကြသည်။ သူသည် စကားနည်းသောလူအဖြစ် အသိများ၏။ သို့သော် စကားပြောလျှင်လည်း ပြောသည့်အတိုင်း လုပ်တတ်သည်။ သူကား အသည်းမာပြီး အလျှော့မပေးတတ်သူဖြစ်သလို လျှို့ဝှက်ကြံစည်ရာ၌လည်း သူများထက် တစ်မိုင်လောက် ပိုမြင်တတ်သည်။

သူ့တွင် စိတ်ရှိတိုင်း အသုံးပြုနိုင်သည့် လှည့်ကွက်များ ရှိ၏။ သူသည် ပြတ်ပြတ်သားသား တိုက်ခိုက်တတ်ပြီး ဘယ်တော့မှ ဖြစ်ကတတ်ဆန်း မလုပ်ပေ။ မန်ဟို ငယ်ငယ်တုန်းက သူ၏နိဗ္ဗာနသစ်သီးကို မျက်စိကျနေသည့် မျိုးနွယ်ဝင်များသည် မန်ဟို့ကို စားတော့မလို ကြည့်ခဲ့ဖူးကြ၏။ မန်ဟိုက မျက်ရည်မျက်ခွက်နှင့် သူ့အဖေဆီ အပြေးအလွှားသွားကာ တိုင်ပြောခဲ့သည်။

ထိုညတွင် ဖန်ရှုံ့ဖုန်းသည် ဓားကို ဆွဲ၍ သောင်းကျန်းခဲ့၏။ ထိုညတွင် လက်အောက်ခံမျိုးနွယ်ဝင်များစွာကို သူ သတ်ပစ်ခဲ့ရာ ဖန်မျိုးနွယ်စုသာမက နဝမတောင်ပင်လယ်တစ်ခုလုံးပင် အံ့အားသင့်ခဲ့ရသည်။

ထိုအချိန်မှစ၍ ဖန်ရှုံ့ဖုန်းကား ... စကားလုံးများဖြင့် ဖော်ပြ၍မတတ်နိုင်လောက်အောင် ကာကွယ်ပေးတတ်သူ ဖြစ်ကြောင်း လူတိုင်း သိခဲ့ရသည်။

ထိုကဲ့သို့စရိုက်မျိုးနှင့် ဖန်ရှုံ့ဖုန်းသည် မိတ်ဆွေလည်း များခဲ့သလို .... ရန်သူများလည်း ရရှိခဲ့သည်။

နဝမတောင်ပင်လယ်မှ ဂိုဏ်းနှင့်မျိုးနွယ်စုအမျိုးမျိုး လာရောက်ဂုဏ်ပြုစကားဆိုသောအခါ .... အခမ်းအနားနေ့သည် မည်မျှအလုပ်များပြီး စိတ်လှုပ်ရှားစရာကောင်းမည်လဲ စိတ်ကူးကြည့်နိုင်သည်။ သူ၏ရန်သူတချို့ပင် သူ့ကို လာရောက်စိန်ခေါ်ကောင်း စိန်ခေါ်နိုင်လောက်သည်။

ယင်းက လူတစ်ယောက် မျိုးနွယ်စုခေါင်းဆောင် သို့မဟုတ် ဂိုဏ်းချုပ်ရာထူးတက်သွားသည့်အခါ ခွင့်ပြုပေးထားသော အရာပင်။ အခမ်းအနားပြီးသည်နှင့် ထိုပုဂ္ဂိုလ်မှာ ကိုယ်ရေးကိုယ်တာကိစ္စများကို အာရုံမစိုက်အားတော့ဘဲ မျိုးနွယ်စုတစ်စုလုံး သို့မဟုတ် ဂိုဏ်းတစ်ဂိုဏ်းလုံးကို အာရုံစိုက်ရတော့မည်မဟုတ်ပါလော။

ထိုနေ့ပြီးလျှင် ရန်ကြွေးအကုန် ကြေလိမ့်မည်။

မှန်ပါသည်၊ ၎င်းကား လုပ်ရိုးလုပ်စဉ်မျှသာ ဖြစ်သည်။ သွေးကြွေးရန်ငြိုးမရှိသရွေ့ မည်သူမျှ စိန်ခေါ်မည်မဟုတ်ပေ။ မျိုးနွယ်စုခေါင်းဆောင် သို့မဟုတ် ဂိုဏ်းချုပ်ဖြစ်လာသူတွင် သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းကို ကူညီထောက်ပံ့ပေးရန် လုံလောက်သည့် အလွန်အစွမ်းကြီးမားသော ကျင့်ကြံခြင်းအခြေခံ ရှိသည်မဟုတ်ပါလော။ ထို့ကြောင့် ထိုကဲ့သို့ဓလေ့ထုံးတမ်းများက သူ၏အတိုက်အခိုက်စွမ်းရည်ကို ဖော်ပြပေးပြီး လူတိုင်းကို ကြောက်ရွံ့ရိုသေမိစေလိမ့်မည်။

All Chapters