တစ်စုံတစ်ခုပြောလိုသော်လည်း ရပ်တန့်လိုက်ရတယ်
Vol. 94 Ch. 1298
အဝေးတစ်နေရာမှ ကြည့်လျှင် ဒုတိယတံတားဖြစ်စေ၊ တတိယတံတားဖြစ်စေ သို့မဟုတ် ၁၁စင်းမြောက် တံတားဖြစ်စေ ထိုအပေါ်တွင် ပုံရိပ်ယောင် ပုံရိပ်များစွာ ရှိနေလေ၏။ သို့သော်လည်း ထိုပုံရိပ်များက ဖြည်းဖြည်းချင်း နည်းသထက် နည်းပါးလာခဲ့သည်။ ၉ စင်းမြောက် တံတားပေါ်တွင် ပုံရိပ်၁၀ခုရှိပြီး ၁၀ စင်းမြောက်တံတားပေါ်တွင် ပုံရိပ်၂ခုသာရှိလေသည်။ ၁၁စင်းမြောက် တံတားပေါ်တွင် ပုံရိပ်တစ်ခုသာ ရှိ၏။
ထိုပုံရိပ်များက ဝေဝါးနေကာ သူတို့လျှောက်လှမ်းလေလေ ပိုမိုဝေဝါးလာလေလေ ဖြစ်၏။
ဝမ်ပေါင်လဲ့က ထိုပုံရိပ်ယောင်ပုံရိပ်များကို ကြည့်ရင်း ထိုအရာများက တံတားကို ဖြတ်ကျော်ဖူးသည့် လူများ ချန်ထားခဲ့သည့် တာအိုအရိပ်များ ဖြစ်နိုင်ကြောင်း သိလိုက်သည်။
“ဒါပြီးသွားရင် ဒီတံတားအပေါ်မှာ ငါ့ရဲ့တာအိုအရိပ်တစ်ခု ရှိလာမှာပဲ။” ဝမ်ပေါင်လဲ့က သူ့ကိုယ်သူ ရေရွတ်လိုက်ပြီး အလင်းတန်းအဖြစ် ပြောင်းလဲကာ ရှေ့ကို အရှိန်မြှင့်လိုက်သည်။
ပထမတံတားနှင့် ဒုတိယတံတားကြားရှိ အကွာအဝေးက ဝေးဟန်မထင်ရပေ။ သို့သော်လည်း လက်တွေ့တွင်မူ ထိုတံတားနှစ်စင်းကြားမှ အကွာအဝေးက ကြီးမားလွန်းလှ၏။ ထို့အပြင် အကွာအဝေးကြားတွင် အာကာပြင်တာအို ပါဝင်နေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ကျင့်ကြံဆင့်ဖြင့်ပင် သူ့အနေဖြင့် ရက်များစွာ ပျံသန်းသွားဖို့ လိုအပ်ပေသည်။ ထိုအခါမှသာ သူက ဒုတိယမြောက် တံတားဆီ ရောက်ရှိလိမ့်မည်။
သူက နီးကပ်လာသည့်အခါ ဒုတိယမြောက်တံတားက ရှေ့တွင် ထင်ထင်သာသာ မြင်လာရသည်။ ပထမတံတားနှင့်ယှဉ်ပါက ဒုတိယတံတားသည် ပိုမိုကြီးမား၏။ အဆများစွာ ပိုမိုကြီးမားပြီး ပိုမိုပင် ကြီးကျယ်ခမ်းနားသည်။ တစ်ချိန်တည်းဆိုသလို တံတားအောက်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က ထိုတံတားနှင့် ယှဉ်လိုက်လျှင် အရွယ်အစားက သေးနုပ်လွန်းလှ၏။ သို့သော်လည်း သူက ထိုနေရာတွင်ရပ်နေရင်း သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် အငွေ့အသက်များက ထိုဒုတိယမြောက် တံတားပင် ပိုမိုကျယ်ပြောနေသည်။
