၁၁ စင်းမြောက် နေမင်း
Vol. 94 Ch. 1301
ကောင်းကင်လျှောက်လှမ်းတံတားနှင့် လဆုတ်ပညာရပ်တို့၏ အကူအညီဖြင့် သူ မြင်လိုက်ရသည့်အရာက စိတ်ထဲ မုန်တိုင်းထန်သွားစေသည်။ သူက စိတ်ငြိမ်အောင် ထိန်းဖို့ ခက်ခဲလာ၏။
ယခင်က သူသည် သူ့အစစ်အမှန်ပုံစံသည် အနက်ရောင်သစ်သားပြား ဖြစ်လိမ့်မည်ဟု မှန်းဆထားခဲ့သည်။ နောက်ပိုင်းတွင် အနက်ရောင်သစ်သားဆူးချွန် လက်နက်အဖြစ် ပြောင်းလဲကာ စကြဝဠာအတွင်း ရောက်ရှိလာပြီး ဧကရာဇ်၏ ကိုယ်ထဲ ထိုးစိုက်သွားခြင်း ဖြစ်၏။
ဖြစ်စဉ်တစ်ခုလုံးအတွင်း ဝမ်ပေါင်လဲ့က အသိစိတ်မရှိပေ။ ပြောရမည်ဆိုလျှင် သူ့အသိစိတ်က မွေးဖွားလာခြင်း မရှိသေးပေ။ သို့သော်လည်း ဧကရာဇ်က ပြန်လည်တိုက်ခိုက်ခဲ့ပြီး နတ်ဘုရားအသိစိတ် တစ်သိန်းကို ခွဲထုတ်လိုက်သည့်အခါ အနက်ရောင်သစ်သားဆူးချွန်တွင်လည်း ထိုကဲ့သို့ ဖြစ်လာခဲ့၏။ တစ်စုံတစ်ခုက လှုံ့ဆော်ပေးလိုက်သလိုမျိုး ကမ္ဘာတစ်သိန်းအတွင်း အနက်ရောင် သစ်သားဆူးချွန် အသိစိတ် တစ်သိန်း မွေးဖွားလာလေသည်။
ဝမ်ပေါင်လဲ့က သူတို့ထဲက တစ်ဦးဖြစ်ပြီး နောက်ဆုံးကျန်ရှိနေသည့် တစ်ယောက်တည်းသောသူ ဖြစ်၏။
သူသည် လက်ရှိကျင့်ကြံဆင့် အနေအထားသို့ ရောက်ရှိဖို့ အရည်အချင်းမှီနေခြင်း ဖြစ်သည်။ သူက သူ့အစစ်အမှန်ဇစ်မြစ်ကို စုံစမ်းဖို့ရာ အရင်းအချင်း ပြည့်မှီနေခြင်း ဖြစ်၏။ သို့သော်လည်း သူ့အိပ်မက်ထဲတွင်ပင် သူ ယခင်က သုံးသပ်ခဲ့သမျှ အရာအားလုံးက အပြောင်းအလဲကြီး ဖြစ်သွားလိမ့်မည်ဟု ထင်မှတ်မထားခဲ့ဖူးပေ။
“တကယ်လို့ ငါက အနက်ရောင်သစ်သားပြားရဲ့ အသိစိတ်ဆိုရင် ခေါင်းတလားထဲက အလောင်းက ဘာလဲ”
“တကယ်လို့ ငါက နိုးထအသက်ဝင်လာတဲ့ အနက်ရောင်သစ်သားပြား မဟုတ်ဘဲ အလောင်းကနေ ပြန်လည်မွေးဖွားလာတာဆိုရင် ငါက ဘယ်သူလဲ”
ဝမ်ပေါင်လဲ့က တိတ်ဆိတ်နေမိသည်။ သူ သိထားသည့်အပေါ် မူတည်၍ သူက စိတ်ရှုပ်ထွေးခဲ၏။ သို့သော်လည်း ယခုအခိုက်အတန့်တွင် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ သူက တတိယ ကောင်းကင်လျှောက်လှမ်းတံတားအစွန်းတွင် ရပ်နေပြီး ကြယ်တာရာကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူက တခြားသော ကောင်းကင်တံတားများကို ကြည့်နေခြင်း မဟုတ်သလို ကာလံဒေသံကို ကြည့်နေခြင်းလည်း မဟုတ်ပေ။ ထိုအစား သူက သူ့မှတ်ဉာဏ်ထဲမှ ဖြည်းဖြည်းချင်း ပျောက်ကွယ်နေသည့် ခေါင်းတလားကို ကြည့်နေခြင်းဖြစ်၏။
