"တိုင်းပြည်၏ ပေါ်လစီများ"
Vol. 5 Ch. 63
ဖှေး၏ ခေါင်းထဲတွင် တိုင်းပြည်အနာဂတ်အတွက် အကြံဉာဏ်တစ်ချို့နှင့်၊ အစီစဥ်တစ်ချို့ရှိသော်လည်း စစ်ဘက်ဆိုင်ရာဖွဲ့စည်းပုံများနှင့် တိုင်းပြည်ပေါ်လစီတို့ကို ချက်ချင်းလက်ငင်း အလောတကြီး မပြောင်းလဲလိုသေးပေ။ ဖှေး ဤနေရာသို့ရောက်ရှိသည်မှာ ၃ရက်ခန့်မျှသာရှိသေးသည့်အတွက် သူမသိရှိသေးသည့် အရာများစွာကျန်ရှိနေသေးသည်။ အရာအားလုံးကို အလျင်စလိုပြုမူလိုက်ပါက ပြသနာအသစ်များပင် ထက်မံပေါ်ပေါက်လာနိုင်သောကြောင့်ပင်။
ဖှေး တိုင်းပြည်အကြောင်း ပိုမိုသိရှိနားလည်နိုင်ရန်အတွက် ရက်အနည်းငယ် အချိန်ယူဦးမည်ဖြစ်သည်။
နန်းတွင်း အစည်းအဝေးမှာ ရုပ်ရှင်ဇာတ်ကားများထဲကသကဲ့သို့ တင်းမာမှုများမရှိချေ။ အေးအေးဆေးဆေး ပေါ့ပေါ့ပါးပါးပင်ဖြစ်သည်။ ဘုရင်ထိုင်ရာ ပုလ္လင်အောက်တွင် ချောင်းငယ်လေးတစ်ခုပါ ဖောက်လုပ်အလှဆင်ထားသေးသည်။ အထဲတွင် ရွှေငါးလေးများ အလှမွေးထား၏။ ဘေးတစ်ဖက်တစ်ချက်စီတိုင်းတွင် သပ်ရက်စွာစီထားသော ကျောက်ထိုင်ခုံများနှစ်တန်းခန့်ရှိသည်။ ပါဝင်ဆွေးနွေးသူများ သက်သာအဆင်ပြေစေရန်အတွက် ကျောက်ထိုင်ခုံများပေါ်တွင် လယ်သာစများ ဖုံးလွှမ်းပေးထားသည်။ လူတိုင်းတွင် တန်းတူအခွင့်ရေးရှိသည် ဘုရင့်ခွင့်ပြုချက်မပါပဲ လူတိုင်းမက်တပ်ထပြီး သူတို့၏အမြင်များကို လွှတ်လပ်စွာတင်ပြနိုင်သည်။ အမြင်ချင်းမတူပါက အငြင်းပွားနိုင်သည်။
ဤသည်မှာ ဖှေး ပုံမှန်လူတစ်ယောက် ပြန်ဖြစ်ပြီးချိန်တွင် ဘုရင်အနေဖြင့် ပထမဆုံး ကျင်းပသောအစည်းအဝေးဖြစ်သည်။ စစ်ဘက်ဆိုင်ရာအခြမ်းတွင် ခေါင်းဆောင်ဘရွတ်အပြင် ပီးရာ့စ်နှင့် ဒရော့ဂ်ဘာပါဝင်သော လူသန်ကြီး၂၂ယောက်မှာလဲ ထိုင်ခုံအသီးသီးရရှိထားသည်။ ထိုချမ်းဘော့ဒ်၏ ခေါင်းဆောင်များမှာ သူတို့ခေါင်းထဲတွင်ပေါ်လာသည့် အကြံများကိုတင်ပြဆွေးနွေးကြသည်။ တစ်ချိုု့မှာ အလွန်အပြုသဘောဆောင်သော အကြံဉာဏ်များပေးကြသည်။ တစ်ချို့မှာ ကြိုတင်ပြင်ဆင်လာသော စာရွက်စာတန်းများဖြင့်ပင် အကြံဉာဏ်များကိုတင်ပြကြသည်။ အထူးအဖြင့် ချမ်းဘော့ဒ်၏ လူရိုသေရှင်ရိုသေ အသက်ကြီးပုဂ္ဂိုလ်ကြီးများမှာ စာရွက်စာတမ်းအထပ်လိုက်ကြီးများယူဆောင်လာပြီး အချက်အလက်များနှင့်တကွ တင်ပြကြသည်။ ဖှေး မှာ ထိုစာရွက်စာတမ်း အထပ်ကြီးအား ကြည့်ရုံမျှဖြင့်ပင် ခေါင်းမူးလာ၏။
အမြင်များ၊ အကြံပေးချက်များမှာ ရေလှိုင်းလုံးများကဲ့သို့ပင်။ တစ်ချို့မှာ ဝန်ကြီးချုပ်ဘစ်ဇား၏ အာဏာအလွဲသုံးစား ပြုလုပ်ခဲ့မှုများကို တင်ပြကြသည်။ တစ်ချို့မှာ အရင်အလတ်ဇန္ဒား၏ ဉာဏ်ရည်ကို ရှုံ့ချကြသည်။ ချမ်းဘော့ဒ်တွင် ဘုရင့်အတွက်လုပ်ကိုင်ရမည့် ငြီးငွေ့ဖွယ်ကိစ္စများစွာရှိ၏။ သူ၏ရှေ့တွင် တောင်လိုပုံနေသော စာရွက်စာတမ်းများနှင့် သူ၏အတွင်းရေးမှူးကိုင်ထားသော အကြံပြုစာများကိုမြင်ရသော် ဖှေးခေါင်းကိုက်လာခဲ့သည်။ ဖှေးသူ၏ မျက်လုံးများကိုပွတ်ပြီး နာကျင်စွာဖြင့် ခေါင်းခါရမ်းလိုက်၏။
ဖှေး ထိုကဲ့သို့ပြုမူသည်ကိုမြင်သော် လူသန်ကြီးများမှာ ပွင့်ပွင့်လင်းလင်းပင် သဘောကျရယ်မောကြတော့သည်။ လူခန့်ညားအဖိုးကြီး ဘတ်စ်ပင်ပြုံးနေ၏။
ဖှေး၏ခေါင်းထဲတွင် အကြံဉာဏ်တစ်ခု ဖျတ်ကနဲပေါ်လာ၏။ သူ၏ယောက်ခမလောင်း ဘတ်စ်အား လှမ်းပြောလိုက်သည်။ "ဦးလေး ဘတ်စ် ကျွန်တော်က ငယ်ပါသေးတယ် အတွေ့အကြုံမရှိသေးဘူးလေ....ဒီစာရွက်စာတမ်းကိစ္စတွေကို ဦးလေးကိုင်တွယ်ပေးနိုင်မလား......."
