← Chapters

အခန်း (၁၀၈၀)

Vol. 78 Ch. 1080

အခန်း (၁၀၈၀)

Vol. 78 Ch. 1080

မဟာတောရိုင်းကမ္ဘာ ....

‌ရှေးကျပြီး အမွေဆက်ခံထားသော သွေးမျိုးဆက်စွမ်းအားများသည် ကျယ်ပြန့်သော ဤကမ္ဘာတွင် ရှိနေကြသည်။

မရေမတွက်နိုင်သော မျိုးနွယ်များက ယှဉ်ပြိုင်တိုက်ခိုက်နေပြီး အမျိုးမျိုးသော ဝိညာဉ်များက နေရာအနှံ့တွင် သွားလာနေကြသည်။

ကမ္ဘာဦးခေတ် နတ်ဘုရားသားရဲများ၏ မျိုးဆက်တိုင်းသည် နယ်မြေတစ်ခုစီကို အုပ်ချုပ်ထားကြသည်။

နောက်ပိုင်းတွင် အဆုံးမရှိသော ကျင့်ကြံခြင်းနည်းစနစ်နှင့် အားကောင်းသော ကျင့်ကြံသူများ ပေါ်ထွက်လာကြသည်။

လူသားမျိုးနွယ်၏ ကျင့်ကြံသူများသည်‌ သွေးမျိုးဆက်စွမ်းအားကို အလေးမထားပဲ တာအိုကို ကျင့်ကြံကြသည်။ သူတို့က ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အသုံးပြုနိုင်ပြီး လွှမ်းမိုးနိုင်စွမ်း ကြီးမားလာသည်။

“ငါ့ရဲ့ ရွှေကျီးကလန်ကို ကောင်းကင်က စွန့်ပစ်လိုက်ပြီ ....”

ကျောက်တုံးတစ်ခုပေါ်တွင် လူအိုကြီးတစ်ယောက်က တင်ပျဉ်ခွေထိုင်နေပြီး အကူအညီမဲ့စွာ ဝမ်းနည်းနေပုံပေါ်သည်။

သူက ယိုယွင်းနေသော အရိပ်အယောင်နှင့်အတူ ကြမ်းတမ်းသော အရှိန်အဝါကို ထုတ်လွှတ်ထားသည်။

“အကြီးအကဲ၊ ရွှေကျီးကလန်ရဲ့ နေမင်းက မဟာတောရိုင်းရဲ့ ကောင်းကင်ထက်မှ ရှိနေတုန်းပါပဲ။ ကျွန်တော်တို့ ရွှေကျီးကလန်က လောကမှာ အကြီးကျယ်ဆုံးမျိုးနွယ်ပဲ မဟုတ်ဘူးလား”

အသက်နှစ်ဆယ်ခန့်ရှိသော လူငယ်တစ်ယောက်က ကျောက်တုံးပေါ်တွင်ရှိသော လူအိုကြီးကို ကြည့်လိုက်ပြီး လေးနက်စွာမေးသည်။

ပတ်ဝန်းကျင်တွင်ရှိသော ဒါဇင်ချီနေသည့် လူငယ်များက ကောင်းကင်ထက်တွင်ရှိသော နေမင်းကို မော့ကြည့်လိုက်ကြသည်။

နေရောင်ခြည်သည် နွေးထွေးပြီး ညင်သာသည်။

ပြန့်ကျဲနေသော ရွှေရောင်နေအလင်းသည် လူတိုင်း၏ နှလုံးသားကို လွှမ်းခြုံထားနိုင်ပုံပေါ်သည်။

“လောကမှာ အကြီးကျယ်ဆုံးမျိုးနွယ်တဲ့လား”

‌ကျောက်တုံးပေါ်တွင်ရှိသော လူအိုကြီးက ရှုပ်ထွေးသောမျက်နှာထားဖြင့် ကောင်းကင်ထက်တွင်ရှိသော နေမင်းကို ကြည့်သည်။