ထိုသို့ဆိုလျှင်ပင် သူက ထိုခေါင်းတလားသည် သူ့ဆီမှ ဝေးသည်ထက်ဝေးအောင် ရွေ့လျားသွားရင်း ပိုမိုကြည်လင်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနေဆဲဖြစ်၏။ ထိုအရာက လေဟာနယ်နှင့် ပေါင်းစည်းသွားကာ အထဲတွင် ရှိနေသည့် အလောင်းက အလျင်အမြန် ယိုယွင်းပျက်စီးသွားခဲ့သည်။
ထိုအရာက ဝမ်ပေါင်လဲ့၏ စိတ်ရှုပ်ထွေးမှုအား ပိုမိုကြီးမားလာစေ၏။
အားကြီးသည့် ကျင့်ကြံသူတစ်ယောက်အတွက် အကြည့်ကလည်း အာရုံခံစားမှု တစ်စိတ်တစ်ပိုင်း ဖြစ်၏။ သူနှင့် ထိုအလောင်းကြားတွင် ဆက်နွယ်မှုတစ်ခု ရှိနေသလိုမျိုး ဖြစ်၏။
ထိုအခိုက်အတန့်တွင် ထိုခေါင်းတလားဆီမှ မဖော်ပြနိုင်လောက်ဖွယ် ရင်းနှီးပြီးသား အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ ဝမ်ပေါင်လဲ့က ထိုဇစ်မြစ်ကို အာရုံခံကြည့်သည့်အခါ ရင်းနှီးမှုက ခေါင်းတလားဆီမှ ရောက်ရှိလာခြင်း မဟုတ်ဘဲ အထဲတွင်ရှိနေသည့် ယိုယွင်းပျက်စီးနေသော အလောင်းဆီမှ ဖြစ်နေ၏။
သူက နောက်ထပ် သူကိုယ်သူ မြင်တွေ့လိုက်ရသလိုမျိုး ဖြစ်သည်။
အလောင်း၏ သွင်ပြင်ကို ပြောဖို့ရာ ခက်ခဲသည့်အတွက် အမျိုးသားတစ်ယောက်အဖြစ်သာ ပျော်နိုင်သည်။ တစ်ချိန်တည်းဆိုသလို သူတို့ အကြည့်ချင်းဆုံသွားသည့်အခါ ဝမ်ပေါင်လဲ့၏ စိတ်ထဲတွင် အလောင်းမှ ဝမ်းနည်းမှုနှင့် နောင်တတရားတို့ ဝင်လာ၏။
အကယ်၍ လူတစ်ယောက်၏ စိတ်နှလုံးသားကို ရေကန်အဖြစ် ဖော်ညွှန်းရမည်ဆိုလျှင် နောင်တတရားနှင့် ဝမ်းနည်းမှုတို့သည် ရေကန်အတွင်း ကျရောက်လာသည့် မင်ရေပေါက်သဖွယ်ဖြစ်ကာ လှိုင်းထသွားစေသည်။ တစ်ချိန်တည်းဆိုသလို ရေကန်ကို အရောင်ဆိုးပစ်လိုက်ပြီး ဝမ်ပေါင်လဲ့၏ စိတ်အနေအထားကိုပင် သက်ရောက်မှုရှိစေသည်။
သူက အနက်ရောင်သစ်သားခေါင်းတလားကို ကြည့်နေမိ၏။ ထို့နောက် အလောင်းက ယိုယွင်းပျက်စီးသွားကာ ခေါင်းတလားကလည်း သေသေချာချာ ပိတ်ဆို့ထားသည်။ နောက်ဆုံးတွင် ထိုအရာက အနက်ရောင်သစ်သားတုံးအသွင် ပြောင်းလဲသွားခဲ့၏။
ထိုအနက်ရောင်သစ်သားတုံးက စကြဝဠာနှင့် ဆက်နွယ်မှုတစ်ခု ဖန်တီးထားကာ မဟာတာအိုအဆီအနှစ် ကိန်းအောင်းနေသည်။
ဝမ်ပေါင်လဲ့က တတိယမြောက် တံတားအစွန်းတွင် တိတ်ဆိတ်ရင်း ရပ်နေမိ၏။ သူ့မှတ်ဉာဏ်များက ဖြည်းဖြည်းချင်း ဝေဝါးသွားခဲ့သည်။
အဖေဝမ်ကလည်း တိတ်ဆိတ်နေသည်။ သို့သော်လည်း သူ့အကြည့်များက တောက်ပနေသည်။ သူ့ဘေးနားတွင်ရှိနေသည့် ဝမ်ရီရီက ဝမ်ပေါင်လဲ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ သူမက အဖေဝမ်ကို ကြည့်ကာ မေးလိုက်သည်။