ဘတ်စ် ဖှေး၏ စကားများကိုကြားသောအခါ အံ့သြကာကြက်သေသေသွား၏။
ဖှေး မသိသည်ဖြစ်နိုင်သည်။ သူဖော်ပြနေသည့် အလုပ်များမှာ ယခင်ဝန်ကြီးချုပ်ဘစ်ဇား၏ အလုပ်များပင်ဖြစ်သည်။ ဖှေးတောင်းဆိုလိုက်သည့်အဓိပ္ပါယ်မှာ တိုင်းပြည်၏ စီမံအုပ်ချုပ်ရေးအာဏာတို့ကို ဘတ်စ်အား အကုန်ပေးလိုက်သကဲ့သို့ပင်။ ဤအတိုင်းဆိုပါ ဘတ်စ်သည် ယနေ့ကစပြီး ချမ်းဘော့ဒ် တိုင်းပြည်၏ ဝန်ကြီးချုပ်အသစ်ဖြစ်လာတော့မည် ဖြစ်သည်။
ဘတ်စ်ပြန်လည်တုန့်ပြန်နိုင်ချိန်ပင် မရလိုက်ချေ။ ခန်းမဆောင်အတွင်းရှိလာများလဲ ထိုကဲ့သို့ကိစ္စအား မမျှော်လင့်ထားချေ။
အုပ်ချုပ်ရေးဆိုင်ရာ ခန်းမဆောင်အတွင်းတွင် တိတ်ဆိတ်သွား၏။ သုံးစက္ကန့်၊ လေးစက္ကန့်အကြာတိတ်ဆိတ်အပြီးတွင်-----
"အရှင်မင်းကြီး ကျွန်တော်လေးစားစွာဖြင့် သဘောထားကွဲလွဲရပါလိမ့်မယ်...."တစ်စုံတစ်ယောက်မှာ ထရပ်လိုက်သည်။
"ဟုတ်ပါတယ် ဘုရင်အလတ်ဇန္ဒား....ကျွန်တော်လဲ သဘောမတူနိုင်ပါဘူး....." နောက်တစ်ယောက် ထက်မံကန့်ကွက်၏။
"ဟုတ်ပါတယ် ဘုရင်အလတ်ဇန္ဒား။ ဘတ်စ်က ညစ်ပတ်ပြီး အရှက်မရှိတဲ့ သစ္စာဖောက်တစ်ယောက်ပါ။ လွန်ခဲ့တဲ့လဝက် ဘုရင့်ဘဏ္ဍာတိုက်ထဲက ပိုင်ဆိုင်မှုတစ်ဝက်လောက်ကို သူပဲထုတ်သုံးလိုက်တာပါ။ ကျွန်တော်တို့ကလည်း အန်ဂျယ်လာရဲ့ မျက်နှာကြောင့် ဘာမှမပြောတော့တာပါ....အဲ့လိုလောဘကြီးတဲ့လူတစ်ယောက်ကို ဝန်ကြီးချုပ်ရာထူးပေးဖို့ဆိုတာ အလွန်မသင့်တော်ပါဘူး....."
"ကျွန်တော်လဲ သဘောတူပါတယ် ဘုရင်အလတ်ဇန္ဒား။ အရှင် ဘက်မလိုက်သင့်ပါဘူး...."
"ဟုတ်ပါတယ် ကျွန်တော်လဲ အဲ့လိုပဲခံစားရပါတယ်....."