ထိုအကြောင်းအရင်းက သူသည် ဒုတိယမြောက်တံတားကို ရောက်ရှိလာသည့် တခြားသော ကျင့်ကြံသူများနှင့် ကွဲပြားနေ၍ ဖြစ်၏။ တခြားသူများက ရောက်ရှိလာသည့်အခါ သူတို့က နောက်ဆုံးအဆင့်ကို ပြီးမြောက်ဖို့အတွက် တံတားကို အသုံးပြုဖို့ လိုအပ်၏။ သို့သော်လည်း ဝမ်ပေါင်လဲ့က ကွဲပြားပေသည်။ သူ့တိုက်ခိုက်စွမ်းရည်က ကောင်းကင်လျှောက်လှမ်းအဆင့်နီးပါးအထိ ဖြစ်နေပြီး သူ့အနေဖြင့် လိုအပ်နေသည့်အရာက သူ့တိုက်ခိုက်စွမ်းရည်ကို တိုးမြှင့်ဖို့ တံတား၏ ထောက်ပံ့မှု ဖြစ်သည်။
သူက ပထမတံတားကို ဖြတ်ကျော်လာပြီးသည့်နောက်တွင် ပြီးပြည့်စုံသည့် ခံစားချက်မျိုး ရှိလာခဲ့သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါက ဒုတိယတံတားနှင့် လိုက်ဖက်ညီနေပြီး အသံကျယ်ကြီး ထွက်ပေါ်လာစေသည်။
“တကယ်ကို ထူးခြားတာပဲ” ပထမတံတားရှေ့တွင် တင်ပျဉ်ခွေထိုင်လျက်ရှိနေသည့် အဖေဝမ်က ခေါင်းမော့ကာ ဝမ်ပေါင်လဲ့ကို ကြည့်ရင်း သူ့အကြည့်၌ လေးစားမှုတို့ ပေါ်ထွက်လာသည်။ သူ့ဘေးတွင် နောက်ထပ်ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုသူက ဝမ်ရီရီ ဖြစ်ပေသည်။
သူမက ဝမ်ပေါင်လဲ့ကို ကြည့်နေရင်း သူမ၏ အကြည့်များက စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေ၏။ ထို့နောက် သူမက သူ့အဖေကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“အဖေ ဒုတိယမြောက်တံတားက…”
“ဒုတိယမြောက်တံတားက သူ့အတွက် အဟန့်အတား မဖြစ်နိုင်ဘူး။ သူ့ကို ကံကြမ္မာကောင်းပေးဖို့ အချိန်မကျသေးဘူး” အဖေဝမ်က သက်ပြင်းချကာ ရှင်းပြလိုက်သည်။
အဖေနှင့် သမီးက ပြောဆိုနေရင်း ဝမ်ပေါင်လဲ့က ခြေထောက်ကို မြှောက်ကာ ဒုတိယမြောက်တံတားကို လျှောက်လှမ်းလိုက်သည်။ သူ့ခြေထောက် ကျရောက်လာသည်နှင့် သူ့ခန္ဓာကိုယ်က လှုပ်ခတ်သွားကာ မမြင်နိုင်သည့်စွမ်းအားတစ်ခု ရှိနေသလိုမျိုး သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာကာ ဤတံတားကို လျှောက်လှမ်းဖို့ အရည်အချင်းပြည့်မှီရဲ့လား စစ်ဆေးကြည့်နေဟန်ပေါ်သည်။
ဒုတိယမြောက်တံတားမှ နတ်ဘုရားအသိစိတ် ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့၏ ဝိညာဉ်ကို လွှမ်းခြုံသွား၏။ ထိုအရာက သူ့ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် တာအိုတို့က ပြီးပြည့်စုံစွာ စစ်ဆေးကြည့်နေသည်။
ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူက ထဲထဲဝင်ဝင် စစ်ဆေးကြည့်ခံရသည်ကို သဘောမကျပေ။ သို့သော်လည်း သူက ထာဝရကြယ်စင်ကုန်းမြေအတွက် ဧည့်သည်တစ်ယောက်ဖြစ်ပြီး တံတားက ထူးကဲသည့်အချက်ကို ထည့်သွင်းစဉ်းစားခဲ့သည်။
ထို့ကြောင့် သူက သဘောမကျသော်လည်း သူ့စိတ်ခံစားချက်များကို ချိုးနှိမ်ကာ တံတားကို စစ်ဆေးခွင့်ပေးလိုက်ရသည်။
သို့သော်လည်း တံတားက စစ်ဆေးပြီးသည့်နောက်တွင် တွန်းကန်အားတစ်ခု ထုတ်လွှတ်လာခဲ့၏။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်နှင့် တာအိုတို့က ပြီးပြည့်စုံသော်လည်း သူသည် ထာဝရကြယ်စင်ကုန်းမြေမှ ကျင့်ကြံသူ မဟုတ်သည့်အတွက် တံတားအပေါ် လျှောက်လှမ်းခွင့် မရှိကြောင်း ပြသနေဟန်ပေါ်သည်။
သူက အတွန်းခံလိုက်ရစဉ် ဒုတိယမြောက်တံတားဆီမှ ကြောက်မက်ဖွယ် စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ညာဖက်ခြေထောက်ကို ပင့်မဖို့ ကြိုးစားနေဟန်ပေါ်သည်။
“ဟမ်” ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ညာဖက်ခြေထောက်က နည်းနည်းလေးမှ လှုပ်ရှားခြင်း မရှိပေ။ သူက ဘေးပတ်လည်ကို ကြည့်ပြီးသည့်နောက်တွင် ပထမတံတားရှေ့တွင် ရပ်နေသည့် ဝမ်မိသားစုမှ အဖေနဲ့ သမီးကို ကြည့်လိုက်၏။
“လူကြီးမင်း ဒီတံတားက…” ဝမ်ပေါင်လဲ့က စကားကို ဆုံးအောင် မပြောလိုက်ရပေ။
“အတားအဆီးရှိနေတယ်ဆိုရင် ငါတို့တွေ ဘာလုပ်သင့်လဲ” အဖေဝမ်က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“သတ်ရမယ်” တံတားပေါ်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က ပိုမိုခက်ထန်လာ၏။
“တကယ်လို့ သဘောမတူဘူးဆိုရင် ငါတို့တွေ ဘာလုပ်ရမလဲ” အဖေဝမ်က ထပ်မေးလိုက်သည်။
“သတ်ရမယ်” ဝမ်ပေါင်လဲ့က တုံ့ဆိုင်းခြင်း မရှိပေ။ သူက ပြန်ဖြေလိုက်ရင်း သူ့မျက်ဝန်းရှိအကြည့်တို့က ပိုမိုတောက်ပလာ၏။
“လူကြီးမင်း ကျွန်တော် နားလည်သွားပြီ။ ဒါပေမဲ့ စောစောလေးက ကျွန်တော်ပြောချင်တာကို ဆုံးအောင် မပြောလိုက်ရဘူး။ ကျွန်တော်ပြောချင်တာက ဒီတံတားကို ကျွန်တော် မတော်တဆ ဖျက်ဆီးမိခဲ့ရင် လူကြီးမင်း အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်”
