← Chapters

အိပ်မက်ဆိုး စတင်မှု

Vol. 1 Ch. 1

အိပ်မက်ဆိုး စတင်မှု

Vol. 1 Ch. 1

ဖြူဖျော့တဲ့ အသားအရေ၊ ညိုနေတဲ့ မျက်ကွင်းများနဲ့ အတူ အားအင်ချည့်နဲ့နေပုံပေါ်တဲ့ ကောင်လေးတစ်ယောက်ဟာ ရဲစခန်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ခုံတန်းရှည်တစ်ခုမှာ ထိုင်နေခဲ့တယ်။ သူ့လက်ထဲမှာတော့ ကော်ဖီခွက်တစ်ခွက်နဲ့...။ ဒီကော်ဖီက သူ့လိုလူမျိုးတွေ သောက်နိုင်လောက်တဲ့ ကော်ဖီမျိုး မဟုတ်ဘဲ အဆင့်တန်းမြင့် မြို့သားတွေသာ သောက်နိုင်တဲ့ ကော်ဖီ ဖြစ်ပေမဲ့ အခုလို ထူးခြားတဲ့ နေ့မျိုးမှာတော့ သူ့လက်ထဲမှာ ရှိနေခဲ့ပါပြီ။

ဘာပဲဖြစ်ဖြစ် သူ့ဘဝက အဆုံးသတ်ကို ရောက်လာတော့မှာ မဟုတ်လား...။

စျေးကြီးတဲ့ ကော်ဖီရဲ့ နွေးထွေးမှုကို ခံစားနေရင်း သူ... ခွက်ကို ​မြှောက်ပြီး ရနံ့မွှေးမွှေးကို ခံစားကြည့်လိုက်တယ်။ ပြီးတော့ မနေနိုင်ဘဲ တစ်ငုံ သောက်ကြည့်လိုက်တဲ့ အချိန်မှာတော့ ချက်ချင်းပဲ မျက်နှာရှုံ့မဲ့သွားတယ်။

"ချီး... ခါးလိုက်တဲ့ အရသာ..."

ဆန်နီဟာ ကော်ဖီခွက်ကို ချက်ချင်းပြန်ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်သောက်ဖို့ သူ့ကိုယ်သူ တွန်းအားပေးလိုက်တယ်။ ခါးခါး၊ မခါးခါး သူ့ပိုက်ဆံ ပေးထားရတာနဲ့ တန်အောင်တော့ သောက်ရမှာပဲ...။

"ကော်ဖီမဝယ်ဘဲ အသားပဲ ဝယ်လိုက်ရမှာကွာ။ ဒီ‌လောက်စျေးကြီးတဲ့ ကော်ဖီက ဒီလိုခါးလိမ့်မယ်လို့ ဘယ်ထင်မှာလဲ။ ထားလိုက်ပါတော့...။ အနည်းဆုံးတော့ ဒါက ငါ့ကို အိပ်ပျော်မသွားအောင် ထိန်းထားနိုင်ပါသေးတယ်..."

သူ အဝေးကို ကြည့်လိုက်တဲ့ အချိန် နည်းနည်းရီဝေဝေ ဖြစ်လာလို့ သူ့မျက်နှာကိုယ်သူ လက်နဲ့ ပြန်ရိုက်ပြီး အားတင်းထားလိုက်တယ်။

ဖတ်...။

"ဘယ်လိုတောင် ဖြစ်နေတာလဲ..."