“ဒါပေမဲ့ မျိုးဆက်သစ်တွေက သွေးမျိုးဆက်နတ်ဘုရားစွမ်းအား မနိုးထနိုင်တာ နှစ်ပေါင်းရှစ်ထောင် ရှိနေပြီ”

“ရွှေကျီးကန်းရဲ့စွမ်းအားက တကယ်အားနည်းသွားတာပဲ”

“လူသားမျိုးနွယ်က တိုးတက်လာနေတယ်။ ကောင်းကင်တစ်သောင်း အင်မော်တယ်တိုင်းပြည်ရဲ့ ကျွမ်းကျင်သူတွေက နေရာတိုင်းမှာ ငါတို့ ရွှေကျီးကန်းတွေကို အမဲလိုက်နေတယ်”

“ဟန်ကျင်း၊ အခု ငါတို့ ရွှေကျီးကန်းကလန်မှာ လူဘယ်နှယောက်ပဲ ရှိတော့လဲ”

ထိုစကားများကြောင့် ဟန်ကျင်းဟုအမည်ရသော လူငယ်က ဝမ်းနည်းသွားပုံပေါ်သည်။

နှစ်တစ်ထောင်အတွင်း၌ သူတို့ကလန်သည် လူဦးရေ တစ်ထောင့်ရှစ်ရာမှ ငါးရာအထိ ကျဆင်းသွားခဲ့သည်။

မျိုးဆက်သစ်လူငယ်များက ပိုမိုရှားပါးလာသည်။

“ဘိုးဘေးကွယ်လွန်သွားတဲ့အချိန်မှာ ကျွန်တော်တို့ ဟန်တောင်တန်း ရွှေကျီးကလန်က ....”

ဟန်ကျင်းက စကားကို အဆုံးမသတ်နိုင်ပဲ ရပ်တန့်လိုက်သည်။

လွန်ခဲ့သော နှစ်တစ်ရာတွင် ဟန်တောင်တန်းရွှေကျီးကလန်၏ ဘိုးဘေးက အမဲလိုက်ရန် ရောက်လာသော လူသားမျိုးနွယ်၏ ကျွမ်းကျင်သူနှင့် တိုက်ခိုက်ခဲ့သည်။ သူက အသက်စွန့်ပြီး မျိုးနွယ်စုကို ကာကွယ်ပေးခဲ့သည်။

ဘိုးဘေးက ကျဆုံးသွားသောကြောင့် လွန်ခဲ့သော နှစ်တစ်ရာတွင် ဟန်တောင်တန်းရွှေကျီးကလန်က ဆက်တိုက် ဖိနှိပ်ခံရပြီး ကျဆင်းလာသည်။

ယခုအချိန်တွင် ပျက်စီးလုနီးပါး ဖြစ်နေခဲ့သည်။

“ကျွန်တော်တို့ရဲ့ ကလန်ခေါင်းဆောင်ငယ် ပြန်ရောက်လာရင် ဟန်တောင်တန်းကလန်က ပြန်ပြီး တိုးတက်လာလိမ့်မယ်လို့ ဘိုးဘေးက ပြောခဲ့တယ်”

ဟန်ကျင်းက လက်သီးဆုပ်ထားပြီး အံကြိတ်လျက် ပြောသည်။

ခေါင်းဆောင်ငယ်အကြောင်း ပြောလိုက်သောအခါတွင် လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး တိတ်ဆိတ်နေကြသည်။

ဘိုးဘေးက အပြင်းအထန် ဒဏ်ရာရနေသောအချိန်တွင် ဆေးကုသရန် ထွက်သွားခဲ့သည်။ ထို့နောက် မျိုးနွယ်စု၏ အပြင်ဘက်မှ လူငယ်တစ်ယောက်ကို ခေါ်လာသည်။

ထိုလူငယ်က ရွှေကျီးကန်းသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသော်လည်း သာမန်သာ ဖြစ်သည်။