အဖေဝမ်က ထိုစကားကို ကြားသည့်အခါ ကျယ်လောင်စွာရယ်မောလိုက်သည်။ သူ့ရယ်သံက အဖက်ဖက်သို့ ပျံ့နှံ့သွားပြီး သူ့အမူအရာက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။ သူက နှစ်များစွာ ဤကဲ့သို့ မရယ်မောခဲ့ဖူးပေ။
“ မင်း လုပ်နိုင်တယ်ဆိုရင် ကိစ္စမရှိဘူး”
ဝမ်ရီရီက ထိုစကားကို ကြားသည့်အခါ မှတ်ဉာဏ်ဆိုးတချို့ကို ပြန်လည်အမှတ်ရသွားဟန်ပေါ်သည်။ သူမက မျက်လုံးအပြူးသားဖြစ်လာပြီး သူမ အဖေ၏ အဝတ်ကို ဆွဲလိုက်သည်။ သူမက တစ်စုံတစ်ခု ပြောလိုသော်လည်း အဖေဖြစ်သူက ဂရုမစိုက်သည်ကို မြင်သည့်အခါ တုန်လှုပ်သွားပြီး ဘာမှမပြောတော့ပေ။
အဖေဝမ်က ကိစ္စမရှိဘူးဟု ပြောစဉ်အချိန်က ဝမ်ပေါင်လဲ့၏ အရှိန်အဝါက ပေါက်ထွက်လာခဲ့သည်။ သူက ဒုတိယတံတားက သူ့ကို တွန်းကန်နေသည်ကို ဂရုမစိုက်ပေ။ ညာဖက်ခြေထောက်ကို ချပြီးသည့်နောက်တွင် သူက ခုန်ပြီး တံတားပေါ် အောင်မြင်စွာ တက်လှမ်းလိုက်သည်။
သူ တက်လှမ်းလိုက်သည့်အချိန် ဒုတိယတံတားက လှုပ်ခတ်သွား၏။ တွန်းကန်အားက ပိုမိုအားကောင်းလာခဲ့သည်။ သို့သော်လည်း ထိုအရာက ဝမ်ပေါင်လဲ့ကို နည်းနည်းလေးမှ သက်ရောက်မှု မရှိပေ။ ဖိအားက ပိုမိုတိုးပွားလာသော်လည်း သူက အေးအေးသက်သက်သာသာ ရှိနေဆဲ ဖြစ်၏။
သူ လှမ်းလိုက်သည့်ခြေလှမ်းတိုင်းစီတွင် ဒုတိယတံတားက ပိုမိုပင် အပြင်းအထန် လှုပ်ခတ်လာသည်။ ထိုအရာက ဝမ်ပေါင်လဲ့၏ ခြေလှမ်းတိုင်းစီက သူ့ကို ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေ၏။
ထို့နောက် ဝမ်ပေါင်လဲ့၏ ခြေထောက်အောက်တွင် အက်ကြောင်းများစွာ ပေါ်ထွက်လာသည်။
တစ်ချိန်တည်းဆိုသလို တံတားမှ တွန်းကန်အားက ပေါက်ထွက်လာ၏။ ဧရာမအင်အားတစ်ခုက ဝမ်ပေါင်လဲ့ဆီ ကျဆင်းလာသကဲ့သို့ ဖြစ်၏။
သူက ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းသွားပြီး သူ့အရှိန်အဝါက ပိုမိုကြီးကျယ်ခမ်းနားလာကာ ပိုမိုအားကောင်းလာခဲ့သည်။
အဆုံးသတ်တွင် မိုးမြေက လှုပ်ခတ်သွားပြီး ထာဝရကြယ်စင်ကုန်းမြေတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားလေသည်။
သာမန်လူများက တံတားကို ဖြတ်သန်းဖို့ လေးစားသမှု ပြသရသည်။ ထူးကဲသည့်သူများကမူ တံတားကို ဖြတ်သန်းဖို့ လေးစားမှု ပြသခံရ၏။
တကယ်လို့ ငါနဲ့ သဘောမတူရင် ငါ မင်းကို ဖိနှိပ်မယ်။ ငါ့လမ်းကြောင်းကို ပိတ်ဆို့ရင် မင်းကို သတ်မယ်…
လွတ်လပ်မှုဆိုတာ ဘာလဲ။ အကြွင်းမဲ့စွမ်းအားရှိတဲ့သူကပဲ လွတ်လပ်မှုကို ရနိုင်မှာ…
