အိပ်မက်တာအို
Vol. 94 Ch. 1308
ထာဝရကြယ်စင်ကုန်းမြေပေါ်ရှိ ၃၉ခုမြောက် ပိုင်နက်ထဲတွင် သေမျိုးတိုင်းပြည် တစ်ရာကျော် ရှိလေသည်။ ထိုပိုင်နက်ထဲရှိ မြို့တိုင်းက တိုင်းပြည်ငယ်ဟု မှတ်ယူနိုင်၏။
ထိုတိုင်းပြည်ငယ်အတွင်း အုပ်ချုပ်သူရှိသည့်အခါ ဘုရင်လည်း ရှိလိမ့်မည်။
သို့သော်လည်း တခြားသော တိုင်းပြည်ငယ်များဖြင့် ယှဉ်ပါက ၃၉ခုမြောက် ပိုင်နက်အတွင်း ကျောက်ဟုခေါ်ဆိုသည့် ၄၃ခုမြောက် မြို့တော်က တခြားသောတိုင်းပြည်များဖြင့် ကွဲပြားနေသည်။ ထိုနေရာများတွင် ဘုရင် တစ်ယောက်သာ ရှိ၏။
အချိန်မည်မျှကုန်ဆုံးသွားစေကာမူ၊ မင်းဆက် မည်မျှပြောင်းလဲသွားစေကာမူ ဘုရင်က ဘယ်သောအခါမှ ပြောင်းလဲမသွားပေ။ အုပ်ချုပ်သူက နန်းပလ္လင်ကို မည်သည့်မျိုးဆက်က တက်စေကာမူ ဘုရင်ကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမည်သာဖြစ်၏။
တခြားသော တိုင်းပြည်များမှ ကျူးကျော်ခြင်းခံရပြီး တော်ဝင်သွေးမျိုးဆက်က အစားထိုးခံရလျှင်ပင် သူတို့က တိုင်းပြည်၏ နာမည်ကို ပြောင်းလဲကာ သေခြင်းတရားကို ရှာဖွေမနေဘဲ ကျောက်တိုင်းပြည်အဖြစ် အသုံးပြုဖို့ ရွေးချယ်နေသရွေ့ အရာအားလုံးက ပုံမှန်သာ ဖြစ်နေလိမ့်မည်။
ထို့ကြောင့် မြို့တော် ၄၃ခုအတွင်း လှည့်ပတ်နေသည့် ကောလဟာလတချို့ ရှိခဲ့ဖူးသည်။
စစ်ထူအိမ်တော်ကို ရန်ပြုမည့်အစား တော်ဝင်မိသားစုကို ရင်ဆိုင်ကြည့်သည်က ပို၍ကောင်းပေသည်။
ဘုရင်၏ စံအိမ်က စစ်ထူ၏ အိမ်တော်ဖြစ်၏။ ထိုအရာက တော်ဝင်နန်းတော်လောက် နေရာယူထားခြင်းမရှိသလို သိပ်တော့ မကွာခြားပေ။ ကျောက်စိမ်းနံရံများက အင်မတန် ခန့်ညားပြီး အစောင့်များနှင့် အစေခံမိန်းမပျိုလေးများပင် ရှိလေသည်။
သီဆိုကခုန်သူများအတွက်လည်း အတူတူသာ ဖြစ်၏။ သေမျိုးတိုင်းပြည်၏ ဘုရင်က ကခုန်ခြင်းနှင့် တေးသီချင်းနားထောင်ရခြင်းကို သဘောကျသည့်အတွက် သူတို့အရေအတွက်က အစောင့်နှင့် မိန်းမပျိုအရေအတွက်ကိုပင် ကျော်လွန်နေခဲ့သည်။ ဤသည်က စံအိမ်အတွင်း မိန်းမလှလေးများဖြင့် ပြည့်နှက်သွားစေ၏။ သူတို့က လေထဲမှ ငှက်လေးများသဖွယ် ဖြစ်ကာ ကမ္ဘာတွင် အပျော်ဆုံးနေရာတစ်ခု ဖြစ်နေသည်။