ရုတ်တရက်ပင် ခန်းမဆောင်တစ်ခုလုံးတွင် ကန့်ကွက်သံများဖြင့် ဆူညံသွား၏။ ဖှေးထိုကဲ့သို့ အခြေအနေဖြစ်လာလိမ့်မည်ဟု ထင်မထားပေ။ ဖှေး ပတ်ပတ်လည်သ်ို့တစ်ချက်ကြည့်လိုက်သည့် အချိန်တွင် ခန်းမဆောင်၏ အနောက်ဘက်ထိုက်ခုံများ အခြမ်းတွင်ထိုင်နေကြသော ဘရွတ်နှင့် လူသန်ကြီး၂၂ယောက်တို့မှာ ဘာမှမပြောပဲရှိနေကြသည်ကိုတွေ့ရသည်။ ဝိုင်းဝန်းကန့်ကွက်နေကြသူများမှာ ဖှေးမသိသေးသည့် မျက်နှာသစ် ပုဂ္ဂိုလ်များသာဖြစ်သည်။ သူရှေ့တွင် ရှိနေသောလူများမှာ ခမ်းနားစွာဝတ်ဆင်ထားသည်။ စိန်ရွှေလက်ဝတ်တန်ဆာများ အပြည့်ဝတ်ဆင်ထားပြီး စကားပြောသည့်အချိန်တွင် တက်ကြွသည့်အမူအယာများဖြင့် ပြောကြသည်။ သူတို့ရင်ဘက်များကို ပုတ်နေသည့်ဟန်မှာ သူတို့အား ကြီးမြတ်ပြီး တာဝန်ကျေ သည့်လူများဟု ထင်ရ၏။
"သူတ်ို့က ဘယ်သူတွေလဲ...."ဖှေး သူ၏ ကိုယ်ရံတော် တိုးရီစ်အား မေးလိုက်၏။
ထိုမေးခွန်းကို ကြားသော် ဆံပင်ရွှေရောင်နှင့် တိုးရီစ်မှာ ဖှေးအနားသို့ ကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။ "အရှင်မင်းကြီး အရှင့်ရှေ့က ငွေသဖူတွေနဲ့ လူ၆ယောက်ကတော့ တိုင်းပြည်ထဲမှာရှိတဲ့ ဆွေကြီးမျိုးကြီးလူတွေပါ၊ ကျန်တဲ့သားသားနားနားဝတ်စားထားတဲ့ လူ၅ယောက်ကတော့ တိုင်းပြည်ထဲမှာရှိတဲ့ အချမ်းသာဆုံး ကုန်သည်တွေပါ။ တိုင်းပြည်ရဲ့ထုံးစံတွေအရဆိုရင် သူတို့တွေကလဲ ဘုရင့်ဆွေးနွေးပွဲတွေမှာ အရေးပါတဲ့လူတွေပါ။ ဘုရင့်ရဲ့ဆုံးဖြတ်ချက်ကိုတောင် လွှမ်းမိုးနိုင်စွမ်းရှိကြပါတယ်....."
"အော်အဲ့လိုလား"ဖှေး ဖြစ်ပျက်နေသည်များကို နားလည်သွား၏။
ဖှေး သက်ပြင်းချလိုက်မိသည်။ "အလတ်ဇန္ဒားက ဘယ်လိုတောင် ပရမ်းပတာဆန်တဲ့ ဘဝကိုနေထိုင်နေတာပါလိမ့်ကွာ.....ဘာလို့ဒီလိုအကျိုးအမြတ်ရှာရုံလောက်ပဲသိတဲ့ ကုန်သည်တွေက ဘုရင့်ရဲ့အုပ်ချုပ်ရေးခန်းမဆောင်ထဲရောက်ရှိနေရတာလဲ......နန်းတော်တစ်ခုလုံး ပျံကျစျေးလို ဆူညံနေတာပဲ...တကယ်ပဲချမ်းဘော့ဒ်တိုင်းပြည်ဆိုတာ အရင်ကမ္ဘာမှဆို မြို့ငယ်အဆင့်လောက်ပဲရှိတာပဲ...ငါကတော့ မြို့တော်ဝန်ပေါ့...ဟူး...." ဖှေး သူ၏စိတ်ကူးထဲတွင်ရှိသော နိုင်ငံကြီးအားထူထောင်ရန် လုပ်စရာများစွာရှိသေးကြောင်း သဘောပေါက်လိုက်သည်။
"တိတ်ကြစမ်း...နေပါဦး...မင်း...မင်းနာမည်ဘယ်လိုခေါ်လဲ ငါ့ကိုပြော...." ဖှေး ဆူညံနေမှုအား လက်ကာပြပြီး တားဆီးလိုက်ပြီး အသံအကျယ်ဆုံးအော်နေသည့်၊ အရှေ့ဆုံးမှ ငွေရောင်သရဖူနှင့် ဆွေကြီးမျိုးကြီးပုဂ္ဂိုလ်တစ်ဦးအား လက်ညိုးထိုးပြီးမေးလိုက်သည်။
"လူးဝစ် ပါအရှင်မင်းကြီး....ဗီစကောင့် လူးဝစ်ပါ။" ငွေရောင်သရဖူနှင့် လူမှာ ရှေ့သို့ထွက်လာပြီး ဆွေကြီးမျိုးကြီးပုဂ္ဂိုလ်များ အရိုအသေပေးနေကြ ပုံစံအတိုင်း၊ အရိုအသေပေးလိုက်သည်။
"အိုး....ဗီစကောင့်........လူးဝစ်လား"
ဖှေး နာမည်တစ်ခုလုံးမှာ အသံထွက်ရခက်ခဲသည်ဟု ခံစားလိုက်ရသည်။ ဖှေး သူ၏နောက်မေးခွန်းကို ဆက်မေး၏ "ကဲ မစ်စတာ ဗီစကောင့် ဦးလေးဘတ်စ်က ဒီတာဝန်နဲ့မသင့်တော်ဘူးဆိုရင် တစ်ခြားဘယ်သူက ဒီတာဝန်ကို ပိုပြီးကောင်းကောင်းမွန်မွန် ထမ်းဆောင်နိုင်မယ်ထင်လဲ....."