ဆူဆူညံညံအသံများကြားတွင် ဝမ်ပေါင်လဲ့၏ ပုံရိပ်က ကောင်းကင်အထက် ပေါ်ထွက်လာခဲ့သည်။ အားလုံးက သူ့ခန္ဓာကိုယ်နှင့် သူ့အောက်တွင်ရှိနေသည့် တံတားကို မြင်တွေ့လိုက်ရ၏။
ယခုအချိန်တွင် ဒုတိယတံတားက အပြားအချပ်သဖွယ် ဖြစ်နေသည်။
သူက မလိုလားသော်လည်း သူ တတ်နိုင်သည့်အရာဟူ၍ မရှိပေ။ ဝမ်ပေါင်လဲ့ဝန်းကျင်ရှိ အရှိန်အဝါက ပိုမိုအားကောင်းလာ၏။ သို့သော်လည်း ဒုတိယတံတားက လက်မလျှော့သေးဘဲ တွန်းကန်အားကို ဆက်လက်ထုတ်လွှတ်နေသည်။
ယခုအခိုက်အတန့်တွင် ထာဝရကြယ်စင်ကုန်းမြေတစ်ခုလုံးက ဝမ်ပေါင်လဲ့၏ နတ်ဘုရားအသိစိတ်ထဲ ပေါ်ထွက်လာ၏။
ဤသည်က ဒုတိယတံတား၏ ထူးကဲသော အဆင့်မြှင့်တင်မှု ဖြစ်သည်။
နတ်ဘုရားအသိစိတ် ဖုံးလွှမ်းမှုက ပိုမိုကြီးမားလေလေ လက်ခံရရှိသည့် သတင်းအချက်အလက်က ပိုမိုများပြားလေလေ ဖြစ်၏။ စိတ်ဆန္ဒက ပိုမိုအားကောင်းလာလေလေ စိတ်ကို တည်ငြိမ်အောင်လုပ်ဖို့ ပိုမိုလိုအပ်လာလေလေ ဖြစ်သည်။ ယခုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ နတ်ဘုရားအသိစိတ်အတွင်း ထာဝရကြယ်စင်ကုန်းမြေတစ်ခုလုံး၏ သွင်ပြင်က ပြောင်းလဲသွားခဲ့သည်။
နယ်မြေ၇၂ခုက ရွှေရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် ဧရာမလူသန်ကြီးများ ၇၂ယောက် အသွင်ပြောင်းလဲသွားခဲ့သည်။ သူတို့က ကောင်းကင်ကို စိုက်ကြည့်နေကြ၏။ ထိုဧရာမလူသန်ကြီး တစ်ယောက်ချင်းစီတွင် အသံကျယ်ကြီးနှင့်အတူ လည်ပတ်နေသည့် စကြဝဠာ ၈ထောင် ရှိလေသည်။
စကြဝဠာတစ်ခုချင်းစီတွင် သွင်ပြင်ကွဲပြားသည့် ခက်ထန်သားရဲ ၁၀၈ကောင် ရှိလေသည်။ သူတို့က ဝမ်ပေါင်လဲ့ကို အော်ဟစ်နေကြသည်။ ပို၍အတိအကျပြောရမည်ဆိုလျှင် သူတို့က တောင်းခံနေကြသည်နှင့် ပိုမိုတူညီ၏။ ဝမ်ပေါင်လဲ့၏ အတွေးကို အာရုံခံစားမိသည့်အလား သူတို့က ဝမ်ပေါင်လဲ့အား သူတို့ကို လွတ်မြောက်အောင် လုပ်ပေးဖို့ တောင်းဆိုနေကြသည်။
တစ်ချိန်တည်းဆိုသလို ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ မြို့များကလည်း အပြင်းအထန် လှုပ်ခတ်လာကာ ကျင့်ကြံသူများက သူတို့၏ နေရာမှ ထွက်လာကြသည်။ သူတို့က ဝမ်ပေါင်လဲ့၏ ပုံရိပ်ကို အံ့ဩတကြီး ကြည့်လာကြ၏။ မြေပြင်က လှုပ်ခတ်သွားကာ ဧရာမသားရဲကြီးများ၏ ပုံရိပ်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