ထိုအချိန်တွင် ဘိုးဘေးက ဒဏ်ရာပြန်ကောင်းလာရန် မဖြစ်နိုင်တော့ပေ။ သူက လူတိုင်း၏ ကန့်ကွက်မှုကို လျစ်လျူရှုပြီး ခေါင်းဆောင်ငယ်နေရာကို ဟန်မူယဲ့ဟုခေါ်သော လူငယ်အား ပေးအပ်ခဲ့သည်။

ထို့နောက် ဘိုးဘေးက ကွယ်လွန်သွားသည်။ ခေါင်းဆောင်ငယ်က ဘိုးဘေး၏ဈာပနကို စီမံပြီးသောအခါတွင် ရာထူးလက်ခံပွဲပင် မပြုလုပ်ပဲ တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

ထိုသို့ဖြင့် နှစ်တစ်ရာကြာသွားသည်။

မျိုးနွယ်စု၏ အရေးကိစ္စအများစုကို အကြီးအကဲဟန်ယွင်ဟယ်နှင့် ဟန်ချောင်ဟူက ကိုင်တွယ်ပေးခဲ့သည်။

ယနေ့တွင် မျိုးဆက်သစ်များကို သင်ပြပေးရန် တာဝန်ယူထားသောလူက ကျောက်တုံးပေါ်တွင်ထိုင်နေသော အကြီးအကဲဟန်ယွင်ဟယ် ဖြစ်သည်။

“ဘုန်း”

အဝေးတစ်နေရာတွင် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားရသည်။

ဟန်ယွင်ဟယ်က မျက်မှောင်ကြုတ်လိုက်ပြီး မတ်တပ်ရပ်သည်။

“ဆက်ပြီး ကျင့်ကြံနေပါ။ ငါသွားကြည့်လိုက်အုံးမယ်”

ဟန်ယွင်ဟယ်က ကျောက်တုံးပေါ်မှ ဆင်းလိုက်ပြီး ပေငါးဆယ်အကွာသို့ ရောက်သွားသည်။ ထို့နောက် သူက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

လူငယ်များက မတ်တပ်ရပ်လိုက်ပြီး ကောင်းကင်ထက်တွင်ရှိသော ပေါက်ကွဲမှုများကို စိုးရိမ်စွာ ကြည့်နေကြသည်။

“အဲဒါက လုထန်ကျားသစ်နက်ကလန်ပဲလား”

ဟန်ကျင်း၏ဘေးတွင်ရှိသော လူငယ်တစ်ယောက်က လက်သီးဆုပ်ထားပြီး မကျေမနပ် ပြောသည်။

“သူတို့က အရမ်းလွန်နေပြီ”

လုထန်ကျားသစ်နက်ကလန်သည် ဟန်တောင်တန်းရွှေကျီးကလန်နှင့် သိပ်မဝေးပေ။ သူတို့က ကျားသစ်နက်သွေးမျိုးဆက်ကို အမွေဆက်ခံထားကြသည်။

လုထန်ကျားသစ်နက်ကလန်က လူဦးရေများပြီး ကျွမ်းကျင်သူများကိုလည်း ပိုင်ဆိုင်သည်။

လွန်ခဲ့သော ဆယ်စုနှစ်များတွင် လုထန်ကျားသစ်နက်ကလန်က ဟန်တောင်တန်းရွှေကျီးကလန်ကို ဖိအားပေးပြီး အမဲလိုက်နယ်မြေနှင့် ဆေးပင်စိုက်ခင်းများကို လုယူခဲ့သည်။

“ထွက်သွားစမ်း ....”

