ပြီးဆုံးသွားခြင်း
Vol. 94 Ch. 1297
ကောင်းကင်လျှောက်လှမ်း တံတားအောက်တွင် ထိုင်နေသည့် အဖေဝမ်က ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာသည်။ သူက ဝမ်ပေါင်လဲ့ကို တည်ငြိမ်စွာ ကြည့်ရင်း ခေါင်းညိတ်လိုက်၏။ သူက ထိုနေရာတွင် တင်ပျဉ်ခွေထိုင်နေရင်း မျက်မှောင်ကြုတ်လျက် ညာဖက်လက်ကို အသာမြှောက်ကာ ကောင်းကင်လျှောက်လှမ်း တံတားဆီ ဝှေ့ယမ်းလိုက်သည်။
သူ့လက်တစ်ချက်အဝှေ့တွင် ကောင်းကင်က ပြောင်းလဲသွားပြီး လေနှင့် တိမ်တိုက်များကလည်း ဝေ့ဝဲလာသည်။ အသံကျယ်ကြီးက နေရာအနှံ့ ပဲ့တင်ထွက်သွားပြီး ပထမ ကောင်းကင်လျှောက်လှမ်း တံတားက သိသိသာသာ တောက်ပလာလေ၏။ ထိုတံတားအနီးတွင် ကျောက်ပြားတစ်ခု ရှိနေသည်။ ထိုအရာက ပုံရိပ်ယောင်မှ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် ကိုယ်ထည်တစ်ခု ဖြစ်လာဟန်ပေါ်သည်။
ရှေးဟောင်းအငွေ့အသက်က ပိုမိုအားကောင်းလာပြီး အချိန်ဖြတ်သန်းလာသည့် ခံစားချက်က ပိုမိုပင် သိသာလာခဲ့သည်။ ထိုအရာက အဖက်ဖက်သို့ ပျံ့နှံ့သွားပြီးသည့်နောက်တွင် ဝဲကတော့တစ်ခု ထွက်ပေါ်လာခဲ့၏။
ထိုဝဲကတော့က အင်မတန် ကြီးမားကျယ်ပြန့်ကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသလိုမျိုး ဖြစ်နေသည်။ သို့သော်လည်း ထိုအခိုက်အတန့်၌ ထာဝရကြယ်စင်ကုန်းမြေပေါ်တွင် သူက ခေါင်းမော့ကြည့်ပါက ကောင်းကင်သည် နဂိုအတိုင်းကျန်ရှိနေပြီး အပြောင်းအလဲ လုံးဝမရှိပေ။
ထိုအရာအားလုံးက ပုံရိပ်ယောင်သဖွယ် ဖြစ်နေလေ၏။
မည်သူမှ မမြင်နိုင်သည့် ဝဲကတော့ကြီးက အသံကျယ်ကြီးနှင့်အတူ လှည့်ပတ်လာသည်။ ဝဲကတော့အလယ်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့က အာရုံထွေပြားနေ၏။ သို့သော်လည်း သူက စိတ်ငြိမ်ငြိမ်ထိန်းကာ တံတားရှေ့တွင် ရှိနေသည့်ကျောက်ပြားကို ကြည့်လိုက်သည့်အချိန် စာလုံးများက ပေါ်ထွက်လာသည်။
ထိုအရာများက အမည်မသိ စာလုံးများဖြစ်ပြီး ဝမ်ပေါင်လဲ့က ယခင်က တစ်ခါမှ မမြင်တွေ့ခဲ့ဖူးပေ။ သို့သော်လည်း ထိုအရာကို ကြည့်လိုက်သည်နှင့် သူ့စိတ်ထဲ ဆိုလိုသည့်အဓိပ္ပာယ်ကို ချက်ချင်း သိလိုက်သလိုမျိုး စကားလုံးများက ပေါ်ထွက်လာခဲ့၏။
“ကောင်းကင်လျှောက်လှမ်း တံတား၊ လေဟာနယ် အဆုံးသတ်ခြင်း၊ မသေမျိုးဝိညာဉ် … သက်ရှိအားလုံး ကိုးကွယ်ကြခြင်း”
