← Chapters

ဘယ်သူ့အိပ်မက်လဲ

Vol. 94 Ch. 1310

ဘယ်သူ့အိပ်မက်လဲ

Vol. 94 Ch. 1310

ဝမ်ပေါင်လဲ့က ဝူလေးဆီမှ မြေနက်အင်ပါယာအကြောင်း ကြားခဲ့ဖူးသည်။ သူက အချိန်အတော်ကြာ ရှာဖွေခဲ့ဖူး၏။ အတိအကျပြောရမည်ဆိုလျှင် ကျောက်ပြားကမ္ဘာအတွင်း တစ်ခါက တည်ရှိခဲ့ဖူးသည့် မြေနက်အင်ပါယာသည် ဝူလေးရှာဖွေနေသည့် မြေနက်အင်ပါယာ မဟုတ်ပေ။

သူက အချိန်အတော်ကြာ သွားလာနေခဲ့ပြီး ဤပုံစံမျိုးဖြင့် တကယ့်အစစ်အမှန် မြေနက်အင်ပါယာဆီ ရောက်ရှိလာသည်။

သူက အဝေးတစ်နေရာရှိ တော်ဝင်နန်းတော်၏ တိရစ္ဆာန်ပုံရိပ်နှင့် မိုးရွာနေသော်လည်း သွားလာနေသည့် လူအုပ်ကို ကြည့်လိုက်သည်။ ဝမ်ပေါင်လဲ့က စိတ်ထဲတွင် စိတ်ခံစားချက်များ ထွက်ပေါ်နေသည်။ သူက လူအုပ်ကြားတွင် လူတချို့က တစ်ယောက်ထဲဖြစ်ပြီး တချို့သော အမျိုးသမီးနှင့် အမျိုးသားတို့က ထီးတစ်ချောင်းကို အတူတူကိုင်ဆောင်ထားသည်ကို မြင်လိုက်ရသည်။ အလျင်လိုနေသည့်သူများပင် ရှိသလို အေးအေးဆေးဆေး လျှောက်လှမ်းနေသည့်သူများလည်း ရှိ၏။

သူက အလုပ်ကိုယ်စီ လုပ်နေကြသည့် ဈေးသည်များသည် သူတို့၏ တဲများ ဆောက်ထားသည်ကို မြင်လိုက်ရသည်။ လသာဆောင်ပြတင်းပေါက်မှ တေးဆိုသူတစ်ဦးက ယပ်တောင်ဖြင့် နှုတ်ခမ်းတဝိုက်ကို ကာရင်း ဖြတ်သွားဖြတ်လာများကို ကြည့်နေလေ၏။ ကလေးဆိုးလေးကို နားရွက်ဆွဲကာ ဆူပူနေသည့် မိခင်ဖြစ်သူကိုလည်း မြင်တွေ့လိုက်ရသည်။ ထို့နောက် အဝေးတစ်နေရာတွင် ဖြတ်သန်းသွားသည့် အစောင့်အဖွဲ့ကိုလည်း မြင်လိုက်ရသည်။

လမ်းကြိုလမ်းကြားကြားတွင် လဲလျောင်းနေသည့် လူများစွာရှိပြီး မိုးကြောင်း နိုးထလာသော်လည်း မထကြပေ။ ထိုအစား သူတို့က တီးတိုးရေရွတ်ရင်း ပြန်လည်အိပ်ပျော်သွားကြ၏။ လူအုပ်ကြားတွင် ခြေဆော့လက်ဆော့ဖြင့် ခိုးယူသည့်သူများလည်း ရှိလေသည်။ ကြော့ရှင်းစွာဝတ်ဆင်ထားသည့် တေးဆိုသူရှိရာနေရာမှ ချမ်းသာသည့် ကုန်သွယ်တစ်ဦး ထွက်လာသည်ကိုလည်း မြင်လိုက်ရ၏။ သူ့မျက်နှာက အတော်လေးနီရဲနေသည်။

