← Chapters

“ဒိုင်ယာဘလိုကမ္ဘာသို့ ပြန်လည်ဝင်ရောက်ခြင်း”

Vol. 5 Ch. 64

“ဒိုင်ယာဘလိုကမ္ဘာသို့ ပြန်လည်ဝင်ရောက်ခြင်း”

Vol. 5 Ch. 64

ဖှေး အံ့သြသွားသော်လည်း ဘရွတ်ဆိုလိုသည်ကို ချက်ချင်းနားလည်သွား၏။ ကိုလိုနီနယ်ချဲ့ အုပ်ချုပ်သကဲ့သို့ပင် ဖြစ်သည်။

ဖှေး ခေါင်းငြိမ့်ပြလိုက်ပြီး နောက်မေးခွန်းတစ်ခုအား ဆက်မေးလိုက်သည်။ “ဆက်ပြော ဘရွတ်၊ ဒီစစ်ဘက်ဆိုင်ရာ လေ့ကျင့်ရေးပြိုင်ပွဲမှာ ဘယ်လိုတွေ ယှဥ်ပြိုင်ရတာလဲ...”

“ဟုတ်ကဲ့ပါ၊ အရှင်မင်းကြီး...ဇီးနစ်အင်ပါယာရဲ့ထုံးစံအရ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကို ပုံစံနှစ်မျိုးနဲ့ယှဥ်ပြိုင်ရပါတယ်....ပထမပုံစံကတော့ တိုင်းပြည်တွေမှာရှိတဲ့ အသန်မာအစွမ်းထက်ဆုံးပုဂ္ဂိုလ်အခြင်းခြင်း ယှဥ်ပြိုင်တိုက်ခိုက်ရတာပါ.....အဖွဲ့ဝင်နိုင်ငံတွေက သူတို့တိုင်းပြည်မှာရှိတဲ့ အစွမ်းအထက်ဆုံး မှော်ဆရာ ဒါမှမဟုတ် စစ်သည် ၆ယောက်ကို ဝင်ရောက်ပါဝင်ယှဥ်ပြိုင်ခိုင်းလို့ရပါတယ်။ ဒုတိယပုံစံကတော့ တိုင်းပြည်တွေရဲ့ စစ်တပ်ဖွဲ့အခြင်းခြင်းယှဥ်ပြိုင်တိုက်ခိုက်ရတာပါ.....တိုင်းပြည်တိုင်းက သူတို့ရဲ့ ကျွမ်းကျင်စစ်သား ၁၀၀နဲ့ ​ပွဲစဥ်လေးပွဲ ယှဥ်ပြိုင်တိုက်ခိုက်ရမှာပါ.....စုစုပေါင်းအနေနဲ့ဆိုရင် ပွဲစဥ်၁၀ပွဲ ယှဥ်ပြိုင်တိုက်ခိုက်ရမှာပါ....ပွဲစဥ်အများဆုံးအနိုင်ရတဲ့တိုင်းပြည်က လက်ရှိ အဖွဲ့ဝင်နိုင်ငံအဆင့်မှာ ဆက်လက်တည်ရှိနေနိုင်မှာဖြစ်ပြီးတော့ ပိုပြီးအဆင့်မြင့်တဲ့တိုင်းပြည်တွေကို စိန်ခေါ်ယှဥ်ပြိုင်ကာ သူတို့အဆင့်နေရာကို ရရှိဖို့ အခွင့်လမ်းရရှိမှာလဲဖြစ်ပါတယ်....” ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာအကြံပေးအသစ် ဘရွတ်မှာ ဘုရင်နားမလည်မည်ကို စိုးသဖြင့် အသေးစိတ်ရှင်းပြ၏။

“အော် ဒါဆိုငါတို့အရင်ပြိုင်ပွဲမှာ ယှဥ်ပြိုင်ခဲ့တဲ့အခြေအနေကရော ဘယ်လိုရှိခဲ့လဲကွ....”