“အဖေ ဒါက ဘာဖြစ်သွားတာလဲ”
“သူက ငါ့ကို တကယ် အံ့အားသင့်စေတာပဲ” သူက ပြောလိုက်သည်။
“အံ့အားသင့်စေတာလား” ဝမ်ရီရီက အံ့အားသင့်သွား၏။
သူမက အဖေဝမ်အကြောင်း ကောင်းကောင်းသိထားသလို စကြဝဠာထဲမှ သူ့ရာထူးအနေအထားအကြောင်းလည်း သိထားသည်။ ထို့ကြောင့် သူမက အဖေဝမ်ဆီမှ အံ့အားသင့်စရာကောင်းသည်ဟု ကြားသည့်အခါ အလွန်အံ့အားသင့်သွားမိခြင်း ဖြစ်၏။
“သူက ငါ့ကို တစ်စုံတစ်ယောက်ကို အမှတ်ရသွားစေတယ်” အဖေဝမ်က နောက်ထပ် ဆက်မပြောတော့ပေ။ အကြောင်းအရင်းကမူ တတိယတံတားအစွန်းတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့၏ မျက်ဝန်းထဲ စိတ်ရှုပ်ထွေးမှုတို့က ပျောက်ကွယ်သွားခဲ့၏။ ခြေတစ်လှမ်းဖြင့် သူက တတိယတံတားမှ ဆင်းလာကာ စတုတ္ထတံတားဆီ လျှောက်လှမ်းသွားလိုက်သည်။
သူက စတုတ္ထမြောက် တံတားနှင့် နီးကပ်လာစဉ် ဝမ်ပေါင်လဲ့၏ ခြေလှမ်းက ပိုမိုတည်ငြိမ်လာကာ မျက်ဝန်းထဲရှိ စိတ်ရှုပ်ထွေးမှုတို့က ပိုမိုလျော့နည်းသွားသည်။
“ငါက အနက်ရောင်သစ်သားပြားရဲ့ အသိစိတ်ဆိုရင်လည်း ကိစ္စမရှိဘူး။ အမည်မသိ အလောင်းရဲ့ ပြန်လည်မွေးဖွားမှုဆိုရင်လည်း ကိစ္စမရှိဘူး။ ဒါတွေအားလုံးက အရေးမကြီးဘူး။ အတိတ်နဲ့ အနာဂတ်ကိုတောင် ရီရီဆီ ပေးခဲ့သေးတာပဲ။
ငါက ဘယ်သူလဲ ဘယ်နေရာ ရောက်လာတာလဲဆိုတာ အရေးကြီးလို့လား။ ငါက ဝမ်ပေါင်လဲ့ပဲ။ ငါ့ရဲ့ တာအိုက လွတ်လပ်တယ်။ ဒီလိုဆိုရင် ဘာလို့များ စိတ်အနှောင့်အယှက်အဖြစ်ခံရမှာလဲ” ဝမ်ပေါင်လဲ့က ရေရွတ်ရင်း ရှေ့တိုးသွားလိုက်သည်။ ထို့နောက် ထာဝရကြယ်စင်ကုန်းမြေအနှံ့ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာကာ သူက စတုတ္ထမြောက်တံတားအစတွင် ရပ်လိုက်သည်။
အသံကျယ်ကြီးများက ကြည်လင်ပြတ်သားနေပြီး မငြိမ်းသက်နိုင်ဖွယ် မီးတောက်တစ်ခု ကိန်းအောင်းနေဟန်ပေါ်သည်။
“တကယ့်ကို စိတ်နှလုံးသား စမ်းသပ်ဖို့ နည်းလမ်းကောင်းပဲ။ ကောင်းကင်တံတားကို ဖြတ်ကျော်ရတာ ကောင်းသားပဲ” စတုတ္ထမြောက် တံတားအစွန်းတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့ကို ဘာမှစွဲကိုင်မထားသကဲ့သို့ တုန်လှုပ်နေမှု မရှိတော့ပေ။ သူ့ဝိညာဉ်တစ်ခုလုံးက သန့်စင်သွားပြီး ပိုမိုဆုံးဖြတ်ချက်ပြတ်သားလာလေသည်။ သူက ရှေ့တစ်လှမ်းတိုးကာ စတုတ္ထမြောက်တံတားအပေါ် လျှောက်လှမ်းလိုက်၏။
