← Chapters

စိတ်နှလုံးသားကို မေး

Vol. 94 Ch. 1299

စိတ်နှလုံးသားကို မေး

Vol. 94 Ch. 1299

“လူကြီးမင်း ကျွန်တော် ဒါကို တမင်လုပ်လိုက်တာ မဟုတ်ပါဘူး” ဝမ်ပေါင်လဲ့က အနည်းငယ် အားနာနေမိသည်။ သူက ယခင်က ပျော်ရွှင်လွန်းနေ၍ ခပ်သွက်သွက် လျှောက်ခဲ့သည့်အတွက် တံတားက ပြိုလဲသွားရခြင်း ဖြစ်လိမ့်မည်ဟု ထင်မိသွားသည်။

တစ်ချိန်တည်းဆိုသလို သူက စိတ်ဓာတ်ကျနေမိ၏။ သူက ဒုတိယမြောက် တံတားသည် ဤမျှအားနည်းလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

လက်တွေ့တွင် ဒုတိယမြောက် တံတားက အားမကောင်းခြင်း မဟုတ်ပေ။ အဆုံးသတ်တွင် ဝမ်ပေါင်လဲ့၏ လက်ရှိ တိုက်ခိုက်စွမ်းရည်က စတုတ္ထအဆင့်ကို ကျော်လွန်နေ၍ ဖြစ်၏။ ထို့ကြောင့် ဒုတိယမြောက် တံတားဆီမှ တွန်းကန်မှုက သူ့ခန္ဓာကိုယ်နှင့် စိတ်ကို ထိုအရာအပေါ် ဆက်တိုက်ဖိနှိပ်မှုကို ဖြစ်စေသည့်အတွက် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခု ဖြစ်လာခဲ့သည်။

ထိုအရာက ဝမ်ပေါင်လဲ့နှင့် ရင်ဆိုင်ရင်း  ရှုံးနိမ့်သွားခြင်း ဖြစ်၏။

“ဆက်လျှောက်” အဖေဝမ်က သက်ပြင်းချကာ လက်ဝှေ့လိုက်သည်။ ထို့နောက်  ချက်ချင်းဆိုသလို ပြိုလဲသွားသည့် ဒုတိယမြောက်တံတားက အပိုင်းအစများစွာအဖြစ် ပြောင်းလဲသွားသည်။ အချိန်ကို နောက်ပြန်ဆုတ်လိုက်သလိုမျိုး သူတို့က အဘက်ဘက်မှ ပျံသန်းလာကာ အတူတကွ ပေါင်းစည်းသွားပြီး နဂိုအနေအထားသို့ ပြန်လည်ရောက်ရှိသွား၏။

အဝေးမှကြည့်လျှင် ကောင်းကင်ယံရှိ ဒုတိယမြောက်တံတားက ကြီးကျယ်ခမ်းနားနေဆဲ ဖြစ်သည်။

မျက်စိဖြင့် မည်သို့ပင်ကြည့်စေကာမူ မပြိုလဲခင်အခြေအနေနှင့် ကွဲပြားဟန်မထင်ရပေ။ သို့သော်လည်း အနီးကပ် သေချာကြည့်ပါက ဒုတိယမြောက် တံတားအပေါ်တွင်ရှိနေသည့် အရှိန်အဝါက အနည်းငယ် အားနည်းသွားသည်ကို ခံစားမိလိမ့်မည်။

ဝမ်ပေါင်လဲ့က ပြန်လည်ကောင်းမွန်သွားသည့် ဒုတိယမြောက်တံတားသည် သူ့ကို ယခင်ကလောက် မငြင်းဆန်တော့ကြောင်း ခံစားမိလိုက်၏။ ထိုအရာက အညံ့ခံလိုက်သလိုမျိုး ဖြစ်သည်။ ထိုအရာက ကိုယ်ပိုင်စွမ်းအားကို ထိန်းချုပ်ထားပြီး ဝမ်ပေါင်လဲ့ကို လျှောက်နင်းခွင့်ပြုထားသည်။

ဤတစ်ကြိမ် ဝမ်ပေါင်လဲ့က ပိုမိုညင်သာ၏။ သူက ခြေထောက်ကို အသာကြွကာ ဂရုတစိုက် လျှောက်လှမ်းလိုက်သည်။ တံတားက ထပ်မံ မပြိုလဲတော့သည်ကို မြင်သည့်အခါ ဝမ်ပေါင်လဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ထို့နောက် သူက အဝေးတစ်နေရာတွင် ရှိနေသည့် ပိုမိုကြီးမားသည့် တတိယမြောက်တံတားကို လှမ်းကြည့်လိုက်သည်။

သူက ဒုတိယမြောက်တံတားမှ ဆင်းတော့မည့်ဆဲဆဲတွင် ….