ဘရွတ်၏ မျက်နှာမှာ စိတ်ဓာတ်ကျသည့်ပုံပေါက်သွား၏။ ခန်းမဆောင်အတွင်းရှိ တခြားလူများလည်း ခေါင်းများငုံ့ထားလိုက်ကြသည်။ ခန်းမဆောင်အတွင်းရှိလေထုမှာ အေးစက်ပြီး၊ စိတ်ဓာတ်ကျဖွယ်ဖြစ်လာ၏။ ဘရွတ်အသက်ရှူလိုက်ပြီး ပြောလိုက်သည်။ “အရှင်မင်းကြီး ချမ်းဘော့ဒ်က အရင်တုန်းက အဆင့်၄ အဖွဲ့ဝင်နိုင်ငံပါ...တစ်ခြားအဖွဲ့ဝင်နိုင်ငံတွေအပေါ်မှာလဲ လွှမ်းမိုးနိုင်မှုရှိခဲ့ပါတယ်.....ဒါပေမယ့် လွန်ခဲ့တဲ့စစ်ဘက်ဆိုင်ရာလေ့ကျင့် ယှဥ်ပြိုင်ပွဲမှာတုန်းက ကျွန်တော်တို့တွေက သင်္ဘောဧရာတိုင်း​ပြည်နဲ့ မဟူရာတိုင်းပြည်နှစ်ခုလုံးကို ဆက်တိုက်ရှုံးနိမ့်ပြီးတော့ အဆင့်၆အဖွဲ့ဝင်တိုင်းပြည်အဖြစ်ကျဆင်းသွားခဲ့ရပါတယ်...ကျွန်တော်တို့ လာမယ့် ပြိုင်ပွဲမှာ ဆက်ပြီးရှုံးနိမ့်မယ်ဆိုရင် ချမ်းဘော့ဒ်ရဲ့ တိုင်းပြည်ဆိုတဲ့ ဂုဏ်ပုဒ်ကိုဖြုတ်ကျပြီး ဇီးနစ်အင်ပါယာက ကျွန်တော်တို့တိုင်းပြည်ကို တစ်ခြားအနိုင်ရရှိတဲ့နိုင်ငံအား ဆုလာဘ်အနေနဲ့ ပေးလိုက်တော့မှာဖြစ်ပါတယ်....”

“မနှစ်ကပြိုင်ပွဲမှာတင် အဆင့်နှစ်ခုတောင် ကျဆင်းသွားခဲ့တာလား.....” ဖှေး အံ့သြသွားသည်။ “ငါတို့က အရင်က အဆင့်၄အဖွဲ့ဝင်နိုင်ငံဆိုတော့ အဲ့လောက်တောင် အင်အားမနည်းလောက်ပါဘူး...ဘာလို့အဲ့လိုဆိုးဆိုးဝါးဝါးရှုံးနှိမ့်သွားခဲ့ရတာလဲ....””

ဖှေးထိုကဲ့သို့ ပြောပြီးသည့်အချိန်တွင် ခန်းမဆောင်အတွင်းရှိ လေထုမှာ အလွန်ကိုးရို့ကားယားဖြစ်လာတော့သည်။

ဘရွတ် ချောင်းဟန့်ပြီးပြောလိုက်သည်။ “အရှင်မင်းကြီး.....ဟို.....အရင်ပြိုင်ပွဲတုန်းက.....ကံမကောင်းစွာနဲ့ပဲ ပြိုင်ပွဲရောက်ဖို့ နှစ်လအလိုမှာ....အရင်ဘုရင်က နတ်ရွာစံသွားခဲ့တာ.....အဲ့...အဲ့တာနဲ့....အမိန့်ပေးရတဲ့သူက...အရှင်ဖြစ်သွားရော...ဟိုအဲ့အချိန်တုန်းက အရှင့်ရဲ့ ဟိုလေ ဉာဏ်ရည်ကပုံမှန်ပြန်မဖြစ်သေးဘူးဆိုတော့....လမ်းပါ့ဒ် အနိုင်ယူလိုက်တဲ့ပြိုင်ပွဲကလွဲပြီး ကျန်၁၉ပွဲလုံး ကျွန်တော်တို့ ရှုံးနိမ့်သွားပါတယ်....အဲ့...အဲ့တာနဲ့ပဲ ကျွန်တော်တို့ အဆင့်၆အဖွဲ့ဝင်နိုင်ငံ အဖြစ်ကျဆင်းသွားခဲ့တာပါ.....”