ထိုစကား၁၂လုံးထဲတွင် နက်ရှိုင်းသည့်အဓိပ္ပာယ်များ ပါဝင်နေပြီး ဝမ်ပေါင်လဲ့၏ ဝိညာဉ်ကို လှုပ်ခတ်သွားစေကာ သူ့ဝန်းကျင်ရှိ လေထုက ပိုမိုအားကောင်းလာခဲ့သည်။ ဝဲကတော့က အလျင်အမြန် လှည့်ပတ်လာပြီး လောကဓံ အငွေ့အသက်များက ပိုမိုအားကောင်းလာ၏။
ထိုစကား၁၂လုံးက သူ့စိတ်ထဲ ဝင်ရောက်လာသည့်အခါ ကမ္ဘာကြီးက ထပ်မံ လှုပ်ခတ်သွားပြန်သည်။ ကျောက်ပြား၏ တခြားတစ်ဖက်တွင် ဒုတိယကျောက်ပြား အသံကျယ်ကြီးနှင့်အတူ ပေါ်ထွက်လာ၏။ ပထမကျောက်ပြားနှင့် ကွဲပြားမှု မရှိသော်လည်း ပိုမိုအားကောင်းလေသည်။ ထိုအရာ ပေါ်ထွက်လာသည်နှင့် ထာဝရကြယ်စင်ကုန်းမြေတစ်ခုလုံးက လှုပ်ခတ်သွားဟန်ပေါ်သည်။
ထိုအရာအားလုံးအပေါ်တွင်လည်း စကား၁၂လုံး ရေးထွင်းထားလိုက်၏။
“အထွတ်အထိပ် ဆန္ဒ၊ ပြန်လည်ဝင်စားခြင်း၊ စကြဝဠာစိတ်ဝိညာဉ်၊ အသင်္ချေတာအို ဝပ်တွားခြင်း”
ထိုဒုတိယကျောက်ပြားပေါ်ရှိ စကားလုံးများကို မြင်တွေ့ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သူ့စိတ်ထဲ မုန်တိုင်း တိုက်ခတ်သွားသလို ခံစားလိုက်ရသည်။ သူက ပုံရိပ်တစ်ခုကို မြင်လိုက်ရဟန်ပေါ်၏။ ထိုပုံရိပ်ထဲတွင် လွန်ခဲ့သည့်နှစ်များစွာခန့်က တံတားရှေ့တွင် လက်မြှောက်ပြနေသည့် ရင်းနှီးပြီးသား ပုံရိပ်တစ်ခု ရှိနေသည်။ ထိုသူက စကြဝဠာမှ ထူးဆန်းသော စွမ်းအားကို စုပ်ယူကာ ကျောက်ပြားအတွင်း စုဝေးခဲ့သည်။
ထို့နောက် သူက သူ့လက်ချောင်းကို စုတ်တံအဖြစ် အသုံးပြုကာ ထိုစကားလုံးများကို ရေးသားခဲ့ခြင်း ဖြစ်၏။
ထိုသူ ရေးသားခဲ့သည့် စကားလုံးတိုင်းက ကြယ်တာရာကောင်းကင်ကိုပင် လှုပ်ခတ်သွားစေနိုင်သည်။ စကားလုံး၁၂လုံးကို ရေးသားပြီးသည့်အချိန် ကြယ်တာရာကောင်းကင်က စူးရှသည့် အလင်းတန်း ထွက်ပေါ်လာ၏။ စကြဝဠာက ဖရိုဖရဲဖြစ်သွားကာ ထိုစကားလုံးများကို ရေးသားခဲ့သည့်သူက ခေါင်းမော့ကြည့်လာသည်။ ဝမ်ပေါင်လဲ့၏ အမြင်တွင် ထိုသူက အဖေဝမ် ဖြစ်၏။
ထိုပုံရိပ်က ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွား၏။ ဝမ်ပေါင်လဲ့၏ အသက်ရှူနှုန်းက မြန်ဆန်လာကာ သူက ဘေးတွင် တင်ပျဉ်ခွေထိုင်လျက်ရှိနေသည့် အဖေဝမ်ကို ကြည့်လိုက်သည်။ သူက အဖေဝမ်၏ တည်ငြိမ်နေသည့် အကြည့်ကို မြင်လိုက်ရသည့်အခါ လွန်ခဲ့သည့်နှစ်များစွာခန့်က ထိုသူ ပြောခဲ့ဖူးသည့် စကားကို ပြန်လည်အမှတ်ရသွား၏။ သူက ထာဝရကြယ်စင်ကုန်းမြေကို ရောက်ရှိလာစဉ်အချိန်က ကောင်းကင်အထက် တံတား ၁၁စင်းကို မြင်တွေ့ခဲ့စဉ်အခါက အဖေဝမ်က ထိုစကားများကို တည်ငြိမ်စွာ ပြောဆိုခဲ့သည်။