ဟန်ယွင်ဟယ်၏အသံကို ကြားရသည်။ ထို့နောက် ပေါက်ကွဲသံများ ဆက်လက်ဖြစ်ပေါ်လာသည်။

ခဏအကြာတွင် ပေါက်ကွဲသံများ ငြိမ်သက်သွားသည်။

ဟန်ကျင်းနှင့် လူငယ်များက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သက်ပြင်းချသည်။ သူတို့က ကျင့်ကြံခြင်းတွင် အာရုံစိုက်ထားလိုက်ကြသည်။

သူတို့က မှိန်ဖျော့သော သွေးစွမ်းအားကို ထုတ်လွှတ်နေသည်။

....

ရွှေအလင်းရောင်သည် ကျောက်တုံးစံအိမ်တစ်ခုတွင် ပေါ်ထွက်လာသည်။

ရွှေကျီးကန်းပုံရိပ်သည် ဟန်မူယဲ့၏နောက်ကျောတွင် ရှိနေသည်။

ဟန်မူယဲ့က မဟာတောရိုင်းအပျက်အစီးနယ်မြေသို့ ဝင်ရောက်လာသောအခါတွင် ယခင်က ရရှိထားသော ရွှေကျီးကန်းသွေးမျိုးဆက်နှင့် ပေါင်းစပ်ရန် ရွေးချယ်ခဲ့သည်။

ပါ့ရှား၊ ခွေနှင့် နဂါးမိကျောင်းတို့သည် ခမ်းနားသောသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး အားကောင်းသည်။ သို့သော် သူတို့၏ သွေးမျိုးဆက်အမွေအနှစ်ကို ရှာဖွေရန် ခက်ခဲသည်။

ထို့ကြောင့် မဟာတောရိုင်းကမ္ဘာတွင် သက်ဆိုင်ရာမျိုးနွယ်စုများ၏ အထောက်အပံ့ကို ရရှိရန် ခက်ခဲလိမ့်မည်။

ထို့အပြင် ဟန်မူယဲ့၏ အားနည်းသော သွေးမျိုးဆက်စွမ်းအားနှင့်ဆိုလျှင် တိုးတက်လာရန် လွယ်ကူမည်မဟုတ်ပေ။

လူသားများကတော့ မဟာတောရိုင်းကမ္ဘာတွင် ခွန်အားသိပ်မရှိကြပေ။

ဤနေရာတွင် လူသားကျင့်ကြံသူများ ရှိနေသော်လည်း နေရာတိုင်းတွင် ပြန့်ကျဲနေပြီး သွေးမျိုးဆက်အမွေအနှစ်ကို မပိုင်ဆိုင်ကြပေ။ သူတို့က မဟာတောရိုင်းကမ္ဘာတွင် အဆင့်အနိမ့်ဆုံး ဖြစ်ကြသည်။

ဟန်မူယဲ့ရရှိထားသော အချက်အလက်များအရ ကောင်းမွန်သောအမွေအနှစ်နှင့် နေမင်း၏ဂုဏ်ကျက်သရေကို ပိုင်ဆိုင်ထားသော ရွှေကျီးကလန်သည် အသင့်တော်ဆုံး ဖြစ်သည်။

သို့သော် အပျက်အစီးနယ်မြေသို့ ဝင်ရောက်လာသောအခါတွင် အခြေအနေက သိသိသာသာပြောင်းလဲနေကြောင်း မြင်လိုက်ရသည်။

အားကောင်းသော နတ်ဘုရားသားရဲများသည် သွေးမျိုးဆက်အမွေအနှစ်ကို ထိန်းသိမ်းထားနိုင်သော်လည်း ရွှေကျီးကန်းများက သွေးမျိုးဆက်နိုးထရန် ခက်ခဲသောကြောင့် ကျဆင်းနေသည်။

တစ်ဖက်တွင် လူသားမျိုးနွယ်၏ ကောင်းကင်တစ်သောင်းဧကရာဇ်နှင့် အံ့ဖွယ်ဝိညာဉ်ဧကရာဇ်တို့က ကောင်းကင်တစ်သောင်းတိုင်းပြည်နှင့် အံ့ဖွယ်ဝိညာဉ်တိုင်းပြည်တို့ကို ထူထောင်ထားသည်။