ထိုစဉ် သူ့ပုံရိပ်က အင်မတန် မြင့်မားလာဟန်ပေါ်သည်။ သူ့ခြေလှမ်းများက တည်ငြိမ်နေပြီး သူ့အရှိန်အဝါက ပေါက်ကွဲလုမတတ် ဖြစ်နေသည်။ ထို့နောက် နားကွဲလုမတတ် အသံကျယ်ကြီး ပဲ့တင်ထွက်လာကာ ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိလူများ၏ အမြင်တွင် တံတားက အပြားအချပ်သဖွယ် ဖြစ်နေ၏။ တံတားအပေါ်ရှိ ပုံရိပ်က အာရုံအဖမ်းစားနိုင်ဆုံး ဖြစ်၏။
သူက ရှေ့တိုးသွားရင်း သူ့အရှိန်အဝါက ပိုမိုပင် တုန်လှုပ်ဖို့ ကောင်းလာသည်။ ထိုအရာက ထာဝရကြယ်စင်ကုန်းမြေအပေါ် အသံကျယ်ကြီးများ ထွက်ပေါ်လာစေပြီး ပိုမိုပြင်းထန်လာ၏။ သူက စတုတ္ထမြောက်တံတားအစွန်းသို့ ရောက်ရှိသွားသည့်အခါ ခန္ဓာကိုယ်မှ အတက်အကျလှိုင်းက ကြယ်စင်များကိုပင် ဖရိုဖရဲဖြစ်သွားစေသည်။ သူ့ခန္ဓာကိုယ်မှ အင်မတန်စူးရှသည့် အလင်းရောင်တစ်ခုထွက်ပေါ်လာ၏။
ပြောရမည်ဆိုလျှင် ထာဝရကြယ်စင်ကုန်းမြေပေါ်တွင် နောက်ထပ်နေမင်းတစ်စင်းမွေးဖွားလာသကဲ့သို့ ဖြစ်သည်။
တစ်ချိန်တည်းဆိုသလို ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ နေမင်းဆယ်စင်းထဲ နေမင်း ရှစ်စင်းက ထိုနေမင်းနှင့် မယှဉ်နိုင်သည့်အလား ဝေဝါးလာ၏။
ထိုအရာအားလုံးက ထာဝရကြယ်စင်ကုန်းမြေတစ်ခုလုံးကို လှုပ်ခတ်သွားစေသည်။ ကျင့်ကြံသူများစွာက ဝမ်ပေါင်လဲ့သည် စတုတ္ထတံတားအပေါ် နင်းလျှောက်သွားသည်ကို အံ့အားသင့်ကာ ဆွံ့အသွားကြသည်။
သူ့ခန္ဓာကိုယ်ပေါ်မှ အလင်းတန်းက ပိုမိုမျက်စိစူးလာပြီး ပဉ္စမမြောက်တံတားဆီ ဦးတည်လိုက်သည်။
သူက ပဉ္စမမြောက် တံတားအဆုံးဆီ ချဉ်းကပ်လာသည့်အခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှ အလင်းတန်းက ပိုမိုပင် တောက်ပလာ၏။ ထာဝရကြယ်စင်ကုန်းမြေပေါ်တွင် ၁၁စင်းမြောက်နေမင်း မွေးဖွားလာမှုက ပိုမိုရှင်းလင်းလာသည်။ ဝမ်ပေါင်လဲ့က ပဉ္စမမြောက်တံတားအဆုံးသို့ ရောက်ရှိသွားသည့်အခါ ထာဝရကြယ်စင်ကုန်းမြေက အပြင်းအထန် လှုပ်ခတ်သွားခဲ့သည်။
ခက်ထန်သားရဲများက အော်ဟစ်ပြီး ကျင့်ကြံသူများစွာ၏ စိတ်ထဲကလည်း တုန်ယင်နေကြသည်။ ၁၁စင်းမြောက် နေမင်းက ကောင်းကင်ကို လှုပ်ခတ်စေပြီး အဖက်ဖက်သို့ တောက်ပနေလျက် ရှိသည်။
“ဒီကလေးက မရိုးရှင်းဘူးပဲ” အဖေဝမ်၏ အကြည့်က တောက်ပလာပြီး တီးတိုးရေရွတ်လိုက်သည်။ ဝမ်ပေါင်လဲ့အပေါ် သဘောကျမှုက ပိုမိုမြင့်မားသွားခဲ့၏။
“နှလုံးသားရှာဖွေရေး စမ်းသပ်မှုကတော့ အောင်မြင်သွားပြီ။ နောက်တစ်ခုက တာအိုရှာဖွေဖို့ပဲ”