ဆန်နီ ခေါင်းကို ခါပြီး ရေရွတ်ရင်း လက်ထဲက ကော်ဖီကို ကုန်အောင် လက်စသတ်ကာ မတ်တတ်ထရပ်လိုက်တယ်။ မြို့ရဲ့ ဒီအပိုင်းမှာနေတဲ့ လူတွေဟာ ချမ်းသာတဲ့ လူတွေဖြစ်ပြီး သူတို့ အလုပ်ကို ဦးတည်သွားတဲ့ လမ်းမှာ တွေ့ရတဲ့ ဆန်နီကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်နေကြပါတယ်။ ဆန်နီ့ရဲ့ စျေးပေါတဲ့ အဝတ်အစား၊ အိပ်ရေးပျက်နေတဲ့ မျက်နှာ၊ မကျန်းမာဘဲ ပိန်လှီနေတဲ့ ပုံစံတွေက ဒီနေရာက မဟုတ်ဘူး ဆိုတာ အသိသာကြီးပါပဲ...။

ဆန်နီ ဒီလူတွေကို မနာလိုစွာ ကြည့်ရင်း ကော်ဖီခွက်လွတ်ကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တယ်။

"မင်းတို့ကတော့ တစ်နေ့ကို ထမင်းသုံးနပ် ပြည့်‌အောင် စားကြရလိမ့်မယ် ထင်တာပဲ..."

ခွက်က တော်တော်ကျယ်တဲ့ မှိုက်ပုံးအဝနဲ့ လွဲချော်ပြီး မြေကြီးပေါ်ကျသွားတယ်။ ဆန်နီ မျက်မှောင်ကြုတ်လိုက်ပြီး ခွက်ကို သွားကောက်ကာ အမှိုက်ပုံးထဲ ဂရုတစိုက် ပြန်ထည့်လိုက်တယ်။ အဲဒီနောက်တော့ သူ့မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပြီး လမ်းတစ်ဖက်ကမ်းက ရဲစခန်းထဲကို ဝင်သွားတော့တယ်။

အထဲကို ရောက်တဲ့အချိန်မှာတော့ ပင်ပန်းနေပုံပေါ်တဲ့ ရဲအရာရှိတစ်ယောက်က သူ့ကို ဖျတ်ခနဲ လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

"လမ်းမှားလာတာလား ကောင်လေး..."

ဆန်နီ စပ်စပ်စုစု လှည့်ပတ်ကြည့်လိုက်တော့ နံရံမှာ ချိတ်ထားတဲ့ သေနတ်တချို့ တွေ့ရပြီး မျက်နှာကြက်မှာ ငှက်သိုက်တချို့ ရှိနေတာလည်း တွေ့လိုက်ရတယ်။ ရဲအရာရှိရဲ့ ပုံစံကို ကြည့်တော့လည်း ကပျစ်ကညစ်နေနေတဲ့ ပုံနဲ့...။ အနည်းဆုံးတော့ ဘယ်ကိုသွားသွား ရဲစခန်းတွေ အကုန်လုံးက ဒီလိုတွေချည်းပါပဲ...။

"ကောင်လေး... ငါ မင်းကို ပြောနေတာ..."

ဆန်နီ လည်ချောင်းကို ကမန်းကတန်း ရှင်းလိုက်ရတယ်။ "အာ... မဟုတ်ပါဘူး.."

ပြီးတော့မှ ခေါင်းကုတ်ရင်း သူ ဆက်ပြောလိုက်တယ်။ "တတိယမြောက် အထူးညွှန်ကြားသူရဲ့ တောင်းဆိုမှုအရ... ကျွန်တော်က အိပ်မက်ဆိုးအခိုက်အတန့်ကို ရရှိထားသူအဖြစ် သတင်းလာပို့တာပါ..."

အရာရှိရဲ့ အမူအရာက စိတ်ရှုပ်နေတဲ့ ပုံစံကနေ စိုးရိမ်တဲ့ အမူအရာအဖြစ် ချက်ချင်း ပြောင်းလဲသွားတယ်။ ဒီတစ်ကြိမ်မှာတော့ လူငယ်လေးကို လေးနက်တဲ့ အကြည့်နဲ့ သူ ထပ်ကြည့်လိုက်တယ်။

"မင်း ကူးစက်ခံထားရတယ်ဆိုတာ သေချာလား...။ ဘယ်အချိန်ကစပြီး လက္ခဏာပြလာတာလဲ..."