အံ့ဖွယ်ဝိညာဉ်ဧကရာဇ်သည် နတ်ဘုရားသားရဲသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောကြောင့် အံ့ဖွယ်ဝိညာဉ်တိုင်းပြည်သည် နတ်ဘုရားသားရဲများနှင့် ဆက်ဆံရေးကောင်းသည်။

သူတို့က အာခီမီနှင့် ပန်းပဲပညာလမ်းစဉ်ကို လိုက်စားပြီး မျိုးနွယ်စုများနှင့် သင့်မြတ်သည်။

တစ်ဖက်တွင် ကောင်းကင်တစ်သောင်းတိုင်းပြည်က ကောင်းကင်နှင့်မြေကြီးကို အသိအမှတ်ပြုပြီး နတ်ဘုရားသားရဲများကို အမဲလိုက်၍ မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုများကို ဖိနှိပ်ထားသည်။

ဆက်တိုက်ဖြစ်ပေါ်လာသော တိုက်ပွဲများတွင် ကောင်းကင်တစ်သောင်းတိုင်းပြည်က ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို သန့်စင်ပြီး ပိုမိုအားကောင်းလာသည်။

တစ်ဖက်တွင် အရင်ဆုံး ခံစားလိုက်ရသော မျိုးနွယ်စုက ရွှေကျီးကန်းများ ဖြစ်ကြသည်။

မဟာတောရိုင်းကမ္ဘာကို လွှမ်းမိုးထားနိုင်သော ရွှေကျီးကန်းများက ယခုအချိန်တွင် ဆယ်ပုံတစ်ပုံခန့်အထိ ခွန်အားလျော့ကျသွားသည်။

ထို့အပြင် သွေးမျိုးဆက်နိုးထရန် ခက်ခဲလာသောကြောင့် ကျွမ်းကျင်သူများကို မွေးထုတ်မပေးနိုင်‌တော့ပေ။ သူတို့၏ လွှမ်းမိုးနိုင်စွမ်းက ပိုမိုလျော့နည်းလာသည်။

အတိတ်၏ ဂုဏ်ကျက်သရေများကို လက်ရှိအချိန်အထိ သယ်မလာနိုင်ခဲ့ပေ။

“ဝီ”

ဟန်မူယဲ့၏နောက်တွင် မီးခိုးရောင်သန်းနေသော ရွှေကျီးကန်းပုံရိပ်က အနီရောင်ပြောင်းသွားသည်။

မဟာတောရိုင်းကမ္ဘာ၏ ကျင့်ကြံခြင်းနည်းစနစ်များက ရှေးကျပြီး အလွန်ရိုးရှင်းသည်။

ချီ၊ သွေး၊ ဝိညာဉ်၊ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကို တစ်ခုတည်းအဖြစ် ပေါင်းစပ်ပြီး ဝိညာဉ်အဆီအနှစ်ဖြင့် ရုပ်ခန္ဓာကို စုစည်းရမည်။

ဝိညာဉ်အဆီအနှစ်သည် ဝိညာဉ်စွမ်းအား‌ပေါင်းစပ်ခြင်း ဖြစ်သည်။ နောက်ပိုင်းမျိုးဆက်များ၏ ဝိညာဉ်ကိုယ်ခွဲပုံစံနှင့် မတူပေ။

အဆီအနှစ်ဝိညာဉ်၏ ပထမအဆင့်သည် မီးခိုးပြာရောင် ဖြစ်သည်။ သွေးနှင့် ရုပ်ခန္ဓာစွမ်းအားသည် အခြေခံအုတ်မြစ်အဆင့် ကျင့်ကြံသူနှင့် ဆင်တူသည်။

အဆီအနှစ်ဝိညာဉ်၏ ဒုတိယအဆင့်တွင် ဝိညာဉ်ပုံရိပ်က အနီရောင်ပြောင်းသွားပြီး ရွှေအမြုတေအဆင့် စွမ်းအားကို ပိုင်ဆိုင်မည်။