ဖှေး ရှက်ရွံ့သွားသည်။ အလွန်ပင် ရှက်ရွံ့သွား၏။

ခန်းမဆောင်အတွင်းရှိ လူများ၏ မျက်နှာတွင် ထူးဆန်းသည့်အမူအရာများ ပေါ်ပေါက်နေရခြင်း၏ အကြောင်းအရင်းကို ဖှေးယခုအခါတွင် နားလည်သွားပြီဖြစ်သည်။ “အခုလို ငါတို့တိုင်းပြည် အခြေအနေဆိုးထဲရောက်နေတာ ငါ့ကြောင့်ကိုး....ငါတို့တွေပြိုင်ပွဲမှာ ရှုံးခဲ့ရတာက အရင်အလတ်ဇန္ဒားရဲ့ မစွမ်းဆောင်နိုင်မှုကြောင့်ပါလာ...ဒါပေမယ့် ငါလဲဘယ်တတ်နိုင်မှာလဲ....ကျပ်မပြည့်တဲ့လူတစ်ယောက်က အမိန့်ပေးတဲ့ပြိုင်ပွဲမှာတော့ ရှုံးကိုရှုံးမှာပဲလေ....”ဖှေး တွေးလိုက်မိ၏။

“အဟွတ် အဟွတ်...အော်...အဲ့လိုလား။ မင်းမှန်ပါတယ် အဲ့...သင်္ဘောဧရာတိုင်းပြည်နဲ့ မဟူရာတိုင်းပြည်က တော်တော်အမုန်းတရားကြီးကြတာပဲ...ငါတို့တွေ ဒီတစ်ခေါက်တော့ ဂုဏ်ပြန်ဆယ်မှ ရမယ်နော်.....ပြင်ဆင်မှုတွေစလုပ်တော့ ဘရွတ်...အဟမ်း..အဟမ်း...ဒီနေ့အတွက်တော့

ဒီလောက်ပါပဲ ဆွေးနွေးပွဲပြီးပြီ...ဟဲဟဲ....”

ဖှေးရှက်လာသဖြင့် ဆွေးနွေးပွဲကို ချက်ချင်းအဆုံးသက်လိုက်၏။

ခန်းမအတွင်းရှိ လူများအားလုံး ဘုရင်ရှက်ရွံ့နေသည်ကို တွေ့မြင်လိုက်ရသည်။ ဆွေကြီးမျိုးကြီးပုဂ္ဂိုလ်များမှာ အရိုအသေပေးပြီး ထွက်ခွာသွားကြ၏။ ဒရော့ဂ်ဘာ၊ ပီးရာ့စ်နှင့် လူသန်ကြီးများမှာ ပြုံးစိစိဖြစ်နေကြသည်။ ဖှေးကို ပင် မျက်စပစ်ကာ မထွက်သွားမှီ လှမ်း၍စနောက်လိုက်ကြ၏။ ဖှေးသူတို့အာစ လက်ခလည်ထောင်ပြလိုစိတ်အား မနည်းချုပ်တီးထားလိုက်ရသည်။

