"အပြင်ကမ္ဘာတွင်ပေါ်လာသော ပေါ်တယ်တစ်ခု"
Vol. 6 Ch. 79
ပီတာနှင့် ဘရွတ်တို့နှစ်ယောက်လုံး ရူးချင်သလိုပါဖြစ်သွား၏။ ဤအချိန်တွင် သူတို့နှစ်ယောက်လုံး ဘုရင်၏လှည့်စားစနောက်ခြင်းကို ခံခဲ့ရသည်ဖြစ်ကြောင်းကို သိရှိသွားပြီဖြစ်သည်။ အရာအားလုံးသည် သူငယ်ချင်းအချင်းချင်း စနောက်သကဲ့သ်ို့ပင်သာ ဖြစ်သည်။
ဘရွတ် ဟော့ခ်ဆေးပုလင်း နောက်တစ်လုံးအား စိတ်လှုပ်ရှားစွာဖြင့်မော့သောက်လိုက်သည်။
ယခင်စမ်းသက်မှုများတွင် ဖှေးထိုဆေးပုလင်းအား တိရစ္ဆာန်များဖြစ်ကြသော ကြက်၊ ငှက်၊ နွားများဖြင့်ပင်စမ်းသပ်ခဲ့ပြီးဖြစ်သည်။ သေမိန့်ကျခံထားရသော အကျဥ်းသားများဖြင့်လည်း လက်တွေ့စမ်းသပ်မှုများစွာပြုလုပ်ခဲ့သည်။ ဖှေး ဟော့ခ် ဆေးပုလင်းနှင့် ပတ်သက်သည့် အာနိသက်များ၊ ဘေးထွက်ဆိုးကျိုးများ၊ ရေရှည်သက်ရောက်မှုများ၊ ရေတိုသက်ရောက်မှုများ စသည်တို့ကို ကျွမ်းကျင်စွာလေ့လာသိရှိပြီးလဲဖြစ်သည်။ ဖော်မပြနိုင်သောနာကြင်မှုမျိုးကို ခံစားပြီးနောက်တွင် ဘရွတ်လဲ ကြယ်နှစ်လုံးစစ်သည်တစ်ယောက်အား အနိုင်ယူနိုင်သည့် ခွန်အားများရရှိလာတော့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အတွင်းအားစီးကြောင်းများလည်း ပို၍ကျယ်ပြန့်လာပြီဖြစ်သည်။ ဤသည်မှာပို၍ထင်ရှားသည့် ရေရှည်သက်ရောက်မှုဖြစ်သည်။ အတွင်းအားကျင့်စဥ်တွင်ပုံမှန်သာဖြစ်သောဘရွတ်မှာ ပါရမီရှင်တစ်ယောက်ဖြစ်လာသကဲ့သို့ပင်ဖြစ်သည်။
ဆေးပုလင်း၏ သက်ရောက်မှုအား အစွမ်းထက်ဆုံးအနေထားဖြစ်နေရန်အတွက် အမြဲတမ်းလေ့ကျင့်နေရမည်ဖြစ်သည်။ ထိုမှသာ ဆေး၏စွမ်းရည်အာနိသင် လျှော့ကျမသွားမည်ဖြစ်သည်။ အသားရေအား အနီးကပ်ကြည့်လိုက်ပါက အနည်းငယ်အစိမ်းရောင်သန်းနေသေးသည်ကိုလည်း တွေ့မြင်နေရ၏။ ဘရွတ်နှင့် ပီတာတို့တစ်ယောက်နှင့်တစ်ယောက်ကြည့်လိုက်ကြပြီး ရယ်မောမိကြသည်။