သို့သော်လည်း ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်က ရုတ်ချည်းတုန်ယင်သွားကာ သူ့စိတ်အတွင်းပိုင်းမှ အတွေးတစ်ခုက ရုတ်ချည်း ပေါ်ထွက်လာသည်။

ထိုအတွေးက သူ ကြည့်နေသည့် နေရာမှ ဖြစ်ပေါ်လာခြင်း ဖြစ်၏။ အဝေးတစ်နေရာတွင် ပိုမိုကြီးကျယ်ခမ်းနားသည့် ကောင်းကင်လျှောက်လှမ်းတံတား ရှိနေသည်။ တတိယမြောက် တံတားဖြစ်စေ၊ စတုတ္ထမြောက် ဖြစ်စေ၊ ၈ စင်းမြောက် ဖြစ်စေ၊ ၁၁ စင်းမြောက်တံတားဖြစ်စေ ထိုတံတားအားလုံးက ပုံရိပ်ယောင်သဖွယ်ဖြစ်လာပြီး ပိုမိုဝေးကွာသွားလေသည်။ ဝမ်ပေါင်လဲ့က ထိုအရာကို ကြည့်နေရင်း သူက အင်မတန် သေးငယ်လာပြီး သူနှင့် တံတားများကြားရှိ အကွာအဝေးက အင်မတန် ကျယ်ပြန့်လာသလို ခံစားလိုက်ရသည်။

တံတားများက သူ မတက်နိုင်သည့် ဧရာမ တောင်ကြီးသဖွယ် ဖြစ်လာလေ၏။ သူက တံတားများနှင့် အရမ်းကို ဝေးကွာလွန်းလှသည်။ သူက စိတ်ကို မထိန်းချုပ်နိုင်ဘဲ ရပ်တန့်မည့် အတွေးက စိတ်ထဲ ပေါ်ထွက်လာ၏။

ထိုအတွေးက အားပြင်းပြင်းပေါ်ပေါက်လာခဲ့သည်။ ခန္ဓာကိုယ်တစ်လျှောက် ပျံ့နှံ့သွားသည့် အားကောင်းသည့် လှိုင်းတစ်ခုလို ပြောင်းလဲသွား၏။ လူတစ်ယောက်က တစ်စုံတစ်ခုကို မလုပ်လိုပါက သူ့အတွက် အကြောင်းအရင်းများစွာကို အလိုအလျောက် ရှာဖွေနေမည်ဖြစ်ကာ … ဤသည်က ဝမ်ပေါင်လဲ့အတွက်လည်း အတူတူသာ ဖြစ်၏။

သူ့စိတ်ထဲ အသံပေါင်းများစွာက ထွက်ပေါ်လာပြီး သူ့ကို ဆက်လျှောက်မသွားဘဲ ဤနေရာမှ ထွက်သွားကာ ကောင်းကင်လမ်းစဉ်ကို လက်လျှော့ဖို့ရာအတွက် ပြောဆိုနေကြသည်။

ထိုအခိုက်အတန့်၌ ဒုတိယမြောက် တံတားအစွန်းတွင်ရပ်နေသည့် ဝမ်ပေါင်လဲ့က မလှုပ်မယှက် ရပ်တန့်လိုက်သည်။ သူ့လမ်းကို တားဆီးထားသည့် မမြင်နိုင်ဖွယ် အကာအရံတစ်ခု ရှိနေသလိုမျိုးဖြစ်ကာ ထိုခြေလှမ်းကို ကျော်လွှားဖို့ အခက်တွေ့နေဟန်ပေါ်သည်။

ပထမတံတားအောက်တွင် အဖေဝမ်က မော့ကြည့်လိုက်၏။ သူ့ဘေးတွင် ဝမ်ရီရီက စိုးရိမ်သည့် အမူအရာမျိုး ရှိနေသည်။ ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ ပုံရိပ်များကလည်း အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသည်။

“စိတ်နှလုံးသားကို မေး” အဖေဝမ်က တီးတိုးရေရွတ်လိုက်၏။ သူက ဤအရာသည် ကောင်းကင်တံတားကို လျှောက်လှမ်းခြင်း၏ စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း သိထား၏။ ထိုအကြောင်းအရင်းကြောင့် သူ့အနေဖြင့် ဝမ်ပေါင်လဲ့အား တာအိုနှလုံးသားကို ပြီးပြည့်စုံအောင် လုပ်ဖို့ သတိပေးခဲ့ခြင်း ဖြစ်သည်။