"ဘုရင်အလတ်ဇန္ဒား ရှင်းရှင်းပြောရမယ်ဆိုရင် ကျွန်တော်မျိုး ကိုယ့်ကိုယ်ကို အထင်ကြီးနေတာမဟုတ်ပါဘူး ဒါပေမယ့် ကျွန်တော်နဲ့ ဝန်ကြီးချုပ်ရာထူးက အသင့်တော်ဆုံးဖြစ်တယ်လို့ ကျွန်တော်ခိုင်ခိုင်မာမာယုံကြည်ပါတယ်....."လူးဝစ် သူ၏ ရင်ဘက်အား ပုတ်ပြီး ဂုဏ်ယူဝင့်ကြွားစွာလျှောက်တင်ံလိုက်သည်။"ကျွန်တော်က ချမ်းဘော့ဒ်မှာရှိတဲ့ ဆွေကြီးမျိုးကြီးပုဂ္ဂိုလ်တွေထဲမှာဆိုရင် သွေးအသန့်ဆုံးပါပဲ...ကျွန်တော်မျိုးရဲ့အဖေဆိုရင် ဇီးနစ်အင်ပါယာ အရှင်သခင်ယရှင်းကိုယ်တိုင်က ဆင့်ခေါ်ပြီး လူချင်းတောင်တွေ့ဆုံခဲ့ပါသေးတယ်.....ကျွန်တော်တို့ရဲ့မိသားစုဟာလဲ ဂုဏ်သရေများစွာရှိခဲ့တဲ့မိသားစုပါ...အဲ့အတွက်ကြောင့် ကျွန်တော်သာအသင့်တော်ဆုံးပါပဲ....."
သူလျှောက်တင်၍ မပြီးသေးခင်းမှာပင် တစ်ခြားဆွေကြီးမျိုးကြီး ပုဂ္ဂိုလ်များနှင့် လူချမ်းသာကုန်သည်များမှာ မက်တပ်ရပ်ကာ လက်ခုပ်တီးထောက်ခံအားပေးကြတော့သည်။
သို့သော် တစ်ဖက်တွင်ရှိနေကြသော ဘရွတ်နှင့် လူသန်ကြီးများမှာ သူတို့၏မျက်နှာတွင် မနှစ်သက်မှုများကိုပြသလျှက်ရှိသည်။
ဖှေး သူ၏ ခေါင်းကိုသာခါရမ်းလိုက်သည်။ သူရီရမလား စိတ်ဆိုးရမလားပင် မသဲကွဲတော့ချေ။ ဖှေး ဂုဏ်ယူဝင့်ကြွားနေသော လူးဝစ်အားကြည့်ပြီးပြောလိုက်သည်။ "ဟုတ်ပါပြီ...ဗစ်...ဗီစကောင့် လူးဝစ် ငါမင်းကို မေးခွန်းတစ်ခုပဲမေးချင်တယ်...အဲ့မေးခွန်းကို မင်းငါကျေနပ်တဲ့အဖြေပေးမယ်ဆိုရင် ဝန်ကြီးချုပ်ရာထူးက မင်းအတွက်ပဲ..."
လူးဝစ် ဝမ်းသာသွားပြီး ယုံကြည်ချက်ရှိစွာ ပြန်လည်လျှောက်တင်လိုက်သည်။ "မေးပါအရှင်မင်းကြီး အုပ်ချုပ်ရေးတာဝန်တွေမှာ ကျွန်တော့ထက်ပိုပြီး စိတ်ချရတဲ့လူမရှိဘူးဆိုတာကို ကျွန်တော်အာမခံပါတယ်...."