ဘုရင့်လက်ထဲတွင် ထိုကဲ့သို့အစွမ်းထက်လှသော ဆေးပုလင်းများရှိနေသည်ကို ဘရွတ်နှင့် ပီတာတို့ ထိတ်လန့်အံ့သြမိ၏။ ဤအချက်လက်ပေါက်ကြားသွားပါက လူပေါင်းများစွာသည် ဆေးပုလင်းအပိုင်သိမ်းရန်အတွက် စစ်ပွဲများဆင်နွှဲလာနိုင်၏။ ဘုရင်သည် သူတို့နှစ်ယောက်ကိုသာခေါ်ပြောရသည့်အကြောင်းရင်းကို နားလည်သွားကြပြီဖြစ်သည်။ ဘုရင့်၏ကိုယ်ရံတော် ဖာနမ်ဒို-တိုးရိစ်မှလွဲ၍ ကျန်အစောင့်များအား အိမ်ပြန်လွှတ်လိုက်ပြီဖြစ်သည်။
"ဟော့ခ် ဆေးပုလင်းရဲ့အာနိသင်က အစွမ်းထက်ပေမယ့် သူကတစ်ခါပဲအလုပ်လုပ်တယ် မင်းတို့နောက်တစ်ခါထပ်သောက်ရင် အစွမ်းတွေပိုမများလာနိုင်ဘူး.....ဒါပေမယ့် မင်းတို့တွေ ဆက်ပြီးလေ့ကျင့်နေဖို့တော့လိုမယ်...ငါ့မှာဆေးပုလင်းတွေတော့ ကျန်သေးတယ်...ဒါပေမယ့် သိပ်ပြီးများများစားစားမရှိဘူး...အဲ့တာတွေအကုန်လုံးက ချမ်းဘော့ဒ်တိုင်းပြည်ရဲ့အင်အားကို တိုးမြှင့်ဖို့အတွက်ပဲ။ မင်းတို့နှစ်ယောက်က ငါအယုံကြည်ရဆုံးလူတွေဖြစ်ပြီးတော့ ဟော့ခ်ဆေးပုလင်းကို ပထမဆုံးသောက်ဖူးတဲ့လူတွေလည်းဖြစ်တယ်။ ဒီဆေးပုလင်းကိစ္စကို လျို့ဝှက်ထားရမှာပဲ လူအများသိလို့မဖြစ်တာကို သတိရပေးပါ....မင်းတို့ရဲ့ခွန်အားတွေ တိုးပွာလာတာနဲ့ပတ်သက်ပြီး ရှင်းပြဖို့နည်းလမ်းကို ကိုယ့်ပါကိုယ်ကြိုတွေးထားကြပေါ့...ငါတို့တွေ ဒီကိစ္စနဲ့ပတ်သက်ပြီး အရမ်းသတိထားဂရုစိုက်မှဖြစ်မယ်...ဘာလို့ဂရုစိုက်သင့်လဲဆိုတာကို မင်းတို့လဲသိကြမှာပါ...."
ဖှေး၏စကားကိုကြားသောအခါ ဘရွတ်နှင့် ပီတာတို့မှာ သူတို့နှစ်ယောက်သည် ဆေးပုလင်းအား ပထမဆုံးထိကိုင်ရသည်များဖြစ်သည်ကို သိရှိသဖြင့် ဂုဏ်ယူဝမ်းသာမိကြ၏။ သူတို့နှစ်ယောက်လုံး ဒူးထောက်လိုက်ကြပြီး တပြိုင်နက်ပြန်ဖြေလိုက်ကြသည်။ "စိတ်ချပါအရှင်မင်းကြီး ဒီကိစ္စကိုလုံးဝမပေါက်ကြားစေရပါဘူး...."