တတိယအဆင့်သည် လိမ္မော်ရောင်ဖြစ်ပြီး မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုငယ်များကြားတွင် သန်မာသူအဖြစ် ယူဆနိုင်သည်။ ကောင်းကင်အဆင့် ခွန်အားကို ပိုင်ဆိုင်လိမ့်မည်။

သို့သော် အဆီအနှစ်ဝိညာဉ်၏ တတိယအဆင့်သည် မျိုးနွယ်စုများကြားတွင် နိမ့်ကျနေဆဲ ဖြစ်သည်။ မျိုးနွယ်စုအများအပြားက သွေးမျိုးဆက်အမွေအနှစ် နိုးထလာသောအခါတွင် တတိယအဆင့်ကို တိုက်ရိုက် ကျော်ဖြတ်သွားလိမ့်မည်။

ရွှေကျီးကလန်က သွေးမျိုးဆက် နိုးထလာသောအခါတွင် အဝါရောင်ဝိညာဉ်ပုံရိပ်ကို ဖော်ထုတ်နိုင်သော စတုတ္ထအဆင့်သို့ တိုက်ရိုက်ရောက်သွားလိမ့်မည်။

သို့သော် ယခုအချိန်တွင် ရွှေကျီးကလန်၏ အဆီအနှစ်ဝိညာဉ် စတုတ္ထအဆင့်သို့ ရောက်နေသော လူအများစုသည် သွေးမျိုးဆက်နိုးထခြင်းကြောင့် မဟုတ်ပဲ ကျင့်ကြံခြင်းကြောင့်သာ ဖြစ်နေသည်။

အဆီအနှစ်ဝိညာဉ်၏ စတုတ္ထအဆင့်သည် လူသားအင်မော်တယ်အဆင့်နှင့် ဆင်တူသည်။

အဆီအနှစ်ဝိညာဉ်၏ ပဥ္စမအဆင့်သည် အစိမ်းရောင်ဖြစ်ပြီး မြေကမ္ဘာအင်မော်တယ်အဆင့် စွမ်းအားကို ပိုင်ဆိုင်သည်။

အဆီအနှစ်ဝိညာဉ်၏ ဆဌမအဆင့်သည် အပြာဖျော့ရောင်ဖြစ်ပြီး ကောင်းကင်အင်မော်တယ်အဆင့် ဖြစ်သည်။

အဆီအနှစ်ဝိညာဉ်၏ သတ္တမအဆင့်သည် ရွှေအင်မော်တယ်အဆင့်ကို ကိုယ်စားပြုသည်။

အဆီအနှစ်ဝိညာဉ်၏ အဌမအဆင့်သည် ခရမ်းရောင်ဖြစ်ပြီး ရွှေအင်မော်တယ် အထွတ်အထိပ်အဆင့် ဖြစ်သည်။

အဆီအနှစ်ဝိညာဉ်၏ နဝမအဆင့်သည် ငွေရောင်ဖြစ်ပြီး အင်မော်တယ်သခင်အဆင့်နှင့် ဆင်တူသည်။

မဟာတောရိုင်းကမ္ဘာတွင် နဝမအဆင့်က အဆုံးသတ်မဟုတ်ပေ။ အားကောင်းသော မျိုးနွယ်များအတွက် အဆီအနှစ်ဝိညာဉ်၏ နဝမအဆင့်သို့ ရောက်ရှိခြင်းသည် အစသာ ဖြစ်သည်။

နဝမအဆင့်၏အလွန်တွင် အစစ်အမှန်ရွှေဝိညာဉ်ကို စုစည်းနိုင်လိမ့်မည်။

အစစ်အမှန်ဝိညာဉ်သည် မဟာတောရိုင်းကမ္ဘာ၏ ထိပ်တန်းအဆင့်ကျွမ်းကျင်သူများ ဖြစ်ကြသည်။

ဟန်မူယဲ့၏ နားလည်မှုအရ အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများသည် အင်မော်တယ်ဘုရင်နှင့် တူညီသည်။