သူသာ စမ်းသပ်ချက်ကို မအောင်မြင်နိုင်ပါက သူ့ကျင့်ကြံဆင့်က မည်မျှပင် မြင့်မားစေကာမူ သူ့တိုက်ခိုက်စွမ်းရည်က မည်မျှပင် အားကောင်းစေကာမူ ကောင်းကင်တံတားကို ဖြတ်ကျော်နိုင်မည် မဟုတ်ပေ။

အချိန်က ဖြည်းဖြည်းချင်းစီ ကုန်ဆုံးသွား၏။ အချိန်တော်ကြာမြင့်ပြီးသည့်နောက်တွင် ဒုတိယမြောက် တံတားအစွန်းတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လာသည်။ သူက တတိယမြောက်မှ ၁၁စင်းမြောက်တံတားအထိ လှမ်းကြည့်လိုက်ပြီး ခေါင်းကို ငုံ့ကာ သူ့ခြေထောက်ကို ကြည့်လိုက်ပြီး  ရုတ်ချည်း ပြုံးလိုက်သည်။

“ငါ့ရဲ့ စိတ်နှလုံးသားက လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတယ်။ ဘာလို့ မေးဖို့လိုနေဦးမှာလဲ” သူက ပြောလိုက်ရင်း ညာဖက်ခြေထောက်ကို ကြွကာ ဒုတိယမြောက် တံတားမှ ဆင်းလိုက်သည်။ သူက အဝေးတစ်နေရာရှိ တတိယမြောက်တံတားဆီ လျှောက်လှမ်းသွား၏။

သူ့ပထမခြေလှမ်း လှမ်းလိုက်သည့်အချိန် သူ့ဝန်းကျင်တွင် လှိုင်းတွန့်များ ထွက်ပေါ်လာသည်။ သူက ဒုတိယမြောက်ခြေလှမ်းကို လှမ်းလိုက်သည့်အခါ လှိုင်းတွန့်များက ပိုမိုအားကောင်းလာ၏။ သူက တတိယမြောက်နှင့် စတုတ္ထမြောက်ခြေလှမ်းကို လှမ်းလိုက်သည့်အချိန် အဝေးတစ်နေရာရှိ တတိယမြောက်တံတားက မှုန်ဝါးလာသည်။

သူ ရှိနေသည့် ကမ္ဘာကြီးက ပုံရိပ်ယောင်သဖွယ် ဖြစ်လာဟန်ပေါ်၏။ သို့သော်လည်း ဝမ်ပေါင်လဲ့က မရပ်တန့်ခဲ့ပေ။ သူက မျက်လုံးကို အသာမှိတ်လျက် ငါးလှမ်းမြောက်၊ ခြောက်လှမ်းမြောက်နှင့် ခုနစ်လှမ်းမြောက်တို့ကို လှမ်းလိုက်သည်။

သူ့ပတ်ဝန်းကျင်က ပိုမိုမှုန်ဝါးလာ၏။ သူက ရှစ်လှမ်းမြောက်ကို လှမ်းလိုက်သည့်အချိန် အရာအားလုံးက ပျောက်ကွယ်သွားပြီး အဆုံးမဲ့ဗလာအဖြစ် ပြောင်းလဲသွားလေသည်။ အသံဟူ၍ နည်းနည်းလေးမှ မရှိဘဲ အားလုံးက ရုတ်ချည်း ရပ်တန့်သလိုမျိုး ဖြစ်၏။ တိတ်ဆိတ်မှုအလယ်တွင် ဝမ်ပေါင်လဲ့က ကိုးလှမ်းမြောက်ကို  ဆက်လက် လှမ်းလိုက်သည်။

ထိုခြေလှမ်းကို လှမ်းလိုက်သည်နှင့် သူက ပိုင်းခြားထားသည့် အလွှာကို ဖြတ်ကျော်လိုက်သလိုမျိုး ခံစားလိုက်ရသည်။ သူက အချိန်တစ်ခုကို ဖြတ်သန်းလာပြီး တခြားကမ္ဘာမှ နောက်ထပ်ကမ္ဘာတစ်ခုကို ဝင်ရောက်လိုက်သလိုမျိုး ဖြစ်၏။ အဖက်ဖက်မှ အသံများစွာ တိုးဝင်လာသည်။