ဆန်နီ ပြန်ဖြေလိုက်တယ်။

"လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလားပဲ..."

အရာရှိရဲ့ မျက်နှာက ပိုပြီးဖြူဖျော့သွားတယ်။

"ချီး ပဲ.."

ပြီးတော့ အလျင်စလို အမူအရာနဲ့ သူ့ရှေ့က စက်မှာ ရှိတဲ့ ခလုတ်တစ်ခုကို အမြန်နှိပ်လိုက်တယ်။

"အာရုံစိုက်ကြပါ... ကုတ်ဘလက်ခ် ရှိနေတယ်...။ ထပ်ပြောမယ်... ကုတ်ဘလက်ခ်..."

***

အိပ်မက်ဆိုး အခိုက်အတန့်ဆိုတာ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်ကတည်းက ပေါ်လာခဲ့တာ...။ အဲဒီတုန်းက ဒီကမ္ဘာဂြိုဟ်က သဘာဝကပ်ဆိုးတွေ၊ စစ်ပွဲရဲ့နောက်ဆက်တွဲတွေကနေ ပြန်လည်ရုန်းထနိုင်ဖို့ ကြိုးစားအားယူနေခါစ အချိန်...။

စစချင်းမှာ ရောဂါအသစ်က လူသန်းပေါင်းများစွာကို တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်ပြီး အိပ်ချင်နေစေခဲ့ပေမဲ့ သိပ်အလေးမထားခဲ့ကြဘူး။ ဒါပေမဲ့ ပုံမှန်မဟုတ်တဲ့ အိပ်ပျော်မှုတွေ ဖြစ်လာပြီး ရက်အတော်ကြာတဲ့အထိ ပြန်နိုးမလာကြတဲ့အခါမှာ‌တော့ အစိုးရပါ ထိတ်လန့်သွားခဲ့တယ်။

ဒါပေါ့...။ အဲအချိန်ကျမှတော့ အတော်လေး နောက်ကျသွားပြီလေ။ အစောကတည်းက တုန့်ပြန်ခဲ့မယ် ဆိုရင်လည်း သိပ်ပြီး ထူးခြားမဲ့ပုံစံတော့ မရှိပါဘူး။

ကူးစက်ခံရသူတွေ အိပ်ပျော်နေရင်း သေဆုံးသွားတဲ့အခါမှာတော့ သူတို့ရဲ့ ရုပ်အလောင်းတွေက မွန်းစတားတွေအဖြစ်ပြောင်းလဲသွားခဲ့တယ်။ ဘယ်သူမှ မျှော်လင့်မထားမိခဲ့တာမို့ အိပ်မက်ဆိုးသတ္တဝါကြီးတွေကို နိုင်ငံပိုင်စစ်တပ်တွေနဲ့တောင် မထိန်းချုပ်နိုင်ဘဲ တစ်ကမ္ဘာလုံး ဗရမ်းဗတာ ဖြစ်သွား‌တော့တာပါပဲ။

အိပ်မက်ဆိုး အခိုက်အတန့်ဟာ ဘာကြီးလဲ၊ ဘယ်လို စွမ်းအားမျိုးတွေ ပိုင်ဆိုင်ထားလဲ၊ ဘယ်လိုပြန်ပြီး တိုက်ခိုက်ရမလဲဆိုတာကို ဘယ်သူမှ မသိကြပါဘူး...။

အဆုံးမှာတော့... ဒီအခိုက်အတန့်ကနေ ရှင်သန်လွတ်မြောက်လာသူတွေဟာ ဆန်းကြယ်တဲ့ စွမ်းအားတစ်ရပ်ရပ်ကို ပိုင်ဆိုင်တဲ့ နိုးထသူတွေ ဖြစ်လာပြီး ဒေါသထွက်နေတဲ့ သတ္တဝါကြီးတွေကို တားဆီးခဲ့ကြပါတယ်။