ဖှေး စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
သူ၏လက်ဖဝါးဖြန့်လိုက်ပြီး ဟော့ခ်ဆေးပုလင်းနောက်တစ်ပုလင်း ထက်ရောက်လာခဲ့သည်။ သူထိုဆေးပုလင်းအား ဘရွတ်လက်ထဲသို့ထည့်ပေးလိုက်ပြီး ပြောလိုက်သည်။ "မင်းပြန်ရောက်ရင် သစ္စာရှိပြီး နောက်ကြောင်းရှင်းတဲ့ စစ်သည်ရဲမက်အယောက်၂၀၀ကိုရွေးလိုက်။ နောက်ပြီးဒီဆေးပုလင်းကို ရေလေးအိုးထဲမှာရောလိုက်ပြီး သူတို့ကိုတစ်နေ့နည်းနည်းခြင်းစီ ၃ရက်တိုက်ပေး။ အဲ့နည်းနဲ့ဆို စစ်သည်တွေကမင်းတို့လောက်တော့ စွမ်းအားတွေတိုးလာမှာမဟုတ်ဘူး ဒါပေမယ့် သူတို့ခွန်အားတွေနဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုတွေကတော့ ကောင်းလောက်အောင်တိုးတတ်လာလိမ့်မယ်....အဲ့စစ်သားအယောက်၂၀၀က ဇီးနစ်အင်ပါယာကကျင်းပမယ့် စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ကျွမ်းကျင်စစ်သည်တွေပဲ....အဲ့တာကြောင့် ငါတို့တွေအသေချာရွေးချယ်ရမယ်...သစ္စာရှိမယ့်လူကိုပဲ ပထမဦးစားပေးအနေနဲ့ရွေး စွမ်းရည်ကို ဒုတိယနေရာမှာပဲထား....သူတို့တွေအကုန်လုံးက ချမ်းဘော့ဒ်မှာမွေး ချမ်းဘော့ဒ်မှာကြီးပြင်းလာတဲ့လူတွေဆိုပိုကောင်းတယ်...မင်းအဲ့ကိစ္စတွေပြီးသွားပြီဆိုရင် စစ်သည်တွေကို ပီတာကို လွှဲပေးပြီး လေ့ကျင့်ညွှန်ကြားခိုင်းထားလိုက် ငါမင်းတို့ကို လာမည့်နှစ်လအတွင်း ချမ်းဘော့ဒ်အတွက် မကျရှုံးနိုင်တဲ့တပ်ဖွဲ့တစ်ခုလုပ်ပေးဖို့တောင်းဆိုချင်တယ်...."
"ဟုတ်ကဲ့ပါအရှင်မင်းကြီး စိတ်ချပါ...."
ဘရွတ်ဆေးပုလင်းအား အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးကဲ့သို့ အမြတ်တနိုးကိုင်တွယ်ထား၏။ သူယုံကြည်ချက်အပြည့်ဖြင့်ပြောလိုက်သည်။ "ဒီလို မဟာဆေးပုလင်းတွေနဲ့တောင် ယှဥ်လို့ရတဲ့ ဆေးပုလင်းနဲ့ဆိုရင် ကျွန်တော်တို့ ကြောက်မက်ဖွယ်ကောင်းတဲ့ စွမ်းအားတွေနဲ့ ကျွမ်းကျင်တပ်ဖွဲ့တစ်ခု တည်ဆောက်နိုင်ပါပြီ။ စစ်ဘက်ဆိုင်ရာလေ့ကျင့်ရေးပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ရဲ့အနိုင်ရရှိနိုင်ချေက အရမ်းကိုမြင့်မားသွားမှာပါ...."
ပီတာပင် ခေါင်းငြိမ့်ပြီး စိတ်လှုပ်ရှားစွာပြန်ဖြေလိုက်သည်။ "အရှင်မင်းကြီး ကျွန်တော် ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်တပ်ဖွဲ့တစ်ခုဖန်တီးပေးဖို့ ကျွန်တော်အာမခံပါတယ်...၆လအတွင်းမှာအဆင်သင့်ဖြစ်နေစေရပါမယ်...."