ဘုရင် မရှိသည့်အခါ စံအိမ်တစ်ခုလုံးက ရယ်မောသံ၊ သီဆိုသံနှင့် ကခုန်မှုများဖြင့် ပြည့်နှက်နေလေ၏။ သူတို့ကခုန်ပြနေသည့်သူက ပင်မခန်းမအလယ်တွင် ထိုင်နေသည့် လူငယ်လေးတစ်ဦးအတွက် ဖြစ်၏။
ခန်းမကြီးက တော်ဝင်နန်းတော်နှင့် တူသည်။ ထိုအရာကို နဂါးရစ်ပတ်တိုင်လုံး ၉၉ခုဖြင့် ထောက်ပံ့ထားပေး၏။ တစ်ခုချင်းစီက ရွှေရောင်ရှိကာ ထိုအပေါ်တွင် ရေးထွင်းထားသည့် နဂါးများက အသက်ဝင်သကဲ့သို့ ဖြစ်နေသည်။ အကယ်၍ သေချာအနီးကပ်ကြည့်မည်ဆိုပါက နဂါးဟိန်းသံကိုပင် ခပ်ယဲ့ယဲ့ကြားရလိမ့်မည်။
မြေကြီးအတွက်မူ အထွတ်အထိပ်အဆင့် အင်မော်တယ်ကျောက်စိမ်းများဖြင့် ပြုလုပ်ထားသည့် ကျောက်ပြားများဖြင့် ဖွဲ့စည်းထား၏။ ခန်းမထဲတွင် အင်မော်တယ်ချီ ပျံ့နှံ့နေသည်။ နဂါးများ၏ ပါးစပ်မှ ထွက်ပေါ်နေသည့် အလင်းရောင်အကြောင်း ထည့်မပြောရသေးပေ။
ထိုအလင်း၏ ဇစ်မြစ်က အဖိုးတန်ပုလဲများ ဖြစ်၏။ ထိုပုလဲများက တုန်လှုပ်ဖွယ် အငွေ့အသက် ပါဝင်နေကြသည်။ အကယ်၍ သူတို့သာ အပြင်ဘက်ဆိုပါက ကျင့်ကြံသူများစွာကိုပင် ရူးသွပ်သွားစေဖို့ရာ လုံလောက်နေပြီ ဖြစ်၏။
သို့သော် ဤနေရာတွင် ဤသည်က အလင်းရောင် ရရှိဖို့ သုံးရုံမျှသာဖြစ်သည်။
ခန်းမတစ်ခုလုံးက ကျယ်ပြောကာ ကြီးကျယ်ခမ်းနား၏။ တစ်ချိန်တည်းဆိုသလို ခန်းမထိပ်တွင် ထိုင်နေသည့် လူငယ်လေးက ကူကယ်ရာမဲ့သည့် အမူအရာမျိုး ရှိနေသည်။
ထိုလူငယ်လေးက တန်ဖိုးကြီး ဝတ်စုံများကို ဝတ်ဆင်ထား၏။ သူက မျက်မှောင်ကြုတ်လိုက်ပြီး ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားသည့် ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူ့အောက်တွင် အစောင့်များရှိနေပြီး တစ်ယောက်ချင်းစီ၏ အမူအရာက တည်ငြိမ်နေပြီး သူတို့၏ ကျင့်ကြံဆင့်များကလည်း ထူးကဲလှသည်။ သူတို့၏ အကြည့်များက ခက်ထန်မှုများဖြင့် တောက်ပနေ၏။ သို့သော်လည်း အကယ်၍ အနီးကပ်ကြည့်မည်ဆိုပါက သူတို့သည် ထိုလူငယ်လေးကို သေချာဂရုစိုက် စောင့်ကြည့်နေကြောင်း မြင်ရလိမ့်မည်။
ထိုလူငယ်လေးဆီမှ စကားတစ်ခွန်းဖြင့် သူတို့က သူ့အတွက် ဓားများကို ဆွဲကာ အဖက်ဖက်မှ လူများကို သတ်ပစ်နိုင်သည်။