ဒါပေါ့... ဒါက အိပ်မက်ဆိုး အခိုက်အတန့်က ပထမဆုံး ဖန်တီးလိုက်တဲ့ ကပ်ဘေးတစ်ခုပါပဲ။

ဆန်နီ့အနေနဲ့ ဒါတွေက သူနဲ့ မဆိုင်တဲ့ အတွက် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကအထိ စိတ်မဝင်စားမိခဲ့ဘူး။ ဒါပေမဲ့ မျက်လုံးဖွင့်ရ ခက်ခဲပြီး အမြဲတမ်း အိပ်ချင်နေတဲ့ လက္ခဏာက သူ့ဆီမှာဖြစ်ပေါ်လာခဲ့ပါပြီ။

သာမန်လူတွေအတွက်တော့ အခိုက်အတန့်ကနေ ရွေးချယ်ခံလိုက်ရခြင်းဟာ အန္တရာယ်ကြားက စွန့်စားမှုတစ်ခုဖြစ်သလို အခွင့်အရေး တစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ အဲဒါကြောင့်မို့ ကလေးတွေကို အသက်ရှင်သန်ရေး အတတ်ပညာရပ်တွေ၊ တိုက်ခိုက်ရေးပညာတွေ ကျောင်းတွေမှာ သင်ကြပေးကြတော့တယ်။

ချမ်းသာတဲ့ မိသားစုတွေကတော့ သူတို့ရဲ့ ကလေးတွေအတွက် သီးသန့်ဆရာတွေပါ ခေါ်ပြီး ကိုယ်ခံပညာမျိုးစုံကို သင်ကြားပေးကြတယ်။ နိုးထသူတွေကို ပိုင်ဆိုင်ထားကြတဲ့ မိသားစုတွေ အဖွဲ့အစည်းတွေကတော့ သူတို့ရဲ့ ပထမဆုံး အိပ်မက်ဆိုး အခိုက်အတန့်မှာ ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကို ပြန်လည် မျှဝေသိရှိနိုင်ကြတယ်။

မင့်မိသားစုက ချမ်းသာလေလေ၊ မင်း အသက်ရှင် ကျန်ရစ်ပြီး နိုးထသူ ဖြစ်လာနိုင်ချေက ပိုများလေလေပါပဲ...။

ဒါပေမဲ့ ဘာမိသားစုမှလည်းမရှိ၊ စာသင်ကျောင်းသွားရမဲ့ အချိန်မှာလည်း စားစရာ ရှာဖွေဖို့အတွက် ရုန်းကန်နေရတဲ့ ဆန်နီအတွက်ကတော့ အခိုက်အတန့်ရဲ့ ရွေးချယ်ခြင်းခံရတာဟာ ဘယ်လိုနည်းနဲ့မှ အခွင့်အရေးတစ်ခု မဟုတ်နိုင်ပါဘူး။ သူ့အတွက် သေမိန့်သာသာပါပဲ...။

***

မိနစ်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ ဆန်နီဟာ ခနခန သန်း‌ဝေနေခဲ့ပြီး ရဲအရာရှိတွေက သူ့ကို အချုပ်အနှောင်တွေနဲ့ ထားဖို့ လုပ်ရင်း အလုပ်ရှုပ်နေခဲ့ကြပါတယ်။ မကြာခင်မှာပဲ သူ့ကို ကုတင်တစ်ခုမှာ ပက်လက် ကြိုးချည်ထားခံလိုက်ရတယ်။ ဒါက ဆေးရုံကုတင်လား၊ နှိပ်စက်ခံရမဲ့ နေရာလားဆိုတာတောင် မသိတာ့ဘူး။ ဒီအခန်းက ရဲစခန်းထဲမှာပဲ ရှိနေတာ။ အတော်‌လေး ထူပုံရတဲ့ တံခါးတစ်ခုလည်း ရှိတယ်။ ရဲအရာရှိတွေကတော့ ဘေးနားမှာ ရိုင်ဖယ်သေနတ်တွေကို ကိုင်ပြီး လေးနက်တဲ့ အမူအရာတွေနဲ့ ရပ်နေခဲ့ကြတယ်။