ဖှေး ခေါင်းငြိမ့်ပြလိုက်သည်။
ဟော့ခ် ဆေးပုလင်းကို အသုံးပြုပြီး ဖှေးမတော်တဆမှုတစ်ခုခုဖြစ်လာမည်ကို ဖှေးလုံးဝမစိုးရိမ်ချေ။ ယခင်က ဖှေးဆေးပုလင်းကို စမ်းသပ်နေစဥ်အခါက စိတ်ကျေနပ်ဖွယ်ရလဒ်တစ်ခုကို သိရှိလိုက်ရသည်။ တိရစ္ဆာန်ဖြစ်စေ၊ လူဖြစ်စေ ဆေးပုလင်းကိုသောက်ပြီး နာကြင်မှုဝေဒနါကို သည်းခံပြီးပါက ခွန်အားများသိသိသာသာပင်တိုးတတ်လာမည်ဖြစ်သည်။ ထို့အပြင်ဖှေးအပေါ်တွင်လည်း သိသိသာသာပို၍ခင်မင်ရင်းနှီးလာကြသည်ကိုလည်းတွေ့ရသည်။ ဆေးပုလင်းထံမှ ခံစားနေရသော ခင်မင်ရင်းနှီးဖွယ်ဝိဉာဥ်စွမ်းအင်များကြောင့်ဟု ဖှေးကောက်ချက်ချလိုက်မိ၏။
[ဟော့ခ် ဆေးပုလင်း]နှင့် ပတ်သက်သည့်ကိစ္စများမှာ ဆုံးသက်သွားပြီဖြစ်သည်။ ထို့နောက်တွင် နောက်၁၀မိနစ်ခန့်တွင် ဘရွတ်နှင့် ဖှေးတို့ စစ်ဘက်ဆိုင်ရာကိစ္စရပ်များအကြောင်း ဆွေးနွေးနေကြ၏။ ဖှေး သည် စစ်ဘက်ဆိုင်ရာကိစ္စရပ်များကို သိပ်ပြီးကျွမ်းကျင်သည့်လူမဟုတ်ပေ။ ထို့ကြောင့် သူမြေကမ္ဘာ၌ရှိခဲ့စဥ်က မှတ်မိသောအကြောင်းရာများကိုသာ ပြန်ပြောကြပြီးအကြံပေးနိုင်၏။ သို့သော် ထိုအကြံများမှာ ဘရွတ်အား အလွန်ပင်စိတ်အားထက်သန်စေသည်။ ဆွေးနွေးရာတွင် ပီတာလည်း ကောင်းမွန်သည့်အကြံပြုချက်တစ်ချို့ကိုပေးခဲ့သည်။ ဤဘုရင့်အစောင့်တပ်ဖွဲ့၏ ပထမခေါင်းဆောင်မှာ စစ်ဘက်ဆိုင်ရာကိစ္စရပ်များတွင် အလွန်အရည်ချင်းရှိသည့်ပုဂ္ဂိုလ်မှန်း ဖှေးသတိထားလိုက်မိ၏။ ဘရွတ်မှာပျော်ရွှင်စွာဖြင့် သာရေချပ်ပေါ်တွင် မှတ်ချက်များလိုက်လံရေးမှတ်နေ၏။ မှော်စပျိုးလာသည်ကိုတွေ့သောအခါ ပီတာနှင့် ဘရွတ်တို့ ဘုရင်ကိုအရိုသေပေးပြီး ထွက်ခွာသွားကြတော့သည်။
နောက်ဆုံးတွင် ဖှေးနှင့်သူ၏ ကိုယ်ရံတော်တိုးရီစ်တို့နှစ်ယောက်သာ နန်းတော်ဆောင်ထဲတွင်ကျန်ခဲ့တော့၏။
ဖှေး တိုးရီစ်သည် သူ့အားစိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ သူတွေးနေသည်ကို ဖှေးအတိအကျသိသည်ဖြစ်၍ မေးလိုက်သည်။ "တိုးရီစ် မင်းရော [ဟော့ခ် ဆေးပုလင်း]တစ်လုံးသောက်ချင်နေလား......."