"ဟုတ်ပြီလေ ဒါဆိုရင်...ချမ်းဘော့ဒ်မြို့သားတွေနဲ့ စစ်သားတွေ တိုင်းပြည်ကိုကာကွယ်ဖို့ သွေးသံတွေထဲမှာတိုက်ခိုက်နေတုန်းက မင်းက ဘယ်
....ရောက်.....နေ......တာ.....လဲ....." ဖှေးပလ္လင်ပေါ်မှ နေ၍ ပြတ်ပြတ်သားသားတစ်လုံးခြင်းပြောလိုက်သည်။ ဖှေးသူ၏ ရီချင်နေသော အမူအယာကိုပင် ဖုံးကွယ်ထားခြင်းမရှိချေ။
"ကျွန်တော်မျိုး......" ဗီစကောင့် လူးဝစ်မှာ ပြောစရာစကားရှာမရ ဖြစ်သွားသည်။
"ဟားဟားဟား ငါတို့တွေဘုရင်နဲ့အတူ တိုက်ခိုက်နေတုန်းက မစ်စတာ ဗီစကောင့်က သူ့မိန်းမထမိန်အောက်မှာ ပုန်းနေပြီး ကြောက်လန့်တကြား တုန်ခါနေခဲ့တာထင်တယ်.....ဟားဟားဟား..."ဒရော့ဂ်ဘာမှာ ပွင့်လင်းသော လူတစ်ယောက်ပင်။ ထိုကဲ့သို့ အဓိပ္ပါယ် မရှိသော စကားများစွာအား ကြားရပြီးနောက်တွင် မက်တပ်ထပြီး လူးဝစ်နှင့် သူ့နောက်လိုက်များကို လျှောင်ပြောင်လိုက်သည်။ ဘရွတ်နှင့် ကျန်ရှိနေသေးသော လူသန်ကြီးများလဲ အော်ဟစ်ရယ်မောကြတော့သည်။
"မင်း....မင်းတို့ ညစ်ပတ်တဲ့ အရိုင်းအစိုင်းကောင်တွေ.....မင်းတို့လိုကောင်တွေက ဘာလို့ အုပ်ချုပ်ရေးခန်းမဆောင်ထဲရောက်နေကြတာလဲ....." ဗီစကောင့် လူးဝစ်၏ မျက်နှာမှာ ရုတ်တရက်နီရဲသွား၏။ အော်ဟစ်ကာ သူ့ကိုယ်သူရှင်းပြနေ၏။ "ဆွေကြီးမျိုးကြီး ပုဂ္ဂိုလ်တွေက စစ်ပွဲကနေ တိမ်းရှောင်ခွင့်ရှိတယ်....ချမ်းဘော့ဒ်မှာရှိတဲ့ သွေးအသန့်ဆုံး ဆွေကြီးမျိုးကြီးတစ်ယောက်အနေနဲ့ မင်းတို့လယ်သမားတွေလို ပျင်းစရာကောင်းတဲ့ စစ်တိုက်တာတွေ၊ သတ်ဖြတ်တာတွေ လုပ်စရာမလိုဘူး...."
"ဘာ...စစ်တိုက်တာနဲ့ သတ်ဖြတ်တာတွေက ပျင်းစရာကောင်းတယ် ဟုတ်လား...." ဖှေး၏ မျက်နှာမှာ အေးစက်သွားသည်။ သူစိတ်ဆိုးစွာပြောလိုက်သည်။ "ရပြီ ဗီစကောင့် လူးဝစ်...ငါမင်းအဖြေကို တော်တော်သဘောမကျဘူး...ကံမကောင်းစွာပဲ မင်းဝန်ကြီးချုပ်ရာထူးကို ရတော့မှာမဟုတ်ဘူး....နောက်ပြီး ဗီစကောင့် မင်းစော်ကားနေတဲ့လူတွေက ဘယ်သူတွေလဲဆိုတာမင်းဂရုစိုက်ပါ....မင်း အရိုင်းအစိုင်းတွေလို့ ခေါ်လိုက်တဲ့ အဲ့လူတွေက ချမ်းဘော့ဒ်တိုင်းပြည်ကို ကာကွယ်ခဲ့တဲ့သူရဲကောင်းတွေပဲ....မင်းသူတို့ကို နောက်တစ်ခါစော်ကားမယ်ဆိုရင် မင်းတို့မိသားစုရဲ့ ဆွေကြီးမျိုးကြီး ဂုဏ်ပုဒ်ကို ငါကိုယ်တိုင်ရုပ်သိမ်းပစ်ရလိမ့်မယ်......."
လူးဝစ် ထိတ်လန့်ကြောက်ရွံ့သွားသည်။ ဘာမှဆက်မပြောရဲတော့ပေ။
ထို့နောက်တွင် ဖှေးတစ်ဖက်သို့လှည့်ပြီး ဘတ်စ်အားပြောလိုက်သည်။ "ဦးလေးဘတ်စ် ကျွန်တော် ဦးလေးကို ဒီစာရွက်စာတမ်းတွေကိစ္စတွေနဲ့ ဒုက္ခပေးရဦးမယ်ထင်ပါတယ်....ဗီစကောင့် လူးဝစ်က ကျွန်တော့ကို အခုလေးတင်ပဲသတိပေးသွားတဲ့အတိုင်း...ဦးလေးဘတ်စ်ကို ဒီနေ့ကစပြီး ချမ်းဘော့ဒ်ရဲ့ ဝန်ကြီးချုပ်အသစ်အဖြစ် ခန့်အပ်လိုက်ပြီဗျာ..."