ထိုအစောင့်နှစ်တန်း၏ အလယ်တွင် နေရာလွတ်တစ်ခုရှိပြီး တေးသီဆိုသူများနှင့် ကခုန်သူများစွာ ရှိနေကြသည်။ လှပသည့် တေးဂီတကို တီးခတ်နေသည့် တေးဂီတပညာရှင် ရာချီလည်း ရှိ၏။ ထိုအရာအားလုံးက ထူးကဲသည်ဟူသော စကားကိုသာ မှတ်ယူနိုင်သည်။
သို့သော်လည်း တေးဂီတနှင့် ကခုန်သူများက မည်သို့ပင် လှုပ်ရှားနေစေကာမူ လူငယ်လေးက မျက်မှောင်ကြုတ်လျက်သာ ရှိသည်။ ထိုအရာကို မြင်ကာ ရှေ့ဆုံးတွင်ရပ်နေသည့် အစောင့်က ကခုန်သူများကို လှည့်ကာ ပြောလိုက်သည်။
“ပြောင်းကြ”
ထိုစကားကို ပြောလိုက်သည့်အခါ တေးဆိုသူများနှင့် ကခုန်သူများက ဦးညွှတ်ကာ နောက်ဆုတ်သွားကြ၏။ ထို့နောက် နောက်ထပ် နတ်မိမယ်များက သေမျိုးလောကသို့ ဆင်းသက်လာသည့်အလား အပြင်မှ ဝင်ရောက်လာကြသည်။
ထိုအရာကို မြင်ကာ ထိုလူငယ်လေးက သက်ပြင်းချလိုက်၏။ သူက ချန်ရှင်း ဖြစ်ပေသည်။
ဤနေရာဆီ စစ်ထူနောက်မှ လိုက်လာပြီးသည့်နောက်တွင် စစ်ထူက သူ့ကို နတ်ဘုရားစွမ်းရည်တစ်ခု သင်ပေးခဲ့၏။ ထိုနတ်ဘုရားစွမ်းရည်က နာမည် မရှိဘဲ စစ်ထူ၏ ပြောစကားအရ ထိုအရာသည် အလားအလာအပြည့် မကျင့်ကြံနိုင်ခင် ကမ္ဘာ၏ စမ်းသပ်ချက်အားလုံးကို ဖြတ်ကျော်ဖို့ လိုအပ်ပေသည်။
ထို့ကြောင့် သူ ရောက်ရှိလာပြီး ဒုတိယနေ့ရက်မှစ၍ စမ်းသပ်ချက်က စတင်ခဲ့ခြင်း ဖြစ်၏။
ကမ္ဘာပေါ်မှ အရှားပါးဆုံး သေရည်၊ အကောင်းဆုံးအစားအစာ၊ မိန်းမလှလေးများ၊ အဆုံးမဲ့ ချမ်းသာကြွယ်ဝခြင်းနှင့် တခြားသူများ၏ သေခြင်းရှင်ခြင်းကို စကားတစ်ခွန်းဖြင့် ဆုံးဖြတ်ပေးနိုင်စွမ်း ရှိလေသည်။
ဤသည်က လူများစွာ အိပ်မက်မက်ခဲ့ရသည့်အရာက သူ့ရှေ့တွင် ရှိပြီး သူ ကျင့်ကြံဖို့ရာအတွက် စောင့်ဆိုင်းနေလေသည်။
ထိုစဉ် သူက ကူကယ်ရာမဲ့စွာ ကျင့်ကြံနေရင်း ခန်းမဆောင်ထဲက မည်သူကမှ ပုံရိပ်နှစ်ခု ရောက်ရှိလာသည်ကို သတိမထားမိခဲ့ပေ။ တစ်ယောက်က အမျိုးသားဖြစ်ကာ နောက်တစ်ဦးက အမျိုးသမီး ဖြစ်၏။ ထိုသူက ဝမ်ပေါင်လဲ့နှင့် ဝမ်ရီရီတို့သာ ဖြစ်ကြသည်။
သူတို့မျက်နှာအပေါ်ရှိ အမူအရာက ထူးဆန်းနေ၏။
“ပေါင်လဲ့ မင်း ဂိုဏ်းတူအစ်ကိုကြီးရဲ့ ကျင့်ကြံရေးက နည်းနည်းလေးတော့ ထူးခြားတယ်”
“…”
ဝမ်ပေါင်လဲ့က ဘာပြောရမှန်းပင် မသိတော့ပေ။ အချိန်တချို့ တွေးမိပြီးသည့်နောက်တွင် သူက ပြောလိုက်၏။
