စတင်တော့မည့်ဆဲဆဲ
Vol. 94 Ch. 1307
ကြယ်တာရာကောင်းကင်ကြီးကို အရာအားလုံးမှ ပိုင်းခြားထားသည်။ နှစ်များတွင် ကြာသည့်တိုင် ထိုနေရာထံ မည်သူကမှ ဝင်ရောက်နိုင်စွမ်း မရှိခဲ့ပေ။ ထိုအရာက စကြဝဠာအတွင်း တားမြစ်ဇုန်တစ်ခုလို ဖြစ်နေခဲ့သည်။
သို့သော် ယခုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့က ရင်းနှီးပြီးသား ခံစားချက်နှစ်ခုကို ရှင်းရှင်းလင်းလင်း ခံစားမိလိုက်ပြီး တိတ်ဆိတ်စွာဖြင့် မျက်လုံးကို အသာမှိတ်ထားလိုက်သည်။ သူ့နှလုံးသားထဲ အားကောင်းသည့် အသိစိတ်တစ်ခု ပေါ်ထွက်လာ၏။ ထိုတည်နေရာဆီ လှမ်းကြည့်လိုက်ရင်း သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က အတူတကွ ပေါင်းစည်းသွားသလို ဖြစ်၏။
ထိုပေါင်းစည်းမှုက ပြီးပြည့်စုံစွာ ပေါင်းစည်းမှုဖြစ်ပြီး သူက ကြယ်တာရာကောင်းကင်ကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။
ထိုအကြောင်းအရင်းအတွက်ကမူ ထိုရင်းနှီးပြီးသား ခံစားချက်နှစ်ခုက စကြဝဠာထဲ တိကျသည့် နေရာတွင်ရှိနေသကဲ့သို့ ဖြစ်၏။ တစ်ခုက သူ့ခန္ဓာကိုယ်အစစ်မှ ဖြစ်ပေါ်လာကာ တခြားတစ်ခုက သူ ပေါင်းစည်းထားသည့် ကျောက်ပြားကမ္ဘာဆီမှ ဖြစ်၏။
ကျောက်ပြားကမ္ဘာကို ယခင်က အဆုံးမဲ့တာအိုနယ်မြေဟု ခေါ်ဆိုခဲ့သည်။ ပြောရလျှင် ဧကရာဇ်က သူ့နတ်ဘုရားအသိစိတ်တစ်သိန်း ခွဲခြားထားသည့်အထဲမှ တစ်ခု ဖြစ်၏။ ထို့ကြောင့် သေချာသည့် အနေအထားအရ ထိုအရာသည် ကျောက်ပြားကမ္ဘာဖြစ်စေ သို့မဟုတ် ဧကရာဇ်ကိုယ်ပွားဖြစ်စေ သူတို့အားလုံးက ဧကရာဇ်၏ အစိတ်အပိုင်းသာ ဖြစ်ကြသည်။
အဆုံးမဲ့တာအိုနယ်မြေအတွင်း မွေးဖွားလာသည့် ဧကရာဇ်၏ နတ်ဘုရားအသိစိတ်က အဆုံးမဲ့တာအိုနယ်မြေဖြင့် ပေါင်းစည်းသွားကာ ပဟေဠိအပိုင်းအစတစ်ခုလို ဖြစ်လာပြီး မူလစကြဝဠာ တာအိုနေရာဆီ ပြန်လည်ရောက်ရှိလာကာ အစစ်အမှန်ဧကရာဇ်၏ ခန္ဓာကိုယ်ဖြင့် ပေါင်းစည်းသွားလိမ့်မည်။
ဤသည်က ဧကရာဇ်၏ ပြန်လည်ကောင်းမွန်လာမှုအတွက် သော့ချက် ဖြစ်၏။
ဝမ်ပေါင်လဲ့ကမူ မတော်တဆတစ်ခုသာ ဖြစ်သည်။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ သူနှင့် ဧကရာဇ်ကြားတွင် နီးကပ်သည့် ဆက်နွယ်မှုမျိုး ရှိနေဆဲ ဖြစ်၏။ ထိုဆက်နွယ်မှုမျိုးက ဝမ်ပေါင်လဲ့အား သူ့ဇစ်မြစ်ကို ထောက်ပြနိုင်ဖို့ အခက်တွေ့စေသည်။
သူက အနက်ရောင်သစ်သား၏ နတ်ဘုရားအသိစိတ်မျှင်ဖြစ်သလို အစစ်အမှန်ဧကရာဇ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်နေခဲ့သည်။