ဝမ်ပေါင်လဲ့က လမ်းကို ရပ်လိုက်ရင်း အသံများကို နားထောင်လိုက်သည်။ ထိုအသံများက ဝမ်ပေါင်လဲ့၏ စိတ်ထဲ ဝင်ရောက်လာပြီး သူက ပုံကားချပ်တစ်ခုကို အလျင်အမြန် ပုံဖော်လိုက်သည်။

ထိုအသံများအပြင် သူ့မျက်ခွံဝန်းကျင်၌ စုဝေးနေသည့် အလင်းပြောက်များစွာလည်း ရှိနေ၏။ ထိုအရာက ပိုမိုတောက်ပလာကာ သူ့မျက်ခွံအပြင်ဘက်တွင် တောက်ပသည့် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသလိုမျိုး ဖြစ်၏။

တစ်ချိန်တည်းဆိုသလို အသားရနံ့က သူ့နှာခေါင်းထဲ တိုးဝင်လာသည်။ သူက ထိုအရာနှင့် ရင်းနှီးပြီးသားဖြစ်သည့် ဝိညာဉ်ရေခဲ၏ အနံ့ကိုပင် ရရှိလိုက်သည်။

ထိုအရာအားလုံးက ဝမ်ပေါင်လဲ့အတွက် အင်မတန် ရင်းနှီးလေ၏။ သူက ထိုအရာများကို ကောင်းကောင်းမှတ်မိနေဆဲ ဖြစ်သည်။ သူက မျက်လုံး ဖွင့်မကြည့်သော်လည်း ထိုအရာသည် ကောင်းကင်တာအိုကျောင်းတော်ဆီ သွားသည့် ခရီးစဉ်မှ မှတ်ဉာဏ်များဖြစ်ကြောင်း ခံစားမိ၏။ တစ်ချိန်တည်းဆိုသလို ဝမ်ပေါင်လဲ့က တတိယမြောက်တံတား၏ အကျိုးအကြောင်းကို နားလည်လိုက်သည်။

 တတိယမြောက်တံတားက လူတစ်ယောက်၏ တာအိုနှလုံးသားကို စမ်းသပ်ခြင်း ဖြစ်၏။ သဘောတရားအရ လူတစ်ယောက်၏ မှတ်ဉာဏ်များကို စိတ်နတ်ဆိုးအဖြစ် ပြောင်းလဲပေးစေခြင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက်၏ တာအိုနှလုံးသားက ခိုင်မာနေပါက လမ်းတစ်လျှောက်လုံး လျှောက်လှမ်းသွားနိုင်လိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်၏ ဘဝက သူတို့စိတ်ထဲ ပြန်လည်ထွက်လာပြီးလာလျှင်ပင် မလှုပ်မယှက်ကျန်ရှိနေပါက တတိယမြောက်တံတားကို ဖြတ်ကျော်နိုင်လိမ့်မည်။

သူက မျက်လုံးကို ဖွင့်လိုက်သည်နှင် သူ့စိတ်ခံစားချက်များက ထွက်ပေါ်လာ၏။ တတိယမြောက်တံတားကို လျှောက်လှမ်းဖို့ရာ ဖြစ်နိုင်ချေက လျော့ကျသွားကြောင်း သိသာလှသည်။

“ဒါက ဘယ်ခေတ်ကာလမလို့လဲ။ စိတ်နတ်ဆိုးက ဒိတ်အောက်နေပြီ”

ထို့နောက် ဝမ်ပေါင်လဲ့က သက်ပြင်းချကာ ရေရွတ်လိုက်သည်။

“ပြီးတော့ ဒီလိုစမ်းသပ်ချက်တွေက စတုတ္ထအဆင့် မရောက်သေးတဲ့ ကျင့်ကြံသူတွေအတွက်ပဲ အသုံးဝင်မှာ။ ငါ့အတွက် အသုံးမဝင်ဘူး” ဝမ်ပေါင်လဲ့က အနည်းငယ် စိတ်ပျက်နေမိသည်။ သူက ခေါင်းကို အသာယမ်းရင်း အရာအားလုံးကို လျစ်လျူရှုကာ ဆက်လက် လျှောက်လှမ်းလိုက်၏။ သို့သော်လည်း သူက ခြေကြွတော့မည့်ဆဲဆဲတွင် သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်ထွက်လာသည်။