ဆန်နီကတော့ သူတို့ကို ဂရုမစိုက်နိုင်‌ချေ။ အခုချိန်မှာ သူတွေးနိုင်တဲ့ တစ်ခုတည်းသော အရာက အိပ်ချင်နေတာပါပဲ။

နောက်ဆုံးမှာတော့ တံခါးပွင့်သွားပြီး မီးခိုးရောင်ဆံပင်နဲ့ ရဲအရာရှိ ဝင်လာပါတယ်။ သူ့မျက်နှာက တည်ငြိမ်နေပြီး လေးနက်တဲ့ မျက်လုံးတွေနဲ့...။ သူ့ဘဝမှာ ဆိုးဝါးတဲ့ အရာတွေကို အများကြီး ကြုံတွေ့ခဲ့ရဖူးတဲ့ပုံပဲ။ ရဲအရာရှိက ထိန်းချုပ်မှုတွေကို သေချာစစ်ဆေးကြည့်ပြီးတဲ့နောက် နာရီကို တစ်ချက်ကြည့်ရင်း ဆန်နီဘက်ကို လှည့်လာတယ်။

"မင်းနာမည် ဘယ်လိုခေါ်လဲ ကောင်လေး..."

ဆန်နီ မျက်တောင် အနည်းငယ်ခတ်ပြီး အာရုံစိုက်ဖို့ ကြိုးစားလိုက်ပေမဲ့ သက်သောင့်သက်သာတော့ ရှိမလာ‌ချေ။

"ဆန်းလပ်စ်(sunless)"

ရဲအရာရှိက မျက်ခုံးပင့်သွားတယ်။

"ဆန်းလပ်စ်... ဒီနာမည်က ထူးဆန်းတာပဲ..."

ဆန်နီ အနည်းငယ် လှုပ်ဖို့ ကြိုးစားပေမဲ့ သူ့ခန္ဓာကိုယ်က လုံးဝ လှုပ်လို့ မရ...။

"ဘာတွေများ ထူးဆန်းနေလို့လဲ။ အနည်းဆုံးတော့ ကျုပ်မှာ နာမည်တစ်ခု ရှိတယ်လေ။ မြို့ပြင်ဘက်မှာဆိုရင် နာမည်မရှိတဲ့လူတွေတောင် ရှိတယ်..."

နောက်တစ်ခေါက် သန်းပြီး သူ ထပ်ပြောလိုက်တယ်။

"ဘာလို့လဲဆိုတော့ ကျုပ်ကို မွေးတုန်းက နေကြတ်နေလို့ ကျုပ်အမေက ကဗျာဆန်ဆန်ပေးသွားခဲ့တာ..."

ဒီလိုနဲ့ပဲ သူက ဒီထူးဆန်းတဲ့ နာမည်ကို ရခဲ့တာပါ။ သူ့ညီမလေး သူနဲ့ အသက်ရှင်ချိန် အတူနေတုန်းကလည်း သူမရဲ့ နာမည်က ရိန်း (rain)ပါ။ ဒါက ကဗျာဆန်တဲ့ နာမည်တွေလား၊ ထူးဆန်းတဲ့ နာမည်တွေလား ဆိုတာကိုတော့ သူလည်း မသိတော့ပါဘူး...။

ရဲအရာရှိဟာ ပြောလိုက်တယ်။

"မင်း မိသားစုကို ဆက်သွယ်ပေးရမလား.."

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်။

"မလိုတော့ပါဘူး... ဘယ်သူမှ မရှိတော့ဘူးလေ..."