“လူကြီးမင်း စစ်ထူက ဒီလိုလုပ်ရတဲ့ အကြောင်းအရင်းရှိမှာပါ။ ဒါက သူ့တာအိုနှလုံးသားအတွက် စမ်းသပ်ချက် ဖြစ်နေနိုင်တယ်”
“မင်းက အားကျနေတဲ့ပုံပဲ” ဝမ်ရီရီက ပုံမှန်အတိုင်း ပြောလိုက်သည်။
“ဒါတွေအားလုံးက ပုံရိပ်ယောင်ပါပဲ” ဝမ်ပေါင်လဲ့က ပြုံးကာ ပြောလိုက်၏။ သူ့အကြည့်က တေးဆိုသူနှင့် ကခုန်သူများကို ဖြတ်သန်းပြီး အဝေးတစ်နေရာတွင် ထိုင်နေသည့် လူငယ်လေးဆီ ကျရောက်လာကာ သူ့အကြည့်တို့က နူးညံ့သွား၏။
ခဏအကြာတွင် သူက အကြည့်ပြန်ရုတ်သိမ်းလျက် အသက်ပြင်းပြင်းရှူကာ ထွက်သွားလိုက်သည်။
“သွားကြစို့”
“သူနဲ့ မတွေ့တော့ဘူးလား” ဝမ်ရီရီက သူ့နောက်မှ လိုက်လာကာ မေးလိုက်သည်။
“နောက်ပိုင်း ပြန်တွေ့မှာပါပဲ” ဝမ်ပေါင်လဲ့က ပြုံးကာ ခန်းမကျယ်ထဲမှ ထွက်သွားလေသည်။ ဝမ်ရီရီကလည်း ပြုံးလိုက်၏။ သူမက ကုလားထိုင်ပေါ်တွင် ထိုင်နေသည့် လူငယ်လေးကို ကြည့်ပြီး ဝမ်ပေါင်လဲ့နှင့်အတူ ထွက်သွားလေသည်။
သူတို့က ခန်းမကျယ်ထဲမှ ထွက်သွားပြီးသည့်နောက်တွင် လူငယ်လေးချန်ရှင်းက ရုတ်ချည်းဆိုသလို ခေါင်းမော့ကာ ဗလာကျင်းနေသည့် နေရာလွတ်အား လှမ်းကြည့်လာသည်။ ဤနေရာတွင် ဘာမှမရှိသော်လည်း အကြောင်းအရင်းတချို့ကြောင့် သူသည် သူ့အတွက် အရေးကြီးသည့်သူ တစ်ယောက်က ထိုနေရာမှ ထွက်ခွာသွားကြောင်း ခံစားမိနေ၏။
ဝမ်ပေါင်လဲ့ကလည်း ထွက်ခွာသွားခဲ့သည်။
ဝမ်ရီရီ၏ အဖော်ပြုမှုဖြင့် သူတို့က ထာဝရကြယ်စင်ကုန်းမြေ တစ်လျှောက် လျှောက်လှမ်းလာကာ အရှေ့ပိုင်းမှ တောင်တန်းအပေါ် ရောက်ရှိလာသည်။ ထိုနေရာတွင် သူတို့က နေထွက်လာမှုကို ကြည့်ခဲ့ကြပြီး နေဝင်သွားမှုကိုပင် ကြည့်ခဲ့ကြသည်။
သူတို့က မြောက်ပိုင်းမှ တောအုပ်ဆီ သွားကာ ဝိညာဉ်လမ်းညွှန်မှုဟု ခေါ်ဆိုသည့် အစိမ်းရောင်နွယ်ပင်ကိုပင် ကောက်ယူခဲ့ကြသည်။ ထို့နောက်သူတို့က တောင်ပိုင်းမှ လွင်ပြင်များဆီသွားကာ အိပ်မက်စက်ဝန်းဟုခေါ်ဆိုသည့် ပန်းပွင့်မျိုးစေ့ကို စိုက်ပျိုးခဲ့ကြသည်။
နောက်ဆုံးတွင် သူတို့က စတင်ရသည့် ထာဝရကြယ်စင်ကုန်းမြေမှ ပထမတံတားအောက် ပြန်လည်ရောက်ရှိလာသည်။ ဝမ်ပေါင်လဲ့က ဝိညာဉ်လမ်းညွှန် အစိမ်းရောင်နွယ်ပင်ကို ပန်းသရဖူသဖွယ် ရစ်ပတ်ပြီး ဝမ်ရီရီ၏ ဦးခေါင်းအထက် ဆောင်းပေးလိုက်သည်။