ဤအခိုက်တန့်တွင် ဘတ်စ် အံ့သြနေခဲ့ရာမှ စိတ်များပြန်လည်တည်ငြိမ်လာပြီဖြစ်သည်။ ဘတ်စ် ခေါင်းငုံ့အရိုအသေပေးကာ ရာထူးကို လက်ခံကြောင်းတုန့်ပြန်လိုက်သည်။
"ကျွန်တော် သဘောမတူပါဘူး။ အရှင်မင်းကြီး အဲ့လိုလုပ်လို့မရပါဘူး ဒါကမျက်နှာလိုက်တယ်ဆိုတာသိသာနေတာပဲ....သစ္စာဖောက်တစ်ယောက်ကို ဝန်ကြီးချုပ်ခန့်အပ်လိုက်တာကြောင့် ချမ်းဘော့ဒ်ပြည်ကြီး ပျက်စီးသွားနိုင်ပါတယ်...." အရှေ့ဘက်တွင် ထိုင်နေသာ လူချမ်းသာ ကုန်သည်များ အုပ်စုထဲမှလူတစ်ယောက်မှာ ထပြီးဖှေး၏ ဆုံးဖြတ်ချက်အား ရဲရင့်စွာစိန်ခေါ်လိုက်သည်။
ဖှေး ဒေါသဖြစ်သွား၏။
ထိုကဲ့သို့လူစားများမှာ မိမိကိုယ်ကျိုးအတွက်သာ အာဏာလိုချင်သည်ဖြစ်သော်လည်း သူ့တို့ကိုယ်သူ တို့မှန်ကန်မှုအား ထောက်ပြသကဲ့သို့ပြုမူကြသော လူစားမျိုးများဖြစ်ကြသည်။ ထိုကဲ့သို့သောလူစားမျိုးမှာ ဖှေးအင်မတန် မုန်းတီးသည်။ ဖှေး ပလ္လင် လက်ကိုင်နေရာအား လက်ဖြင့်ပြင်းထန်စွာ ပုတ်လိုက်ပြီး မက်တပ်ထကာ ထိုလူအား ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ "ငါ့ဘာငါ မျက်နှာလိုက်တော့ xီးဖြစ်လား.....အဲ့တော့ မင်းဘာလုပ်ချင်လဲ....မင်းကိုယ်မင်း ဘာထင်နေတာလဲ.....အခုချိန်ကစပြီး ဒီလိုကောင်မျိုးတွေ ငါ့နန်းတော်ထဲကို ထပ်ရောက်မလာစေနဲ့...အစောင့်တွေ ဒီကျက်သရေတုန်းတဲ့ကောင်တွေကို ငါ့ရှေ့ကဆွဲထုတ်သွားကြစမ်း......"
ဖှေးပြောပြီးသည့်အချိန်တွင် ချပ်ဝတ်နှင့် စစ်သားများဝင်လာပြီး ထိုခပ်ဝဝနှင့် ချမ်းသာသော ကုန်သည်များ အုပ်စုအား အပြင်သို့ဆွဲထုတ်သွားကြတော့သည်။
အာမေဋိတ်သံများနှင့် မယုံနိုင်သောအမူအယာများလူတိုင်း၏ မျက်နှာတွင်ပြည့်နှက်သွားအပြီးတွင် ကျန်ရှိနေသေးသော ဆွေကြီးမျိုးကြီးလူတန်းစား ၆ယောက်မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ကိုယ့်နေရာကိုယ် တိတ်ဆိတ်စွာပြန်ထိုင်သွားကြတော့သည်။
ဖှေး ပလ္လင်ပေါ်မှနေ၍ ပတ်ပတ်လည်အားကြည့်ရှုလိုက်သည်။ ဆွေကြီးမျိုးကြီးများ သူ့အား ကြည့်ပင်မကြည့်ရဲကြတော့ချေ။ ဖှေး၏ တိုင်းပြည်၏ အုပ်ချုပ်ရေးစနစ်ကိုပြန်လည်ပြုပြင်ရန် ဆုံးဖြတ်ချက်မှာ ပို၍ပင်ခိုင်မာလာသည်။ "ငါက ချမ်းဘော့ဒ်နိုင်ငံရဲ့ ဘုရင်ဖြစ်ပြီးနေပြီဆိုတော့၊ ငါ့ရဲ့ကံကြမာက ငါ့ရှေ့က လူတွေနဲ့ ချည်နှောင်ထားပြီးသားဖြစ်နေပြီ။ ငါအလုပ်မကြိုးစားလို့တော့မဖြစ်ဘူး....လက်ရှိအခြေအနေကို ပြုပြင်ပြီး ငါတန်ဖိုးထားတဲ့အရာတွေကို ကာကွယ်နိုင်အောင် လုပ်မှရမယ်......"
ထို့နောက်တွင် ဖှေး ပါလာဒင်ဇာတ်ကောင်အဖြစ်သို့ပြောင်းလဲလိုက်သည်။ သန့်စင်မြင့်မြတ်သော စွမ်းအင်အရှိန်အဝါတို့မှာ သူ့ထံမှ အလိုအလျှောက်ပင်ထွက်ပေါ်နေတော့သည်။ ပုလ္လင်ရှေ့တွင် မက်တပ်ရပ်ပြီး မျက်နှာတွင် ခိုင်မာသည့်အမူအယာဖြင့် ကြေငြာလိုက်သည်။ "ချမ်းဘော့ဒ်တိုင်းပြည်ရဲ့ ဘုရင်တစ်ပါးအနေနဲ့ ငါကြေငြာလိုက်တယ်...လာမယ့်၁၀ရက်ပတ်လုံးကို ငါ အာဏာခွဲဝေမှု၊ အုပ်ချုပ်ရေးစနစ်၊ စစ်ဘက်ဆိုင်တာတို့ကို ပြောင်းလဲရေးကာလအနေနဲ့သက်မှတ်လိုက်တယ်.....အဲ့ကာလအတွင်းမှာ အုပ်ချုပ်ရေးတာဝန်တွေကို ဘတ်စ်က တာဝန်ယူဆောင်ရွက်လိမ့်မယ်....စစ်ဘက်ဆိုင်ရာတွေကိုတော့ ဘရွတ်က တာဝန်ယူဆောင်ရွက်လိုက်....မင်းတို့ထဲက တစ်ယောက်ယောက်မှာ ပြောင်းလဲမှုအတွက် အကြံဉာဏ်ကောင်းတွေရှိတယ်ဆိုရင် သူတို့နှစ်ယောက်ကို တင်ပြကြ....သူတို့ကငါနဲ့ပြန်ဆွေးနွေးလိမ့်မယ်...."