“ဒီတံတားက အချိန်ဖြတ်သန်းမှုကြောင့် ပြိုလဲသွားခဲ့တာ။ ငါက တံတား၉စင်းကို တံတား ၁၁စင်းအဖြစ် ပြန်လည်ပြုပြင်ပြီး တည်ဆောက်ထားတာ။ ဒီတနံတားတွေထဲကနေ တစ်ယောက်ယောက်က ကောင်းကင်လျှောက်လှမ်း တံတားကို ဖြတ်ရမှာပဲ”
အချိန်အတော်ကြာမြင့်ပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အကြည့်ပြန်ရုတ်သိမ်းလျက် ပထမတံတားကို ကြည့်လိုက်သည်။ သူ့အကြည့်က တောက်ပနေ၏။ သူက ဘာမှမပြောဘဲ ပထမ တံတားဆီ ဦးတည်လိုက်သည်။
သူ့အရှိန်က မြန်ဆန်ခြင်း မရှိသော်လည်း ခြေလှမ်း ၆လှမ်းမျှဖြင့် တံတားအစွန်းဆီ ရောက်ရှိလာ၏။ သူက ခုနစ်လှမ်းမြောက် ခြေလှမ်းကို လှမ်းလိုက်သည့်အချိန် ဝမ်ပေါင်လဲ့၏ ညာဖက်ခြေထောက်က ပထမတံတားအပေါ် ရောက်ရှိလာခဲ့သည်။
သူက တံတားအပေါ် ခြေချလိုက်သည်နှင့် သူ့မျက်ဝန်း၌ စိတ်ခံစားချက်များ ပြည့်နှက်လာသည်။ သူက ယခုအခိုက်အတန့်၌ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ပိုမိုသိမ်မွေ့သွားကြောင်း ရှင်းရှင်းလင်းလင်း ခံစားမိလိုက်သည်။ မိုးမြေ၏ စည်းမျဉ်းဥပေဒသများရှိပြီး အဖက်ဖက်မှ တာအိုစည်းချက်များကလည်း စုဝေးလာခဲ့သည်။ ထိုအရာက စကြဝဠာမှ ရောက်ရှိလာသလို ကြယ်တာရာကောင်းကင်မှလည်း ဆင်းသက်လာပြီး တံတားမှ ပျံ့နှံ့လာသည်။
ထိုအရာက သူ့ခန္ဓာကိုယ်ဆီ အပြင်းအထန် တိုးဝင်လာ၏။ ဝမ်ပေါင်လဲ့က ထိုခံစားချက်ကို အပြင်းအထန် မတွေ့ကြုံခဲ့ဖူးပေ။ တာအိုစည်းချက် အမြောက်အများနှင့် စည်းမျဉ်းဥပဒေသပေါင်းစည်းမှုက ဝမ်ပေါင်လဲ့၏ စိတ်အား အံ့အားသင့်သွားစေသည်။
မုန်တိုင်းအလယ်တွင် စည်းမျဉ်းဥပဒေသများအပေါ် နားလည်နိုင်စွမ်းက မယုံနိုင်လောက်ဖွယ် အမြန်နှုန်းဖြင့် တိုးတက်လာ၏။ သူ့ခန္ဓာကိုယ်ထဲမှ ဓာတ်ငါးပါးက ပိုမိုပင် ပြည့်စုံလာကာ သူ့အရှိန်အဝါက ပိုမိုပြင်းထန်လာသည်။ ကွဲပြားသည့် တာအိုအဆီအနှစ်မြောက်များစွာဖြင့် သူတို့က သူ့ခန္ဓာကိုယ်အတွင်း ထိပ်တိုက်တွေ့ကာ ဓာတ်ငါးပါးဖြင့် ပေါင်းစည်းသွားသည်။