ထိုအရာအားလုံးက ဝမ်ပေါင်လဲ့၏ မြင်ကွင်းထဲ ထွက်ပေါ်လာခြင်း ဖြစ်၏။ ထို့နောက် သူက မျက်လုံးကိုအသာမှိတ်ထားလိုက်သည်။

သူ့စိတ်ထဲတွင် အသံများဖြင့် ပြည့်နှက်လာကာ ခြေသံများ၊ မိုးရွာသံများ၊ အော်သံများနှင့် ကလေးရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။

ဘဝက ပန်းချီကားတစ်ချပ်လို ဖြစ်၏။ ထိုအခိုက်အတန့်တွင် ဝမ်ပေါင်လဲ့၏ စိတ်နှလုံးသား၏ တစ်စိတ်တစ်ပိုင်းက ထုတ်ဖော်ခံလိုက်ရသည်။

အမျိုးမျိုးသော အသံများနှင့် အမျိုးမျိုးသော အရာများကို အတူတကွ ဤကမ္ဘာအတွင်း ပေါင်းစည်းခဲ့သည်။ သူတို့က ဝမ်ပေါင်လဲ့၏ စိတ်ထဲ ဝင်ရောက်လာသည့်အခါ ဆီစိမ်ထီးကို ကိုင်ဆောင်ထားသည့်သူက မျက်လုံးအသာဖွင့်ကာ သူ့ရှေ့မှ ကလေးငယ်ကို ကြည့်လိုက်သည်။ သူက စိတ်ခံစားချက်များဖြင့် ပြည့်နှက်လာ၏။

ထိုကလေးငယ်က ကစားဖော်ကို လိုက်ဖမ်းနေရင်း ဝမ်ပေါင်လဲ့ကို ဖြတ်သွား၏။ သူ့ခန္ဓာကိုယ်က မိုးဖြင့် စိုရွှဲနေသော်လည်း သူက ပျော်ရွှင်နေဆဲသာ ဖြစ်သည်။ သူက လဲကျကာ ချော်လဲသွားသော်လည်း ချက်ချင်းဆိုသလို ထရပ်ကာ ဆက်လက်ပြေးသွားလေသည်။

သို့သော်လည်း အချိန်တချို့ ပြီးသွားပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က သတိထားမိဟန်ဖြင့် လှည့်ကြည့်လာ၏။ သူက ဤလှုပ်ရှားအသက်ဝင်သည့် ကမ္ဘာအတွင်း ရပ်နေသည့်သူကို ခံစားမိလိုက်ဟန်ပေါ်သည်။ ထို့ကြောင့် သူက ဝမ်ပေါင်လဲ့ကို လှည့်ကြည့်လိုက်ခြင်း ဖြစ်၏။

ထိုကလေး၏ အကြည့်က ကြည်လင်နေပြီး သိချင်မှုဖြင့် ပြည့်နှက်နေသည်။ ဝမ်ပေါင်လဲ့၏ အကြည့်နှင့် တွေ့ဆုံပြီးသည့်နောက်တွင် သူက လျှာထုတ်ကာ ပြောင်ပြပြီး အဝေးသို့ ပြေးထွက်သွား၏။

ဝမ်ပေါင်လဲ့က ကလေး၏ ကျောပြင်က လမ်းချိုးတွင် ပျောက်ကွယ်သွားသည်အထိ ကြည့်နေလိုက်သည်။ ထို့နောက် သူက ပြုံးလိုက်၏။ ဤနေရာတွင်ရှိသည့် အရာအားလုံးက မူလစကြဝဠာတာအိုနေရာတွင် နေထိုင်ခဲ့သည့်သူတစ်ယောက်၏ အိပ်မက်တစ်ခုဖြစ်ကြောင်း သိထားသည်။ ဤအိပ်မက်က အစစ်အမှန်ဆန်လွန်းပြီး အုတ်ချပ်၊ အဆောက်အဦးများပင် အသက်ဝင်နေလေ၏။