ဘရွတ်မှလွဲပြီး ခန်းမဆောင်အတွင်းမှ လူများအားလုံးထွက်ခွာသွားကြပြီဖြစ်သည်။

“တင်ပြစရာတစ်ခုခုများ ကျန်နေသေးလို့လား ဘရွတ်.....”ဖှေး စိတ်ဝင်စားစွာမေးလိုက်သည်။

ဘရွတ်ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး မျက်နှာတွင် အသနားခံသည့် အမူအရာဖြင့် လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး ကျွန်တော်မျိုးရဲ့ အတင့်ရဲတဲ့ တောင်းဆိုမှုတစ်ခုကို ကျေးဇူးပြုပြီး နားထောင်ပေးပါ....အရှင်မင်းကြီး ချမ်းဘော့ဒ်ရဲ့ ‘မြေအောက်ရေ သံမဏိအကျဥ်းထောင်’ က အကျဥ်းသားတွေကို ပြန်လည်စီစစ်ပေးတော်မူပါ....မစ်စတာ ပီတာက နိုင်ငံတော်အပေါ် အင်မတန် သစ္စာရှိတဒလူတစ်ယောက်ပါ ဒါပေမယ့်သူက ဘစ်ဇားနဲ့ ပူးပေါင်းဖို့ကိုငြင်းဆန်ခဲ့တဲ့အတွက် ဘစ်ဇားက သူ့က်ို ရာထူးကဖြုတ်ပြီး သစ္စာဖောက်မှုနဲ့ သေဒဏ်ပေး အကျဥ်းချထားခဲ့ပါတယ်....မစ်စတာ ပီတာလိုပဲ အကျဥ်းထောင်ထဲမှာ တခြားအပြစ်ကင်းစင်တဲ့လူတွေရှိပါသေးတယ်....ဒါကြောင့်မို့လို့ အရှင်မင်းကြီးကိုယ်တိုင် ဒီမတရားခဲ့မှုတွေကို ပြန်လည်ဖြေရှင်းပေးဖို့ ကျွန်တော်တောင်းဆိုချင်ပါတယ်.....”

“ပီတာ လား....”

ထိုနာမည်အား ဖှေးကြားဖူးသကဲ့သို့ဖြစ်နေသည်။ အနည်းငယ်ပြန်တွေးလိုက်သည့်အချိန်တွင် ဘရွတ်သူ့အား ဤကမ္ဘာအကြောင်းများပြောပြစဥ်က ဖော်ပြခဲ့သည့်ပုဂ္ဂိုလ်ဖြစ်ကြောင်းသတိရသွားသည်။ ပီတာ မှာ ယခင်က ဘုရင့်အစောင့်တပ်ဖွဲ့၏ ပထမခေါင်းဆောင်ဖြစ်သည်။ ဘစ်ဇားကို ဖီဆန်သောကြောင့်ရာထူးမှဖြုတ်ပြီး ထောင်ချခံထားရသည့်အတွက် ဖှေးနှင့်မတွေ့ဖြစ်သေးချေ။

ဘရွတ်၏ မျက်နှာမှ အလွန်စိုးရိမ်နေသည့် အမူအရာကိုကြည့်ပါက ထို ပီတာဆိုသော ပုဂ္ဂိုလ်မှာ အလွန်ဖြောင့်မက်မှန်ကန်သည့် စစ်သည်တစ်ဦးဖြစ်ကြောင်း ဖှေးခံစားလိုက်ရသည်။ ထို့အပြင် ဘရွတ်မှာ ကြယ်တစ်လုံးအဆင့်စစ်သည် ဖြစ်သောကြောင့် ပီတာမှာ ကြယ်တစ်လုံးအဆင့်ထက်ပိုသော စစ်သည်တစ်ယောက်ဖြစ်ပေလိမ့်မည်။ ထိုကဲ့သို့ ဆရာများမှာ ယခုအချိန်တွင် ချမ်းဘော့ဒ်အတွက် အလိုအပ်ဆုံးလူများဖြစ်၏။

“ဘရွတ်မင်းအခု မြေအောက်ရေ သံမဏိအကျဥ်းထောင်ကိုသွားပြီး ငါ့အမိန့်ကိုပြန်ကြားပေး...ထောင်မှူး အိုလတ်ဂ်ကိုပြောလိုက် စိစစ်မေးမြန်းနှိပ်စက်နေတာတွေကို ခနရပ်ထားပါလို့...နေ့လည်ကျရင်ငါကိုယ်တိုင် အ​စောင့်တွေနဲ့ လာပြီး အကျဥ်းသားတွေရဲ့အချက်အလက်တွေကို ပြန်စစ်ဆေးမယ်လို့......”