သူ့ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့လာသည့် နွေးထွေးသည့် ခံစားချက်ကို ခံစားမိလိုက်၏။ ယခင်က သတိမထားမိခဲ့သည့် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းကို လွှမ်းခြုံသွားခဲ့သည်။ ယခင်ကဲ့သို့ သူက ပြီးပြည့်စုံဟန်ထင်ရသော်လည်း လက်တွေ့တွင်မူ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဟာကွက်တချို့ရှိနေခဲ့သည်။ ထိုအရာက လိုအပ်နေသည့် အစိတ်အပိုင်းတချို့ ရှိနေသော်လည်း ယခုအခါ ထိုအစိတ်အပိုင်းများက သူ့အလိုလိုပြန်လည်ကောင်းမွန်သွားသည်။
သူက တံတားကို လှမ်းကြည့်မိလိုက်ပြီးသည့်နောက် မျက်လုံးပိတ်လျက်ဖြင့် မလှုပ်ရှားတော့ပေ။ ဖြစ်စဉ်က အမွှေးတိုင်တစ်တိုင်စာ လောင်ကျွမ်းစာချိန်မျှ ကြာမြင့်ခဲ့ပြီး ဝမ်ပေါင်လဲ့က တာအိုစည်းချက်များနှင့် စည်းမျဉ်းဥပဒေသများကို နေသားကျသွားခဲ့သည်။ သူက မျက်လုံးဖွင့်လာသည့်အခါ ကြယ်တာရာကောင်းကင်ရှိ အရိပ်က သူ့မျက်ဝန်းအထက် ပေါ်ထွက်လာ၏။ သူ့ခန္ဓာကိုယ်မှ အရှိန်အဝါက ယခုအခိုက်အတန့်တွင် မြင့်တက်လာသည်။
ထိုအရာက ပိုမိုပင်အားကောင်းလာခဲ့၏။
ဝမ်ပေါင်လဲ့အနေဖြင့် တံတားအပေါ်တွင် ကွဲပြားသည့် လူတစ်ယောက် ဖြစ်နေသလို ခံစားနေရသည်။
တံတားအောက်တွင် သူက အားကောင်းသော်လည်း ကန့်သတ်ချက် ရှိ၏။
တံတားပေါ်တွင် သူက စည်းမျဉ်းဥပဒေသများနှင့် တာအိုစည်းချက်များကို နားလည်သည့်အတွက် ကန့်သတ်ချက်ဟူ၍ မရှိတော့သလိုမျိုး သူက ပိုမိုအားကောင်းလာသည်။
ထိုအရာက ဝမ်ပေါင်လဲ့အား ခေါင်းငုံ့ကာ သူ့ခြေထောက်အောက်မှ တံတားကို ငုံ့ကြည့်သွားစေပြီး သူ့မျက်ဝန်းအထက် ထူးထူးဆန်းဆန်း အကြည့်တစ်ခု ပေါ်ထွက်လာသည်။
ဒါက ကောင်းကင်တံတားလား…
သူက ရေရွတ်လိုက်ရင်း သူ့အကြည့်များက တောက်ပလာ၏။ သူက ရှေ့တစ်လှမ်းတိုးကာ ပထမကောင်းကင်တံတားအထက် လျှောက်လှမ်းလာလိုက်သည်။
ခြေတစ်လှမ်းချင်းစီဖြင့် သူ့အာရုံခံစားမှုက ပိုမိုနက်ရှိုင်းလာပြီး နားလည်နိုင်စွမ်းက တိုးမြှင့်လာသည်။ သူ့ခန္ဓာကိုယ်က ပိုမိုအေးချမ်းလာပြီး သူ့ဝိညာဉ်ကလည်း ပိုမိုကြည်လင်လာ၏။
ဤသို့ဖြင့် သူက တံတားကို အလျင်အမြန် လျှောက်လှမ်းလာကာ သူ့အရှိန်အဝါက ပိုမိုပင် အံ့အားသင့်ဖို့ ကောင်းလာသည်။