အဲဒီအချိန်မှာပဲ ရဲအရာရှိရဲ့ မျက်နှာမှာ လေးနက်တဲ့ အမူအရာ ပေါ်လာတယ်။

"ကောင်းပြီလေ။ ဆန်းလပ်စ်... မင်း ဘယ်လောက်အထိ မအိပ်ဘဲ နေနိုင်သေးလဲ..."

"အာ... သိပ်မကြာတော့ဘူး..."

ရဲအရာရှိက သက်ပြင်းချလိုက်တယ်။

"ဒါဆိုရင်တော့ ငါတို့မှာ လုပ်ရိုးလုပ်စဥ်တွေအတွက် အချိန်မရတော့ဘူး။ မင်း အတတ်နိုင်ဆုံး ကြိုးစားတောင့်ခံပြီး ငါပြောတာတွေကို သေချာနားထောင်ပေးပါ ဟုတ်ပြီလား..."

ပြန်ဖြေနေတာကိုတောင် မစောင့်ပဲ ရဲအရာရှိက ထပ်ပြောတယ်။

"အိပ်မက်ဆိုးအခိုက်အတန့်အကြောင်း မင်းဘယ်လောက် သိထားလဲ..."

ဆန်နီ ပဟေဠိဖြစ်တဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်တယ်။

"တခြားလူတွေ သိသလောက်ပဲ ဖြစ်လိမ့်မယ်..."

"ဒါက မင်း ရုပ်ရှင်ဒရမ်မာတွေမှာ မြင်ဖူးသလို၊ ပုံပြင်တွေထဲမှာ ကြားဖူးသလို လုံးဝမဟုတ်ဘူး။ ငါပြောချင်တာက မင်း အမှန်တကယ် ဘယ်လောက်အထိ သိထားသလဲ ဆိုတာပဲ..."

ဒါက တကယ်ကို ဖြေဖို့ခက်တဲ့ မေးခွန်းပဲ။

"ကျွန်တော်က အိပ်မက်ကမ္ဘာထဲကိုသွား၊ ပထမအိပ်မက်ဆိုး ပြီးမြောက်ဖို့ ရရှိထားတဲ့ မှော်စွမ်းရည်နဲ့ မွန်းစတားနည်းနည်းလောက် သတ်ပြီးရင် နိုးထသူဖြစ်လာမှာ မဟုတ်ဘူးလား..."

ရဲအရာရှိဟာ ခေါင်းခါယမ်းလိုက်တယ်။

"သေချာ ဂရုစိုက်ပြီးတော့ နားထောင်...။ မင်း အိပ်ပျော်သွားတာနဲ့ ပထမအိပ်မက်ဆိုးဆီီကို ပို့ခံရလိမ့်မယ်။ အိပ်မက်ဆိုးဆိုတာ အခိုက်အတန့်က ဖန်တီးထားတဲ့ စမ်းသပ်ချက်ပဲ။ အထဲကို ရောက်သွားရင် မွန်းစတားတွေကို တွေ့ရမယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ လူတွေကိုလည်း တွေ့ရဦးမှာပဲ။ မြဲမြဲ မှတ်ထား...။ သူတို့က အစစ်အမှန်တွေ မဟုတ်ဘူး။ မင်းကို စစ်ဆေးဖို့ လုပ်ထားတဲ့ ပုံရိပ်ယောင်တွေပဲ..."

"ခင်ဗျားက ဘယ်လိုသိနေတာလဲ..."

ရဲအရာရှိက သူ့ကို စိုက်ကြည့်လိုက်တယ်။

"မဟုတ်ဘူးလေ...။ ကျွန်တော်ပြောချင်တာက အခိုက်အတန့်က ဘာလဲ၊ ဘယ်လို အလုပ်လုပ်လဲဆိုတာ ဘယ်သူမှ မသိကြဘူးမဟုတ်လား။ ဒီတော့... ဒီလူတွေက အစစ်မဟုတ်ဘူးဆိုတာ ဘယ်လိုသိတာလဲလို့ မေးချင်တာပါ..."