မျိုးဆက်သစ် ကျင့်ကြံခြင်းလောကတွင် အင်မော်တယ်ဘုရင်အဆင့်သည် အဆုံးသတ်ဖြစ်သော်လည်း မဟာတောရိုင်းကမ္ဘာတွင် အစသာ ဖြစ်သည်။

ဝိညာဉ်သည် ကိုးကြိမ်ပြောင်းလဲပြီး ကောင်းကင်နှင့်ပေါင်းစပ်၍ ဘိုးဘေးများ၏ခွန်အားကို ပြန်လည်ရယူလိမ့်မည်။

“ဘုန်း”

ဟန်မူယဲ့၏နောက်တွင် ရွှေကျီးကန်းပုံရိပ်က ပထမအဆင့် မီးခိုးပြာ‌ရောင်မှတစ်ဆင့် တတိယ၊ ပဥ္စမအဆင့်အထိ ရောက်သွားသည်။ နောက်ဆုံးတွင် အပြာရင့်ရောင် သတ္တမအဆင့်၌ တည်ငြိမ်သွားသည်။

အနည်းငယ်ပြောင်းလဲသွားလျှင် အဌမအဆင့် ခရမ်းရောင်အဆီအနှစ်ဝိညာဉ် ဖြစ်လာလိမ့်မည်။

ယခုအချိန်တွင် ဟန်မူယဲ့က ရွှေကျီးကလန်၏ အားကောင်းသော ရွှေအင်မော်တယ်အဆင့် ကျင့်ကြံသူဟု ယူဆနိုင်သည်။

ရွှေကျီးကလန်၏ သွေးမျိုးဆက်က အားကောင်းသောကြောင့် သတ္တမအဆင့်တွင် နတ်ဘုရားသားရဲသွေးမျိုးဆက်မဟုတ်သော တခြားသားရဲများ၏ အဌမအဆင့် အဆီအနှစ်ဝိညာဉ်ကို ဖိနှိပ်နိုင်သည်။ နဝမအဆင့် ဖြစ်နေလျှင်ပင် ယှဉ်ပြိုင်နိုင်လိမ့်မည်။

အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူ၏ရှေ့တွင် ဟန်မူယဲ့၏ခွန်အားက မလုံလောက်သေးပေ။

သို့သော် ဟန်မူယဲ့က မဟာအပျက်အစီးနယ်မြေသို့ ဝင်ရောက်ပြီး နှစ်တစ်ရာအတွင်း ဤအဆင့်သို့ ရောက်လာနိုင်သောကြောင့် ကောင်းမွန်သည့် ပါရမီနှင့် နားလည်နိုင်စွမ်းကို ဖော်ပြနေသည်။

အပြာရင့်ရောင်ရွှေကျီးကန်းမှ ဖြစ်ပေါ်လာသော အပြာရင့်ရောင်ဆံထိုးသည် ဟန်မူယဲ့၏ ဦးခေါင်းထက်တွင် ရှိနေသည်။ သူက မျက်လုံးမှိတ်ထားပြီး စိတ်နယ်ပယ်ကို စစ်ဆေးကြည့်လိုက်သည်။

သူ၏ မူလဝိညာဉ်ဓားအပါအဝင် ဤကမ္ဘာသို့ ယူလာသော အရာအားလုံးသည် ချိပ်ပိတ်ခံလိုက်ရသည်။

ရတနာနှင့် ဝိညာဉ်သတ္တုများကိုပင် အသုံးမပြုနိုင်ပေ။

သူက အစစ်အမှန်ဝိညာဉ်အဆင့်သို့ ဝင်ရောက်ပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားနှင့် လိုက်ဖက်ညီမှသာ ပြန်သုံးနိုင်လိမ့်မည်။

All Chapters