ထိုပုံရိပ်က ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ ကျင့်ကြံသူများဖြင့် မရင်းနှီးခြင်းမဟုတ်ပေ။ သိပ်မကြာခင် တချို့က အလန့်တကြား အော်ဟစ်လိုက်ကြ၏။
“ကောင်းကင်တံတားကို လျှောက်လှမ်းနေတဲ့ တစ်ယောက်ယောက် ရှိတယ်”
“ငါ့ဘဝမှာ နောက်ဆုံးတော့ ကောင်းကင်လျှောက်လှမ်းတဲ့သူကို မြင်တွေ့ခဲ့ရပြီ”
“အဲဒီသူက ဘယ်သူလဲ။ ဘာလို့ မရင်းနှီးတာပါလိမ့်”
ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ ကျင့်ကြံသူများအတွက် ထိုသို့သော မြင်ကွင်းက ရှားပါးသော်လည်း နှစ်တစ်လျှောက်တွင် အကြိမ်များစွာ ဖြစ်ပျက်လေ့ရှိသည်။ သို့သော်လည်း ဖြစ်ပျက်ခဲ့သည်မှာ ကြာမြင့်လွန်းသည်ဖြစ်သည့်အတွက် အများစုက ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ကြပေ။
သိပ်မကြာခင် အံ့ဩတကြီး ရေရွတ်သံများက ထာဝရကြယ်စင်ကုန်းမြေတစ်ခုလုံးအနှံ့ ပဲ့တင်ထွက်သွား၏။
ဝမ်ပေါင်လဲ့က ထိုအရာကို အာရုံမစိုက်ဘဲ နတ်ဘုရားအာရုံ၏ စွမ်းအားကို ခံစားလိုက်သည်။ သူက မြန်မြန်ဆန်ဆန် လျှောက်လှမ်းလာ၏။ သူ့အရှိန်အဝါက ပိုမိုပင် ပေါက်ထွက်လာကာ သူ့မျက်ဝန်းရှိအကြည့်တို့က မိုးမြေကိုပင် လှုပ်ခတ်သွားစေနိုင်ဟန်ပေါ်သည်။ သူက စိတ်အခြေအနေကောင်းနေပြီး အော်ဟစ်တော့မည့်ဆဲဆဲတွင် သူ့ခြေထောက် ဆင်းသက်လိုက်သည်နှင့် အသံကျယ်ကြီးက ထာဝရကြယ်စင်ကုန်းမြေ တစ်ခုလုံးအနှံ့ ပဲ့တင်ထွက်သွားပြီး တံတားက ပြိုလဲသွားခဲ့၏။
ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ သက်ရှိအားလုံးက တိတ်ဆိတ်သွားကြသည်။
ကောင်းကင်ကို မော့ကြည့်နေကြသည့်အားလုံးက အံ့ဩတကြီး ဖြစ်သွားကြ၏။
တောင်းခံနေကြသည့် ခက်ထန်သားရဲများစွာက ရုတ်ချည်း ရပ်တန့်သွားကြသည်။ သူတို့မျက်နှာအထက် အကြောက်တရား ပေါ်ထွက်လာပြီး သူတို့က ခေါင်းကို ငုံ့ကာ ထပ်မံ မအော်ဟစ်ရဲတော့ပေ။
ဝမ်ပေါင်လဲ့က ခေါင်းကိုကုတ်လျက် ပထမတံတားရှေ့တွင် ရပ်နေသည့် အဖေဝမ်ကို အားနာစွာ လှမ်းကြည့်လိုက်သည်။
“လူကြီးမင်း”
“မင်းက တကယ်ကို ပြိုလဲအောင် လုပ်ခဲ့တာပဲ” အဖေဝမ်က ပြောပြီးသည့်နောက်တွင် သက်ပြင်းချလိုက်သည်။
သူ့ဘေးတွင် ရှိနေသည့် ဝမ်ရီရီက ချောင်းအသာဟန့်လိုက်၏။ သူမက ဘာမှဝင်မပြောခဲ့ပေ။