ခဏအကြာတွင် ဒဿမမြောက်တံတားတွင် ရပ်နေသည့် ဝမ်ပေါင်လဲ့က မျက်လုံးဖွင့်လာ၏။ သူက ဆက်လက် လျှောက်လှမ်းမည့် အတွေးကို လက်လျှော့လိုက်သည်။ အကယ်၍ သူသာ ဆက်လက်လျှောက်လှမ်းနေပါက ကြည့်ကောင်းရုံသာ ဖြစ်လိမ့်မည်။
သူက အထဲဝင်ရောက်လိုက်သည်နှင့် ဧကရာဇ်၏ အာရုံကို ချက်ချင်း ဖမ်းယူနိုင်လိမ့်မည်။ ပြောရလျှင် အမှောင်ထုအတွင်း မီးတောက်တစ်ခု ပေါ်ထွက်လာခြင်းက အရမ်းကို သိသာလှသည်။
ထိုသိသာမှုက ဝမ်ပေါင်လဲ့အတွက် အကျိုးကျေးဇူး မရှိပေ။ အနှစ်ချုပ်အားဖြင့် ကိစ္စဆိုးများစွာ ဖြစ်လာနိုင်၏။ ဧကရာဇ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နေသော်လည်း သူ့အသိစိတ်က ရှိနေဆဲ ဖြစ်၏။ ဝမ်ပေါင်လဲ့က သူသည် ထင်ထင်သာသာ အမူအရာဖြင့် ဝင်ရောက်ခဲ့လျှင် အိပ်စက်နေသည့် ဧကရာဇ်ကို နိုးထလာစေမည်လားလည်း မသိပေ။
အသေချာဆုံးနည်းလမ်းက ထိုနေရာဆီ လျှို့ဝှက်နိုင်သမျှ လျှို့ဝှက်ကာ ဝင်ရောက်နိုင်ဖို့ ဖြစ်၏။ ထိုအတွေးဖြင့် ဝမ်ပေါင်လဲ့က ခေါင်းကို ငုံ့ထားလိုက်သည်။ ဒဿမမြောက်တံတားတွင် ရပ်နေသည့် ပုံရိပ်က ဖြည်းဖြည်းချင်း ဝေဝါးသွားလေ၏။ သို့သော်လည်း နောက်အခိုက်အတန့်တွင် အဖေဝမ်၏ ရှေ့တွင် သူ့ပုံရိပ်က ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။
ဝေဝါးနေခြင်းနှင့် ပေါ်ထွက်လာခြင်းတို့က တစ်ပြိုင်တည်း ဖြစ်နေ၏။ ပြောရမည်ဆိုလျှင် လက်နှစ်ဖက်တွင် တစ်ဖက်က ခဲဖျက်ကိုင်ကာ တစ်ဖက်က စုတ်တံကို ကိုင်ထားသကဲ့သို့ ဖြစ်နေသည်။
ထိုမြင်ကွင်းက မထူးဆန်းလှပေ။ သို့သော်လည်း စကြဝဠာအတွင်း ထိုသို့လုပ်နိုင်သည့်သူတချို့သာ ရှိ၏။ ထိုအရာက ကာလံဒေသံ၊ သေခြင်းရှင်ခြင်းနှင့် အနည်းဆုံးတာအို၆ခု၏ အသုံးပြုမှု ပါဝင်နေသည်။ တစ်ခုချင်းစီက ဇစ်မြစ်စွမ်းအားကို လိုအပ်၏။
တာအိုများစွာကို အသုံးပြုပြီး ဤသို့ ရိုးရှင်းသည့်ကိစ္စကို ပြုလုပ်နိုင်ခြင်းက ပဉ္စမအဆင့်ရှိထားသည့် စွမ်းအားကြီး ပုဂ္ဂိုလ်များကသာ အလွယ်တကူ ပြီးမြောက်နိုင်လိမ့်မည်။
စတုတ္ထအဆင့်က တာအိုတစ်ခု၏ ဇစ်မြစ်ကို ထိန်းချုပ်ဖို့ ဖြစ်၏။ ပဉ္စမအဆင့်ကမူ စကြဝဠာ၏ တာအိုအားလုံးကို အသုံးပြုဖို့ရာ ဖြစ်သည်။
ဤသို့ဖြင့် ဝမ်ပေါင်လဲ့၏ ပုံရိပ်က ဒဿမမြောက်တံတားပေါ်မှ ပျောက်ကွယ်သွားသည့်အခါ ပထမတံတားအောက်တွင် သေချာပေါ်ထွက်လာလေသည်။ သူက အသက်ပြင်းပြင်းရှူကာ အဖေဝမ်ကို လက်နှစ်ဖက်ယှက်ကာ ဦးညွှတ်လိုက်သည်။
“လူကြီးမင်းကို ကျေးဇူးတင်ပါတယ်”