နက်ရှိုင်းသည့် စွဲလမ်းမှုရှိသည့်သူများကသာ ဤသို့စစ်မှန်သည့် အိပ်မက်မျိုးကို ဖွဲ့စည်းနိုင်လိမ့်မည်။ ဝမ်ပေါင်လဲ့က ညည်းတွားလိုက်၏။ သူက ခေါင်းကို မော့ကာ တော်ဝင်နန်းဆောင်ကို လှမ်းကြည့်လိုက်သည်။ ဤသို့သော အိပ်မက်မျိုးကို ဖန်တီးဖို့ရာအတွက် အံ့မခန်းစွမ်းအားလည်း ရှိရပေမည်။

ဤမြို့တော်က တော်ဝင်နန်းဆောင် ပါဝင်နေသည့်အတွက် လက်တွေ့ဖြင့် ကွဲပြားခြင်းမရှိပေ။ ဘယ်အရာက အစစ်အမှန်လဲ သို့မဟုတ် အတုအယောင်လဲဆိုတာကို ပြောဖို့ရာ မဖြစ်နိုင်ဘဲ အိပ်မက်ထဲ နစ်မြောသွားဖို့ လွယ်ကူလှသည်။

မြေနက်အင်ပါယာတွင် ဤသို့လုပ်နိုင်သည့်သူ များများစားစားဟူ၍ မရှိပေ။ ဝမ်ပေါင်လဲ့က နန်းဆောင်ကို အံ့ဖွယ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ပြီးသည့်နောက်တွင် အိပ်စက်နေသည့် အရှိန်အဝါတစ်ခုကို ခံစားမိလိုက်၏။

ထိုအရှိန်အဝါက အားပြင်းလွန်းလှသည်။ လက်ရှိကျင့်ကြံဆင့်ဖြင့်ပင် ထိုအရာက အားကောင်းသည်ဟု ခံစားမိနေဆဲဖြစ်၏။ ထိုသူ၏ ဇစ်မြစ်ကို ခန့်မှန်းဖို့ရာ သိပ်မခက်ခဲပေ။ ထိုသူက ဝူလေး၏ ဖခင်ဖြစ်ကာ မြေနက်အင်ပါယာ၏ ဧကရာဇ် ဖြစ်ပေသည်။

မြေနက်အင်ပါယာဧကရာဇ်ရဲ့ အိပ်မက်လား…

ဝမ်ဝေ့က သိပ်မသေချာပေ။ သူ နားလည်ထားသလောက် မြေနက်အင်ပါယာ၏ ဧကရာဇ်သည် တော်ဝင်နန်းဆောင် ပါဝင်သည့် အသက်ဝင်လှုပ်ရှားသော မြို့ကို ဖန်တီးနိုင်လိမ့်မည်။ သို့သော်လည်း ဤသည်က သူ့ကန့်သတ်ချက် မဟုတ်သေးပေ။ ဝမ်ပေါင်လဲ့၏ ပဉ္စမအဆင့်အပေါ် နားလည်နိုင်စွမ်းအရ မြေနက်ဧကရာဇ်သာ အလိုရှိပါက ကြယ်တာရာကောင်းကင်ကိုပင် ဖန်တီးနိုင်လိမ့်မည်။

ထို့ကြောင့် ထီးကို ကိုင်ဆောင်ထားသည့် ဝမ်ပေါင်လဲ့က ရှေ့တိုးလိုက်၏။ သူ့အရှိန်အဝါက သိပ်မမြန်ဆန်လှပေ။ သူက မိုးရေကြား လျှောက်လှမ်းသွား၏။ လမ်းတွင် သူက လူများစွာ၏ အကြည့်ရှေ့ ပေါ်ထွက်လာသော်လည်း မျက်စိတစ်မှိတ်အတွင်း မည်သူကမှ သူ့ကို မမှတ်မိကြပေ။