ဤအခိုက်တန့်တွင် ဘုရင်၏ ခမ်းနားမှုနှင့် ပါလာဒင်ဇာတ်ကောင်၏ မြင့်မြတ်သန့်စင်မှုတို့မှာ ပေါင်းစည်းသွားသည်။ ဖှေး၏အသံမှာ ခန်းမဆောင်အတွင်းတွင် ပဲ့တင်နေသည်။ သူ၏ ဆုံးဖြတ်ချက်အား မည်သူမျှ ကန့်လန့်မတိုက်ရဲတော့ချေ။
အစည်းအဝေးပွဲ သိမ်းခါနီးတွင် ချမ်းဘော့ဒ်၏ တာဝန်ခံပုဂ္ဂိုလ်အသစ် နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ဘရွတ်မှထပြီး-"အရှင့်မင်းကြီး အရှင့်ကိုကျွန်တော်မျိုး အရေးကြီးကိစ္စတစ်ခုသတိပေးစရာရှိပါသေးတယ်....လာမယ့်နှစ်ဝက်လောက်မှာဆိုရင် သုံးနှစ်တစ်ခါကျင်းပတဲ့ ဇီးနစ်အင်ပါယာ ရဲ့ အဖွဲ့ဝင်နိုင်ငံတွေ စစ်ဘက်ဆိုင်ရာလေ့ကျင့်တဲ့ ပြိုင်ပွဲကြီးစတင်ပါတော့မယ်....ကျွန်တော်တို့တွေ အဆင့်ကောင်းကောင်းရချင်တယ်ဆိုရင် အခုကတည်းကစပြီး ပြင်ဆင်ထားမှရပါမယ်...."
ဘရွတ် ပြောပြီးသော် ခန်းမဆောင်ထဲမှလူများအားလုံး ခေါင်းငြိမ့်ပြီး ဘရွတ်နှင့် သဘောတူသည့်အသံများပြုလုပ်ကြတော့သည်။ လူတိုင်း စိတ်ဓာတ်တက်ကြွလာတော့သည်။ ဒရော့ဂ်ဘာမှာ ထိုင်နေရာမှ မက်တပ်ထကာ သူ့ရင့်ဘက်ကိုပုတ်ပြီး "ဒီတစ်ခေါက်တော့ ငါတို့ရဲ့ပြိုင်ဘက်ဟောင်း မဟူရာတိုင်းပြည်ကိုအနိုင်ယူပြီး အဆင့်၅ အဖွဲ့ဝင်နိုင်ငံ ဖြစ်အောင်လုပ်မယ်ကွာ...."
ဖှေး စိတ်ဝင်စားသွားပြီး မေးလိုက်သည်။ "အဖွဲ့ဝင်နိုင်ငံတွေရဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးပြိုင်ပွဲ ဟုတ်လား...အဲ့တာဘာလုပ်ဖို့ အတွက်လဲ...."
ဘုရင်အလတ်ဇန္ဒားသည် ဉာဏ်ရည်မမှီရာမှ ပုံမှန်ပြန်ဖြစ်ပြီးချိန်တွင် အကြောင်းအရာတော်တော်များများအား မေ့လျော့ မသိရှိဖြစ်နေသည်မှာ လူတိုင်းအတွက် မဆန်းတော့ပေ။ ထို့ကြောင့် ဘရွတ်မှ စိတ်ရှည်ရှည်ဖြင့် ရှင်းပြ၏။ "အရှင်မင်းကြီး စစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးပြိုင်ပွဲဆိုတာ အဖွဲ့ဝင်တိုင်းပြည်တွေရဲ့ စစ်ရေးဆိုင်ရာ အစွမ်းတွေကို စမ်းစစ်ဖို့အတွက် ဇီးနစ်အမိအင်ပါယာက ကျင်းပပေးတဲ့ ပြိုင်ပွဲတစ်ခုပါ.....ကျွန်တော်တို့သာတကယ်လို့ ဒီပြိုင်ပွဲမှာကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့ရင် အဆင့်၅ အဖွဲ့ဝင်နိုင်ငံအဖြစ် တိုးမြှင့်သွားဖို့ အခွင့်ရေးရှိပါတယ်...ကျွန်တော်တို့ ဒီအခွင့်လမ်းကို လွတ်သွားလို့မဖြစ်ပါဘူး....."
"အဆင့်၅အဖွဲ့ဝင်နိုင်ငံအဖြစ် တိုးသွားမယ်ဆိုရင် ရလာမယ့် အကျိုးမြတ်တွေရှိလို့လား...."