ဘရွတ် ကျေနပ်သွာသည်။ အလွန်ကျေးဇူးတင်စွာဖြင့် အရိုအသေပေးလိုက်ပြီး ခန်းမဆောင်အတွင်းမှ ထွက်ခွာသွားတော့၏။

ဖှေး သုံး၊ လေးကိုက်ခန့်အမြင့်ရှိသော ကျောက်ပလ္လင်ပေါ်တွင် တိတ်ဆိတ်စွာထိုင်နေ၏။ ဘယ်သူမှမရှိသော ခန်းမဆောင်ကြီးအား ငေးနေရင်း သူ့ခေါင်းထဲတွင် အတွေးများစွာတွေးနေ၏။ ဤသည်မှာ သူ၏ ပထမဆုံးအကြိမ်ဘုရင်တစ်ပါးအနေဖြင့် အမိန့်များချမှတ်ခြင်းဖြစ်သည်။ အရာအားလုံး မိမိ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် ခံစားချက်မှာ ခုံမင်ကျေနပ်ဖွယ်ပင်။ သူသည်ယခုအချိန်မှစ၍ တိုင်းပြည်၏ခေါင်းဆောင်တစ်ယောက်ဖြစ်လာတော့မည်ဖြစ်သည်။ ချမ်းဘော့ဒ်မှ မွေးကင်းစကလေးတစ်ယောက်ကဲ့သို့ အင်အားနည်းနေသေးသော်လည်း ဖှေးထံတွင် မှော်ဆန်သော ဒိုင်ယာဘလိုကမ္ဘာမှ အထောက်အပံ့များရှိနေသည်။ တစ်နေ့တစ်ချိန်တွင် ဖှေးထိုအချက်အားအသုံးပြုပြီး အေဇာရုတိုက်တစ်ခုလုံးအား ကိုင်လှုပ်မည်ဖြစ်သည်။

“အိုလက်ဂ်က အဲ့လောက်တော့ မတုံးအလောက်ဘူးလို့မျှော်လင့်ရတာပါပဲ....သူငါဆိုလိုတာကိုသဘောပေါက်ရင် မြေအောက်ရေ သံမဏိအကျဥ်းထောင်ကိုနေ့ဝက်အတွင်းမှာပဲ ပြောင်းလဲမှုတွေစလုပ်နေလောက်ပြီ....သူ့ရဲ့အရင်တုန်းက အပြစ်တွေကိုပြန်ကြေအောင်လုပ်တဲ့အနေနဲ့ပေါ့.....”

လျို့ဝှက်သည့် အပြုံးတစ်ခု ဖှေး၏ မျက်နှာတွင်ပေါ်ပေါက်လာသည်။

ဒိုင်ယာဘလိုကမ္ဘာသို့ဝင်ရောက်ကာ စွမ်းအားတိုးမြှင့်ရန်ကိစ္စအပြင် ဘရွတ်နှင့်အတူတစ်ခါတည်း မြေအောက်ရေ သံမဏိအကျဥ်းထောင်သို့ လိုက်ပါမသွားခဲ့သည်မှာ ထောင်မှုးအိုလတ်ဂ်အား ပြင်ဆင်ရန်အချိန်ပေးလို၍ဖြစ်သည်။ အိုလက်မှာ ယခင်ကဘစ်ဇား၏ လူတစ်ယောက်ဖြစ်ခဲ့ပြီး အမှားများစွာ ကျူးလွန်ခဲ့သည်လူတစ်ယောက်ဖြစ်သည်။ သေရမှာကို လည်း အလွန်ကြောက်ပြီး၊ ရဲရင့်သည့်စစ်သည်တစ်ဦးလဲမဟုတ်ပေ။ သို့သော် သူသည် ကြယ်တစ်လုံးစစ်သည်တစ်ယောက်ဖြစ်ပြီး မနေ့က ကျောက်တံတားပေါ်တွင် ဖြစ်ပွားခဲ့သည့် ကြောက်မက်ဖွယ်တိုက်ပွဲကြီးတွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ဖှေး၏ ယုံကြည်မှုတစ်ချို့တို့ကိုလည်း ရရှိခဲ့သည်။ ထို့ကြောင့်ဖှေး အိုလက်ဂ်အား ဒုတိယအကြိမ်အခွင့်ရေးပေးရန်ဆုံးဖြတ်လိုက်သည်။ အကယ်၍ နေ့ဝက်အတွင်းတွင် အိုလတ်ဂ်မှာ သူ၏အမှားများကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါက ဖှေး သူ့အားဆက်လက်အသက်ရှင်ခွင့် ပေးသွားမည်ဖြစ်သည်။