“ကိုယ့်ကိုယ်ကို ဂရုစိုက်နော်။ အတိတ်၊ ပစ္စုပ္ပန်နဲ့ ကံကြမ္မာကို မမလေးရဲ့ လက်ထဲ ချန်ထားခဲ့ပြီ။” ဝမ်ရီရီက တိတ်ဆိတ်နေ၏။ သူမက ဝမ်ပေါင်လဲ့ကို အချိန်အတော်ကြာ ကြည့်ပြီးသည့်နောက်တွင် ခေါင်းညိတ်လိုက်သည်။ ဝမ်ပေါင်လဲ့က လက်ကို ဝှေ့ယမ်းလိုက်ကာ သူမက အဝေးတစ်နေရာဆီ လျှောက်လှမ်းသွားတော့သည်။ သူမက ခြေလှမ်းဆယ်လှမ်း လှမ်းပြီးသည့်နောက်တွင် ပြန်လှည့်ကြည့်လာသည့်အခါ ဝမ်ပေါင်လဲ့က တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေကြောင်း မြင်လိုက်ရသည်။
သူမက နောက်ဆယ်လှမ်းလှမ်းပြီးသည့်နောက်တွင် လှည့်ကြည့်လိုက်သည့်အခါတွင်လည်း အတူတူသာဖြစ်၏။
သူမက ခြေလှမ်းရာချီ၊ ထောင်ချီ၊ သောင်းချီလှမ်းပြီး အကြိမ်များစွာ လှည့်ကြည့်ခဲ့သည်။ ဝမ်ရီရီက သက်ပြင်းချလိုက်ပြီး သူမ ခေါင်းအထက်မှ ဝိညာဉ်လမ်းညွှန် ပန်းသရဖူကို ထိတွေ့ပြီး အဝေးသို့ ထွက်ခွာ ပျောက်ကွယ်သွားတော့သည်
ပထမတံတားအောက်တွင် ဝမ်ပေါင်လဲ့က တင်ပျဉ်ခွေထိုင်လျက်သာ ရှိ၏။ သူ့လက်ထဲတွင် ကျောက်စိမ်းပြားကို ကိုင်ဆောင်ထားသည်။ ထိုအရာထဲတွင် နတ်ဘုရားစွမ်းရည်တစ်ခုကို မှတ်တမ်းတင်ထား၏။
ထိုနည်းစနစ်က အိပ်မက်တာအိုဟု ခေါ်ဆိုပေသည်။
တတိယအဆင့် ကျင့်ကြံသူများအတွက် အိပ်မက်တာအိုက လျှို့ဝှက်ဆန်းကြယ်ကာ နားလည်ဖို့ရာ ခက်ခဲလှသည်။ စတုတ္ထအဆင့် ကျင့်ကြံသူများအတွက်မူ ပိုမိုလွယ်ကူ၏။ ပဉ္စမအဆင့်ကျင့်ကြံသူများအတွက်မူ နည်းစနစ်အားလုံးကို အသုံးပြုနိုင်သည့်အတွက် သူတို့က ဤတာအိုကို ကျင့်ကြံဖို့ရာအတွက် အခိုက်အတန့်မျှသာ လိုအပ်သည်။
ထိုအခိုက်အတန့်၌ ဝမ်ပေါင်လဲ့က နားလည်သွားခဲ့၏။ သူ့ခန္ဓာကိုယ်ထဲ ဝေဝါးဝါးခံစားချက်တစ်ခု ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ ထိုအရာက သူ အိပ်မက်မက်နေသလိုမျိုး ပုံရိပ်ယောင်သဖွယ် ဖြစ်နေ၏။
အိပ်မက်လောကက ကြယ်တာရာကောင်းကင်ကြီး ဖြစ်၏။ ကြယ်တာရာကောင်းကင်ထဲတွင် အနီရောင်မြူခိုး ရှိနေပြီး မြူခိုးထဲတွင် စကြဝဠာ ၁၀၈ခုလည်း ရှိနေသည်။ သူတို့ထဲက တစ်ခုက သူ့အိပ်မက် စတင်ခဲ့သည့် နေရာ ဖြစ်၏။