"ဟုတ်ပါတယ် အရှင်မင်းကြီး။ ချမ်းဘော့ဒ်က အခုဆိုရင် အဆင့်၆အဖွဲ့ဝင်နိုင်ငံပါ။ အနိမ့်ဆုံး အဆင့်ပါပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့ ဇီးနစ်အင်ပါယာက ထောက်ပံ့မှုကိုလဲ အနည်းငယ်သာရပါတယ်....တကယ်လို့သာ ကျွန်တော်တို့ အဆင့်၅ကို တိုးသွားမယ်ဆို ကုန်ပစ္စည်းအထောက်ပံ့တွေ၊ ငွေကြေးအထောက်ပံ့တွေ ပိုရလာမှာပါ။ နောက်ပြီး မြို့လူဦးရေနဲ့ စစ်အင်အား၊ နယ်မြေအကျယ်အဝန်းတို့ကိုလည်း တိုးချဲ့ခွင့်ရလာမှာပါ....ကျွန်တော်တို့ ကံကောင်းမယ်ဆို ကြယ်အဆင့် အတွင်းအားလေ့ကျင့်ရေး မှော်စာလိပ်တွေကိုတောင် ဆုလာဘ်အနေနဲ့ ရရှိနိုင်ပါသေးတယ်....အဲ့တာတွေအကုန်ပေါင်းလိုက်ရင် ချမ်းဘော့ဒ်တိုင်းပြည်ရဲ့အစွမ်းက သိသိသာသာတိုးတတ်လာမှာပါ...."
ဤအရာများကို ဖှေးယခုအချိန်မှသာ ကြားဖူးခြင်းဖြစ်သည်။ထို့ကြောင့်ပင် မေးခွန်းများစွာပြန်မေးလိုက်သည်။
"လက်ရှိငါတို့တိုင်းပြည်ရဲ့ လူဦးရေနဲ့စစ်အင်အားမှာ ကန့်သက်ချက်တွေရှိနေတာလား....ကြယ်အဆင့် အတွင်းအားလေ့ကျင့်ရေး မှော်စာလိပ်ဆိုတာရော ဘာတွေတုန်း...."
"ဇီးနစ်အင်ပါယာရဲ့ ဥပဒေစည်းမျဥ်းတွေအရဆိုရင် အဆင့်၆ အဖွဲ့ဝင်နိုင်ငံမှာ လူဦးရေ၁၀၀၀၀အောက် နဲ့ စစ်အင်အား ၅၀၀အောက်မှာပဲရှိရပါမယ်....နန်းတော်တစ်ခုပဲဆောက်လုပ်ခွင့်ရှိပြီး မြေဧက ၅၀၀အောက်ပဲ ပိုင်ဆိုင်ထိန်းချုပ်ခွင့်ရှိပါတယ် အရှင်မင်းကြီး။ တကယ်လို့သာ အဲ့စည်းမျဥ်းတွေက်ိုဖောက်ဖြတ်ခဲ့မယ်ဆိုရင် အမိအင်ပါယာက အပြစ်ပေးလာနိုင်ပါတယ် အရှင်မင်းကြီး....အဆင့်၆ အဖွဲ့ဝင်နိုင်ငံတွေက ကြယ်နှစ်လုံးအဆင့် အတွင်းအားလေ့ကျင့်ရေး မှော်စာလိပ်နဲ့ ကြယ်နှစ်လုံးအဆင့် သိုင်းပညာမှော်စာလိပ်တွေကိုသာ ပိုင်ဆိုင်ခွင့်ရှိပါတယ်....ပိုပြီးအဆင့်မြင့်တဲ့ မှော်စာလိပ်တွေကိုတော့ ရယူပိုင်ဆိုင်ခွင့် တင်းကြပ်စွာတားမြစ်ထားပါတယ်....အဲ့စည်းမျဥ်းကိုဖောက်ဖြတ်ရင် ရလာမယ့်အပြစ်ဒဏ်က ပိုပြီးတော့တောင် ပြင်းထန်လာနိုင်ပါတယ်..." ဘရွတ် ဆက်ပြောသည်။ "ကျွန်တော်တို့သာ အဆင့်၅ကို တက်ရောက်သွားမယ်ဆိုရင် ကန့်သက်ချက်တွေ လျှော့ကျသွားပြီး လက်ရှိကြွယ်ဝမှုထက် နှစ်ဆလောက်တိုးတတ်သွားပါလိမ့်မယ်။ အဲ့လိုပါတယ် အဆင့် ၄....၃.....၂....၁......အဆင့်တက်လာလေ ကန့်သက်ချက်တွေ လျှော့လာလေပါပဲ....."
"ဒီစည်းမျဥ်းတွေက ဘာတွေလဲ အမိအင်ပါယာက သူ့အဖွဲ့ဝင်နိုင်ငံတွေ အင်အားကြီးလာမှာကို မလိုလားဘူးလား..."ဖှေး ချက်ချင်းနားမလည်နိုင်သေးပေ။
"အရှင်မင်းကြီး အေဇာရုတိုက်မှာ စကားပုံတစ်ခုရှိပါတယ်...အရမ်းဆိုးသွမ်းလွန်းနေတဲ့ခွေးက သူ့သခင်ရဲ့ လည်ပင်းကိုပါကိုက်ဖြတ်လာနိုင်တယ်...ဆိုတဲ့စကားပုံပါ။ အမိအင်ပါယာတွေက သူတို့ဆက်လက်အုပ်ချုပ်ခွင့်ကို မည်သူမှ မခြိမ်းခြောက်နိုင်အောင် စီစဥ်ထားကြပါတယ်။ ဒါကြောင့်အင်ပါယာရဲ့ အင်အားကိုကျမသွားစေဖို့အတွက် အဖွဲ့ဝင်တိုင်းပြည်တွေရဲ့ အင်အားကို တင်းကြပ်စွာ ကန့်သက်ထားပါတယ်....."