“ဖာနမ်ဒို ဦးလေးဘတ်စ်ကိုသွားရှာပြီး မြေအောက်ရေ သံမဏိအကျဥ်းထောင်နဲ ပတ်သက်တဲ့ အချက်အလတ်တွေကို စုစည်းပြီး စာရွက်စာတမ်းတစ်ခု လုပ်ထားဖို့ပြောလိုက်...တကယ်လို့ အကျဥ်းသားတစ်ယောက်ချင်းစီရဲ့ အသေးစိတ်အချက်အလက်တွေပါ ပါမယ်ဆိုရင် ပိုပြီးတော့ကောင်းမယ်...” ဖှေး အနောက်တွင်ရှိသော သူ၏ငယ်ရွယ်သော ကိုယ်ရံတော် ဖာနမ်ဒို-တိုးရီစ်အား ပြောလိုက်သည်။

“အမိန့်အတိုင်းပါ အရှင်မင်းကြီး...ဒါပေမယ့် မစ်စတာ ဘတ်စ်က အကျဥ်းထောင်ကို ထိန်းချုပ်တဲ့သူမဟုတ်တော့ သူ့စီမှာ အချက်အလက်များများရှိမှာတော့မဟုတ်ဘူး အရှင်မင်းကြီး.....”

ဖှေး ပြုံးပြီး သူ၏ခေါင်းကိုခါရမ်းလိုက်သည် “အဲ့ကိစ္စကို မစိုးရိမ်ပါနဲ့ ဖာနမ်ဒို သူ့ကိုသာသွားပြီး အသိပေးလိုက်ပါ.....”

ရွှေရောင်ဆံပင်နှင့် ကောင်လေး ခန်းမဆောင်ထဲမှ ထွက်သွားသည်ကို ဖှေး သူ၏ မေးစေ့ကိုပွတ်ရင်းကြည့်နေလိုက်သည်။

“ဘတ်စ်က မြေအောက်ရေ သံမဏိအကျဥ်းထောင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိပဲမနေနိုင်ဘူး...” ဖှေးတွေးလိုက်မိသည်။ ချမ်းဘော့ဒ်မှာ ဖြစ်သမျှအရာအားလုံးကို လူလည်အဖိုးကြီးအကုန်သိနေသည်ဟု ဖှေးကောက်ချက်ချထားသည်။ သူ၏ ယောက်ခမလောင်းမှာ အပြင်ပန်းတွင် မြင်ရသလိုရိုးရှင်းသည့် လူတစ်ယောက်မဟုတ်မှန်း ဖှေးရိပ်မိသည်။ ဘတ်စ်နှင့် နံပါတ်၁စစ်သည် ဖရန့်ခ်-လမ်းပါ့ဒ် တို့မှာ ဤကဲ့သို့နေ့မျိုးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်ပင် ဖြစ်နိုင်၏။

..........

..........