အဆုံးသတ်၌ သူက ပထမတံတား၏ အစွန်းသို့ ရောက်ရှိသွားကာ သူ့ခန္ဓာကိုယ်အပေါ်ရှိ အရှိန်အဝါက အင်မတန်အားကောင်းနေပြီ ဖြစ်၏။ ထိုအရာက ပတ်ဝန်းကျင်ကို လှုပ်ခတ်သွားစေကာ သူ့ပတ်ဝန်းကျင်ရှိ ဝဲကတော့များကို ပိုမိုလျင်မြန်စွာ လည်ပတ်လာပြီး အားကောင်းသည့်အရှိန်အဝါတစ်ခု ထုတ်လွှတ်လာစေသည်။
ထိုအရာက ပထမတံတားဆီမှ ဆုလာဘ်၊ မိုးမြေကြားရှိ စည်းမျဉ်းဥပဒေသအပြောင်းအလဲနှင့် တာအိုစည်းချက်များစွာက ဝမ်ပေါင်လဲ့၏ စိတ်ထဲ အမှတ်အသားထားခဲ့၍ ဖြစ်သည်။
ပို၍အရေးကြီးသည်က ယခုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ပြီးပြည့်စုံသည်ဟု ဆိုရပေမည်။
ဤသည်က ကောင်းကင်လျှောက်လှမ်းခြင်း၏ ပထမတံတား ဖြစ်၏။
ထိုအရာ၏ ရည်ရွယ်ချက်က ကျင့်ကြံသူများ စကြဝဠာထဲရှိ စည်းမျဉ်းဥပဒေသနှင့် တာအိုစည်းချက်များကို ခံစားနိုင်စေဖို့ ဖြစ်သည်။ ထိုအရာက ထူးကဲသာလွန်သည့် အတွေ့အကြုံတစ်ခုမျှသာ ဖြစ်သော်လည်း ကျင့်ကြံသူ၏ တာအိုအငွေ့အသက်ကို ချဲ့ထွင်ပေးဖို့ လုံလောက်ပေသည်။ ထိုအရာက ကန့်သတ်ချက်ကို အဆုံးမဲ့အဖြစ် ပြောင်းလဲပစ်နိုင်၏။
ဝမ်ပေါင်လဲ့အတွက် ပထမတံတားက နောက်ထပ်လက်ဆောင်တစ်ခု ရှိလေသည်။ ထိုအရာက တာအိုကို အားဖြည့်ပေးခြင်းဖြစ်၏။
ဝမ်ပေါင်လဲ့က ကျောက်ပြားကမ္ဘာမှ ရောက်ရှိလာခြင်း ဖြစ်သည်။ ထိုကမ္ဘာတွင် တာအိုနှင့် စည်းမျဉ်းဥပဒေသများက မပြီးပြည့်စုံပေ။ သူက ပြီးပြည့်စုံသည့်အနေအထားသို့ ရောက်ရှိသည်ဟု ဆိုရမည်ဆိုသော်လည်း ကျောက်ပြားကမ္ဘာတွင် နေထိုင်ခဲ့သည့်အတွက် အခြေခံသဘောတရားအရ အချိန်တိုအတွင်း ပြင်ဆင်ဖို့ ခက်ခဲသည့် အသေးအဖွဲဟာကွက်တချို့ရှိနေဆဲဖြစ်သည်။
ယခုအခိုက်အတန့်တွင် သူက ပထမတံတားအစွန်းဆီ ရောက်ရှိသွားသည့်အခါ သူ့ခန္ဓာကိုယ်က တာအိုခန္ဓာဖြစ်လာပြီး သူ့ဝိညာဉ်က တာအိုဝိညာဉ်ဖြစ်လာခဲ့သည်။ အရာအားလုံးက ပြီးပြည့်စုံလာခဲ့၏။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က တုန်ယင်သွားကာ တံတားအစွန်းတွင် ရပ်ရင်း ခေါင်းမော့ကြည့်လိုက်သည်။ သူက အဝေးတစ်နေရာကို ကြည့်သည့်အခါ သူ့ရှေ့တွင် ဒုတိယမြောက်တံတားကို မြင်လိုက်ရ၏။ ထို့အပြင် ဒုတိယတံတား၏ နောက်ကွယ်တွင် ဧရာမတံတားကြီးမြောက်များစွာကိုလည်း မြင်တွေ့လိုက်ရသည်။ သူတို့က သက်တံသဖွယ် ဖြစ်နေလေ၏။
ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူပြီး သူ့ခန္ဓာကိုယ်ကို လှုပ်ရှားကာ ပထမတံတားမှ ဆင်းသွားပြီး ဒုတိယတံတားဆီ ဦးတည်လိုက်တော့သည်။