ဝမ်ရီရီက အကြည့်များ တောက်ပလာ၏။ သူမက တစ်စုံတစ်ခု ပြောလိုသော်လည်း သူမ ဘေးတွင် ရှိနေသည့် အဖေနှင့် ဦးလေးကို ကြည့်ပြီး ဘာမှမပြောတော့ပေ။ စစ်ထူအတွက်မူ သူက ဝမ်ပေါင်လဲ့ကို အပြုံးဖြင့် ကြည့်လိုက်ပြီးသည့်နောက်တွင် ဝမ်ရီရီကို တစ်ချက်ကြည့်ကာ ချောင်းအသာဟန့်ပြီး ဘာမှမပြောတော့ပေ။
အဖေဝမ်၏ အမူအရာကလည်း တည်ငြိမ်နေလေ၏။ သူ့အကြည့်က ဝမ်ပေါင်လဲ့အပေါ် ကျရောက်နေသည်။ သူ့အကြည့်တစ်ချက်ဖြင့် ဝမ်ပေါင်လဲ့၏ တစ်ကိုယ်လုံးကို ထိုးဖောက်မြင်လိုက်သလိုမျိုး ဖြစ်၏။
ဝမ်ပေါင်လဲ့ကလည်း အံ့အားသင့်သွားလေသည်။ သို့သော် သူက အလျင်အမြန် စိတ်ငြိမ်သွားပြီး သူ့အကြည့်ကို မတားဆီးခဲ့ပေ။
ခဏအကြာတွင် အဖေဝမ်က ခေါင်းညိတ်ကာ ပြောလာခဲ့သည်။
“မင်း ဘယ်တော့သွားမှာလဲ”
ထိုမေးခွန်းက ရုတ်ချည်း ဆန်လွန်းသော်လည်း ဝမ်ပေါင်လဲ့ကမူ သူသည် မူလစကြဝဠာတာအိုနေရာဆီ ဘယ်တော့သွားမှာလဲဟု မေးမြန်းနေမှန်း နားလည်လိုက်သည်။
သူက ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် တီးတိုးပြောလိုက်၏။
“သိပ်မကြာခင် သွားဖို့ စီစဉ်ထားပါတယ်”
“ဘယ်လိုလဲ” အဖေဝမ်က ထပ်မေးလိုက်သည်။
“ကျွန်တော်ဘေးမှာ အဲကနေ ကူးသန်းထွက်လာဖူးတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ်။ အဲဒါကြောင့် သူ ပြန်သွားဖို့ သဲလွန်စတွေ ရှိနေမှာပဲ။ တကယ်လို့ ကျွန်တော်သာ သဲလွန်စအတိုင်း လိုက်မယ်ဆိုရင် အဲဒီကို ရောက်နိုင်တယ်” ဝမ်ပေါင်လဲ့က သူ့အတွေးကို ဖုံးကွယ်ထားခြင်း မရှိဘဲ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
အဖေဝမ်က ခေါင်းအသာယမ်းလိုက်၏။
“တခြားသူတွေ သုံးတဲ့ နည်းလမ်းက မလုံခြုံဘူး”
ခေတ္တမျှ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သူက ညာဖက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို လေထုထဲ အစိမ်းရောင်ကျောက်စိမ်းပြားတစ်ခု ပေါ်ထွက်လာ၏။ သူက ဝမ်ပေါင်လဲ့ဆီ ပေးလိုက်သည်။
ဝမ်ပေါင်လဲ့က ထိုအရာကို ဆုပ်ကိုင်ပြီး အဖေဝမ်ကို ကြည့်လိုက်၏။
“ဒီနည်းလမ်းက တာအိုနေရာဆီ ဝင်ရောက်ဖို့ အိပ်မက်တွေကို သုံးတာပဲ။ သေချာတဲ့အနေအထားအထိ ကျင့်ကြံသူတွေရဲ့ အိပ်မက်တွေက အစစ်အမှန် ဖြစ်လာနိုင်တယ်။ ဒါက တိတ်တဆိတ်သွားလာဖို့ အသင့်တော်ဆုံးပဲ။ လူတစ်ယောက်ရဲ့ ချီကို ဖုံးကွယ်ထားဖို့လည်း ပိုပြီးတော့ သင့်တော်တယ်။ မူလစကြဝဠာတာအိုရဲ့ ကောင်းကင်ယံထဲမှာ ရှိတဲ့လူက စကြဝဠာရဲ့ ပထမဦးဆုံးခေတ်ကာလအတွင်းမှာ မွေးဖွားလာတဲ့သူပဲ။ သူနဲ့ ယှဉ်လိုက်ရင် ငါတို့တွေက နောက်လူတွေ။