တိုးရီစ် အနည်းငယ်တွံ့ဆုတ်နေသည်။ ထိုဆေးပုလင်းမှာ ရှားပါအဖိုးတန်သောဆေးပုလင်းဖြစ်မှန်းသူသိ၏။ သို့သော်လည်း သူစွမ်းအားများတိုးပွာလာရန် ဆန္ဒကိုမတားဆီးနိုင်ချေ။ ထို့ကြောင့် ဒူးထောက်ပြီးပြန်ဖြေလိုက်၏။ "အရှင်မင်းကြီး...အရှင့်အနောက်ကိုလိုက်ပါခွင့်ရတာကို ကျွန်တော်ဂုဏ်အယူရဆုံးပါပဲ...ကျွန်တော်အရှင်နဲ့အတူ လိုက်ပါတိုက်ခိုက်လိုပါတယ်...ဒါပေမယ့်ကျွန်တော်က အရမ်းအားနည်းလွန်းနေပါတယ်...ကျွန်တော်ဓားကိုတောင်ကောင်းကောင်းမကိုင်နိုင်ပါဘူး...ဒါကြောင့်မို့ ကျွန်တော့ကိုဆေးပုလင်းတစ်လုံး ပေးသနားဖို့တောင်းဆိုချင်ပါတယ်အရှင်မင်းကြီး...."
"ဟော့ခ် ဆေးပုလင်းတစ်လုံးက မင်းအတွက်ဖြစ်ပြီးသားပါ...ဒါပေမယ့် ငါမင်းကိုအခုတော့ပေးလို့မဖြစ်သေးဘူး...." ဖှေး တိုးရီစ် ကိုမြေပြင်မှထူပေးလိုက်ပြီး ပြောလိုက်၏။ "ဒီဆေးပုလင်းရဲ့ အာနိသင်က အစွမ်းထက်တယ်ဆိုပေမယ့်...ဒီဆေးပုလင်းက တော်တော်ရက်စက်တဲ့ဆေးပုလင်းပဲ....သူကမင်းကို သေတာထက်ဆိုးတဲ့နာကြင်မှုမျိုးကိုပေးလိမ့်မယ်....သာမန်လူတစ်ယောက်က ဒီလိုနာကျင်မှုမျိုးကိုခံစားနိုင်မှာမဟုတ်ဘူး...မင်းနာကျင်မှုကြောင့် သတိလစ်သွားခဲ့ရင် အလွန်အန္တရာယ်များတယ်...အဲ့တာက မင်းခန္ဓာကိုယ်ကိုအပြင်းထန်ထိခိုက်စေလိမ့်မယ်....ပီတာနဲ့ ဘရွတ်တို့က ဝါရင့်စစ်သည်တွေလေ...သူတို့တွေကတိုက်ပွဲများစွာတိုက်ခိုက်ဖူးတယ်...ဒါကြောင့်မို့ သူတို့တွေက နာကြင်မှုကိုတောင့်ခံနိုင်ပြီးတော့ ဆေးရဲ့အကျိုးအာနိသင်ကို ရသွားကြတယ်...မင်းကတော့အခုလောလောဆယ် အားနည်းလွန်းနေသေးတယ်...မင်းခံနိုင်ဦးမှာမဟုတ်သေးဘူး...အဲ့တာကြောင့် မင်းဆေးပုလင်းသောက်ဖို့လိုအပ်ချက်တွေကို မြန်မြန်ပြည့်မှီချင်တယ်ဆိုရင်တော့...ပီးရာ့စ်တို့ဒရော့ဂ်ဘာတို့နဲ့အတူသွားပြီး ငါညွှန်ကြားထားတဲ့လေ့ကျင့်နည်းတွေနဲ့ သွားလေ့ကျင့်တော့....မင်းခန္ဓာကိုယ်က လုံလုံလောက်လောက်သန်မာလာမယ်ဆိုရင် ငါမင်းကိုဆေးပုလင်းပေးမယ် ဟုတ်ပြီလား...."
ဖှေးရှင်းပြသည်ကိုကြားသောအခါ တိုးရီစ်၏မျက်နှာအမူအယာမှာ စိတ်ဓာတ်ကျနေခြင်းမှ စိတ်အားထက်သန်လာခြင်းအသွင်သို့ပြောင်းလဲသွားတော့သည်။ သူလက်သီးစုပ်ပြီး ပြောလိုက်သည်။ "ဟုတ်ကဲ့ပါ အရှင်မင်းကြီး ကျွန်တော်အခုပဲ မစ်စတာ ပီးရာ့စ်ကို သွားရှာပါတော့မယ်...."