တံတားက ကောင်းကင်ကံကြမ္မာ စာအုပ်နှင့် တူညီတဲ့ မှတ်ဉာဏ်တွေကို ဆောင်ကျဉ်းပေးနိုင်တယ်ဆိုတော့ ငါ့အနေနဲ့ ငှားယူလို့ရမလား…

ဝမ်ပေါင်လဲ့က ထိုအတွေးကို တွေးရင်း စိတ်အိုက်နေသည်။  အဖေဝမ်၊ ဝမ်ရီရီနှင့်  ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိလူများကမူ တငေးတမောဖြစ်နေကြစဉ် ဝမ်ပေါင်လဲ့က နောက်တစ်လှမ်း ဆုတ်လိုက်သည်။

သူက ခြေလှမ်း၉လှမ်းကို ချက်ချင်းနောက်ဆုတ်လိုက်ပြီး နောက်ထပ်တစ်လှမ်း ရှေ့တိုးလိုက်သည်။

ဝမ်ပေါင်လဲ့က သိပ်မကျေနပ်သေးဘဲ ထပ်ခါထပ်ခါ ပြုလုပ်နေ၏။ သူက အကြိမ်များစွာ ရှေ့တိုးလိုက်နောက်ဆုတ်လိုက် ပြုလုပ်နေသည်။ သူ တွေ့ကြုံခံစားခဲ့ရသည့် မြင်ကွင်းများက ဆက်တိုက်ပြောင်းလဲနေ၏။ မူလကမ္ဘာရှိ အတိတ်ဘဝက တစ်ခုခု ပေါ်ထွက်လာသည်။ သူက အချိန်ကို နောက်ဆုတ်ခဲ့စဉ်အခါက ဖြစ်ပျက်ခဲ့သည့် ကိစ္စများကိုပင် မြင်တွေ့လိုက်ရသည်။ သူက အနက်ရောင်သစ်သား ဆင်းသက်လာသည့် မြင်ကွင်းကိုပင် မြင်တွေ့လိုက်ရ၏။ အနက်ရောင်သစ်သားပြားက ဆင်းသက်လာပြီး အာကာပြင် ထိုးဖောက်လာသည်ကို မြင်တွေ့လိုက်ရသည်။

သို့သော်လည်း ဝမ်ပေါင်လဲ့က မကျေနပ်သေးပေ။

သူက ထပ်မံ မြင်တွေ့လို၏။ သူက သူ့အစစ်အမှန်ပုံစံကို မြင်တွေ့လိုမိသည်။ သူက နက်ရှိုင်းသည့် မှတ်ဉာဏ်များထဲ ဝင်ရောက်လိုမိ၏။

ဝမ်ရီရီ၏ အမူအရာက ထူးဆန်းနေစဉ် အဖေဝမ်ကမူ ကူကယ်ရာမဲ့နေသည်။ ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ စောင့်ကြည်သူများကလည်း ကြောင်အမ်းနေကြ၏။ ရုတ်ချည်းဆိုသလို ဝမ်ပေါင်လဲ့က ရုတ်ချည်း ရပ်တန့်လိုက်သည်။ သူ့မျက်နှာအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာသည်။

“ပြီးသွားပြီ”

ဝမ်ပေါင်လဲ့က ပြုံးလိုက်ရင်းဖြင့် မျက်လုံးပွင့်လာသည်။ သူက ကောင်းကင်တာအိုကျောင်းတော်ဆီ သွားရာလမ်းတွင် မဟုတ်တော့ဘဲ ကျယ်ပြောသည့် စကြဝဠာတစ်ခုအတွင်း ရောက်ရှိနေပြီ ဖြစ်၏။

ထိုအရာက စကြဝဠာ၏ အလယ်ဗဟိုနှင့် မတူဘဲ အဆုံးသတ်နှင့် ပိုတူလေသည်။ အကြောင်းအရင်းကမူ တစ်နေရာတွင် ဧရာမတွင်းနက်ကြီးတစ်ခု ရှိနေ၍ ဖြစ်သည်။

အကယ်၍ စကြဝဠာက ဘောလုံးတစ်ခုလို ဖြစ်နေပါက ထာဝရကြယ်စင်ကုန်းမြေ၊ ဧကရာဇ်နှင့် အဆုံးမဲ့ကြယ်တာရာကောင်းကင်တို့က ထိုဘောလုံးအတွင်း ရှိနေမည် ဖြစ်ကာ ထိုတွင်းနက်ကြီးတည်ရှိရာသည် စကြဝဠာ၏ အလွန် ဖြစ်ပေမည်။

All Chapters