ဒိုင်ယာဘလို ကမ္ဘာတွင်ဖြစ်သည်။

[အေးစက်သော ဒေသ]တွင် တိမ်ညိုတိမ်မဲများနှင့်အတူ မိုးများဖြိုင်ဖြိုင်ရွာကျနေသည်။

တုန်ခါသံ တစ်ချို့နှင့်အတူ ကောင်းကင်ပေါ်မှ အောက်လမ်းဆရာဖှေး ပြုတ်ကျလာပြီး မြေပြင်ပေါ်ရှိမကောင်းဆိုးဝါး အလောင်းများပေါ်သို့ ဆင်းသက်လိုက်သည်။ မြေပြင်ပေါ်တွင် သွေးများ၊ အလောင်းများ ​ခြေပြတ်လက်ပြတ်များဖြင့် ပြန့်နှံ့နေသည်။ ဖှေးရောက်ရှိလာမှုကြောင့် အလောင်းတွင် အုံခဲနေကြသော ယင်ကောင်များ ထပြန်သွားကြသည်။ ဖှေး ဒိုင်ယာဘလိုကမ္ဘာမှ ထွက်ခွာသွားသည်မှာ ကြာပြီဖြစ်သောကြောင့် သူ၏အနောက်အား စုပြုံကာလိုက်လာခဲ့သည့် မကောင်းဆိုးဝါးအုပ်ကြီးလဲမရှိတော့ပေ...။

ဖှေး အဖိုးတန်ပစ္စည်းအနည်းငယ်အား ကောက်ယူလိုက်ပြီး မြို့ပြောင်းစာလိပ် အသုံးပြုပြီး [သူပုန်စခန်း]သို့ပြန်လာခဲ့သည်။ ထို့နောက်တွင် အမျိုးသမီး ပန်းပဲဆရာချယ်စီနှင့်တွေ့သဖြင့် သူ၏ မလိုအပ်သောပစ္စည်းများအား ချယ်စီထံတွင် ရောင်းချလိုက်သည်။

ဖှေး တောထဲသို့ပြန်ဝင်ပြီး လယ်ဗယ်(အဆင့်) မြှင့်တင်ရန် မကြိုးစားတော့ချေ။ ထိုအစား အောက်လမ်းဆရာ ဇာတ်ကောင်အဖြစ်မှထွက်လိုက်ပြီး လူရိုင်းဇာတ်ကောင်အား တဖန်ပြည်လည်ရွေးချယ်ကာ ဒိုင်ယာဘလိုကမ္ဘာသို့ ပြန်ဝင်လာခဲ့သည်။

လူရိုင်းဇာတ်ကောင်ဖှေး မှာ [သူပုန်စခန်း]တွင် ပေါ်ပေါက်လာခဲ့သည်။

တတိယမြောက်အလုပ်ဖြစ်သည့် [မေ့လျှော့နေသော မျှော်စဥ်]မှာ အဖိုးကြီးကိန်းအား ကယ်တင်နေစဥ်ကတည်းက သူ့အလိုလိုလက်ခံပြီးသားဖြစ်၍ ​အလုပ်အားလက်ခံရန် ကွန်ပျူတာဇာတ်ကောင်အား လိုက်ရှာနေရန်မလိုအပ်တော့ချေ။ ဖှေး သူပုန်စခန်း၏ စစ်ဘက်ဆိုင်ရာခေါင်းဆောင် ခက်ရှာထံသို့ လမ်းလျှောက်လာခဲ့ပြီး လှပသည့် အမျိုးသမီးသူပုန် အယ်လီနာနှင့် ပြန်လည်ဆုံတွေ့လိုက်ရသည်။

“နောက်ဆုံးတော့ ပြန်ရောက်လာပြီပဲ မစ်စတာ ဖှေး....”

ဖှေးရောက်ရှိလာသည်ကိုတွေ့သော် အယ်လီနာမှာ အလွန်ပျော်ရွှင်နေသည်။ မျက်နှာတွင် တစ်ခါမှမမြင်ဖူးသေးသော အပြုံးတစ်ခုနှင့် သူမ၏တဲထဲမှနေ၍ ဖှေးထံသို့ပြေးထွက်လာခဲ့၏။

ငယ်ရွယ်ချစ်စရာကောင်းသော အမျိုးသမီးသူပုန်တစ်ချို့လဲ အယ်လီနာ၏ အနောက်မှ လိုက်ပါလာခဲ့ကြသည်။ ထိုအမျိုးသမီးများသည် ဖှေးအား စိတ်ဝင်စားအားကျသည့် မျက်လုံးများဖြင့် ဝိုင်းကြည့်နေကြပြီး ပြုံးကာ တခစ်ခစ်ရယ်မောနေကြ၏။

All Chapters