ဖှေး ကောင်လေး၏ နောက်ကြောကိုကြည့်ပြီး သဘောကျပြုံးမိ၏။
သူ၏ လေ့လာချက်များအရ ဆံပင်ရွှေရောင်နှင့်ကောင်လေး ဖာနမ်ဒို-တိုးရီစ်မှာ အလားလာများစွာရှိသောလူငယ်တစ်ဦးဖြစ်သည်က်ိုဖှေးသိသည်။ သူသည် လိမ္မာပါးနပ်သည်၊ အမျှော်မြင်ရှိသည်၊ ရဲရင့်သည်၊ ရိုးသားသည် အစရှိသည့် သူရဲကောင်းတို့ရှိသင့်ရှိထိုက်သည့် စိတ်ထားများဖြင့်ပြည့်စုံ၏။ ထို့အပြင် ဖှေးအပေါ်တွင်လည်း အထင်ကြီးလေးစားကာ သစ္စာရှ်သည့်လူငယ်လေးတစ်ယောက်ဖြစ်သည်။
သို့သော် တိုးရီစ်မှာ အလွန်ငယ်ရွယ်နေသေး၏။ ထို့ကြောင့်ဖှေး တိုးရီစ်အား အနည်းငယ်လေ့ကျင့်စေလိုသေးသည်။
သို့သော် ဖှေးပြောနေသည့် ဆေးပုလင်း၏ အန္တရာယ်မှာ အမှန်ပင်ဖြစ်သည် ပုံကြီးချဲ့ပြောနေခြင်းမဟုတ်။ စမ်းသပ်ခဲ့ရာတွင် ဆေးဒဏ်ကိုမခံနိုင်သဖြင့် သိုး၁၈ကောင် ဝက်အကောင်၃၀၊ ကြက်ငှက်စသည့် သတ္တဝါအသေးလေးများစွာ သေဆုံးခဲ့သည်။ အိုလတ်ဂ်ဖှေးထံသို့ပို့ဆောင်ခဲ့သော ရက်စက်သည့်သေဒဏ်ကျအကျဥ်းသားတစ်ချို့ပင် ဆေးဒဏ်ကိုမခံနိုင်သဖြင့်သေဆုံးခဲ့သူများရှိသည်။ ဤသည်မှာ ဆေးပုလင်း၏ မကောင်းသည့်အခြမ်းဖြစ်၏။
ဖှေး ခန်းမဆောင်အတွင်းတွင် အတန်ကြာထိုင်နေရင်းဖြစ်ခဲ့သည်များကို ပြန်တွေးကြည့်နေသည်။ ထို့နောက်တွင် အသက်ရှူထုတ်လိုက်ပြီး လူရိုင်းဇာတ်ကောင်အဖြစ်ပြောင်းကာ ဘေးပတ်ဝန်ကျဥ်တွင် မည်သူမျှမရှိတော့သည်သေချာအောင်လှည့်ပတ်ကြည့်ရှုပြီး တီတိုးပြောလိုက်သည်။ "နင်ထွက်လာလို့ရပြီ အယ်လီနာ...."
ထို့နောက်တွင် တုန်ခါသံတစ်ချို့ကြားလိုက်ရသည်။
ဖှေး၏ အရှေ့လေပေါ်တွင် တောက်ပသည့်အပြာရောင်အလင်းတစ်ခုပေါ်ပေါက်လာသည်။ထိုအလင်းတန်းသည် ဘဲဥပုံဝင်ပေါက်တစ်ခုအဖြစ်ပြောင်းလဲသွားတော့သည်။ ထိုအရာမှာ ဒိုင်ယာဘလိုကမ္ဘာမှ ပေါ်တယ်တစ်ခုပင်ဖြစ်တော့သည်။ ထို့နောက်တွင် ပေါ်တယ်အတွင်းမှ လှပသည့်အမျိုးသမီးတစ်ယောက်ထွက်ပေါ်လာပြီး ဘုရင့်နန်းတော်ဆောင်အတွင်းသို့ရောက်လာတော့သည်.......