"မင်း သူတို့ကို သတ်မှရမယ် ကောင်လေး။ ဒီတော့ မင်းကိုယ်မင်း အကူညီဖြစ်ချင်တယ်ဆိုရင် ဒီလူတွေကို ပုံရိပ်ယောင်တွေလို့သာ တွေးလိုက်..."

"အိုး..."

ရဲအရာရှိက စက္ကန့်အနည်းငယ်လောက် စောင့်ပြီးမှ ခေါင်းညိတ်ပြီး ဆက်ပြောလိုက်တယ်။

"ပထမဆုံးအိပ်မက်ဆိုးမှာ အများစုက ကံတရားအပေါ်မှာပဲ မှီခိုနေတယ်။ ယေဘုယျအားဖြင့် ဒါက အရမ်းကြီးတော့ ခက်ခဲနေမှာ မဟုတ်ဘူး။ အနည်းဆုံးတော့ မင်းရောက်နေတဲ့ အခြေအနေ၊ မင်းရထားတဲ့ လက်နက်တွေ၊ မင်းတိုက်ခိုက်ရမဲ့ သတ္တဝါတွေက မင်းရဲ့ စွမ်းဆောင်ရည် အတိုင်းအတာအတွင်းမှာပဲ ရှိနေမှာပါ။ ဘာပဲပြောပြော အခိုက်အတန့်ဆိုတာ စမ်းသပ်မှုတစ်ခုပဲ။ သေလမ်းသက်သက်တော့ မဟုတ်ဘူး။ မင်းအတွက် သိပ်အလေးမသာတာကတော့... အဟမ်း... မင်းရဲ့ အခြေအနေကြောင့်ပဲ။ ဒါပေမဲ့ မြို့ပြင်မှာနေတဲ့ ကလေးတွေက သန်မာပါတယ်။ လက်တော့ မ‌လျှော့လိုက်နဲ့..."

"အာ...အင်..."

ဆန်နီ ပိုပိုပြီး အိပ်ငိုက်လာတယ်။ စကားပြောတာတွေကို သေချာနားထောင်ဖို့တောင် အတော်ခက်ခဲ‌နေပြီ။

"မင်းပြောတဲ့ မှော်ပညာတွေကတော့... အိပ်မက်ဆိုးကနေ အသက်ရှင်အောင် နေနိုင်မယ်ဆိုရင် ရလာလိမ့်မယ်။ ဒါတွေက စမ်းသပ်ချက်ထဲမှာ မင်းဘယ်လို ပြုမူလုပ်ဆောင်ခဲ့သလဲဆိုတာနဲ့ မင်းရဲ့ ပင်ကိုစွမ်းရည်ပေါ်မှာ မူတည်တယ်။ ဒါပေမဲ့ စွမ်းအား‌တချို့တစ်ဝက်ကိုတော့ အစကတည်းက သုံးဖို့ ရလာပါလိမ့်မယ်..."

ရဲအရာရှိကြီးရဲ့ အသံက တဖြည်းဖြည်း ပိုပိုဝေးလာသလိုပဲ။ ဆန်နီရဲ့ မျက်တောင်တွေဟာလည်း သိပ်မဖွင့်နိုင်တော့ပါဘူး။

"မှတ်ထားပါ...။ အိပ်မက်ဆိုးထဲ ရောက်သွားတာနဲ့ ပထမဆုံး လုပ်ရမှာက မင်းရဲ့ ပင်ကိုယ်အရည်အချင်းနဲ့ စွမ်းရည်ကို စစ်ဆေးဖို့ပဲ။ ဓားသမားတို့၊ လေးသည်တော်တို့လို တိုက်ခိုက်ရေးစွမ်းရည် ရရင်တော့ အရာရာက ကိုယ်တွယ်ရ လွယ်ကူသွားလိမ့်မယ်။ ခန္ဓာကိုယ်စွမ်းအား တိုးမြှင့်ပေးတဲ့ ပင်ကိုယ်အရည်အချင်းကိုပါ ရရင်တော့ အတိုင်းထက်အလွန်ပဲပေါ့။ တိုက်ခိုက်ရေးစွမ်းရည်တွေက ရတာများကြတော့ မင်းအတွက် အခွင့်အရေးရှိမှာပါ..."