ဤအိပ်မက်ကမ္ဘာအတွင်းရှိ အရာအားလုံးက သတ်မှတ်ထားသည့် နိယာမ ရှိနေဟန်ပေါ်သည်။

ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမှုက ထိုအရာကို နှောင့်ယှက်ဖို့ရာအတွက် မလုံလောက်ခဲ့ပေ။ သူ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အိပ်မက်က ဖြစ်တည်နေမည်သာ ဖြစ်၏။

ဤသို့ဖြင့် ဝမ်ပေါင်လဲ့က မိုးရေကြား လျှောက်လှမ်းသွားပြီး လမ်းများစွာကို ဖြတ်ကာ မိန်းလမ်းမဆီ ရောက်ရှိလာသည်။ နောက်ဆုံးတွင် သူက တော်ဝင်နန်းဆောင်ရှေ့ ရောက်ရှိလာ၏။ သူက ထိုနေရာတွင် ရပ်ရင်း သူ့အထက်တွင်ရှိ နေသည့် ဧရာမ ကြက်တူရွေးရုပ်ထုကို ကြည့်လိုက်သည်။

ထို့နောက် ထိုကြက်တူရွေးကြီးကလည်း သူ့ကို ငုံ့ကြည့်နေသလိုမျိုး ခံစားလိုက်ရ၏။

အချိန်အတော်ကြာ စိုက်ကြည့်နေပြီးသည့်နောက်တွင် ဝမ်ပေါင်လဲ့က အတွေးနက်သွားမိသည်။ သူက အကြည့်ပြန်ရုတ်သိမ်းလျက် ခြေကို မြှောက်လိုက်၏။ သူ ပြန်လည်ရောက်ရှိလာသည့်အခါ တော်ဝင်နန်းဆောင်အပြင်ဘက်မှ ပျောက်ကွယ်သွားပြီး တော်ဝင်နန်းဆောင်အတွင်း ခန်းမအကျယ်တစ်ခုထဲ ပေါ်ထွက်လာသည်။

ဤနေရာက ဧကရာဇ်ရွှမ်းချန်၏ စာကြည့်ခန်း ဖြစ်၏။ ထိုနေရာတွင် ဝါးစာလိပ်များဖြင့် ပြည့်နှက်နေ၏။ ကြီးမားကာ တန်ဖိုးကြီးသည့် စားပွဲရှည်ကြီးနောက်တွင် ဝမ်ပေါင်လဲ့က ဧကရာဇ်ရွှမ်းချန်သည် တောင်ကြီးသဖွယ် ထိုင်နေသည်ကို မြင်လိုက်ရ၏။

သူက အရပ်ရှည်ကာ ကြွက်သားပြိုင်းပြိုင်း ရှိလေသည်။ သူ့အမူအရာက ခန့်ညားလှ၏။ သူက ရိုးရှင်းသည့် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ထိုနေရာတွင် ထိုင်နေသည်။ သူက ခေါင်းကို ငုံ့လျက် ဝါးစာလိပ်ကို ကြည့်နေ၏။ တိတ်ဆိတ်နေဟန်ပေါ်သော်လည်း သူ့ခန္ဓာကိုယ်အတွင်း အရာအားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်းရှိသည့် မုန်တိုင်းတစ်ခု ကိန်းအောင်းနေဟန်ပေါ်သည်။ သူ့အကြည့်က ထိုအရာအပေါ် ကျရောက်လာလျှင်ပင် သူ မမြင်သင့်သည့်အရာကို ကြည့်မိသည့်အလား ခန္ဓာကိုယ်က ပြိုလဲသွားစေလိမ့်မည်။