ငါတို့တွေ တာအိုဆီ ရောက်တဲ့အခါမှာ သူက အိပ်စက်နေပြီ။ သူက အိပ်စက်နေဆဲဆိုပေမဲ့ သူ ရှိတဲ့နေရာကို တစ်ခါမှ မရောက်ခဲ့ဖူးဘူး။
မင်းနဲ့ သူ့ကြားမှာ ကံအကြောင်းတရား ရှိတယ်။ ရလဒ်အနေနဲ့ တခြားသူတွေက ဝင်ရောက်စွက်ဖက်ဖို့ အသုံးမဝင်ဘူး။ ဒါက မင်းရဲ့ ကိုယ်ပိုင်ကိစ္စ မင်းရဲ့တာအိုပဲ။ အဲဒါဆိုတော့ မင်းကိုယ်တိုင် ဖြေရှင်းဖို့ လိုတယ်။ အောင်မြင်မယ်ဆိုရင် အခုကစပြီးတော့ လွတ်လပ်သွားလိမ့်မယ်”
အဖေဝမ်၏ စကားအဆုံးတွင် အဝေးတစ်နေရာကို လျှောက်လှမ်းသွားခဲ့သည်။ သူ့ဘေးတွင် ရပ်နေသည့် စစ်ထူက ဝမ်ပေါင်လဲ့ကို ပြုံးကာ ကြည့်လိုက်၏။ သူက ပြောတော့မည့်ဆဲဆဲတွင် အဝေးတစ်နေရာတွင် ရှိနေသည့် အဖေဝမ်က ဖြည်းဖြည်းချင်း ပြောလာခဲ့သည်။
“စစ်ထူ သေရည်က နွေးနေပြီ။ ငါတို့ နောက်ကျမှပြန်ရင် အရသာမကောင်းဘဲ နေလိမ့်မယ်”
စစ်ထူက ထိုအရာကို ကြားသည့်အခါ အားပါးတရ ရယ်မောလိုက်သည်။ သူက အဖေဝမ်ဆီ လျှောက်လှမ်းသွား၏။
ပထမတံတားအောက်တွင် ဝမ်ပေါင်လဲ့နှင့် ဝမ်ရီရီသာ ကျန်ရှိတော့သည်။
“ပေါင်လဲ့” ဝမ်ရီရီက တီးတိုးခေါ်လိုက်သည်။
“မမလေး ကျွန်တော်နဲ့အတူ လမ်းလျှောက်ချင်လား” ဝမ်ပေါင်လဲ့က ဝမ်ရီရီကို ကြည့်ရင်း ပြုံးလိုက်သည်။ ဝမ်ရီရီကလည်း ဝမ်ပေါင်လဲ့ကို ကြည့်ပြီးသည့်နောက်တွင် သူမ မျက်နှာအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာ၏။
“မင်းက ဘယ်သွားမှာလဲ”
“ကျွန်တော် ဂိုဏ်းတူအစ်ကိုကြီးကို သွားကြည့်ချင်တယ်”
“ငါ မင်းကို အဖော်ပြုပေးမယ်”
နေဝင်သွားသည့်အချိန် ကောင်းကင်လျှောက်လှမ်းတံတားက ဖြည်းဖြည်းချင်း တည်ငြိမ်သွားပြီး ထာဝရကြယ်စင်ကုန်းမြေအပေါ်ရှိ လူများစွာကလည်း အကြည့် ပြန်ရုတ်သိမ်းသွားကြသည်။ သူတို့၏ခံစားချက်များက လှုပ်ခတ်နေဆဲဖြစ်သော်လည်း ကောင်းကင်လျှောက်လှမ်းခြင်းက ပြီးဆုံးသွားကြောင်း သိထားကြ၏။
သူတို့ မမြင်နိုင်သည့် ပထမတံတားအောက်တွင် ဝမ်ပေါင်လဲ့နှင့် ဝမ်ရီရီတို့က နေဝင်ရာအရပ်ကို မျက်နှာမူရင်း ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားလေသည်။ ထိုအရာက လှပသည့် မြင်ကွင်းတစ်ခု ဖြစ်၏။
ထိုမြင်ကွင်းက နွေးထွေးမှုအပြည့် ဖြစ်နေသည်။ ရှေးကျသည့် ကောင်းကင်လျှောက်လှမ်းတံတားကပင် နောက်ခံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာဟန်ပေါ်၏။
သူတို့က မိတ်ဆွေရောင်းရင်းများ သဖွယ် တစ်ယောက်နှင့်တစ်ယောက် အရမ်းနီးကပ်နေခြင်း မရှိလှပေ။ သူတို့ အဝေးတစ်နေရာဆီ လျှောက်လှမ်းသွားသည့်အခါ အရိပ်များက ဆက်နွယ်သွားသလိုမျိုး ဖြည်းဖြည်းချင်းစီ ရှည်လျားလာသည်။