အခန်းက ပိုပိုပြီး မှောင်လာတယ်။

"ကံဆိုးရင်တော့ မင်းရဲ့စွမ်းရည်က တိုက်ခိုက်ရေးနဲ့မဆိုင်တာတွေ ရလိမ့်မယ်။ အဲလိုဆိုလဲ စိတ်ဓာတ်ကျမသွားနဲ့။ စွမ်းရည်တိုင်းက သူ့နေရာနဲ့သူ အသုံးဝင်တယ်။ အသုံးချတတ်တဲ့ ဥာဏ်ရှိဖို့ပဲ လိုတာ။ အသုံးမဝင်တဲ့ စွမ်းရည်ဆိုတာ မရှိဘူး။ အင်း... မရှိသလောက်လို့ ဆိုရမှာ‌ပေါ့။ အဲဒါကြောင့် ရှင်သန်ဖို့အတွက် မင်းလုပ်လို့ရတာ အကုန်လုပ်ရမယ်..."

"ရှင်သန်ခဲ့ရင်တော့ နိုးထသူတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေး ရှိပဲပေါ့။ သေသွားခဲ့ရင်တော့... မင်းက ဒီကမ္ဘာကို အိပ်မက်ဆိုးသတ္တဝါ တစ်ကောင် ဝင်ရောက်လာဖို့ တံခါးတစ်ချပ် ဖွင့်ပေးလိုက်တာနဲ့ အတူတူပဲ။ အဲဒီလိုဆိုရင် ငါနဲ့ ငါ့လူတွေ အဲအကောင်ကြီးကို ကိုင်တွယ်ဖြေရှင်းရတော့မယ်။ ဒါကြောင့်... ကျေးဇူးပြုပြီး မသေလိုက်ပါနဲ့ ဆန်းလပ်စ်..."

အိပ်ပျော်လုနီးပါးဖြစ်နေတဲ့ ဆန်နီကတော့ ရဲအရာရှိရဲ့ စကားတွေကို သိပ်ပြီး မကြားရတော့ပါဘူး။

"အနည်းဆုံးတော့... ရောက်တာနဲ့ ချက်ချင်းကြီး မသေလိုက်နဲ့‌ပေါ့။ အနီးဆုံးနိုးထသူတောင် ဒီ‌နေရာကို ရောက်ဖို့ သုံးလေးနာရီလောက် ကြာတာ။ ငါတို့ချည်းပဲ အဲသတ္တဝါကြီးကို တိုက်ခိုက်ရအောင် မလုပ်ရင် မင်းကို သိပ်ကျေးဇူးတင်မိမှာပါ..."

"ဘာရယ်..."

ထိုစကားတစ်ခွန်းသာ ရေရွတ်လိုက်နိုင်ပြီး ဆန်နီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား‌တော့တယ်။

အရာအားလုံးက အမှောင်အတိကျလို့...။

အဲဒီနောက်မှာတော့ အမှောင်ထုထဲကနေ အတော်လေး ရင်းနှီးသလို ထင်ရတဲ့ အသံတစ်ခု ပေါ်လာခဲ့တယ်။

[ရွေးချယ်ခံရသူ! အိပ်မက်ဆိုး အခိုက်အတန့်ကနေ ကြိုဆိုပါတယ်။ သင့်ရဲ့ ပထမဆုံး စမ်းသပ်မူအတွက် ပြင်ဆင်ထားပါ...]

All Chapters