ဤသူ၏ တာအိုက ကြောက်ဖို့ကောင်းလွန်းနေလျှင် ထိုအရာတွင် ပါဝင်နေသည့် စည်းမျဉ်းဥပဒေသများက ပိုမိုပင် အံ့အားသင့်ဖို့ ကောင်းလိမ့်မည်။ ထိုအရာက အရာအားလုံးကို ဝါးမျိုပစ်နိုင်သည့် ဝဲကတော့ကြီးတစ်ခုအလား ဖြစ်၏။

သူနှင့် ယှဉ်လိုက်လျှင် ဝမ်ပေါင်လဲ့ကိုယ်တိုင်ကလည်း ဝဲကတော့တစ်ခုအသွင် ဖြစ်သော်လည်း အနည်းငယ် လိုအပ်နေဆဲသာ ဖြစ်၏။ သို့သော်လည်း သူက သူ့ခန္ဓာကိုယ်ကို သက်ရောက်မှု မရှိအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။

ထိုအခိုက်အတန့်၌ မြေနက် ဧကရာဇ်နှင့် ဝမ်ပေါင်လဲ့အပြင် ခန်းမတစ်ခုလုံးအတွင်း မည်သူမှ မရှိဘဲ အင်မတန် တိတ်ဆိတ်နေလေ၏။

ဝမ်ပေါင်လဲ့က ဘာမှမပြောဘဲ မြေနက်ဧကရာဇ်ကို ကြည့်ရင်း သူ့ဆီမှ ထွက်ပေါ်နေသည့် စွမ်းအားကို ခံစားလိုက်သည်။ သူက တိတ်တဆိတ်စောင့်ကြည့်နေရင်း မြေနက်ဧကရာဇ်က ရုတ်ချည်း စကားပြောလာခဲ့၏။

“မင်း မလာသင့်ဘူး”

သူ ပြောလိုက်သည်နှင့် အပြင်ဘက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ လျှပ်စီးများက တလက်လက် လက်နေပြီး တိမ်မဲများက နေရောင်ကိုပင် ဖုံးလွှမ်းသွားစေ၏။

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်စွာ ကျန်ရှိနေသည်။ သူက ခေါင်းလှည့်ကာ နန်းဆောင်အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။ ထိုနေရာတွင် တန်ဖိုးကြီးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်လေးတစ်ဦး ရှိနေသည်။ သူက ခန်းမထဲ ခြေတစ်လှမ်း ဝင်ရောက်နေပြီဖြစ်သော်လည်း တုံ့ဆိုင်းသွားလေ၏။ သူက သတိထားကာ ပြောလိုက်သည်။

“အဖေ ကျွန်တော်…”

ထိုလူငယ်လေးက ဝမ်ပေါင်လဲ့၏ မှတ်ဉာဏ်ထဲမှ ဝူလေး ဖြစ်ပေသည်။ သူ့အရှိန်အဝါက မြို့တွင်ရှိနေသည့် တခြားသော သက်ရှိများနှင့် ကွဲပြားနေ၏။ သူက ပိုမိုသက်ဝင်နေဟန်ပေါ်သည်။

“နောက်ဆုတ်” ဝူလေးက စကားမဆုံးခင် သူက မြေနက်အင်ပါယာက ဖြတ်ပြောလိုက်သည်။ သူက ခေါင်းကို မော့မကြည့်ဘဲ အေးစက်စွာ ပြောလိုက်၏။

“အဖေ ကျွန်တော် ထွက်သွားချင်တယ်။ ကျွန်တော် ဒီနေရာမှာ မနေချင်ဘူး။ ကျွန်တော်…”

“ထွက်သွားစမ်း” မြေနက်ဧကရာဇ်၏ အသံက ပိုမိုကျယ်လောင်လာကာ ကောင်းကင်ယံရှိ မိုးခြိမ်းသံများကလည်း ပိုမိုပြင်းထန်လာ၏။ ဝူလေးက ကြောက်ကြောက်လန့်လန့်ဖြင့် မျက်နှာကပင် ဖြူဖျော့သွားလေသည်။ သူက ခန်းမအတွင်း ရောက်ရှိနေသည့် ခြေတစ်လှမ်းကို ပြန်လည်နောက်ဆုတ်လိုက်၏။ သူက ဒေါသနှင့် စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားသည့်အလား သူ့မျက်နှာက နီရဲလာသည်။ သူက ဝမ်ပေါင်လဲ့ကို ကြည့်ပြီးသည့်နောက်တွင် ထွက်ခွာသွားလေသည်။

ဝမ်ပေါင်လဲ့က မျက်မှောင်အသာကြုတ်လိုက်၏။ သူက ဝူလေး၏ ကျောကို စကြည့်လိုက်မိသည်။ ဤလောကအတွင်း သူ့တည်ရှိမှုက အနည်းငယ် ထူးဆန်းကြောင်း ခံစားချက်ရလာမိ၏။

“ရောင်းရင်း မင်းရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာမှာ မကြိုဆိုဘူး။ မင်း ထွက်သွားမှာလား ထွက်မသွားဘူးလား”

ဝမ်ပေါင်လဲ့က ဝူလေး၏ ကျောမှ အကြည့်ခွာလိုက်သည်နှင့် သူ့အနောက်ဖက်မှ အေးစက်စက် အသံတစ်ခု ထွက်ပေါ်လာသည်။

ဧကရာဇ်ရွှမ်းချန်က ခေါင်းမော့ကာ ကြည့်လာခဲ့၏။ သူ့အကြည့်တို့တွင် အေးစက်မှုတို့ ပါဝင်နေသည်။

ဝမ်ပေါင်လဲ့က ခေါင်းလှည့်ကာ ဧကရာဇ်ကို ကြည့်လိုက်သည်။ သူက မျက်မှောင်ထပ်မံကြုတ်လိုက်၏။ ဧကရာဇ်ရွှမ်းချန်၏ အိပ်မက်ဟု ထင်ထားခဲ့သော်လည်း အခု မြင်လိုက်ရသည့်အရာက သူ့မှန်းဆချက်အတွင်းသာ ရှိလေသည်။ သို့သော်လည်း စောစောလေးက ဝူလေးက တခြားသော သက်ရှိများထက် ပိုမိုသက်ဝင်လှုပ်ရှားနေ၏။

ဒါက ဘယ်သူ့အိပ်မက်လဲ…

ဝမ်ပေါင်လဲ့က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။ ထို့နောက် သူက လက်နှစ်ဖက်ယှက်ပြီးသည့်နောက် ဧကရာဇ်ရွှမ်းချန်ဆီ ဦးညွှတ်လိုက်သည်။

“နှောင့်ယှက်မိတာ တောင်းပန်ပါတယ်” ဤသို့ဖြင့် သူက လှည့်ကာ ထွက်သွားတော့သည်။

မြေနက်ဧကရာဇ်၏ အကြည့်က ဝမ်ပေါင်လဲ့ပေါ် ကျရောက်နေ၏။ ဝမ်ပေါင်လဲ့က အပြီးတိုင်ပျောက်ကွယ်သွားသည့်အခါမှသာ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက ခေါင်းကိုငုံ့ကာ ဝါးစာလိပ်ကို ကိုင်ဆောင်ရင်း တစ်လက်မမှ မလှုပ်ရှားတော့ပေ။

ထိုအခိုက်အတန့်တွင် တော်ဝင်နန်းတော်အပြင်ဘက်၌ လူတချို့သာ သတိထားမိသည့် လမ်းကြားတစ်ခုအတွင်း အရက်သမား လူလတ်အရွယ် အမျိုးသားကြီးက ရုတ်ချည်းဆိုသလို နိုးလာကာ တီးတိုးရေရွတ်လိုက်သည်။

“ဘာလို့ မိုး ထပ်ရွာနေတာလဲ။ မင်းအဘိုးရဲ့ အိပ်မက်လှလှလေးကို နှောင့်ယှက်နေတာပဲ”

All Chapters